ရှန်မို၏လက်ဝယ်တွင် ကမ္ဘာမြေအဆင့် စိတ်ဝိညာဉ်ကိရိယာဟောင်း အတော်များများ ရှိနေပြီး ၎င်းတို့ထဲမှ အများစုမှာ သူ့အတွက် အသုံးမဝင်တော့ပေ။ ဥပမာအားဖြင့် ယင်ယန်ဓားသွား ဝိညာဉ်ဓားကဲ့သို့ ပစ္စည်းမျိုး ဖြစ်သည်။ ၎င်းကို ဒီအတိုင်း အလကားထားမည့်အစား ဈေးထဲတွင် ရောင်းချလိုက်ခြင်းက ပို၍ကောင်းပေမည်။ နေလဂိုဏ်းသည် ကျင့်ကြံသူများ၏ စိတ်ကို သိမ်းပိုက်နိုင်ရန် နေလဈေးတန်းကို အလွန်ကောင်းမွန်စွာ ပုံဖော်ထားခဲ့၏။ ရှန်မိုကဲ့သို့ အဆင့်အတန်းမြင့်သော ကျင့်ကြံသူများအတွက် ပစ္စည်းရောင်းရာတွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေရန် မလိုဘဲ နေလဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးအား အလွယ်တကူ အပ်နှံထားနိုင်ကာ ဂိုဏ်းအနေဖြင့် ရောင်းရငွေမှ ကော်မရှင်အနည်းငယ်သာ ယူမည်ဖြစ်သည်။ ရှန်မို မမျှော်လင့်ထားသည့်အချက်မှာ ရှိထျန်းဟောက် ကိုယ်တိုင် စိတ်ဝိညာဉ်ကျောက်တုံးများကို သူ့ထံ လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်၏။
"ကျွန်းရှင်ရှန်... ပစ္စည်းလည်း ပို့ပြီးပြီဆိုတော့ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"
ရှိထျန်းဟောက်သည် ရှန်မိုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးသကဲ့သို့ ယဉ်ကျေးပျူငှာသော အမူအရာကို ပြသထားသည်။
ရှန်မို ပြုံးလျက် ခေါင်းငြိမ့်ပြပြီးမှ ရုတ်တရက် မေးလိုက်သည်။
"မိတ်ဆွေရဲ့ နာမည်ကို သိပါရစေဦး… မိတ်ဆွေကို ကြည့်ရတာ ကျွန်တော် သိတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတော်လေး တူနေလို့ပါ"
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှိထျန်းဟောက်၏ ရင်ခုန်သံမှာ ပြင်းထန်သွားသော်လည်း မျက်နှာတွင်မူ ဘာအရိပ်အယောင်မျှ မပြပေ။
"ကျွန်တော့်နာမည်က ဟောက်ထျန်းရှီပါ… လောကကြီးက ကျယ်ပြောပြီး ထူးဆန်းတာတွေ ပြည့်နေတာပဲ… ကျွန်တော်က မိတ်ဆွေရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တူနေတာဟာ မဆန်းပါဘူး"
သူ စိတ်ထဲမှ ကြိတ်၍ ညည်းညူနေမိသည်။ ယခုတစ်ခေါက် သူ၏ ရုပ်ဖျက်ပညာမှာ အလွန်ပင် စေ့စပ်သေချာလှပြီး ရုပ်ရည်ကို လုံးဝ ပြောင်းလဲထားခြင်း ဖြစ်သည်။
