"မြေပြင်နှိမ်နင်း နဂါးလက်သီး... ဒါဟာ နဂါးမျိုးနွယ်စုရဲ့ အကြီးမြတ်ဆုံး သိုင်းပညာရပ် ငါးခုထဲက တစ်ခုဖြစ်ရမယ်"
ရှန်မို၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ ရှိထျန်းဟောက်သည် ဤအကြီးမြတ်ဆုံး နဂါးသိုင်းပညာ ငါးမျိုးကို အသေအချာ ကျင့်ကြံခဲ့ပြီး သူ၏ နဂါးဘိုးဘေးရိုးတွင်းခြင်ဆီနှင့် နဂါးသွေးမျိုးနွယ်ကို အားကိုးကာ နောက်ဆုံးတွင် စစ်မှန်သော နဂါးဓမ္မကျမ်းကို နားလည်သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှန်မိုသာ ဤသိုင်းပညာ ငါးမျိုးစလုံးကို စုဆောင်းနိုင်ပြီး သူ၏ ကောင်းကင်အန်တုနိုင်သော နားလည်နိုင်စွမ်းနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက သူသည်လည်း စစ်မှန်သော နဂါးဓမ္မကျမ်းကို နားလည်နိုင်မည့် အခွင့်အရေး ရှိပေလိမ့်မည်။
"ပြီးတော့ အဲဒီ သူတော်စင်အဆင့် ဆေးလုံး... ရှိထျန်းဟောက်ရဲ့ အစွမ်းနဲ့ဆိုရင်တော့ ဒါကို မရနိုင်ဘူး… ဒါပေမဲ့ ငါ့အတွက်တော့ ဒါဟာ လက်တစ်ကမ်းမှာတင် ရှိနေတာပဲ"
ရှန်မို ခပ်ပါးပါး ပြုံးလိုက်သည်။
လမ်းကြောင်းကို ရွေးချယ်ပြီးနောက် သူသည် မြစိမ်းရောင် နဂါးရတနာလှေကို အရှိန်အကုန်တင်၍ ရှေ့သို့ မောင်းနှင်လိုက်တော့သည်။ ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်ခြင်း စမ်းသပ်မှုကို ပထမဆုံး အောင်မြင်သူသည် အကောင်းဆုံး ဆုလာဘ်ကို ရရှိပေလိမ့်မည်။ မူလကံကြမ္မာအရ ထိုသူမှာ ရှိထျန်းဟောက် ဖြစ်သော်လည်း ယခုမူ ရှန်မိုကသာ ပထမဆုံး ဖြစ်လာပေတော့မည်။ အလယ်အလတ်အဆင့် သူတော်စင်ကိရိယာ ဖြစ်သည့် နဂါးနက်ကတ်ကြေးကို သူကိုယ်တိုင် သိမ်းပိုက်ရယူမည် ဖြစ်၏။
...
ရှန်မိုနှင့် အခြား ရွှေရောင်စာမျက်နှာ ကိုင်ဆောင်ထားသူများ မြစိမ်းရောင် ဂူဗိမာန်အတွင်းသို့ ကြိုတင်ဝင်ရောက်သွားကြပြီးနောက်... အခြားလူအများအပြားလည်း ဂူဗိမာန်ရှိရာသို့ ရောက်ရှိလာကြသည်။ သို့သော် ဂူဗိမာန်၏ တံခါးများမှာ တင်းကျပ်စွာ ပိတ်ထားဆဲပင်။ အစောပိုင်းက မြင်တွေ့ခဲ့ရသော အလင်းတိုင်ကြီးမှာ လူတွေကို လှည့်စားလိုက်ခြင်းသာ ဖြစ်ပုံရသည်။ ထိပ်သီးအင်အားစု ငါးခုထဲမှ တစ်ခုမျှ ပေါ်မလာကြပေ။ သူတို့ ဤသို့ ဖြစ်လာမည်ကို အစောကတည်းက သိနေကြပုံရသည်။
မကြာမီမှာပင် လူအုပ်ကြား၌ သတင်းတစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်သည် တောင်ဘက်ကျွန်းစုတစ်ခွင်တွင် ရွှေရောင်စာမျက်နှာ ကိုးခုကို ဖြန့်ကျက်ထားခဲ့သည်။ ထိုရွှေရောင်စာမျက်နှာကို ပိုင်ဆိုင်ထားသူများသာ မြစိမ်းရောင် ဂူဗိမာန်အတွင်းသို့ ကြိုတင်ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ ထိုအုပ်စု ဝင်သွားပြီး ရက်အနည်းငယ်အကြာမှ ဂူဗိမာန်မှာ သူ့အလိုလို ပွင့်လာမည်ဖြစ်ပြီး အခြားသူများ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ဤသတင်း ပျံ့နှံ့သွားသည့်အခါ ကျန်ရှိနေသော ကျင့်ကြံသူများလည်း နားလည်သွားကြတော့၏။ သူတို့ ဂူဗိမာန် အပြည့်အဝ ပွင့်မည့်ရက်ကို စောင့်ဆိုင်းရင်း လူစုခွဲလိုက်ကြသည်။ သို့သော် ထိုအချိန်မှာပင် အခြားကောလာဟလတစ်ခုလည်း ထပ်မံထွက်ပေါ်လာပြန်၏။ ထိုရွှေရောင်စာမျက်နှာ ကိုးခုမှာ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်၏ အဆင့်မြင့် သူတော်စင်ကိရိယာ ကိုးခုနှင့် တစ်ခုစီ သက်ဆိုင်နေသည်ဟု ဆိုကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် 'နဂါးသင်္ချိုင်း' ဆီသို့ ရောက်ရှိနိုင်ပါက မိမိကိုင်ဆောင်ထားသော ရွှေရောင်စာမျက်နှာကို အသုံးပြု၍ သက်ဆိုင်ရာ အဆင့်မြင့် သူတော်စင်ကိရိယာကို ရရှိနိုင်မည် ဖြစ်သည်။
၎င်းကို ကြားလိုက်ရသည့်အခါ ကျင့်ကြံသူ အမြောက်အမြား၏ ရင်ထဲတွင် လောဘဇောများ တောက်လောင်လာကြတော့သည်။ သူတော်စင်ကိရိယာများ!
၎င်းတို့မှာ သူတော်စင်ကိရိယာများ ဖြစ်နေသည် မဟုတ်ပါလား!
အဆင့်မြင့်ကို ထားလိုက်ပါဦး... အဆင့်နိမ့် သူတော်စင်ကိရိယာ တစ်ခုရလျှင်ပင် မိမိ၏ အစွမ်းမှာ များစွာ မြင့်တက်သွားပေလိမ့်မည်။ အတော်လေး အစွမ်းထက်သော နိဗ္ဗာန်အဆင့် ကျင့်ကြံသူ အများအပြားပင်လျှင် အကောင်းဆုံးအနေဖြင့် ကောင်းကင်အဆင့် ဝိညာဉ်လက်နက်များကိုသာ ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။ ယခုအခါ သူတော်စင်ကိရိယာများက သူတို့ရှေ့တွင် ရှိနေသဖြင့် လိုအင်ဆန္ဒများကို မတွန်းလှန်နိုင်တော့ဘဲ အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာတော့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျင့်ကြံသူ အများအပြားမှာ ရွှေရောင်စာမျက်နှာ ပိုင်ဆိုင်ထားသူများထံမှ ၎င်းတို့ကို မည်သို့ လုယူရမည်နည်းဟု ကြံစည်နေကြတော့၏။ အချို့ကလည်း ရွှေရောင်စာမျက်နှာ ပိုင်ဆိုင်သူများမှာ မည်သူနည်းဟု တိတ်တဆိတ် စုံစမ်းနေကြသည်။
နဂါးပုန်းကျွန်းက သိမ်းပိုက်ထားသော ကျွန်းပေါ်တွင် ဆုန့်ကျန့်ဖေး၊ လျိုယွန်းထျန်း၊ ကျန်းချန်းဟိန်းနှင့် ဝေကျင်းချန်တို့ စုဝေးနေကြသည်။ သူတို့ လေးယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး ဘယ်သူမှ စတင် စကားမပြောကြပေ။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဆုန့်ကျန့်ဖေးက နောက်ဆုံးတွင် ပြောလိုက်သည်။
"ရှန်မိုပျောက်ကွယ်သွားပြီ… အကယ်၍ တစ်စုံတစ်ယောက်က မေးလာရင် သူက သူ့ရဲ့ အစွမ်းမလုံလောက်တာကို သိလို့ မြစိမ်းရောင် ဂူဗိမာန်ထဲ ဝင်ဖို့ လက်လျှော့လိုက်တယ်လို့ပဲ ပြောကြရအောင်"
