" ငါတို့ ချီလျန်မျိုးနွယ်မှာလည်း အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ရှိနေတာလား "
ကုချန်၏စကားကို ကြားသောအခါ ချီလျိုသည် ရင်ခုန်သံများ မြန်ဆန်လာကာ မယုံနိုင်ဖြစ်နေရ၏။
အချိန်မည်မျှ ကြာခဲ့ပြီနည်း။
အဆုံးမဲ့ ရှေးခေတ်များစွာအကြာ ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေမှ ပုန်ကန်မထွက်ခွာမီကတည်းက သူတို့သည် သူတို့ကိုယ်ပိုင် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်ထွန်းလာရန် အမြဲတစေ တောင့်တခဲ့ကြ၏။ သို့သော် ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေမှ အတင်းအကျပ် ထွက်ခွာခဲ့ရသည့်တိုင် ဤမျှော်လင့်ချက်ကြီးသည် ဘယ်သောအခါမှ အကောင်အထည် ပေါ်မလာခဲ့ပေ။
ထိုအချိန်က ချီလျန်မျိုးနွယ်ဝင် အများအပြား၏ အမြင်တွင် သူတို့မျိုးနွယ်မှ ကိုယ်ပိုင် အင်မော်တယ်ဘုရင်တစ်ပါးသာ ပေါ်ထွန်းလာခဲ့ပါက အင်မော်တယ်နယ်မြေရှိ အခြားအင်အားစုများ၏ ဖိနှိပ်မှုကို ခံရတော့မည် မဟုတ်ဘဲ အင်မော်တယ်နယ်မြေ၌ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မည်ဟု တွေးထင်ခဲ့ကြသည်။
သို့သော် ကံမကောင်းစွာဖြင့် ထိုမျှော်လင့်ချက်မှာ မည်သည့်အခါမှ အောင်မြင်မလာခဲ့ချေ။
ထို့အပြင် နတ်ဆိုးနယ်မြေသို့ ရောက်ရှိလာပြီးနောက် နယ်မြေနှစ်ခု၏ ကောင်းကင်နှင့်မြေကြီး တာအိုများ ကွဲပြားခြားနားမှုကြောင့် နတ်ဆိုးဧကရာဇ်မှ ချီလျန်မျိုးနွယ်အပေါ် သက်ရောက်နေသည့် အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေ ကူးပြောင်းခြင်း၏ ဆိုးကျိုးများကို ဖြေရှင်းပေးခဲ့သော်လည်း နောက်ပိုင်း ချီလျန်မျိုးနွယ်ဝင် အားလုံးသည် အင်မော်တယ်နယ်မြေမှ အရာအားလုံးကို စွန့်လွှတ်ကာ အသစ်က ပြန်လည်ကျင့်ကြံခဲ့ကြရ၏။
ဤသည်က ချီလျန်မျိုးနွယ်အတွက် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်ထွက်လာရန် ပို၍ပင် ခက်ခဲသွားစေခဲ့သည်။ ထို့ကြောင့် ယခုအချိန်အထိ ချီလျန်မျိုးနွယ်တွင် ကိုယ်ပိုင် အင်မော်တယ်ဘုရင်ဆိုသည်မှာ မရှိသေးပေ။
သို့သော် ယခု အရှင်သခင်က အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းသွားသည့် ချီလျန်မျိုးနွယ်ဝင် တစ်ဦးရှိနေပြီး ထိုသူမှာ အင်မော်တယ်နယ်မြေ၌ ရှိနေသေးကြောင်း ပြောပြလာ၏။ ဤသတင်းက ချီလျိုအား မည်သို့ အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။
" ငါတို့ ချီလျန်မျိုးနွယ်မှာသာ အင်မော်တယ်ဘုရင်တစ်ပါး စောစောစီးစီး ပေါ်ထွက်လာခဲ့မယ်ဆိုရင်..... "
ချီလျိုသည် ရောယှက်နေသော ခံစားချက်များဖြင့် တီးတိုးရေရွတ်လိုက်၏။ အကယ်၍ အင်မော်တယ်နယ်မြေ၌သာ ချီလျန်မျိုးနွယ်ကို ဦးဆောင်မည့် အင်မော်တယ်ဘုရင်တစ်ပါး ရှိခဲ့ပါက မျိုးနွယ်စုဝင်များမှာ အကြောက်တရားဖြင့် နေထိုင်စရာ မလိုတော့ရုံသာမက နောက်ဆုံးတွင် မိခင်မြေကိုစွန့်ခွာ၍ အင်မော်တယ်နယ်မြေကို ပုန်ကန်ရန်လည်း လိုအပ်မည်မဟုတ်ပေ။
သို့သော် ချီလျို၏ရေရွတ်သံကို ကြားသော်လည်း ကုချန်မှာ မည်သို့မျှ မှတ်ချက်မပေးချေ။
သူ၏အမြင်မှာ ချီလျိုနှင့် လုံးဝ ကွာခြားလေသည်။ ချီလျန်မျိုးနွယ်တွင် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်ထွက်လာလျှင်တောင် ဘာဖြစ်သွားမည်နည်း။
