ချီလျိုမှ ကုချန်အား ချီလျန်မျိုးနွယ်၏ လက်ရှိ အရှင်သခင်ဟု ပြောလိုက်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် ဖြစ်နိုင်ချေကို ချက်ချင်း တွေးမိလိုက်၏။ ထိုအရာမှာ ဤသူသည် ချီလျန်မျိုးနွယ်တစ်ခုလုံးကို အတင်းအကျပ် အစေခံအဖြစ် သစ္စာခံခိုင်းထားခြင်း ဖြစ်ရမည်။
ချီလျန်မျိုးနွယ်မှ ဆန္ဒအလျောက် အညံ့ခံလိမ့်မည်ဟု ယွဲ့လင်အင်မော်တယ်ဘုရင် လုံးဝ မတွေးခဲ့မိပေ။
ရှေးဟောင်းခေတ်က ချီလျန်မျိုးနွယ်သည် အဘယ်ကြောင့် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ကာ အင်မော်တယ်နယ်မြေကို သစ္စာဖောက်ကာ နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ခဲ့သနည်း။ အင်မော်တယ်ဘုရင်များထံ အညံ့မခံလိုဘဲ အခြားသူများ၏ဖိနှိပ်မှုကို မခံလိုသောကြောင့် မဟုတ်ပါလော။
သို့သော် ယခုအခါ ချီလျန်မျိုးနွယ်မှာ အတင်းအကျပ် အစေခံအဖြစ်ခိုင်းခံနေရရာ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ ချီလျို၏မျက်နှာပေါ်ရှိ ရိုးသားစွာ ကြည်ညိုလေးစားနေသော အမူအရာကိုမူ ယွဲ့လင်အင်မော်တယ်ဘုရင် လုံးဝ မယုံကြည်ခဲ့ပေ။
အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် အင်မော်တယ်ဘုရင်အောက် အဆင့်ရှိသူကို အညံ့ခံစေရန်မှာ အလွန်လွယ်ကူလှ၏။ သူတို့၏ ဝိညာဉ်အမှတ်အသားကို ထိန်းချုပ်လိုက်ရုံဖြင့် ဝိညာဉ်အမှတ်အသား အထိန်းချုပ်ခံရသူသည် တစ်ဖက်လူကို သူတို့၏ အမြင့်မြတ်ဆုံး အရှင်သခင်အဖြစ် သဘာဝကျကျ မှတ်ယူသွားမည် ဖြစ်သည်။
ငါ့ရဲ့ ချီလျန်မျိုးနွယ်က ဒီလောက်အထိ ရုန်းကန်ခဲ့ရတာတောင် နောက်ဆုံးမှာ ဒီလိုအဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်လုံးများထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော ဝမ်းနည်းမှုများ ပေါ်လာ၏။ သူသည် အလွန်အမင်း ရင်နာနေသော်လည်း သူ၏ အထောက်အထား အစစ်အမှန်ကိုမူ မဖော်ပြရဲသေးပေ။
" ဘိုးဘေး... အထင်လွဲနေပါပြီ "
ယွဲ့လင်အင်မော်တယ်ဘုရင်မှာ တိတ်ဆိတ်နေလျက် သတ်ဖြတ်လိုစိတ် အနည်းငယ် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသောအခါ ချီလျိုသည် ဤဘိုးဘေး တစ်ခုခု အထင်လွဲနေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွား၏။ ထို့ကြောင့် သူသည် အလျင်အမြန် ရှင်းပြလိုက်၏။
" အရှင်သခင်ကို ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ အရှင်သခင်အဖြစ် တင်မြှောက်တာက... အရှင်သခင်က အတင်းအကျပ် ဖိအားပေးလို့ မဟုတ်ပါဘူး... ချီလျန်မျိုးနွယ် တစ်ခုလုံး တိုင်ပင်ဆွေးနွေးပြီး စုပေါင်းဆုံးဖြတ်ခဲ့ကြတာပါ... တကယ်လို့ အရှင်သခင်သာ မရှိခဲ့ရင် ချီလျန်မျိုးနွယ်ဟာ ပျက်သုဉ်းသွားတာ ကြာပါပြီ... ဒီနေ့အထိတောင် ရှင်သန်နိုင်ခဲ့မှာ မဟုတ်ပါဘူး "
ချီလျန်မျိုးနွယ် ယနေ့တိုင် ရှင်သန်နေနိုင်ခြင်းနှင့် လက်ရှိ အဆင့်အတန်းကို ရရှိထားခြင်းမှာ ကုချန်ကြောင့်သာ ဖြစ်ကြောင်း ချီလျိုသည် ရှင်းလင်းစွာ သိထား၏။
