မျက်စိတစ်မှိတ်အတွင်းမှာပင် ချီလျို၏ရင်ထဲတွင် ယခင်က မကြုံဖူးသော ရိုသေလေးစားမှုများ ဖြစ်ပေါ်လာလေသည်။
သူ၏အရှင်သခင်ကို လုံလောက်အောင် နားလည်ထားပြီဟု အစက ထင်မှတ်ခဲ့သော်လည်း သူ၏ရှေ့ရှိ မြင်ကွင်းက သူသိထားသမျှမှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်ကြောင်း ပြောပြနေလေသည်။
" ကောင်းပြီ... အဲဒီ ယွဲ့လင်အင်မော်တယ်ဘုရင်ကို သွားတွေ့ဖို့ ငါနဲ့လိုက်ခဲ့ "
ချီလျို၏ အံ့အားသင့်နေသော အမူအရာကို ကြည့်လျက် ကုချန်မှာ ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းကာ လဝိညာဉ် ကောင်းကင်ဘုံဆီသို့ ချီလျိုကို ခေါ်ဆောင်သွားလေသည်။
လဝိညာဉ် ကောင်းကင်ဘုံသို့ ရောက်ရှိသောအခါ ကုချန်သည် သူ၏ အင်မော်တယ်ဘုရင် အရှိန်အဝါ အနည်းငယ်ကို တမင် ထုတ်လွှတ်လိုက်၏။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် လဝိညာဉ် ကောင်းကင်ဘုံအတွင်း၌ ရှိနေသေးသရွေ့ ဤအရှိန်အဝါကို ခံစားမိသည်နှင့်တစ်ပြိုင်နက် သူ့ကို ချက်ချင်း လာတွေ့လိမ့်မည်ဖြစ်ကြောင်း သူ သိထား၏။
...
" ဟင်... သူက ဘာပြန်လာလုပ်တာလဲ "
ကုချန် မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ အရှိန်အဝါ အနည်းငယ်ကို တမင် ထုတ်လွှတ်လိုက်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချက်ချင်း ခံစားသိရှိသွားရာ သူ၏မျက်နှာပေါ်တွင် အံ့သြမှုနှင့် သံသယများ ထွက်ပေါ်လာလေ၏။
ယခုလေးတင် ထွက်သွားသော ကုချန်သည် အဘယ်ကြောင့် ဤမျှမြန်မြန် ပြန်ရောက်လာရ
သည်ကို သူ နားမလည်နိုင်ချေ။
ဒီလောက်မြန်မြန် ချီလျန်မျိုးနွယ်နဲ့ ပတ်သက်တဲ့ သတင်းကို ရှာတွေ့သွားတာတော့ မဟုတ်လောက်ပါဘူး။
" အဓိပ္ပာယ်မရှိလိုက်တာ... ဟိုအင်မော်တယ်ဘုရင်တွေ ခုလေးတင် ထွက်သွားတာလေ... သူတို့ကို ပြန်ခေါ်သလို ဖြစ်သွားမှာကို သူ မကြောက်ဘူးလား "
ယွဲ့လင်အင်မော်တယ်ဘုရင်မှာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။
ချန်းရှီအင်မော်တယ်ဘုရင်နဲ့ တစ်ခြားသူတွေ ခုလေးတင် ထွက်သွားရုံရှိသေးတာကို ဒီလူက ဒီလောက်တောင် မဆင်မခြင် ပြန်လာရဲတယ်ပေါ့။ ချန်းရှီနဲ့ တစ်ခြားသူတွေကို ဆွဲဆောင်မိသွားမှာ သူ တကယ် မကြောက်ဘူးလား။
သို့သော် မကျေနပ်မှုများ ရှိနေသော်ငြား ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်၏အရှိန်အဝါကို ခံစားမိသည်နှင့်တစ်ပြိုင်နက် သူရှိရာနေရာသို့ ချက်ချင်း ပြေးသွားလိုက်၏။
သူသည် ဤ 'ကပ်ဆိုးနတ်ဘုရား' အား အမြန်ဆုံး ထွက်သွားရန် ဖျောင်းဖျချင်သည်။ ထိုသို့မဟုတ်ပါက အခြား အင်မော်တယ်ဘုရင်များ ထိုသူ့ကို ရှာတွေ့သွားလျှင် သူ့ကိုပါ ဆက်စပ်တွေးတောကြမည်ဖြစ်ရာ သူ့အနေဖြင့် ဖြေရှင်းနိုင်တော့မည် မဟုတ်ချေ။