သူသည် ဆုန့်ကျန့်ဖေး၊ လျိုယွန်းထျန်းတို့ရှေ့တွင်ပင် တမင်တကာ လှည့်လည်ပြခဲ့သေး၏။ သူတို့ထဲက တစ်ယောက်မှ သူ့ကို မမှတ်မိကြရုံတင်မကဘဲ ပြုံးပြုံးရွှင်ရွှင်နှင့် လက်ဖက်ရည်သောက်ရန်ပင် ဖိတ်ခေါ်ခဲ့ကြသေးသည်။ ထို့ကြောင့် ရှန်မိုလည်း ဘာမှသိလိမ့်မည်မဟုတ်ဟု သူ ယုံကြည်ချက် ရှိနေခြင်း ဖြစ်၏။
ရှန်မို ခပ်ပါးပါး ပြုံးလိုက်ရင်း
"ဖြစ်နိုင်ပါတယ်"
ဟောက်ထျန်းရှီ၏ ကံကြမ္မာစနစ်ကို ချက်ချင်း ဖွင့်ကြည့်လိုက်၏။ သူ၏ မျက်စိရှေ့တွင် လတ်တလော ကံကြမ္မာများစွာ ဒလဟော ဖြတ်သန်းသွားတော့သည်။ ရှန်မိုက မျက်ခုံးပင့်လိုက်မိ၏။ ကောင်းကင်ကို အန်တုနိုင်သော ကံကြမ္မာပိုင်ရှင်များမှာ တကယ်ကို မတူညီကြပေ။ ဤနေရာတွင် ရှိနေသော ကံကြမ္မာ ပမာဏမှာ အံ့မခန်းပင်။
ရှိထျန်းဟောက်မှာမူ ရှန်မို၏ စိုက်ကြည့်မှုအောက်တွင် ကျောထဲ၌ စိမ့်တက်သွားရသည်။ တစ်ဖက်လူက သူ့ကို အထွင်းဖောက်မြင်နေရသည်ဟူသော ခံစားချက်ကို သူ မဖျောက်ဖျက်နိုင်ပေ။ ၎င်းမှာ အလွန်ပင် နေရခက်လှသည်။ သူသည် မျက်နှာနှင့် အဆင့်အတန်းကို အသေအချာ ပြောင်းလဲထားခဲ့၍ ရှန်မိုအနေဖြင့် သူက ရှိထျန်းဟောက် ဖြစ်သည်ဆိုသည်ကို မသိနိုင်သည်မှာ သေချာသည်။ သို့ဆိုလျှင် ရှန်မို သူ့ကို ဘာလို့ ဒီလိုကြီး ကြည့်နေရတာလဲ။
ထိုအကြည့်မှာ အရင်ကအတိုင်းပင်။
ရှိထျန်းဟောက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အတင်းပြုံးကာ
"ပစ္စည်းလည်း ပို့ပြီးပြီဆိုတော့ ကျွန်တော် သွားတော့မယ်"
သူ တစ်စက္ကန့်မျှပင် ထပ်မနေချင်တော့သဖြင့် ချက်ချင်း လှည့်ထွက်သွားတော့သည်။ သူသည် ရှန်မို၏ လက်ရှိ ကျင့်ကြံမှုနှင့် အစွမ်းကို အကဲခတ်ရန်အတွက် ဤပစ္စည်းပို့သည့် အလုပ်ကို တမင်တကာ လက်ခံခဲ့ခြင်း ဖြစ်၏။ အကယ်၍ အခွင့်အရေးသာ ရပါက 'ဟောက်ထျန်းရှီ' ဆိုသည့် အမည်ကို သုံးပြီး ရှန်မိုနှင့် ရင်းနှီးအောင် လုပ်ကာ ယုံကြည်ရသော မိတ်ဆွေသစ် ဖြစ်လာရန်ပင် သူ စိတ်ကူးထားခဲ့သည်။ သို့မှသာ မြစိမ်းရောင် ဂူဗိမာန်ထဲတွင် ရှန်မို့ထံမှ ရွှေရောင်စာမျက်နှာကို ပြန်လည် သိမ်းပိုက်ရန် လွယ်ကူပေလိမ့်မည်။ သို့သော် အခုတော့ သူ ထပ်မနေချင်တော့ပေ။ ရှန်မို၏ မျက်လုံးများမှာ အလွန်ပင် ကြောက်စရာကောင်းလှ၏။
သူ့ကို အကုန်လုံး ထွင်းဖောက် မြင်နေရသလိုမျိုးပင်။
...
