ယင်းထျန်းဟောက် ခပ်ဖွဖွရယ်မောရင်း ခေါင်းခါလိုက်သည်။
"ခင်ဗျားကတော့ နောက်နေပြီပဲ… အချိန်အများကြီးမှ မကြာသေးတာ… ကျွန်တော်က ဘယ်လိုလုပ်ပြီး ဓမ္မအမှတ်အသား ၇၀ အထိ တစ်ခါတည်း တောက်လောင်နိုင်ပါ့မလဲ"
သူ၏အကြည့်မှာ ဆုန့်ကျန့်ဖေးကို ကျော်ဖြတ်ပြီး ကျန်းချန်းဟိန်းနှင့် လျိုယွန်းထျန်းတို့ဆီသို့ ရောက်ရှိသွားသည်။
ထို့နောက် သူ ထိုနှစ်ယောက်ကို တစ်ဦးချင်း နှုတ်ဆက်လိုက်သည်။ သူတို့သုံးယောက်စလုံးမှာ နဂါးပုန်းကျွန်းလက်အောက်ရှိ ဝါရင့်ကျွန်းအရှင်များ ဖြစ်ကြသဖြင့် သူ ကောင်းကောင်းမှတ်မိနေခြင်း ဖြစ်သည်။
"ဒါကတော့..."
ယင်းထျန်းဟောက်မှာ ဝေကျင်းချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ဆုန့်ကျန့်ဖေးမှ မိတ်ဆက်ပေး၏။
"ဒါက ကျွန်တော့်သူငယ်ချင်းပါ… ဘယ်ဂိုဏ်းဝင်မှ မဟုတ်ပေမဲ့ အတော်လေး အရည်အချင်းရှိပါတယ်… သူ့မှာ ဓမ္မအမှတ်အသား ၂၀ ရှိတယ်လေ"
သူ အသာအယာ ခေါင်းငြိမ့်ပြပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများမှာ ရှန်မိုဆီသို့ ရောက်ရှိလာတော့သည်။
ဆုန့်ကျန့်ဖေး ထပ်မံပြောကြားသည်။
"ကျွန်းရှင်... ဒါကတော့ ကျွန်တော်တို့ရဲ့ ကျွန်းအရှင်ငယ်လေး ရှန်မိုပါ… ကျွန်းရှင် မှတ်မိဦးမယ် ထင်ပါတယ်"
ယင်းထျန်းဟောက် ရုတ်တရက် သတိရသွားပုံရသည်။
"ဪ… ဟုတ်သားပဲ… မိတ်ဆွေရှန်မိုရဲ့ အစွမ်းနဲ့ဆိုရင် ကျွန်းအရှင်ငယ်လေးအဖြစ်ပဲ ရှိနေတာဟာ တကယ်တော့ နှမြောစရာပါပဲ"
"ကျွန်တော်တို့ ပြန်ရောက်တဲ့အခါကျရင် မိတ်ဆွေရှန်မိုဆီကို ဝါရင့်ကျွန်းအရှင် တံဆိပ်တော်တစ်ခု ပို့ပေးဖို့ လူလွှတ်လိုက်ပါ့မယ်"
"နဂါးပုန်းကျွန်းမှာ ကျွန်းကြီးတွေ မကျန်တော့ဘူး ဆိုပေမဲ့ ကျွန်းငယ်လေးတွေထဲကတော့ စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်"
ရှန်မို အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျွန်းရှင်"