အင်မော်တယ်နယ်မြေမှ ထိုအင်မော်တယ်ဘုရင်များသည် ယခင်က ချီလျန်မျိုးနွယ်ကို စိတ်မဝင်စားခဲ့ကြခြင်းမှာ ချီလျန်မျိုးနွယ်ဝင်များတွင် ထူးခြားသော ပါရမီရှိသော်လည်း အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများအတွက် မည်သည့်အကူအညီမှ မပေးနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ချီလျန်မျိုးနွယ်တွင် အင်မော်တယ်ဘုရင်တစ်ပါး ပေါ်ထွက်လာခဲ့မည်ဆိုလျှင်ရော။
ထိုရှေးဟောင်း အင်မော်တယ်ဘုရင်များသည် မည်သို့ စိတ်မဝင်စားဘဲ နေမည်နည်း။ ယွဲ့လင်အင်မော်တယ်ဘုရင်၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် ဤအချက်ကို သိနိုင်ပေသည်။ သူသည် ချီလျန်မျိုးနွယ်ဝင် တစ်ဦးဖြစ်ကာ ယခုအခါ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေသော်လည်း အဘယ်ကြောင့် ချီလျန်မျိုးနွယ်အကြောင်း စုံစမ်းရာတွင် သူ၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် အထောက်အထားကို မထုတ်ဖော်ရဲလောက်အောင် သတိထားနေရသနည်း။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၏ အထောက်အထားသာ ပေါ်ပေါက်သွားပါက အကျိုးဆက်များကို သူကိုယ်တိုင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်သောကြောင့်ပင်။
လူက အပြစ်ကင်းသော်လည်း ရတနာပိုင်ဆိုင်ထားခြင်းက အပြစ်ဖြစ်နေ၏။
အရာအားလုံးကို ဖိနှိပ်နိုင်လောက်အောင် လုံလောက်သော စွမ်းအား မရှိသရွေ့ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တစ်နည်းအားဖြင့် ချီလျန်မျိုးနွယ်မှ နတ်ဆိုးနယ်မြေသို့ ပုန်ကန်ထွက်ပြေးခဲ့ခြင်းက အလွန် ပညာသားပါသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။
နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ကာ လျှို့ဝှက်ချက်များကို ဖုံးကွယ်၍ အသစ်က ပြန်စခြင်းက အင်မော်တယ်နယ်မြေ၌ အကြောက်တရားဖြင့် အမြဲနေထိုင်ကာ တစ်မျိုးနွယ်လုံး အခြားသူများ၏ ခွဲဝေယူခြင်းကို မည်သည့်အချိန် ခံရမည်မှန်း မသိရခြင်းထက် ပိုကောင်းလေသည်။ နတ်ဆိုးနယ်မြေသို့ ရောက်ရှိပြီးနောက် ကံမကောင်းစွာဖြင့် ရှီမိုကောင်းကင်အရှင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်မှာ ကံဆိုးခြင်းသက်သက်သာ ဖြစ်၏။
" ဒါပေမယ့် ဒီယွဲ့လင်က ချီလျန်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်နိုင်တယ်ဆိုတော့ ပြောရလွယ်သွားပြီ "
ကုချန်မှ မေးစေ့ကို ပွတ်သပ်လျက် တွေးတောလိုက်သည်။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျန်မျိုးနွယ်မှ ဖြစ်ကြောင်း စိတ်ထဲတွင် သေချာသလောက် ရှိနေသော်လည်း အတည်ပြုရန် စမ်းသပ်ကြည့်ရဦးမည် ဖြစ်သည်။
" တကယ်လို့ မင်းနဲ့ ယွဲ့လင်အင်မော်တယ်ဘုရင်ကို ပေးတွေ့လိုက်မယ်ဆိုရင် သူက ချီလျန်မျိုးနွယ်ဝင် ဟုတ်မဟုတ် မင်း အတည်ပြုနိုင်မလား "
ကုချန်မှ လေးနက်စွာ မေးမြန်းလိုက်၏။
" သေချာပေါက် အတည်ပြုနိုင်ပါတယ် "
ချီလျိုသည် တုံ့ဆိုင်းမှုမရှိ ပြန်လည် ဖြေကြားလိုက်၏။