ရက်အနည်းငယ် ကြာပြီးနောက်။
ညအချိန်။
နေမင်းကျွန်းအတွင်း၌ မြစိမ်းရောင် အလင်းတန်းများ ထပ်မံ ပေါက်ကွဲထွက်ပေါ်လာပြန်သည်။ ယခုတစ်ခေါက်တွင် အလင်းတိုင်ကြီးမှာ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားပြီး ခန့်ညားထည်ဝါလှသော နဂါးအရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ၎င်းမှာ ပြီးခဲ့သည့် အခေါက်ကထက် များစွာ ပို၍ ကြီးကျယ်ခမ်းနားလှသည်။ ကျင့်ကြံသူပေါင်းများစွာမှာ လန့်နိုးလာကြပြီး ထိုအထဲတွင် ဓမ္မအမှတ်အသား ၈၀ သို့မဟုတ် ၉၀ အထိ ရှိသော နိဗ္ဗာန်အဆင့် ပညာရှင်များပင် ပါဝင်သည်။
ရှန်မိုမှာ တစ်ဝက်တစ်ပျက်သာ အိပ်ပျော်နေခြင်း ဖြစ်သည်။
ယခုမူ သူ ချက်ချင်း နိုးလာခဲ့ပြီ။
သို့သော် သူ့ကို နှိုးလိုက်သည်မှာ နဂါးအရှိန်အဝါ သို့မဟုတ် အလင်းတိုင်ကြီး မဟုတ်ပေ။ သူ၏ သိုလှောင်လက်စွပ်အတွင်းရှိ ရွှေရောင်စာမျက်နှာများ ဖြစ်လေ၏။ ၎င်းစာမျက်နှာ နှစ်ခုမှာ သူ၏ လက်ထဲတွင် မီးခဲများကဲ့သို့ ဖြစ်လာခဲ့သည်။ ထိုအရာများမှာ တုန်ခါနေပြီး အလွန်ပင် ပူလောင်နေကာ စူးရှသော မြစိမ်းရောင် အလင်းများကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့မှာ နေမင်းကျွန်း အထက်ရှိ မြစိမ်းရောင် အလင်းတိုင်ကြီးနှင့် တုံ့ပြန်နေကြပုံရ၏။ အကယ်၍ ရှန်မိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မထားပါက နောက်တစ်စက္ကန့်တွင် သူ့အလိုလို ပျံထွက်သွားကြပေလိမ့်မည်။
"အချိန်တန်ပြီ"
ရှန်မို ချက်ချင်း ထရပ်လိုက်ပြီး ရွှေရောင်စာမျက်နှာများ၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါသွားသည်။ သူ၏ ပုံရိပ်မှာ မှောင်မိုက်နေသော ပင်လယ်ပြင်ကို ဖြတ်သန်းသွားပြီး ရေအောက်ထဲသို့ ငုပ်ဆင်းသွားခဲ့၏။ ခဏအကြာတွင် သူ ရေအောက်ရှိ ကျောက်တန်းတစ်ခုဆီသို့ ရောက်ရှိသွားသည်။ ကြည့်ရုံနှင့်ဆိုလျှင် ထိုနေရာမှာ ဘာမှ ထူးခြားမှု မရှိပေ။ သို့သော် ရွှေရောင်စာမျက်နှာများ၏ လမ်းညွှန်မှုဖြင့် ရှန်မို ဝှက်ထားသော လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ သူ ထိုလမ်းကြောင်းအတိုင်း ပို၍ နက်ရှိုင်းရာသို့ ဝင်သွားခဲ့၏။
နောက်ဆုံးတွင် မြစိမ်းရောင် အလင်းဖန်သားပြင်တစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။ ထိုအလင်းဖန်သားပြင်အတွင်း၌ မြစိမ်းရောင် နဂါးလေးတစ်ကောင်မှာ ခွေနေပြီး နဂါးအရှိန်အဝါများမှာ ထိုနေရာတစ်ခွင် ပျံ့နှံ့နေတော့သည်။ အနီးနားတွင် ကူးခတ်နေသော ပင်လယ်သားရဲများမှာ ထိုကြီးမားလှသော ဖိအားကြောင့် ချက်ချင်းပင် တစ်စစီ ပေါက်ကွဲသွားကြပြီး အသားစများသာ ကြွင်းကျန်တော့သည်။
ရှန်မိုကိုယ်တိုင်လည်း တောင်ကြီးတစ်လုံးနှင့် ဖိထားသကဲ့သို့ ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။ ဤကဲ့သို့သော ဖိအားမျိုးမှာ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးထံမှသာ ထွက်ပေါ်လာနိုင်သည်။
