ယင်းစန်းဟွာ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင် ပေါ်လာသည်။
"မြစိမ်းရောင် ဂူဗိမာန် ဟုတ်လား… အဲဒါ တကယ်ပဲလား"
အဘွားအို အားရပါးရ ရယ်မောလိုက်၏။
"သေချာတာပေါ့”
"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ နေလဂိုဏ်းရဲ့ အထက်မှာ မြစိမ်းရောင် အလင်းတန်းတစ်ခု ကောင်းကင်ကို ထိုးတက်သွားခဲ့တာ… နတ်ဘုရားတံဆိပ်တော်ဂိုဏ်းနဲ့ မီးလျှံနဂါးဆောင်တို့က အရင်ဆုံး ရောက်သွားကြပြီး ဒါဟာ မြစိမ်းရောင် ဂူဗိမာန် ပေါ်ထွက်လာတာဆိုတာကို အတည်ပြုပေးခဲ့ကြတယ်"
ယင်းစန်းဟွာ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ လက်ခနဲ ပေါ်လာ၏။
မြစိမ်းရောင် အထွတ်အထိပ်ပညာရှင် ကွယ်လွန်သွားကတည်းက တောင်ဘက်ကျွန်းစုတစ်လျှောက်ရှိ ကျင့်ကြံသူပေါင်းများစွာမှာ သူ၏ ဂူဗိမာန် တည်ရှိရာနေရာကို ရှာဖွေခဲ့ကြသည်။ သို့သော် နှစ်ပေါင်း ထောင်ချီမက ကြာမြင့်သွားသည့်တိုင် မည်သူမျှ ရှာမတွေ့ခဲ့ကြပေ။ မမျှော်လင့်ဘဲ တစ်နေ့တွင်မှ သူ့အလိုလို ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
"ဆရာမ... ဆိုလိုတာက..."
အဘွားအို ခပ်ပါးပါး ပြုံးလိုက်၏။
"မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်က ဒီဂူဗိမာန်ကို ထားရစ်ခဲ့တာဟာ နဂါးမျိုးနွယ်စုရဲ့ နောက်မျိုးဆက်တွေကို အားပေးကူညီဖို့ ရည်ရွယ်ခဲ့တာ… အထွတ်အထိပ်အဆင့် ပညာရှင်တွေဆိုရင်တော့ သဘာဝအတိုင်း ဝင်ခွင့်ပိတ်ပင်ထားတယ်"
"ဒီတစ်ခေါက်မှာတော့ မင်းက ရွှေယင်ဂူက အဖွဲ့ကို ဦးဆောင်ပြီး မြစိမ်းရောင် ဂူဗိမာန်ကို သွားရမယ်"
"မင်းနဲ့အတူ လိုက်ပါလာမယ့် ကျင့်ကြံသူအားလုံးကို မင်းကပဲ အုပ်ချုပ်ရမှာ"
ယင်းစန်းဟွာ အလေးအနက် ခေါင်းငြိမ့်လိုက်သည်။
"နားလည်ပါပြီ… ကျွန်မကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
"အဘွားအို ထပ်မံ ရယ်မောလိုက်ပြန်သည်။
"ငါ့လက်နဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ တပည့်ပဲ… ငါ မင်းကို မယုံရင် ဘယ်သူ့ကို ယုံရမှာလဲ"
သူ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ ယင်းစန်းဟွာအား ကမ်းပေးလိုက်သည်။