အကယ်၍ ချီမုန်သာ ထိုအချိန်က ပါးနပ်စွာဖြင့် ဤအရှင်သခင်ကို အသိအမှတ်မပြုခဲ့ဘဲ ချီလျန်မျိုးနွယ်အတွက် အလှည့်အပြောင်းတစ်ခု မယူဆောင်လာပေးခဲ့ပါက လက်ရှိ ချီလျန်မျိုးနွယ်သည် ရှီမိုကောင်းကင်အရှင်၏ သွယ်ဝိုက်သော ခွင့်ပြုချက်ဖြင့် နယ်မြေအသီးသီးမှ နတ်ဆိုးအရှင်များ၏ ဝါးမျိုခြင်းကို ခံရကာ အရိပ်အယောင်ပင် ကျန်ရစ်မည်မဟုတ်ချေ။
အရှင်သခင် ရှိနေခြင်းကြောင့်သာ ချီလျန်မျိုးနွယ်သည် အဆုံးမဲ့ ကောင်းကင်ဘုံအတွင်း အကြီးဆုံး မျိုးနွယ်စု ဖြစ်လာရုံသာမက တစ်ချိန်က အရပ်ရှစ်မျက်နှာသို့ ထွက်ပြေးပုန်းအောင်းခဲ့ရသော ချီလျန်မျိုးနွယ်ဝင်များ အားလုံးလည်း ချီလျန်မျိုးနွယ်ထံ ပြန်လာကာ မျိုးနွယ်စုဝင်များနှင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြသည်။
ဤအရာအားလုံးမှာ အရှင်သခင်၏ စွမ်းအားအပေါ် လုံးလုံးလျားလျား မှီခိုနေရခြင်း ဖြစ်သည်။
ဤအခြေအနေများအောက်တွင် လက်ရှိအချိန်၌ ချီလျိုနှင့် ချီမုန် သားအမိနှစ်ယောက်တည်းကသာ ကုချန်အား သူတို့၏ ဝိညာဉ်အမှတ်အသားများကို အမှန်တကယ် ပေးအပ်ကာ အရှင်သခင်အဖြစ် အသိအမှတ်ပြုထားသော်ငြား အခြားသော ချီလျန်မျိုးနွယ်ဝင် အားလုံးမှာလည်း ကုချန်ကို ရိုးသားစွာ ယုံကြည်လေးစားကြ၍ ချီလျန်မျိုးနွယ်၏ အရှင်သခင်ဆိုသော ကုချန်၏ ဂုဏ်ပုဒ်ကို မည်သည့် မျိုးနွယ်စုဝင်ကမျှ မေးခွန်းထုတ်ခြင်း မရှိကြချေ။
ထို့ကြောင့် ချီလျို ပြောခဲ့သကဲ့သို့ပင်။
ကုချန်အား သစ္စာခံခြင်းမှာ ချီလျန်မျိုးနွယ် တစ်ခုလုံး၏ စုပေါင်းဆုံးဖြတ်ချက်ဖြစ်ပြီး အတင်းအကျပ် ဖိအားပေးမှု မဟုတ်ပေ။
" မင်းက ချီလျန်မျိုးနွယ်ကို အထင်ကြီးလွန်းနေပြီ... အင်မော်တယ်ဘုရင် တစ်ပါးတောင် မရှိတဲ့ မျိုးနွယ်စုတစ်ခုကို ငါကိုယ်တော်က ဘာကိစ္စ အတင်းအကျပ် သစ္စာခံခိုင်းနေရမှာလဲ "
ကုချန်မှ အေးဆေးစွာ ပြောလိုက်သော်လည်း သူ၏အသံသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နားထဲသို့ ရောက်သွားသောအခါ သူ့အား ရုတ်တရက် တုန်လှုပ်သွားစေ၏။
ကုချန်၏စကားက စောစောက သူ၏အတွေးများမှာ မှားယွင်းနေကြောင်း သဘောပေါက်သွားစေခဲ့သည်။
စိုးရိမ်စိတ်က သူ၏ဆင်ခြင်တုံတရားကို ဖုံးလွှမ်းသွားခဲ့၏။ သူ၏စိတ်ထဲတွင် ချီလျန်မျိုးနွယ်၏ အဆင့်အတန်းသည် ပြိုင်ဘက်ကင်းကာ အခြား မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရပေ။
သို့သော် အမှန်တကယ်တွင် သူ့ကို မထည့်သွင်းဘဲ စဉ်းစားလျှင် လက်ရှိ ချီလျန်မျိုးနွယ်၌ ထျန်းကျွင်းအဆင့် အနည်းငယ် ရှိနေလျှင်ပင် အခြေနေ ကောင်းလှပြီ ဖြစ်သည်။
ထို့ပြင် သူ၏ရှေ့ရှိ ဤသူသည် အင်မော်တယ်ဘုရင်များထဲမှ ဘီလူးကြီးတစ်ပါးဖြစ်သော ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကိုပင် ယခုလေးတင် သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ဤသို့သော တည်ရှိမှုက အားနည်းသော မျိုးနွယ်စုတစ်ခုကို အတင်းအကျပ် သစ္စာခံခိုင်းရန် အဘယ်ကြောင့် လိုအပ်မည်နည်း။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ချီလျန်မျိုးနွယ်သည် ကံကြမ္မာ၏ အလှည့်အပြောင်းတစ်ခုကြောင့် ဤစွမ်းအားရှင်ကို မှီခိုနိုင်ခဲ့ခြင်းသာ ဖြစ်ရမည်။