နဂါးပုန်းကျွန်းမှာ နေလဂိုဏ်းကဲ့သို့ တင်းကျပ်လှသော အထက်အောက် အဆင့်ဆင့်စနစ် မရှိပေ။ ခြုံငုံကြည့်လျှင် အတော်လေး လွတ်လပ်မှု ရှိသည်။ ယင်းထျန်းဟောက်သည် ကျွန်းရှင်ချုပ် ဖြစ်သော်လည်း ကျွန်းအရှင်အားလုံးကို အလံတစ်ခုအောက်တွင် စုစည်းပေးထားသည့် အိမ်ထောင်ဦးစီးတစ်ဦးနှင့် ပိုတူသ၏။ ယခုကဲ့သို့ပင် သူ ရှန်မိုကို ရာထူးနှင့် မခေါ်ဘဲ မိတ်ဆွေကျင့်ကြံသူဟုသာ ခေါ်ဆိုသည်။ ၎င်းမှာ အပြန်အလှန် လေးစားမှုပင် ဖြစ်သည်။ သို့သော်လည်း ဤသို့ လွတ်လပ်သော ဖွဲ့စည်းပုံရှိသည့်တိုင် နဂါးပုန်းကျွန်းသည် ရတနာမဟာမိတ်အဖွဲ့ထက် များစွာ ပို၍ စည်းလုံးညီညွတ်သည်မှာတော့ အသေအချာပင်။
ယင်းထျန်းဟောက် ပြုံးလျက်
"မြစိမ်းရောင် ဂူဗိမာန် အပြည့်အဝ ပွင့်ဖို့အတွက် အချိန်အနည်းငယ်တော့ လိုပါသေးတယ်" "ဒီကျွန်းငယ်လေးကိုတော့ ငါတို့ နဂါးပုန်းကျွန်းက သိမ်းပိုက်ထားပြီးပြီ… မင်းတို့ စိတ်ကြိုက် အိမ်ရာဝင်းတစ်ခုခုကို ရွေးပြီး ယာယီတည်းခိုလို့ ရပါတယ်"
ခဏမျှ ငြိမ်နေပြီးနောက် သူ အဓိပ္ပာယ်ပါပါဖြင့် ထပ်ပြောသည်။
"အကယ်၍ မင်းတို့မှာ တခြားဂိုဏ်းတွေက သူငယ်ချင်းတွေ ရှိရင်လည်း ဒီရက်ပိုင်းအတွင်း သွားတွေ့ပြီး အဆက်အသွယ် အများကြီး လုပ်ထားကြဦး"
ဆုန့်ကျန့်ဖေးနှင့် အခြားသူများမှာ ထိုစကား၏ ဆိုလိုရင်းကို နားလည်သွားကြပုံရသည်။
ရှန်မိုကမူ ခပ်ပါးပါးလေးသာ ပြုံးနေလိုက်၏။ ယင်းထျန်းဟောက် ပေးချင်သော သတင်းစကားမှာ ရှင်းလင်းလှသည်။ မြစိမ်းရောင် ဂူဗိမာန် ပေါ်ထွက်လာမှုကြောင့် ထိပ်သီးဂိုဏ်းကြီး ငါးခုပင် ရောက်ရှိနေပြီ ဖြစ်သည်။ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်၏ ရတနာများမှာ ဂိုဏ်းငယ်လေးများနှင့် အင်အားစုလေးများက တစ်ကိုယ်တော် သိမ်းပိုက်နိုင်မည့်အရာ မဟုတ်ပေ။ ထိပ်သီးဂိုဏ်းများကို ပြန်လည် တုံ့ပြန်နိုင်ရန်အတွက် ဤအင်အားစုလေးများ စုစည်းကြရမည် ဖြစ်သည်။ အခုကတည်းက ဆက်ဆံရေး တည်ဆောက်ထားခြင်းက ဂူဗိမာန်ထဲ ရောက်သည့်အခါ မဟာမိတ်ဖွဲ့ရန် အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ခဏအကြာတွင် လူတိုင်း အိမ်ရာဝန်းတစ်ခုစီကို ရွေးချယ်လိုက်ကြသည်။ ဘေးကင်းလုံခြုံမှုအတွက် ရှန်မိုနှင့် အခြားသူများမှာ အတူတကွ လှုပ်ရှားနိုင်ရန် ဘေးချင်းကပ် အိမ်ရာဝင်းများကို ရွေးချယ်ခဲ့ကြ၏။ ထိုနေရာမှာ မူလက ကျွန်းအရှင်ငယ်တစ်ဦး နေထိုင်နေခြင်း ဖြစ်သော်လည်း ဆုန့်ကျန့်ဖေးက သူ၏ အဆင့်အတန်းကို ပြသလိုက်သည့်အခါ ထိုကျွန်းအရှင်မှာ လိမ္မာပါးနပ်စွာဖြင့် ဖယ်ပေးခဲ့သည်။