ကျန်သုံးယောက်မှာလည်း အသာအယာ ခေါင်းငြိမ့်လိုက်ကြသည်။ ရှန်မို ဂူဗိမာန်ထဲ ဝင်သွားသည့် ည၏ နောက်တစ်နေ့မှာပင် သူ ပျောက်ဆုံးနေသည်ကို သူတို့ သိရှိခဲ့ကြသည်။ ထွက်ပေါ်နေသော ကောလာဟလ နှစ်ခုလုံးမှာလည်း သူတို့၏ နားထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူတို့မှာ လူအ သမဟုတ်ကြသဖြင့် ရှန်မိုနှင့် ရွှေရောင်စာမျက်နှာတို့အကြား ဆက်နွှယ်မှုကို သဘာဝအတိုင်း တွေးမိသွားကြသည်။ သို့သော် သူတို့ထဲမှ တစ်ဦးမျှ ရှန်မိုကို သစ္စာဖောက်ရန် စိတ်ကူးမရှိကြပေ။ သူတို့ ရှန်မိုကို မိတ်ဆွေတစ်ဦးအဖြစ် အစောကတည်းက မှတ်ယူထားခဲ့ကြသည်။
ထိုစဉ်မှာပင် အိမ်ရာဝင်း တံခါးဆီမှ ခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဆုန့်ကျန့်ဖေး၏ စိတ်များ တင်းကျပ်သွားရ၏။
"ဘယ်သူလဲ"
တည်ငြိမ်ပြီး လေးနက်သော အသံတစ်ခုက ပြုံးလျက် ပြန်ထူးသည်။
"ငါပါ... ယင်းထျန်းဟောက်ပါ"
သူတို့ လေးယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဆုန့်ကျန့်ဖေး ပြုံးလျက်
"ကျွန်းရှင်... အလုပ်တွေ အများကြီး ရှိနေတဲ့ကြားက ဘာကိစ္စများ ရှိလို့ လူကိုယ်တိုင် လာရတာလဲခင်ဗျာ"
ယင်းထျန်းဟောက်မှာ ရယ်မောလျက်
"ဘာလဲ... ငါ လာလို့ မရဘူးလား"
"အဖိုးကြီးဆုန့်... မင်းက ငါ့ကို ဒီအပြင်မှာပဲ စောင့်ခိုင်းထားတော့မှာလား"
ဆုန့်ကျန့်ဖေး ခပ်အမ်းအမ်း ရယ်မောလိုက်ပြီးနောက် လက်ကို အသာအယာ ဝှေ့ယမ်းကာ သူ၏ ဝိညာဉ်အာရုံဖြင့် အိမ်ရာဝင်း၏ တားမြစ်ချက်ကို ဖွင့်ပေးလိုက်သည်။ ထိုအခါမှသာ ယင်းထျန်းဟောက်သည် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့၏။ သူ၏ နောက်တွင် တည်ငြိမ်ပြီး ခန့်ညားသော အရှိန်အဝါရှိသည့် ကျင့်ကြံသူ နှစ်ဦးလည်း ထပ်ကြပ်မကွာ လိုက်ပါလာသည်။ လျိုယွန်းထျန်းနှင့် ကျန်သူများကို မြင်လိုက်ရသည့်အခါ ယင်းထျန်းဟောက် အားရပါးရ ရယ်မောလိုက်သည်။
"ဪ... အကုန်လုံး ရှိနေကြတာပဲ… အတော်ပဲ"
ဆုန့်ကျန့်ဖေး လက်အုပ်ချီနှုတ်ဆက်လိုက်သည်။
"ကျွန်းရှင် လူကိုယ်တိုင် လာရတဲ့ အကြောင်းရင်းကို သိပါရစေဦး"
ယင်းထျန်းဟောက် ပြုံးလျက်
"မြစိမ်းရောင် ဂူဗိမာန်က မကြာခင် ပွင့်တော့မယ်… အထဲရောက်ရင် ထိခိုက်သေဆုံးတာတွေကတော့ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး"
"ငါက နဂါးပုန်းကျွန်းက ကျင့်ကြံသူတွေကို အရက်နဲ့ လာပြီး နှုတ်ဆက်တာပါ… ဒါဟာ လာဖို့ အကြောင်းပြချက် မလုံလောက်သေးဘူးလား"
သူ ပြောနေစဉ်မှာပင် သူ၏ နောက်မှ ကျင့်ကြံသူများက အရက်အိုးကြီးတစ်လုံးနှင့် ခွက်အချို့ကို ထုတ်ယူလိုက်ကြသည်။
ယင်းထျန်းဟောက် ကိုယ်တိုင်ပင် ခွက်တိုင်းထဲကို အရက်ငှဲ့ပေးလိုက်၏။ သင်းပျံ့လှသော အရက်နံ့များမှာ အိမ်ရာဝန်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
ဝေကျင်းချန် မျက်ခုံးပင့်လိုက်ပြီး
"ရွှေရောင်နေမင်း အရက်လား"
ယင်းထျန်းဟောက် တဟားဟား ရယ်မောလိုက်သည်။
"ဟုတ်တာပေါ့… ဒီရွှေရောင်နေမင်း အရက်ဟာ ထိပ်တန်းအရက်ပဲ… မြစိမ်းရောင် အထွတ်အထိပ်ပညာရှင် ကိုယ်တိုင်တောင် ချီးကျူးခဲ့ဖူးတာ… ငါ့မှာ ဒါမျိုး အိုးအနည်းငယ်ပဲ ရှိတာပါ… ဒါပေမဲ့ ဒီနေ့တော့ အားလုံးကို လာပြီး နှုတ်ဆက်တဲ့အနေနဲ့ အကုန်ထုတ်ပေးလိုက်တာ"
သူတို့ လေးယောက်မှာ အရက်ခွက်များကို ယူကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ကြသည်။ ပူရှိန်းလှသော ခံစားချက်မှာ လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ ချက်ချင်း စီးဝင်သွား၏။ သာယာလှသော နွေးထွေးမှုမှာ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ "ကျေးဇူးတင်ပါတယ် ကျွန်းရှင်"
သူတို့ လေးယောက်လုံး တပြိုင်နက် ပြောလိုက်ကြသည်။
ယင်းထျန်းဟောက်က ထပ်မံ ရယ်မောလိုက်ကာ
"ကျေးဇူးတင်စရာ မလိုပါဘူး… ငါတို့ အားလုံးဟာ နဂါးပုန်းကျွန်းက ကျင့်ကြံသူတွေပဲ… မြစိမ်းရောင် ဂူဗိမာန်ထဲ ရောက်ရင် တစ်ယောက်ကိုတစ်ယောက် ဝိုင်းဝန်း ကူညီကြရမှာပေါ့"
"ကဲ... ငါ သွားတော့မယ်… ရှန်မိုဆိုတဲ့ ကျွန်းအရှင်ငယ်လေးလည်း ရှိသေးတယ် မဟုတ်လား… သူ့ကိုလည်း အရက်တစ်ခွက် သွားတိုက်လိုက်ဦးမယ်"
ဆုန့်ကျန့်ဖေးနှင့် ကျန်သူများ၏ စိတ်ထဲတွင် တင်းကျပ်သွားရသည်။
ဆုန့်ကျန့်ဖေး သူတို့ ကြိုတင် ပြင်ဆင်ထားသော ဆင်ခြေကို အမြန် ပြောလိုက်၏။
"သူ ထွက်သွားတာ ရက်အနည်းငယ် ရှိပါပြီ… သူ့ရဲ့ စိမ်းလဲ့ကျွန်းကို ပြန်ပြီး ကျင့်ကြံနေတာ ဖြစ်လိမ့်မယ်" "ဒါမှမဟုတ်ရင်လည်း အပြင်ကို လေ့ကျင့်ဖို့ ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်… သူ့ရဲ့ ပုဂ္ဂလိကကိစ္စဆိုတော့ ကျွန်တော်တို့လည်း အများကြီး မမေးမိလိုက်ဘူး"
ယင်းထျန်းဟောက်၏ မျက်လုံးများထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူ၏ မျက်နှာမှာ ဘာမှမပြောင်းလဲဘဲ ပြုံးနေဆဲပင်။ "ကောင်းပါပြီ… မြစိမ်းရောင် ဂူဗိမာန်ဆိုတာ တကယ်ပဲ အန္တရာယ်နဲ့ အခွင့်အရေးတွေ ပြည့်နေတာပဲ… တချို့က ရှေ့ဆက်ဖို့ ရွေးချယ်ကြသလို တချို့ကလည်း အခြေအနေကို ကြည့်ပြီး နောက်ဆုတ်ကြတာဟာ ကိုယ်ပိုင် ရွေးချယ်မှုပါပဲ"
"အားလုံးပဲ... ဂူဗိမာန်ထဲမှာ ပြန်တွေ့ကြမယ်"
ထိုသို့ ဆိုကာ သူ၏ လူယုံနှစ်ဦးနှင့်အတူ လှည့်ထွက်သွားတော့သည်။ အိမ်ရာဝန်း တံခါးမှာ ပြန်လည် ပိတ်သွားခဲ့ပြီ။ လျိုယွန်းထျန်းနှင့် ကျန်းချန်းဟိန်းတို့ မျက်မှောင်ကြုတ်နေကြ၏။
ဝေကျင်းချန် နှာခေါင်းရှုံ့လိုက်ရင်း