ဤအချက်ကို သဘောပေါက်သွားသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်များသည် ဒီရေကျသကဲ့သို့ ချက်ချင်း ဆုတ်ခွာသွားကာ အရိပ်အယောင်မျှပင် မကျန်တော့ချေ။
သူသည် ချီလျိုအား စူးရှစွာ ကြည့်လျက် ပြောဆိုလိုက်၏။
" နတ်ဆိုးနယ်မြေကို ရောက်ကတည်းက ချီလျန်မျိုးနွယ် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ငါ သိချင်တယ် "
ထိုစကားကို ကြားသောအခါ ချီလျိုသည် ကုချန်၏ ခွင့်ပြုချက်ကို တောင်းခံရန် သူ့အား ထပ်မံကြည့်လိုက်၏။
" သူ့ကို ပြောပြလိုက်ပါ "
ကုချန်မှ အေးဆေးစွာ ပြောဆိုလိုက်၏။
ယွဲ့လင်အင်မော်တယ်ဘုရင်အား အရာအားလုံး ပြောပြလိုက်လျှင်လည်း ကိစ္စမရှိပေ။ သူ နောက်ဆုတ်သွားမည်ကိုလည်း သူ လုံးဝ မကြောက်ရွံ့ချေ။
နတ်ဆိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေ နှစ်ခုလုံးတွင် သူ၏ကိုယ်ပွားများ ရှိနေသည့်ကိစ္စကိုမူ ယွဲ့လင်အင်မော်တယ်ဘုရင်မှတစ်ဆင့် ပေါက်ကြားသွားစေမည်ကို သူ ပို၍ပင် မကြောက်ပေ။ သူကိုယ်တိုင်က ချီလျန်မျိုးနွယ်ဝင် တစ်ဦးဆိုသော အရောင်မပြရဲသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေရာ ကုချန်နှင့် ပတ်သက်သည့် အချက်အလက်များကို မည်သို့ ပေါက်ကြားရဲမည်နည်း။
ချီလျန်မျိုးနွယ် တစ်ခုလုံး၏ သေရေးရှင်ရေးသည် လက်ရှိတွင် ကုချန်၏လက်ထဲ၌ ရှိနေလေ၏။
ကုချန်၏ညွှန်ကြားချက်ကို ရရှိပြီးနောက် ချီလျိုသည် သူ၏အတွေးများကို စုစည်းကာ ချီလျန်မျိုးနွယ် ပုန်ကန်၍ နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ခဲ့သည့် ရှေးဟောင်းခေတ်မှ စတင်ကာ ပြောပြလေတော့သည်။
ချီလျိုသည် အသေးစိတ် အချက်အလက်တိုင်းကို မပြောဘဲ အဓိက အချိန်ကာလများရှိ အဖြစ်အပျက်ကြီးများကိုသာ ရွေးချယ်ပြောပြခဲ့၏။
သို့သော် ထိုသို့ဖြစ်စေကာမူ ချီလျန်မျိုးနွယ်သည် ရှီမိုကောင်းကင်အရှင်၏ တိတ်တဆိတ်ရော၊ ပေါ်ပေါ်ထင်ထင်ပါ ပစ်မှတ်ထားခြင်းကို ခံရကာ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပုံကို ပြောပြချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်နှာပေါ်၌ ထိန်းမရသော ဒေါသများ ထွက်ပေါ်လာပြီး ရှီမိုကောင်းကင်အရှင်ကို သွားရောက်တိုက်ခိုက်ချင်နေသည့်အလား ဖြစ်နေလေသည်။
ထို့နောက် ဘိုးဘေးချီရှောင် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားစဉ် ကျရှုံးကာ ကျဆုံးသွားခဲ့ရသည့် သတင်းကို ချီလျိုမှ ပြောပြသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ လှပသော မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာ၏။
" ဘိုးဘေးချီရှောင်... တကယ်ပဲ ကျဆုံးသွားခဲ့တာလား "
ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေကို မပုန်ကန်မီကတည်းက ချီရှောင်သည် ချီလျန်မျိုးနွယ်၏ ထျန်းကျွင်းအဆင့် ဘိုးဘေးများထဲမှ တစ်ပါး ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ချီလျန်မျိုးနွယ် နတ်ဆိုးနယ်မြေသို့ ပုန်ကန်ထွက်ပြေးသည့် လုပ်ငန်းစဉ်အတွင်း အခြား ဘိုးဘေးများအားလုံး ကျဆုံးသွားခဲ့ကာ ချီရှောင် တစ်ဦးတည်းကသာ ချီလျန်မျိုးနွယ်ကို ဦးဆောင်၍ နတ်ဆိုးနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့သည်။