အသက်ရှူချိန် အနည်းငယ် ကုန်လွန်သွား၏။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်၏ရှေ့သို့ ရောက်ရှိလာလေသည်။
" ရှင် ဘာလာလုပ်တာလဲ "
ယွဲ့လင်အင်မော်တယ်ဘုရင်၏ မေးမြန်းသံတွင် မကျေနပ်မှု အနည်းငယ် ပါဝင်နေ၏။
" ငါကိုယ်တော်က ကျိန်းသေပေါက် အရင်က သဘောတူညီချက်ကို အဆုံးသတ်ဖို့ လာတာပေါ့ "
ကုချန်မှ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။
" အရင်က သဘောတူညီချက်? "
ယွဲ့လင်အင်မော်တယ်ဘုရင်မှာ လန့်ဖျပ်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် ပြောဆိုလိုက်၏။
" ရှင် ဆိုလိုတာက... အဲဒီချီယွဲ့နဲ့ ပတ်သက်တဲ့ သတင်းကို ရှင် ရှာတွေ့သွားပြီလား "
" အတိအကျပဲ "
ကုချန်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်အား နောက်ပြောင်လိုသော အပြုံးဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။
" မင်းကို ယွဲ့လင်အင်မော်တယ်ဘုရင်လို့ ခေါ်ရမလား... ဒါမှမဟုတ် ချီယွဲ့လို့ ခေါ်ရမလား "
ကုချန်၏စကားမှာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားလေသည်။
သူ၏လျှို့ဝှက်ချက်တစ်ခု ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၍ လှပသော မျက်လုံးများထဲတွင် မသိမသာ ထိတ်လန့်မှုများ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားကာ အတင်းအကျပ် ဟန်လုပ်၍ ပြောဆိုလိုက်၏။
" ရှင် ဘာတွေပြောနေတာလဲ... ကျွန်မ ဘာမှ နားမလည်ဘူး "
သို့သော် သူ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ ဗြောင်းဆန်နေလေပြီ။
သူက ချီယွဲ့ဆိုတာကို ဒီလူ ဘယ်လိုလုပ် သိသွားတာလဲ!
ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏ခံစားချက်များကို လျင်မြန်စွာ ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ခဏတာ ပြောင်းလဲသွားသော သူ၏အမူအရာကို ကုချန်မှ အပြည့်အဝ မြင်တွေ့လိုက်ရ၏။ ဤသည်က သူ၏ အစောပိုင်း ခန့်မှန်းချက်ကို ပိုမို အတည်ပြုပေးလိုက်ခြင်းပင်။
သို့သော် သူသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ မေးခွန်းကို ပြန်မဖြေဘဲ သူ၏ဘေးရှိ ချီလျိုကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်၏။
" သူက ချီလျန်မျိုးနွယ်ရဲ့ လက်ရှိ ခေါင်းဆောင်ပဲ... မင်းမှာ မေးစရာရှိရင် သူ့ကို မေးလို့ရတယ် "
ဒီလူက ချီလျန်မျိုးနွယ်ရဲ့ လက်ရှိ ခေါင်းဆောင်?
ကုချန်၏စကားကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မှင်သက်သွားကာ ယခုအချိန်အထိ သူ လျစ်လျူရှုထားခဲ့သော ချီလျိုအား အလိုအလျောက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အံ့သြမှုများ ပြည့်နှက်သွားလေသည်။
ဒီလူက ချီလျန်မျိုးနွယ်ရဲ့ ခေါင်းဆောင်? ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲ!
ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေသို့ အလုံးစုံ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ ဤသူသည် ကျပန်းလူတစ်ယောက်ကို ရှာလာကာ ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်အဖြစ် ဟန်ဆောင်ခိုင်းနေသည်။
သူ့ကို အရူးလို့ ထင်နေတာလား။
သို့မဟုတ် သူသည် ချီလျန်မျိုးနွယ်မှ ဟုတ်မဟုတ် သိရှိရန် ဤနည်းလမ်းကို အသုံးပြု၍ တမင်သက်သက် စမ်းသပ်နေခြင်းလော။
ထိုသို့တွေးမိပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချက်ချင်း သတိထားလိုက်ကာ ကုချန်အား အေးစက်သော အမူအရာဖြင့် ကြည့်၍ ပြောဆိုလိုက်၏။
" တာအိုရောင်းရင်း... ဒီဟာသက မရယ်ရဘူးနော် "
" ဘိုးဘေး... ကျွန်မက တကယ်ပဲ ချီလျန်မျိုးနွယ်ရဲ့ လက်ရှိ ခေါင်းဆောင်ပါ "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့ကို မယုံကြည်ပုံရကာ ကုချန်နှင့်ပင် ထိပ်တိုက်တွေ့တော့မည့် အခြေအနေကို မြင်သောအခါ ချီလျိုမှ အလျင်အမြန် ညင်သာစွာ ပြောဆိုလိုက်၏။
" ဘိုးဘေး မယုံရင် ဒါတွေအားလုံးကို ကျွန်မ သက်သေပြနိုင်ပါတယ် "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေတို့ စစ်ပွဲဆင်နွှဲခဲ့သည့် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော ချီလျန်မျိုးနွယ်ဝင် တစ်ဦးဖြစ်သည်။ မျိုးဆက်အလိုက် ကြည့်မည်ဆိုပါက ချီလျိုမှ သူ့အား ဘိုးဘေးဟု ခေါ်ဆိုခြင်းမှာ မမှားယွင်းချေ။
သူ၏ ဘိုးဘေးနှင့် အရှင်သခင်တို့ ပဋိပက္ခဖြစ်မည်ကို ချီလျို စိုးရိမ်နေသဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင် မတုံ့ပြန်မီ သူ ချက်ချင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
" ရှေးတုန်းက... ကျွန်မတို့ ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေကနေ မထွက်ခွာခင်က ဘိုးဘေးလေးပါး ရှိခဲ့ပါတယ်... သူတို့ကတော့..... "
" ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ အဓိက ကျင့်စဉ်ကတော့..... "
ချီလျိုသည် ချီလျန်မျိုးနွယ်၏ အဓိကအဖွဲ့ဝင်များသာ သိနိုင်ပြီး မည်သည့်အခါမျှ ပေါက်ကြားမည်မဟုတ်သော လျှို့ဝှက်ချက် အတော်များများကို ထုတ်ဖော်ပြောပြလိုက်သည်။
အကယ်၍ ဤယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီယွဲ့ အစစ်ဆိုပါက ဤလျှို့ဝှက်ချက်များကို သေချာပေါက် သိလိမ့်မည်ဟု သူ ယုံကြည်ထား၏။
ချီလျို၏စကားသံများမှာ ဆက်တိုက်ထွက်ပေါ်လာကာ သူ၏ရှင်းပြချက်ကို နားထောင်နေသော ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
ချီလျို တွေးထားသည့်အတိုင်းပင် သူသည် ဤချီလျန်မျိုးနွယ်၏ အဓိက လျှို့ဝှက်ချက်များကို သိရှိထားကာ ဤလျှို့ဝှက်ချက်များအပေါ် အခြေခံ၍ ချီလျိုသည် ချီလျန်မျိုးနွယ်ဝင် တစ်ဦးဖြစ်ကြောင်းကို သူ အလွယ်တကူ ကောက်ချက်ချနိုင်လေသည်။
ဒီလူက တကယ်ပဲ ချီလျန်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်နေတာပဲ။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျိုအား စူးစိုက်ကြည့်နေ၍ သူ၏ရင်ထဲတွင်လည်း ဗြောင်းဆန်နေပြီ ဖြစ်သည်။
" ငါကိုယ်တော်ကို မင်းရဲ့နတ်ဝိညာဉ်ကို ကြည့်ခွင့်ပေးပါ "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏ရင်ထဲမှ လှုပ်ရှားမှုများကို ဖိနှိပ်ထားကာ ပြောဆိုလိုက်၏။