" အရှင်သခင်... ကျွန်မက ချီလျန်မျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပြီး ရှေးကတည်းက လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ချက်များစွာကို သိထားပါတယ်... တကယ်လို့ အဲဒီယွဲ့လင်အင်မော်တယ်ဘုရင်သာ ချီယွဲ့အစစ်ဆိုရင် ဒီရှေးဟောင်း လျှို့ဝှက်ချက်တွေကို သူ သေချာပေါက် သိနေမှာပါ... သူ့ကို မေးခွန်း နည်းနည်းလောက် မေးလိုက်ရုံနဲ့ သူ ဘယ်သူလဲဆိုတာ အတည်ပြုနိုင်ပါလိမ့်မယ် "
" အရမ်းကောင်းတယ် "
ချီလျို၏အဖြေကို ကြားသောအခါ ကုချန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ ပြောဆိုလိုက်၏။
" ဒါဆိုလည်း မင်းကို သွားပြီး အတည်ပြုခိုင်းရတာပေါ့ "
သွားပြီး အတည်ပြုရမယ်? ဒါပေမယ့် အဲဒီယွဲ့လင်အင်မော်တယ်ဘုရင်က အင်မော်တယ်နယ်မြေမှာ မဟုတ်ဘူးလား။
ချီလျိုမှာ မှင်သက်သွား၍ အရှင်သခင်မှ သူ့ကို မည်သို့ခေါ်သွားကာ အတည်ပြုခိုင်းမည်ကို နားမလည်နိုင်ဖြစ်နေသည်။ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ဝေးကွာလှသော အင်မော်တယ်နယ်မြေတွင် ရှိနေကာ သူသည်လည်း နတ်ဆိုးနယ်မြေတွင် ရှိနေ၏။ သူတို့နှစ်ဦး တွေ့ဆုံရန်ပင် မဖြစ်နိုင်ရာ မည်သို့ အတည်ပြုမည်နည်း။
ချီလျို ဇဝေဇဝါဖြစ်နေစဉ်မှာပင် သူ၏နတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းသည် ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ ဝေးကွာလှသော လေဟာနယ်ပြင်ရှိ အမည်မသိ နေရာတစ်ခုဆီသို့ လွင့်ပျံသွားသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။
…………
အင်မော်တယ်နယ်မြေ.....
ကုချန်သည် အေးဆေးတည်ငြိမ်စွာ မတ်တပ်ရပ်နေ၏။
သူ၏ဘေးတွင် ပုံရိပ်ယောင်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာကာ ချီလျို၏ အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားလေသည်။
ကုချန်၏ ခန္ဓာကိုယ်သုံးခုစလုံးသည် တူညီသော နတ်ဝိညာဉ်ကို အသုံးပြုထားကာ ချီလျိုသည်လည်း သူ့ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုထားသည်မှာ ကြာပြီဖြစ်ရာ မူလခန္ဓာကိုယ်အပါအဝင် ခန္ဓာကိုယ်သုံးခုစလုံးသည် ချီလျိုအား အချိန်မရွေး ဆင့်ခေါ်နိုင်လေသည်။
" ဒီနေရာက..... "
ချီလျို၏ပုံရိပ်သည် ဖြည်းညင်းစွာ ပီပြင်လာ၏။ သူ၏ပတ်ဝန်းကျင်တွင် လည်ပတ်နေသော ထူထပ်လှသည့် အင်မော်တယ် ဝိညာဉ်ချီများကို ခံစားလိုက်ရချိန်တွင် သူ၏ လှပသော မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့၏။
ဒါက... ဒါက အင်မော်တယ်နယ်မြေလား!
ဒါပေမယ့် သူနဲ့ အရှင်သခင်က ခုနလေးတင် နတ်ဆိုးနယ်မြေမှာ ရှိနေခဲ့တာလေ။ အရှင်သခင်က သူ့ကို အင်မော်တယ်နယ်မြေဆီ ဘယ်လိုလုပ် ဆင့်ခေါ်လိုက်တာလဲ!
ချီလျို၏စိတ်ထဲတွင် ဗြောင်းဆန်သွားလျက် အလွန်အမင်း တုန်လှုပ်သွားရလေသည်။
အဆုံးမဲ့ ကောင်းကင်ဘုံများကို ဖြတ်ကျော်ကာ ချီလျန်မျိုးနွယ်၏ မိခင်မြေဖြစ်သော အင်မော်တယ်နယ်မြေသို့ ရုတ်တရက် ရောက်ရှိလာခြင်းက သူ၏နတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နေစေကာမူ ချီလျိုအား မယုံနိုင်အောင် ဖြစ်စေခဲ့သည်။
အရေးကြီးဆုံးအချက်က အရှင်သခင်... အရှင်သခင်က နတ်ဆိုးနယ်မြေမှာ မဟုတ်ဘူးလား။ ဒါဆို... ဒီတစ်ယောက်က ဘယ်သူလဲ!