"မင်းက သီးသန့်ကျင့်ကြံနေတာ နှစ်အတော်ကြာပြီ… အခုမှ ပြန်ထွက်လာပြီး ၁၈ ဦးမြောက် ဂူအရှင်သခင် ဖြစ်လာတာဆိုတော့ ပြင်ပလောကအကြောင်း အများကြီး မသိသေးဘူး"
"ဒီကျောက်စိမ်းပေလွှာထဲမှာ ထိပ်သီးဂိုဏ်း ငါးခုက အစွမ်းထက်တဲ့ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေရဲ့ အချက်အလက်တွေ ပါဝင်တယ်… လမ်းမှာ သေချာလေ့လာသွားပါ"
ယင်းစန်းဟွာ၏ ရင်ထဲတွင် နွေးထွေးမှုများ ခံစားလိုက်ရသည်။
"နားလည်ပါပြီ"
အဘွားအို ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထပ်ပြောသည်။
"ဒါနဲ့... ဒီတစ်ခေါက်မှာ ဝမ်ရှန့်သန့်စင်နယ်မြေကလည်း လှုပ်ရှားလာပုံရတယ်"
ယင်းစန်းဟွာ လန့်သွားရသည်။
"ဝမ်ရှန့်သန့်စင်နယ်မြေ ဟုတ်လား… သူတို့က ပုံမှန်ဆိုရင် ပဋိပက္ခတွေကို ရှောင်ကြဉ်ပြီး နတ်ဆိုးတွေရဲ့ ရုန်းရင်းဆန်ခတ်မှုတွေကို နှိမ်နင်းဖို့လောက်ပဲ ကြားဝင်တတ်တာ မဟုတ်ဘူးလား"
အဘွားအို ခေါင်းခါပြ၏။
"ဝမ်ရှန့်သန့်စင်နယ်မြေက လူတွေကတော့ တကယ့်ကို ခေါင်းမာတဲ့ လူတစ်စုပဲ… သူတို့ ဘာတွေးနေလဲဆိုတာ ငါတောင် ခန့်မှန်းလို့ မရဘူး"
"ဒါပေမဲ့ တစ်ခုတော့ သေချာတယ်… သူတို့ လှုပ်ရှားလာတိုင်းဟာ နတ်ဆိုးနှိမ်နင်းဖို့ ဒါမှမဟုတ် အဲဒီအတွက် လိုအပ်တဲ့ ရတနာတွေကို ရှာဖွေဖို့ပဲ ဖြစ်ရမယ်"
"အကယ်၍ မင်း သူတို့နဲ့ တွေ့ခဲ့ရင် ပဋိပက္ခဖြစ်မှာကို ရှောင်ပါ"
ယင်းစန်းဟွာ ခေါင်းငြိမ့်ပြသည်။ ဝမ်ရှန့်သန့်စင်နယ်မြေသည် လောကကြီးတွင် အထက်တန်းကျသော နေရာ၌ ရှိနေပြီး မည်သည့် အငြင်းပွားမှု သို့မဟုတ် တိုက်ပွဲမျိုးတွင်မျှ ပါဝင်ပတ်သက်ခြင်း မရှိပေ။ ထို့ကြောင့် ကျန်ရှိသော ထိပ်သီးဂိုဏ်း လေးခုမှာလည်း ထိုကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းကို သွားရောက် ရန်စလိမ့်မည် မဟုတ်ပေ။
"သွားတော့လေ… ငါ့မှာ မင်းအတွက် တခြား မှာစရာ မရှိတော့ဘူး"
အဘွားအို ပြုံးလျက် သူ့ ဆံပင်များကို ပွတ်သပ်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့"
ယင်းစန်းဟွာ ခပ်တိုးတိုး ဖြေလိုက်လေ၏။
...