ဤလျှို့ဝှက်ချက်များကို ချီလျန်မျိုးနွယ်၏ အဓိကအဖွဲ့ဝင်များသာ သိနိုင်ကာ မည်သည့်အခါမျှ ပေါက်ကြားသင့်သည့်အရာ မဟုတ်သော်လည်း သတိထားသည့်အနေဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင်သည် စိတ်အေးသက်သာရာရစေရန် နောက်ထပ် အတည်ပြုချက်များ ပြုလုပ်လိုသေး၏။
ယွဲ့လင်အင်မော်တယ်ဘုရင်၏ တောင်းဆိုချက်ကို ကြားသောအခါ ချီလျိုသည် ကုချန်၏ခွင့်ပြုချက်ကို တောင်းခံသည့်အလား ကုချန်အား ချက်ချင်း လှည့်ကြည့်လိုက်၏။
ကုချန်သည် စကားမပြောဘဲ ညင်သာစွာသာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏နတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကို ချီလျို၏နတ်ဝိညာဉ်ထဲသို့ ထည့်သွင်းလိုက်လေသည်။
သူမးသည် ချီလျို၏နတ်ဝိညာဉ် မှတ်ဉာဏ်များကို မစစ်ဆေးဘဲ ချီလျို၏နတ်ဝိညာဉ် လှိုင်းများကိုသာ ဂရုတစိုက် ခံစားကြည့်ခြင်း ဖြစ်သည်။
တူညီသော သွေးကြောဆက်နွှယ်မှုရှိသည့် အဖွဲ့ဝင်များအကြားတွင် သူတို့၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော သွေးများကဲ့သို့ပင် နတ်ဝိညာဉ်လှိုင်းများမှာ တူညီကြပြီး အတုအယောင် ပြုလုပ်၍ မရနိုင်ချေ။
သေချာစွာ စစ်ဆေးပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် အနည်းငယ် တုန်ခါသွား၏။ အဘယ်ကြောင့်ဆိုသော် ချီလျိုဟု အမည်ရသော ဤအမျိုးသမီးသည် ချီလျန်မျိုးနွယ်ဝင် အစစ်ဖြစ်ကြောင်း ယခုအခါ သူ အပြည့်အဝ အတည်ပြုနိုင်ပြီ ဖြစ်သောကြောင့်ပင်။
ဒါပေမယ့်.....
" ရှင်တို့ နှစ်ယောက်က ဘယ်လို ပတ်သက်နေတာလဲ "
ယွဲ့လင်အင်မော်တယ်ဘုရင်မှ ကုချန်အား ကြည့်ကာ မေးမြန်းလိုက်၏။ သူ၏မျက်လုံးထဲတွင်လည်း သတိထားမှုများ ပြည့်နှက်နေလေသည်။
ချီလျို၏အထောက်အထားကို အတည်ပြုပြီးဖြစ်သော်လည်း သူ၏သတိထားမှုကို မလျှော့ရဲသေးပေ။ စောစောက ကုချန်အပေါ် ချီလျို၏ အပြုအမူနှင့် လုပ်ရပ်များအရ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း သူ အလွယ်တကူ သိနိုင်လေသည်။
အရာအားလုံး မရှင်းလင်းသေးမီ သူ့အနေဖြင့် မည်သည့် အချက်အလက်ကိုမျှ ပြင်ပလူများအား သေချာပေါက် ထုတ်ဖော်ပြောပြမည် မဟုတ်ချေ။
" ကျွန်မရဲ့ အရှင်သခင်က ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ အရှင်သခင်ပါ "
ကုချန်၏ခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်ရာ ချီလျိုမှ ချက်ချင်းပင် ပြန်လည် ဖြေဆိုလိုက်၏။ သို့သော် ဤအဖြေ၏ရလဒ်သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နားထဲသို့ ရောက်သွားသောအခါ ကြည်လင်သော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
လက်ရှိ... ချီလျန်မျိုးနွယ်ရဲ့ အရှင်သခင်?! ဒီလူက ချီလျန်မျိုးနွယ် တစ်ခုလုံးကို အစေခံအဖြစ် သစ္စာခံခိုင်းထားတာလား?!
မျက်စိတစ်မှိတ်အတွင်းမှာပင် အမည်တပ်၍မရသော ဒေါသတစ်ခု ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ပြည့်နှက်သွားတော့၏။ သူသည် ကုချန်အား မကြည့်ဘဲ မနေနိုင်တော့ချေ။ သူ၏ လှပသော မျက်လုံးများထဲတွင်လည်း ဖုံးကွယ်မထားနိုင်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေတော့သည်။
***