တုန်လှုပ်မှုနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေသော ချီလျို၏အကြည့်များမှာ ကုချန်၏ပုံရိပ်ဆီသို့ မလှည့်ကြည့်ဘဲ မနေနိုင်တော့ချေ။
" ငါကိုယ်တော် တစ်ယောက်တည်းကသာ မင်းကို ဒီကို ဆင့်ခေါ်နိုင်တာလေ "
ချီလျို၏ အံ့အားသင့် မှင်သက်နေသော ပုံစံကို ကြည့်လျက် ကုချန်သည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်၍ သူ၏ချီအငွေ့အသက် အနည်းငယ်ကိုပါ ထုတ်လွှတ်ပြသလိုက်၏။
ချီလျိုသည် သူ၏နတ်ဝိညာဉ် အမှတ်အသားကို သူ့ထံ ပေးအပ်ထားသည်မှာ ကြာပြီဖြစ်ကာ သူ့အား ဘယ်တော့မှ သစ္စာဖောက်နိုင်မည် မဟုတ်ချေ။ ရန်သူ့လက်ထဲ အမှတ်မထင် ကျရောက်သွားလျှင်တောင်မှ သူ၏ အဓိက ဝိညာဉ်အမှတ်အသားမှာ ကုချန်၏လက်ထဲတွင် ရှိနေသောကြောင့် တစ်ဖက်လူက သူ၏ဝိညာဉ်ကို မွှေနှောက်လိုလျှင်ပင် ကုချန်နှင့် ပတ်သက်သည့် မည်သည့် အချက်အလက်ကိုမျှ ရရှိမည် မဟုတ်ပေ။
ထို့ကြောင့် ကုချန်သည် သူ၏ ကိုယ်ပွားနှင့် ပတ်သက်သော လျှို့ဝှက်ချက်ကို ချီလျိုအား ထုတ်ဖော်ပြသရန် ဝန်လေးမနေခဲ့ချေ။
ဒီတစ်ယောက်ကလည်း အရှင်သခင်ပဲလား!
သူ၏ရှေ့ရှိ ပုံရိပ်နှင့် သူ၏ ဝိညာဉ်နက်ရှိုင်းရာတွင် ရိုက်နှိပ်ထားသော အလွန် ရင်းနှီးကျွမ်းဝင်လှသည့် ချီအငွေ့အသက်ကို ခံစားလိုက်ရသောအခါ ချီလျို၏ရင်ထဲရှိ တုန်လှုပ်မှုမှာ ပျောက်ကွယ်မသွားဘဲ ပို၍ပင် ပြင်းထန်လာလေသည်။
သူ၏ရှေ့ရှိ ဤပုံရိပ်သည် အရှင်သခင်၏ သာမန် ကိုယ်ပွားတစ်ခုမျှသာ မဟုတ်ကြောင်း သူ သိလိုက်၏။
အဘယ်ကြောင့်ဆိုသော် အရှင်သခင်သည် မကြာသေးမီကမှ နတ်ဆိုးနယ်မြေ၌ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ သူ၏ကိုယ်ပွားတစ်ခုသည် အင်မော်တယ်နယ်မြေ၌ ရှင်သန်နိုင်မည် မဟုတ်ဘဲ အင်မော်တယ်နယ်မြေ၏ ကောင်းကင်နှင့်မြေကြီး စွမ်းအားများ၏ သနားညှာတာမှုကင်းမဲ့စွာ ချေမွပစ်ခြင်းကို ခံရမည်သာ ဖြစ်သည်။
သို့သော် သူ၏ရှေ့ရှိ ဤပုံရိပ်၏ ချီအငွေ့အသက်သည် နတ်ဆိုးနယ်မြေမှ အင်မော်တယ်ဘုရင်တစ်ပါးနှင့် လုံးဝ ကွဲပြားနေလျက် အင်မော်တယ် ဝိညာဉ်ချီများ လွှမ်းခြုံနေကာ တာအိုကို ရရှိထားသော အင်မော်တယ်ဘုရင်တစ်ပါး၏ အသွင်အပြင် အပြည့်အဝ ရှိနေ၍ အရှင်သခင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
ဒါက... အရှင်သခင်ရဲ့ မွေးရာပါ လျှို့ဝှက်ပညာရပ်များ ဖြစ်နေမလား။
မတူညီတဲ့ ခန္ဓာကိုယ်နှစ်ခုအဖြစ် ခွဲထွက်နိုင်ပြီး အင်မော်တယ်နဲ့ နတ်ဆိုးနယ်မြေ နှစ်ခုလုံးမှာ တာအိုကို ရရှိနိုင်တယ်ပေါ့။
ဒါ... ဒါက အရှင်သခင် တစ်ယောက်တည်းနဲ့တင် အင်မော်တယ်ဘုရင် နှစ်ပါးနဲ့ ညီမျှနေတယ်ဆိုတဲ့ သဘော မဟုတ်ဘူးလား!
***