ချင်းရွှမ်ကျွန်း။
သိုင်းကွင်းအတွင်း၌။
ရှန်မိုသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး ကျင့်ကြံမှုကို အဆုံးသတ်လိုက်ရာ သူ၏ မျက်လုံးများတွင် ဝမ်းသာမှု အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း တိုးတက်မှု ရပ်တန့်နေလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် မမျှော်လင့်ဘဲ ဓမ္မအမှတ်အသား အချို့ ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ ယခုဆိုလျှင် သူ၏ စုစုပေါင်း ဓမ္မအမှတ်အသား အရေအတွက်မှာ ၇၅ ခုအထိ ရှိနေလေပြီ။
"နှမြောစရာကောင်းတာက ဖြတ်ခနဲလက်သော မြင်းဖြူ နဲ့ စစ်နတ်ဘုရား ဝိညာဉ်ပုံရိပ်တွေကို တောက်လောင်စေဖို့ သင့်တော်တဲ့ ထူးဆန်းတဲ့ မီးလျှံကို အခုထိ ရှာမတွေ့သေးတာပဲ"
"ဒါသာ မဟုတ်ရင် ငါ့ရဲ့ ဓမ္မအမှတ်အသား အရေအတွက်က တစ်ရာကျော်နေလောက်ပြီ"
ရှန်မိုမှာ အနည်းငယ် နှမြောသလို ခံစားလိုက်ရသည်။
အရပ်ရှစ်မျက်နှာ ပျက်သုဉ်းခြင်းမီးလျှံမှာ အလွန်ပင် ရှားပါးလှသော်လည်း အကယ်၍ သူသာ အရပ်ရှစ်မျက်နှာ မီးလျှံအင်းကွက်ကို ရရှိပြီး ၎င်းအတွင်းမှ ထူးဆန်းသော မီးလျှံစွမ်းအားကို ထုတ်ယူနိုင်ပါက ၎င်းကို ဖြတ်ခနဲလက်သော မြင်းဖြူ ဝိညာဉ်ပုံရိပ်အား သန့်စင်ရန် သုံးနိုင်ဖွယ် ရှိ၏။
အမှန်ပင်။ ၎င်းက စစ်မှန်သော အရပ်ရှစ်မျက်နှာ မီးလျှံကို သုံးသည်ထက် များစွာ ပိုနှေးပေလိမ့်မည်။ ဖြတ်ခနဲလက်သော မြင်းဖြူ ဝိညာဉ်ပုံရိပ်ကို သန့်စင်ရန် အသင့်တော်ဆုံး မီးလျှံဖြစ်သည့် နတ်ဘုရားပုံရိပ်ယောင် ကောင်းကင်မီးလျှံနှင့် ပတ်သက်၍မူ ရှန်မိုသည် ဆုန့်ကျန့်ဖေး၊ လျိုယွန်းထျန်းနှင့် အခြားသူများကို ကူညီရှာဖွေပေးရန် အကူအညီ တောင်းထားပြီးသား ဖြစ်သည်။ သို့သော် အခုအချိန်အထိ ဘာသတင်းမှ မကြားရသေးပေ။ ထူးဆန်းသော မီးလျှံများမှာ လောကကြီး၏ နတ်ဘုရားပစ္စည်းများ ဖြစ်သောကြောင့် ၎င်းတို့ကို ရရှိထားသူများမှာ အမြဲတမ်း ဝှက်ထားတတ်ကြပြီး လူသိရှင်ကြား ပြသလေ့ မရှိကြပေ။ များစွာသော မီးလျှံများမှာလည်း လူသူမရောက်နိုင်သော ဝေးလံခေါင်ဖျားသည့် နေရာများတွင် နှစ်ပေါင်း သောင်းချီ၊ သိန်းချီတိုင်အောင် မတွေ့ရှိဘဲ ဖုံးကွယ်နေနိုင်လေ၏။
"ဟင်… သတင်းစကားလား"