နေရာချထားပြီးနောက် ဆုန့်ကျန့်ဖေးနှင့် ကျန်သူများမှာ ဂိုဏ်းအသီးသီးမှ သူငယ်ချင်းများကို သွားရောက်ရှာဖွေရန် ထွက်ခွာသွားကြသည်။ ရှန်မိုမှာမူ အသစ်ဖြစ်နေသဖြင့် သိကျွမ်းသူ အများကြီး မရှိပေ။ ဝေကျင်းချန်မှာလည်း တစ်ဦးတည်းနေလေ့ရှိသူ ဖြစ်သဖြင့် အဆက်အသွယ် မရှိလှပေ။ လုပ်စရာ မရှိသဖြင့် ထိုနှစ်ယောက်မှာ အနီးနားရှိ ဈေးတန်းသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့ အနည်းငယ် လှည့်လည်ကြည့်ရှုရန်နှင့် သူတို့နှင့် သင့်တော်မည့် ရတနာအချို့ကို ရှာဖွေရန် ရည်ရွယ်ထားကြသည်။
လူရှိသည့်နေရာတွင် စီးပွားရေး ရှိစမြဲပင်။ ကျင့်ကြံသူများသည်လည်း လူသားများသာ မဟုတ်ပါလား။
ဤမျှ လူအများအပြား တစ်နေရာတည်းတွင် စုဝေးနေကြသဖြင့် အနည်းငယ် ဉာဏ်ရှိသူတိုင်း ဆိုင်ခန်းဖွင့်ပြီး အမြတ်ထုတ်ရန် စဉ်းစားကြပေလိမ့်မည်။
အိမ်ရှင်ဖြစ်သော နေလဂိုဏ်းမှာလည်း ဤအချက်ကို အစောကတည်းက သဘောပေါက်ထားသဖြင့် ကျင့်ကြံသူများ ကုန်သွယ်မှုပြုမည့် ဈေးတန်းတစ်ခုကို အစောကတည်းက တည်ထောင်ထားခဲ့သည်။ သူတို့ လျင်မြန်စွာ လုပ်ဆောင်ခဲ့သဖြင့် နေလဈေးတန်းမှာ ပတ်ဝန်းကျင်တွင် အကြီးဆုံးနှင့် အစည်ကားဆုံး ဖြစ်လာခဲ့၏။ နေလဂိုဏ်းအနေဖြင့် အခြေအနေကို မထိန်းချုပ်နိုင်သည့်အဆုံး ထိုအခြေအနေမှ ရသမျှ အကျိုးအမြတ်ကို ခံစားရန် ဆုံးဖြတ်လိုက်ခြင်းမှာ ထင်ရှားလှသည်။ ကျင့်ကြံသူများစွာ စုပြုံရောက်ရှိလာသည့်အတွက် ငွေများများ ရှာထားခြင်းကသာ အကောင်းဆုံး လုပ်ရပ် မဟုတ်ပါလား။
နေလဈေးတန်း။
၎င်းမှာ နေမင်းကျွန်း၏ အရှေ့ဘက်ရှိ ကျွန်းငယ်လေးတစ်ခုပေါ်တွင် တည်ရှိသည်။ ရှန်မိုနှင့် ဝေကျင်းချန်တို့ ရောက်ရှိသွားသည့်အခါ ညဦးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော်လည်း ဈေးတန်းမှာ မီးရောင်စုံများဖြင့် လင်းထိန်နေပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။ ကျင့်ကြံသူများမှာလည်း သွားလာလျက် စည်ကားနေ၏။ ဈေးတန်း၏ ထောင့်များတွင် အစွမ်းထက်သော ကျင့်ကြံသူအချို့ တိတ်တဆိတ် ရပ်နေကြသည်ကို ရှန်မို သတိပြုမိလိုက်သည်။ သူတို့မှာ စနစ်တကျ ရှိစေရန် စောင့်ကြပ်နေကြခြင်း ဖြစ်ကြောင်း သိသာလှ၏။ သူတို့၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားတံဆိပ်တော်ဂိုဏ်းမှ ဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။ နတ်ဘုရားတံဆိပ်တော်ဂိုဏ်းသည် မိမိကိုယ်ကို ဖြောင့်မတ်သော ဂိုဏ်းကြီးအဖြစ် အမြဲခံယူထားသဖြင့် နေလဂိုဏ်း၏ အကူအညီတောင်းမှုကို လက်ခံကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးနေခြင်း ဖြစ်၏။
အမှန်ပင်။
သူတို့ အလကား လုပ်ပေးနေခြင်း မဟုတ်ပေ။ နေလဈေးတန်းမှ ရရှိသော အကျိုးအမြတ်၏ အကြီးဆုံးဝေစုကို သူတို့ ရရှိထားပေလိမ့်မည်။ နေလဂိုဏ်းမှာမူ အနည်းအကျဉ်းသာ ရနိုင်ပေလိမ့်မည်။
ရှန်မိုနှင့် ဝေကျင်းချန်တို့ ဈေးတန်းအတွင်း လျှောက်လှမ်းရင်း အရပ်မျက်နှာအားလုံးကို လှည့်လည်ကြည့်ရှုနေကြသည်။ ဝေကျင်းချန်မှာ စကားသိပ်မပြောတတ်သူ ဖြစ်သဖြင့် တစ်လမ်းလုံး တိတ်ဆိတ်နေသည်။ ရှန်မိုမှာလည်း စကားအများကြီး မပြောဘဲ သူနှင့် သင့်တော်မည့် ရတနာများကိုသာ ဝေ့ဝဲရှာဖွေနေ၏။ ထိုနှစ်ယောက်သား စကားတစ်ခွန်းမျှ မပြောဘဲ နာရီဝက်ခန့် လှည့်လည်ခဲ့ကြသည်။
"အား!"
အမျိုးသမီး အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟိုမှာ"
ဝေကျင်းချန်မှ ရုတ်တရက် ပြောလိုက်သည်။
ရှန်မိုလည်း သူ လှမ်းညွှန်ရာသို့ ကြည့်လိုက်၏။
ထိုအခါ မိန်းကလေးငယ် တစ်ဦးကို မြင်လိုက်ရသည်။
သူသည် အရပ်ရှည်ပြီး သွယ်လျကာ အသားအရေမှာ ဖြူဝင်းဝါဝင်း ရှိလှ၏။
မျက်နှာသွင်ပြင်မှာ ပြေပြစ်ပြီး ပုံပန်း ထင်ရှားကာ ငယ်ရွယ်နုပျိုသော အပြစ်ကင်းစင်မှုနှင့် သိချင်စိတ်များက သူ့ အမူအရာတွင် ထင်ဟပ်နေသည်။ မျက်တောင်များမှာ အထူးသဖြင့် ထင်ရှားလှပြီး မျက်တောင်ခတ်လိုက်တိုင်း မိုးမခရွက်များနှယ် တဖျတ်ဖျတ် လှုပ်ရှားနေသည်။ ဆံပင်များမှာ ကျဆင်းနေသော နှင်းအသစ်များကဲ့သို့ ဖြူစင်နေပြီး ညလေညင်းတွင် လွင့်မျောနေကြ၏။