သူ အားနည်းချိန်က ဘိုးဘေးချီရှောင် မည်မျှ ညင်သာစွာ လမ်းညွှန်ပြသပေးခဲ့သည်ကို ယွဲ့လင်အင်မော်တယ်ဘုရင် မှတ်မိနေသေး၏။ သို့သော် ဘိုးဘေးချီရှောင် သေဆုံးသွားခဲ့ပြီ။
" ဒီကိစ္စက အဲဒီရှီမိုကောင်းကင်အရှင်နဲ့ သေချာပေါက် ပတ်သက်နေရမယ် "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ရင်ထဲတွင်တော့ သတ်ဖြတ်လိုစိတ်များ ဆူပွက်နေလေသည်။
ဘိုးဘေးချီရှောင်၏ ကျင့်ကြံမှုမှာ နက်နဲလှသည်။ နတ်ဆိုးနယ်မြေသို့ ပုန်ကန်ရောက်ရှိလာ၍ ပြန်လည်ကျင့်ကြံပြီးနောက်တွင်ပင် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် နီးကပ်နေသည့် အဆင့်အထိ ရောက်ရှိနိုင်ခဲ့၏။
သူ၏ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းမှု ကျရှုံး၍ ၎င်းကြောင့် ဒဏ်ရာရနိုင်သော်လည်း သေဆုံးသွားရန်မှာ ဖြစ်နိုင်ချေ အလွန်နည်းပါးလှသည်။
အကြီးမားဆုံး ဖြစ်နိုင်ချေမှာ ရှီမိုကောင်းကင်အရှင်မှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းကြောင့် ဘိုးဘေးချီရှောင် ဝမ်းနည်းဖွယ် ကျဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
ဒေါသထွက်စရာ၊ မုန်းတီးစရာကောင်းလိုက်တာ!
အကယ်၍ အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေတို့ ယခုတိုင် စစ်ပွဲဖြစ်ပွားနေဆဲဆိုပါက ဘိုးဘေးချီရှောင်အတွက် လက်စားချေရန် ရှီမိုကောင်းကင်အရှင်ကို ရှာဖွေ၍ အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲရန် သူ ရှေ့တန်းသို့ သေချာပေါက် သွားရောက်မည် ဖြစ်သည်။
ဘိုးဘေးချီရှောင် သေဆုံးမှုက အဲဒီရှီမိုကောင်းကင်အရှင်နဲ့ ပတ်သက်နေတာလား။
ဤစကားကို ကြားသောအခါ ချီလျိုမှာ လန့်ဖျပ်သွားသော်ငြား ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်လုံးများထဲရှိ အတက်အကျဖြစ်နေသော သတ်ဖြတ်လိုစိတ်ကို မြင်သောအခါ သူ မနေနိုင်စွာ ပြောဆိုလိုက်မိ၏။
" ဘိုးဘေး... အရမ်း ဒေါသမထွက်ပါနဲ့... ရှီမိုကောင်းကင်အရှင်က နောက်ပိုင်းမှာ အရှင်သခင်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပါပြီ... ပြီးတော့ အဲဒီရှီမိုကောင်းကင်ကလည်း အခု အဆုံးမဲ့ ကောင်းကင်ဘုံ ဖြစ်သွားပြီလေ "
ချီလျို၏ ရိုးရှင်းသော စကားအနည်းငယ်သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ကြီးမားသော မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။
ရှီမိုကောင်းကင်အရှင် သေသွားပြီ... ပြီးတော့ ဒီလူက သတ်လိုက်တာတဲ့လား!
ယွဲ့လင်အင်မော်တယ်ဘုရင်၏ အကြည့်များမှာ ကုချန်ထံသို့ အလိုအလျောက် ရောက်ရှိသွား၏။
သူက နတ်ဆိုးနယ်မြေမှာ ရှီမိုကောင်းကင်အရှင်ကို သတ်ခဲ့ပြီး အင်မော်တယ်နယ်မြေမှာလည်း ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို သတ်ခဲ့တယ်။
ဒီလူ... ဒီလူမှာ တကယ်ပဲ ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ!
***