ရှန်မို အနည်းငယ် လန့်သွားသော်လည်း ရွှေရောင်စာမျက်နှာကို ချက်ချင်း ထုတ်ယူကာ သူ၏ ရှေ့တွင် ကာထားလိုက်သည်။ ဖိအားမှာ ချက်ချင်းပင် လျော့ပါးသွားတော့သည်။ ထိုအခွင့်အရေးကို သုံးကာ သူသည် အကွာအဝေးကို ဖြတ်ကျော်ပြီး မြစိမ်းရောင် အလင်းဖန်သားပြင်အတွင်းသို့ ဝင်ရောက်သွားခဲ့၏။ သူ ဝင်သွားသည်နှင့် တပြိုင်နက် ထူးဆန်းသော အလင်းလွှာတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ ရေမြှေးတစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ပတ်လည် ဝိုင်းထားလိုက်သည်။
ထိုအခါ ရှန်မိုမှာ ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသကဲ့သို့သာ ခံစားလိုက်ရသည်။
အမြင်အာရုံများ ပြန်လည် တည်ငြိမ်သွားသည့်အခါ သူ ကမ်းခြေတစ်ခုပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ရှေ့တွင် ကျယ်ပြောလှသော ပင်လယ်ကြီး ရှိနေ၏။ ပင်လယ်လေညင်းက သူ၏ မျက်နှာကို လာတိုးနေသည်။ သို့သော်လည်း ပင်လယ်ပြင်ကြီးမှာ မည်းနက်နေသည်။ လေထဲတွင်လည်း ပုပ်စော်နံ့နှင့် သွေးညှီနံ့များ နံစော်နေသည်။ ပင်လယ်ပြင်တစ်ခုလုံးမှာ ကြည်လင်သော မိုးကောင်းကင်နှင့် သာယာသော လေညင်းများ ရှိမနေဘဲ နတ်ဆိုးစွမ်းအားများနှင့် သေခြင်းတရား၏ တိတ်ဆိတ်မှုများဖြင့်သာ ပြည့်နှက်နေသည်။ ၎င်းမှာ ဆုန့်ကျန့်ဖေး ပြောပြခဲ့သော ဝိညာဉ်ပင်လယ်နှင့် လုံးဝ မတူပေ။
သို့သော်လည်း ရှန်မို အံ့ဩမသွားပေ။ အကြောင်းမှာ သူသည် ရှိထျန်းဟောက်၏ ကံကြမ္မာစနစ်နှင့် သူ၏ ကိုယ်ပိုင်မှတ်တမ်းမှတစ်ဆင့် သဲလွန်စများကို သိရှိထားပြီး ဖြစ်သောကြောင့်ပင်။ ဤမြစိမ်းရောင် ဂူဗိမာန်မှာ နတ်ဆိုးစွမ်းအားများ၏ ဖျက်ဆီးခြင်းကို ခံထားရသည်မှာ ကြာလှပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ပဋိပက္ခများကို ရှောင်ကြဉ်တတ်သော ဝမ်ရှန့်သန့်စင်နယ်မြေမှ လူများ ဤနေရာသို့ ရောက်လာရသည့် အကြောင်းရင်းမှာ ရှင်းလင်းလှသည်။ ၎င်းမှာ ပေါက်ကွဲထွက်လာတော့မည့် နတ်ဆိုးစွမ်းအားများကို နှိမ်နင်းရန်ပင်။
"ကံကောင်းတာက ငါ့ရဲ့ သိုင်းပညာတွေနဲ့ ထူးဆန်းတဲ့ မီးလျှံတွေက နတ်ဆိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အရမ်း ထိရောက်တာပဲ"
"နတ်ဆိုးအသွင်ပြောင်းသွားတဲ့ သတ္တဝါတွေနဲ့ တွေ့ရင်တောင် နည်းနည်းမှ ကြောက်စရာ မလိုဘူး" "ဒါပေမဲ့ တခြား ကျင့်ကြံသူတွေအတွက်တော့ အဲဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ"
ရှန်မို ခပ်ပါးပါး ပြုံးလိုက်ပြီး သူ ကြိုတင် မှတ်သားထားသော ကံကြမ္မာရှိရာ လမ်းကြောင်းအတိုင်း မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။ ထိုနေရာတွင် ပစ္စည်းတစ်ခု ရှိနေ၏။ ထိုရတနာကိုသာ ရရှိမည်ဆိုပါက ဤဂူဗိမာန်အတွင်း၌ သူ့ကို ဘယ်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။ ၎င်းမှာ မြစိမ်းရောင် နဂါးလှေပင် ဖြစ်လေသည်။ ဤရတနာကို ဂူဗိမာန်အတွင်းရှိ စိတ်ဝိညာဉ်ပင်လယ်ထဲတွင်သာ အသုံးပြုနိုင်သည်။ မြစိမ်းရောင် နဂါးလှေကို စီးခြင်းအားဖြင့် လှိုင်းတံပိုးများကို ဖြတ်ကျော်ကာ အလွန်လျင်မြန်စွာ သွားလာနိုင်သည်။ ၎င်းမရှိဘဲ ပင်လယ်ကို ဖြတ်ကျော်မည်ဆိုပါက စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် သွေးအနှစ်သာရကိုသာ အားကိုးရပေလိမ့်မည်။ ထိုအခါ အရှိန်မှာ အလွန် နှေးသွားမည့်အပြင် အန္တရာယ်ပေါင်းများစွာနှင့်လည်း ရင်ဆိုင်ရပေလိမ့်မည်။ ဤဝိညာဉ်ပင်လယ်အတွင်းရှိ ပင်လယ်သားရဲများမှာ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်အနေဖြင့် ပြင်ပလောကမှ ဖမ်းဆီးလာခဲ့သော ကြမ်းတမ်းသည့် သတ္တဝါများ ဖြစ်ကြသည်။ ယခုအခါ သူတို့သည် နတ်ဆိုးစွမ်းအားများကြောင့် နတ်ဆိုးအသွင် ပြောင်းသွားကြပြီး သွေးဆာကာ ကြမ်းတမ်းလျက် တိုက်ခိုက်လိုစိတ် အလွန် ပြင်းထန်နေကြသည်။ သူတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာသော မည်သည့် သက်ရှိကိုမဆို သူတို့က လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
တခြားတစ်နေရာတွင်။
ယင်းစန်းဟွာသည် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ အမြင်အာရုံများ ကြည်လင်သွားသည့်အခါ နူးညံ့သော သဲသောင်ပြင်ပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဒါက မြစိမ်းရောင် ဂူဗိမာန်လား… ဘာလို့ ဒီလိုကြီး ဖြစ်နေရတာလဲ"
ထိုနေရာတစ်ခွင်တွင် ပျံ့နှံ့နေသော နတ်ဆိုးစွမ်းအားများကို မြင်လိုက်ရသည့်အခါ ယင်းစန်းဟွာ၏ မျက်မှောင် အလိုလိုပင် ကြုတ်သွားတော့သည်။ သူသည် ထက်မြက်သူ ဖြစ်သဖြင့် ဝမ်ရှန့်သန့်စင်နယ်မြေက ဘာကြောင့် လူလွှတ်ခဲ့သလဲဆိုသည်ကို ချက်ချင်းပင် နားလည်သွားခဲ့သည်။
"မြစိမ်းရောင် ဂူဗိမာန်က နတ်ဆိုးစွမ်းအားတွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတာလား... ဒါက ကံကောင်းတာလား၊ ကံဆိုးတာလားဆိုတာ ပြောဖို့ ခက်တာပဲ..."
သူ ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ထိုနေရာတစ်ဝိုက်ကို စတင် ရှာဖွေတော့သည်။ သူသည် ရွှေယင်ဂူ၏ အရှင်သခင် ၁၈ ဦးထဲမှ တစ်ဦးဖြစ်သဖြင့် ပထမဆုံး စမ်းသပ်မှုဖြစ်သော ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်ခြင်းတွင် အထောက်အကူဖြစ်စေမည့် အထူးပစ္စည်းတစ်ခု ရှိကြောင်းကို သဘာဝအတိုင်း သိထား၏။ မြစိမ်းရောင် နဂါးလှေကိုသာ ရှာတွေ့မည်ဆိုပါက ဝိညာဉ်ပင်လယ်ကို အမြန်ဆုံး ဖြတ်ကျော်ပြီး ဒုတိယမြောက် စမ်းသပ်မှုဆီသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ယွဲ့ရှင်းလူသည် သူ၏ ဦးနှောက်အတွင်း မူးဝေနေမှုများကို ပျောက်ကွယ်သွားစေရန် ခေါင်းကို ခါယမ်းလိုက်သည်။ ထိုအခါမှသာ သူသည် မည်းနက်နေသော ပင်လယ်မျက်နှာပြင်ပေါ်တွင် ရပ်နေသည်ကို သတိပြုမိတော့၏။ သူ ပေါ်လာသည်နှင့် တပြိုင်နက် ရက်စက်ပြီး သွေးဆာနေသော ခရမ်းရောင်သန်းသည့် နတ်ဆိုးသားရဲ အတော်များများမှာ သူ့ဆီသို့ ပြေးဝင်လာကြတော့သည်။ တစ်ချက် လှမ်းကြည့်လိုက်ရုံနှင့်ပင် သူ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ဤပင်လယ်သားရဲ သုံးကောင်မှာ အလွန်ပင် ကြီးမားလှပြီး တစ်ကောင်ချင်းစီမှာ ရွေ့လျားနေသော တောင်ငယ်တစ်လုံးနှင့်ပင် တူနေသည်။
"ဓမ္မအမှတ်အသား ၈၀ ရှိတဲ့ နတ်ဆိုးအသွင်ပြောင်း ပင်လယ်သားရဲ သုံးကောင်တောင်လား”
ယွဲ့ရှင်းလောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။
သူ ဆက်၍ စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် လှည့်၍ ထွက်ပြေးလေတော့၏။
***