"နှုတ်ဆက်တာလား… သူက တစ်ယောက်ယောက် ပျောက်နေသလားဆိုတာ လာစစ်တာပဲ"
"ငါ့အထင်တော့ ယင်းထျန်းဟောက်က ရှန်မိုကို သံသယ ဝင်နေပြီ"
ဆုန့်ကျန့်ဖေးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သူ့မှာ ခိုင်မာတဲ့ သက်သေ မရှိပါဘူး… အခုချိန်မှာ သံသယအဆင့်ပဲ ရှိပါသေးတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် လူအတော်များများက လာပြီး ကြည့်ရုံပဲ လာကြတာလေ… အစွမ်းမရှိလို့ လမ်းခုလတ်ကနေ လက်လျှော့တာဟာ မဆန်းပါဘူး" သူသည် ပတ်ဝန်းကျင်ကို အလေးအနက် ကြည့်လိုက်ရင်း
"ငါ အသေအချာ ပြောထားမယ်… ဘယ်သူမဆို မိတ်ဆွေရှန်မိုကို သစ္စာဖောက်ပြီး ရောင်းစားခဲ့ရင် ငါနဲ့ တွေ့မယ်… ဒါဟာ သိက္ခာတရားရဲ့ အနိမ့်ဆုံး စည်းမျဉ်းပဲ"
လျိုယွန်းထျန်း၊ ကျန်းချန်းဟိန်းနှင့် ဝေကျင်းချန်တို့ အားလုံးမှာလည်း ခိုင်မာစွာ ခေါင်းငြိမ့်လိုက်ကြသည်။
ခြောက်ရက် ကြာပြီးနောက်။
နားကွဲလုမတတ် ဟိန်းဟောက်သံကြီးက လူတိုင်းကို လန့်နိုးသွားစေသည်။ မရေမတွက်နိုင်သော အလင်းတန်းများမှာ နေမင်းကျွန်း၏ ကောင်းကင်ယံထက်တွင် ပြည့်နှက်သွား၏။ ထိပ်သီးဂိုဏ်းကြီး ငါးခုနှင့် အဖွဲ့အစည်း အသီးသီးတို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ သူတို့ အံ့ဩသွားရသည်မှာ နေမင်းကျွန်း၏ အလယ်ဗဟိုမှာ ပြိုကျသွားပြီး မည်းနက်နေသော ဂူပေါက်ကြီးတစ်ခု ပေါ်ထွက်လာခြင်းပင်။ ထိုဂူပေါက်ဝတွင် လှိုင်းတွန့်များကဲ့သို့ စီးဆင်းနေသော အပြာရောင် အလင်းဖန်သားပြင်ကြီး တစ်ခု ရှိနေသည်။
"မီးလျှံနဂါးဆောင်က အရင် သွားမယ်"
စစ်မှန်သော နဂါး အောက်ရွှမ်းသည် မီးလျှံနဂါး အတော်များများကို ဦးဆောင်ကာ အပြာရောင် အလင်းဖန်သားပြင်ကို အရင်ဆုံး ဖြတ်ကျော်သွားခဲ့သည်။ သူတို့မှာ နဂါးမျိုးနွယ်စု ဖြစ်သောကြောင့် မြစိမ်းရောင် ဂူဗိမာန်ထဲသို့ အရင်ဆုံး ဝင်ရောက်ခြင်းမှာ သဘာဝကျလှ၏။ ဘယ်သူမှလည်း သူတို့နှင့် မပြိုင်ဆိုင်ကြပေ။
သူတို့နောက်တွင် ဝမ်ရှန့်သန့်စင်နယ်မြေမှ ကျင့်ကြံသူများ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ ထို့နောက်တွင် နတ်ဘုရားတံဆိပ်တော်ဂိုဏ်း၊ သွေးနတ်ဘုရား နတ်ဆိုးနန်းတော်နှင့် ရွှေယင်ဂူတို့ ဝင်ရောက်သွားကြလေ၏။ ဤထိပ်သီးဂိုဏ်းကြီး ငါးခု ဝင်သွားပြီးနောက် နဂါးပုန်းကျွန်း၊ နေလဂိုဏ်း၊ ရတနာမဟာမိတ်အဖွဲ့၊ သွေးနေမင်းဓားဂိုဏ်း၊ မိုးကြိုးငါးတန်တောင်ဂိုဏ်းနှင့် ဝါဂွမ်းဝိညာဉ်ဂိုဏ်း တို့ကဲ့သို့ ပထမတန်းစား ဂိုဏ်းများမှ ကျင့်ကြံသူများသည်လည်း မအောင့်နိုင်တော့ဘဲ အပြာရောင် အလင်းဖန်သားပြင်အတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြတော့သည်။
***