ရှန်မိုသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အနည်းငယ် တုန်ခါမှုကို အာရုံခံမိလိုက်သည်။ သူ စစ်ဆေးကြည့်လိုက်သည့်အခါ ၎င်းမှာ နဂါးပုန်းကျွန်းမှ ကျွန်းရှင်လေး၏ တံဆိပ်တော် ဖြစ်နေသည်။ စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သည့်အခါ ၎င်းအတွင်းမှ နက်ရှိုင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
"မြစိမ်းရောင် ဂူဗိမာန်ဟာ နေမင်းကျွန်းမှာ ပေါ်ထွက်လာပြီ… နဂါးပုန်းကျွန်းက နိဗ္ဗာန်အဆင့် တစ်ပိုင်းနဲ့ အထက်မှာရှိတဲ့ ကျင့်ကြံသူအားလုံး နေလဂိုဏ်းဆီကို လာကြပါ"
"ငါ... ယင်းထျန်းဟောက်က အဲဒီမှာ မင်းတို့ကို စောင့်နေမယ်"
ရှန်မို မျက်မှောင်တစ်ချက် ပင့်လိုက်သည်။
မြစိမ်းရောင် ဂူဗိမာန်က တကယ်ပဲ ပေါ်လာခဲ့ပြီပေါ့။ အချိန်မှာလည်း သူ၏ ကံကြမ္မာမှတ်တမ်းတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း အတိအကျပင် ဖြစ်သည်။ "ယင်းထျန်းဟောက်က နဂါးပုန်းကျွန်း ကျင့်ကြံသူတွေကို နေမင်းကျွန်းဆီ ခေါ်လိုက်တာပဲ... သူလည်း ရတနာတွေကို ဝေစုခွဲယူဖို့ ပြင်ဆင်နေတာ သိသာတယ်"
"အတော်ပဲ… ငါလည်း နဂါးပုန်းကျွန်း ကျင့်ကြံသူတစ်ယောက်အနေနဲ့ နေမင်းကျွန်းကို သွားရမယ်"
ရှန်မို အသာအယာ ခေါင်းငြိမ့်လိုက်သည်။
ထိုစဉ် အဝေးမှနေ၍ အလင်းတန်းတစ်ခု ပျံသန်းလာသည်။
ဆုန့်ကျန့်ဖေး၏ အသံမှာ အဝေးမှ လှမ်းထွက်လာ၏။
"ညီလေးရှန်… သတင်းကောင်းပဲ… မြစိမ်းရောင် ဂူဗိမာန် ပေါ်လာပြီ”
ရှန်မို ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
"အစ်ကိုဆုန့်... ကျွန်တော်လည်း ကျွန်းရှင်လေးရဲ့ တံဆိပ်တော်ဆီကနေ သတင်းရပြီးပါပြီ"
"အဲဒါကို ကျွန်းရှင်ကိုယ်တိုင် တိုက်ရိုက် ပို့လိုက်တာလေ"
ဆုန့်ကျန့်ဖေး ကြောင်သွားပြီးနောက် သူ၏နဖူးကို ရိုက်ကာ ခပ်အမ်းအမ်း ရယ်လိုက်သည်။
"ငါတောင် မေ့သွားတယ်… ငါက တံဆိပ်တော်ဆီက သတင်းရတယ်ဆိုရင် မင်းလည်း သေချာပေါက် ရမှာပေါ့"
"ညီလေးရှန်... ငါကတော့ သူငယ်ချင်းတချို့ကို ခေါ်ပြီး အတူတူသွားဖို့ စိတ်ကူးထားတယ်… မင်းကော ငါတို့နဲ့ လိုက်မလား"
ရှန်မို လိုလိုလားလားပင် ခေါင်းငြိမ့်လိုက်သည်။ အကယ်၍ သူ တစ်ယောက်တည်း သွားမည်ဆိုပါက မြစိမ်းရောင် ဂူဗိမာန်အတွင်းသို့ တိုးဝင်နိုင်ရန် အခွင့်အရေး မရှိသလောက်ပင်။ သို့သော် နဂါးပုန်းကျွန်း၏ အလံအောက်တွင် သွားမည်ဆိုပါက ယင်းထျန်းဟောက် ကိုယ်တိုင်ကပင် သူတို့ ဝင်ခွင့်ရရန်အတွက် တိုက်ပွဲဝင်ပေးပေလိမ့်မည်။ ဆုန့်ကျန့်ဖေး အားရပါးရ ရယ်မောလိုက်သည်။