ဤကဲ့သို့ ဆံပင်ဖြူဖြူနှင့် မိန်းကလေးမှာ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကြားတွင် အလွန်ပင် ထင်ရှားလှသည်။ သူ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ဖြတ်သန်းသွားလာသူတိုင်း၏ အာရုံကို မရည်ရွယ်ဘဲ ဆွဲဆောင်နေတော့သည်။ ထိုမိန်းကလေးမှာ သူ့ ဆံပင်ဖြူများကို ဖုံးကွယ်ရန် ခေါင်းစွပ်ကို အမြန်ဆွဲတင်လိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ဝေကျင်းချန် တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဲဒီမိန်းကလေးက... လူသား မဟုတ်ပုံပဲ"
ရှန်မို ခေါင်းငြိမ့်ပြ၏။
"မိတ်ဆွေဝေ ပြောတာ မှန်တယ်… သူက နတ်ဘုရားမြေခွေးမျိုးနွယ်ကပဲ"
ထိုသို့ ခဏမျှ လှမ်းမြင်လိုက်ရုံဖြင့် ရှန်မို သူ၏ နတ်ဆိုးကိုယ်ရေးအကျဉ်းကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ထိုမိန်းကလေးမှာ အမှန်စင်စစ် နတ်ဘုရားမြေခွေးမျိုးနွယ်၏ သန့်စင်သော မိန်းကလေး ဖြစ်နေသည်။
[အမည် - ဟူရှင်းယွဲ့]
[အဆင့် - နိဗ္ဗာန်အဆင့်… ဓမ္မအမှတ်အသား ၇၀]
[ကံကြမ္မာ အမှတ်အသားများ - နတ်ဘုရားမြေခွေးမျိုးနွယ်မှ သန့်စင်သော မိန်းကလေး၊ သွေးနတ်ဘုရား ဆက်ခံသူ၊ ဂီတလမ်းစဉ် ဆက်ခံသူ၊ ကောင်းကင်ဘုံ၏ သားသမီး၊ အခက်အခဲများကြားမှ သွန်းလောင်းခြင်း၊ ကံပါလာသော ဘေးဒုက္ခများ၊ သားရဲတစ်သောင်း၏ စစ်မှန်သော ဝိညာဉ်ခန္ဓာ]
[နတ်ဘုရားမြေခွေးမျိုးနွယ်မှ သန့်စင်သော မိန်းကလေး - ရွှေရောင်အမှတ်အသား - သင်သည် နတ်ဆိုးနန်းတော်၏ သန့်ရှင်းသော မျိုးနွယ်စု သုံးခုထဲမှ တစ်ခုဖြစ်သည့် နတ်ဘုရားမြေခွေးမျိုးနွယ်မှ သန့်စင်သော မိန်းကလေး ဖြစ်သည်။ သင်သည် မွေးကတည်းက စည်းစိမ်ချမ်းသာများကြားတွင် ကြီးပြင်းလာပြီး အလိုလိုက်ခြင်း ခံခဲ့ရသည်။]
[သွေးနတ်ဘုရား ဆက်ခံသူ - ရွှေရောင်အမှတ်အသား - သင်သည် အိပ်မက်ထဲတွင် သွေးနတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံခဲ့သည်။ ငယ်စဉ်ကတည်းက ဟင်းလင်းပြင် သွေးနတ်ဘုရားကျမ်းဆိုသည့် သူတော်စင်အဆင့် ပညာရပ်ကို ကျင့်ကြံခဲ့သည်။]