"လာ... လာ… ငါ လျိုယွန်းထျန်း၊ ကျန်းချန်းဟိန်းနဲ့ ဝေကျင်းချန်တို့ကိုလည်း ဖိတ်ထားပြီးပြီ… ငါ မင်းကို လာခေါ်တာ"
"ကောင်းပါပြီ"
ရှန်မို သဘောတူလိုက်သည်။
တစ်ရက်အကြာတွင်။
လူစုံသွားသည်နှင့် သူတို့အားလုံးမှာ နေလဂိုဏ်း၏ လက်အောက်ခံဖြစ်သော နေမင်းကျွန်းဆီသို့ တိုက်ရိုက် ထွက်ခွာခဲ့ကြသည်။ လမ်းခရီးမှာတော့ အန္တရာယ် သိပ်မရှိပေ။ သို့သော် လမ်းတစ်လျှောက်တွင် ကျင့်ကြံသူ အမြောက်အမြားနှင့် ဆုံတွေ့ခဲ့ကြ၏။ အချို့မှာ ထူးဆန်းပြီး နားမလည်နိုင်သော ဘာသာစကားများဖြင့်ပင် ပြောဆိုနေကြသည်။ ထိုလေသံများမှာ လော့ရှင်းပင်လယ်ပြင်မှ ဒေသခံလေသံများ မဟုတ်သည်မှာ ထင်ရှားလှသည်။ သူတို့သည် အနောက်ဘက် မိုင်ပေါင်း သန်းချီအကွာရှိ ရေနက်ပင်လယ်ဒေသမှ လာကြသူများ ဖြစ်နိုင်၏။
ထိုနေရာရှိ ပင်လယ်သားရဲများမှာ အခြားပင်လယ်ပြင်များထက် အဆပေါင်းများစွာ ပိုမိုကြီးမားကြသည်။ ထို့ကြောင့် ရေနက်ပင်လယ်ဒေသမှ ဂိုဏ်းများမှာ ပင်လယ်သားရဲများ၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံကြရ၏။ ရလဒ်အနေဖြင့် ထိုနေရာတွင် စုစည်းထားသော ဂိုဏ်းကြီးများ မရှိဘဲ အဖွဲ့ငယ်လေးများနှင့် လေလွင့်အဖွဲ့များသာ ရှိကြသည်။ ဤသို့ဖြင့် မြစိမ်းရောင် ဂူဗိမာန်သတင်းမှာ ရေနက်ပင်လယ်ပြင်သို့ပင် ရောက်ရှိသွားခဲ့ပြီး သူတို့သည်လည်း ရတနာဝေစု ရလိုရငြား ရောက်လာကြခြင်း ဖြစ်သည်။
"ရေနက်ပင်လယ်ပြင်က ကျင့်ကြံသူတွေတောင် လာကြတယ်ဆိုတော့ မြစိမ်းရောင် ဂူဗိမာန် ပေါ်လာတာက တကယ့်ကို ကြီးကျယ်တဲ့ ကိစ္စပဲ"
လျိုယွန်းထျန်းမှ အံ့အားသင့်စွာ ပြောလိုက်သည်။ "ကျင့်ကြံသူတွေ အများကြီးပဲ... အကုန်လုံးက ဒီအဖြစ်အပျက်ကို သက်သေလာခံကြတာပေါ့"
ကျန်းချန်းဟိန်း ပြုံးစစဖြင့် ဆို၏။
"သွေးချောင်းစီးမယ့် တိုက်ပွဲကြီး ဖြစ်လာတော့မှာကို စောင့်နေကြတာလို့ ပြောရင် ပိုမှန်မယ်"
ဝေကျင်းချန် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ရှန်မိုလည်း ပြုံးလိုက်မိ၏။
ကျင့်ကြံသူများနှင့် အဖွဲ့အစည်းများစွာ ရှိနေသဖြင့် နှစ်ရှည်လများ တည်ရှိနေသော ရန်ငြိုးဟောင်းများမှာ မလွဲမသွေ ပေါက်ကွဲလာပေလိမ့်မည်။ ဂူဗိမာန်ထဲ မဝင်မီမှာတော့ သူတို့ သတ်ဖြတ်လိုသော စိတ်ကို ထိန်းထားနိုင်ပေလိမ့်မည်။ သို့သော် ဂူဗိမာန်ထဲ ရောက်သွားပြီး ရတနာများမှာ ကန့်သတ်ချက် ရှိနေသည့်အခါတွင်မူ တစ်ယောက်က ယူသွားလျှင် နောက်တစ်ယောက် ရတော့မည် မဟုတ်ပေ။
ထိုအခါ သဘာဝကျကျပင် ရက်ရက်စက်စက် တိုက်ခိုက်ကြပေလိမ့်မည်။ မြစိမ်းရောင် ဂူဗိမာန် ပေါ်ထွက်လာခြင်းမှာ သွေးချောင်းစီးမည့် မုန်တိုင်းကြီးကို သေချာပေါက် သယ်ဆောင်လာပေလိမ့်မည်။
လုံလောက်သော အစွမ်းရှိမှသာ ထိုရုန်းရင်းဆန်ခတ်မှုများကြားတွင် မထိခိုက်ဘဲ ရှိနေနိုင်မည် ဖြစ်သည်။
"ဟိုးရှေ့မှာ နေမင်းကျွန်းပဲ… ဟား... ဘေးနားက ကျွန်းငယ်လေးတွေတောင် လူတွေနဲ့ ပြည့်နေပြီ"
ဆုန့်ကျန့်ဖေးက အဝေးသို့ လှမ်းကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။
ရှန်မိုလည်း လှမ်းကြည့်မိ၏။
နေမင်းကျွန်း ပတ်ပတ်လည်တွင် လူအုပ်ကြီးမှာ အမှန်တကယ်ပင် တိုးမပေါက်အောင် ရှိနေသည်။ အပြင်ဘက်တွင် သွားလာနေသော ကျင့်ကြံသူများမှာ အစွမ်းသိပ်မကြီးကြသော်လည်း ထိပ်သီးဂိုဏ်း ငါးခုမှ အမှန်တကယ် အစွမ်းထက်သော ကျင့်ကြံသူများကမူ သူတို့အတွက် ပြင်ဆင်ထားသော ယာယီတည်းခိုဆောင်များတွင် ရှိနေကြသည်။ အိမ်ရှင်ဖြစ်သော နေလဂိုဏ်းမှာလည်း သူတို့ကို စိတ်မပျက်စေရန် အလွန်အမင်း ဧည့်ခံနေရပုံရသည်။ အကယ်၍ တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လုပ်မိပါက သူတို့ဂိုဏ်းတစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။
"ငါတို့ နဂါးပုန်းကျွန်းရဲ့ စခန်းက ဟိုမှာပဲ… သွားရအောင်"
ဆုန့်ကျန့်ဖေးမှာ နဂါးပုန်းကျွန်း၏ အလံကို လျင်မြန်စွာ တွေ့ရှိသွားသည်။ ခဏအကြာတွင် ရှန်မိုနှင့် အခြားသူများလည်း ရှိထျန်းဟောက်နှင့် တွေ့ဆုံလိုက်ကြသည်။
ယင်းထျန်းဟောက် အားရပါးရ ရယ်မောလိုက်ပြီး
"အဖိုးကြီးဆုန့်… မတွေ့တာ ကြာပြီ… ခင်ဗျားရဲ့ ကျင့်ကြံမှုက ထပ်ပြီး တိုးတက်လာတာပဲ"
ဆုန့်ကျန့်ဖေး ပြုံးလိုက်ရင်း
"မပြောပါနဲ့ ကျွန်းရှင်ရယ်… ကျွန်တော်က ကျွန်းရှင်ရဲ့ အဆင့်ကို လုံးဝ မမီပါဘူး… ကျွန်းရှင်ကတော့ အခုဆို ဓမ္မအမှတ်အသား ၇၀ လောက်တောင် ရှိနေပြီ မဟုတ်လား"
***