[ဂီတလမ်းစဉ် ဆက်ခံသူ - ရွှေရောင်အမှတ်အသား - သင်သည် ငယ်စဉ်ကတည်းက သံစဉ်များနှင့် စောင်းတီးခြင်းလမ်းစဉ်ကို ကျွမ်းကျင်ခဲ့သည်။ သင်သည် ဂီတသိုင်းပညာများကို အသုံးပြုသည့်အခါ ၎င်းတို့၏ စွမ်းအားမှာ များစွာ မြင့်တက်လာပေလိမ့်မည်။]
[ကောင်းကင်ဘုံ၏ သားသမီး - ရွှေရောင်အမှတ်အသား - သင်သည် ဤလောက၏ ကောင်းကင်ဘုံမှ အသိအမှတ်ပြုခြင်း ခံရသူ ဖြစ်သည်။ သင်၏ ကျင့်ကြံမှု အားထုတ်မှုအားလုံးသည် နှစ်ဆသော ရလဒ်များကို ရရှိစေပေလိမ့်မည်။]
[အခက်အခဲများကြားမှ သွန်းလောင်းခြင်း - အဖြူရောင်အမှတ်အသား - သင်၏ ဘဝသည် စမ်းသပ်မှုများနှင့် ဘေးဒုက္ခများဖြင့် ပြည့်နှက်နေရန် ကံပါလာသည်။]
[ကံပါလာသော ဘေးဒုက္ခများ - အဖြူရောင်အမှတ်အသား - သင်သည် အသက်အန္တရာယ်ရှိသော ဘေးဒုက္ခ သုံးခုနှင့် ကြုံတွေ့ရပေလိမ့်မည်။ ၎င်းတို့ကို ကျော်ဖြတ်နိုင်ပါက သင်၏ အနာဂတ်မှာ ချောမွေ့ဖြောင့်ဖြူးပေလိမ့်မည်။]
[သားရဲတစ်သောင်း၏ စစ်မှန်သော ဝိညာဉ်ခန္ဓာ - ရွှေရောင်အမှတ်အသား - အလယ်အလတ်အဆင့် သူတော်စင်ခန္ဓာကိုယ် ဖြစ်သည်။ သင်သည် မွေးကတည်းက ဝိညာဉ်သားရဲအားလုံးနှင့် နီးစပ်မှု ရှိသည်။ သူတို့၏ ယုံကြည်မှုကို ရရှိရန်မှာ သင့်အတွက် အလွန်ပင် လွယ်ကူပေလိမ့်မည်။]
ရှန်မို အံ့ဩလွန်းသဖြင့် ကျွတ်ခနဲ စုပ်သက်မိသည်။ ဤမိန်းကလေး၏ အမှတ်အသား အများစုမှာ ရွှေရောင်အဆင့်များ ဖြစ်နေသည်။ အထူးသဖြင့် ကောင်းကင်ဘုံ၏ သားသမီးဆိုသည်မှာ အလွန်ပင် ရှားပါးလှသော ကံကြမ္မာ အမှတ်အသား ဖြစ်သည်။ သူ၏ အမြင်အရဆိုလျှင် ၎င်းမှာ ရှိထျန်းဟောက်၏ နဂါးဘိုးဘေးရိုးတွင်းခြင်ဆီ နှင့်ပင် ယှဉ်နိုင်သော တောက်ပလှသည့် ရွှေရောင်အမှတ်အသား ဖြစ်သည်။
"နတ်ဘုရားမြေခွေးမျိုးနွယ်ရဲ့ သန့်စင်တဲ့ မိန်းကလေးလား… သူက မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"
ဝေကျင်းချန် အံ့ဩတကြီး တိုးတက်လေး ရေရွတ်လိုက်သညါ။
"သူက ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ရမယ်လို့ ကျွန်တော် ကြားထားတာ"
ရှန်မိုသည် ဟူရှင်းယွဲ့၏ လတ်တလော ကံကြမ္မာများကို စစ်ဆေးကြည့်လိုက်ပြီး တစ်ခုခုကို အာရုံခံမိသွားသည်။
"မိတ်ဆွေဝေ... သွေးနတ်ဘုရား နတ်ဆိုးနန်းတော် အကြောင်း ဘယ်လောက် သိထားသလဲ"
***