လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို ရရှိပြီးနောက် ကုချန်သည် ကောင်းကင်နှလုံးသားကို နားလည်သဘောပေါက်ရန်နှင့် ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကို လေ့လာရန်အတွက် ချက်ချင်း တံခါးပိတ်ကျင့်ကြံခြင်းမျိုး မလုပ်သေးချေ။
" ငါ့ရဲ့ မျိုးဆက်တွေ အများကြီး အောက်ကမ္ဘာမှာ ရှိနေသေးတယ်... သူတို့အားလုံးကို အင်မော်တယ်နယ်မြေဆီ ခေါ်လာဖို့ စီစဉ်ထားလို့ မင်းရဲ့ လဝိညာဉ် ကောင်းကင်ဘုံထဲက ရတနာနယ်မြေတစ်ခုကို ခဏလောက် ငှားချင်တယ် "
ကုချန်မှ ယွဲ့လင်အင်မော်တယ်ဘုရင်အား ပြောဆိုလိုက်၏။
ယခုအခါ ဤလဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို ကုချန် ထိန်းချုပ်ထားပြီဖြစ်ရာ ဤကောင်းကင်ဘုံအတွင်း ဖြစ်ပျက်သမျှသည် သူ၏မျက်စိအောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။ ထို့ပြင် အင်မော်တယ်တံခါးကို ဖြတ်ကျော်နည်းကိုလည်း သူ သိထားပြီးဖြစ်သလို တစ်ခုတည်းသော အတားအဆီးဖြစ်သည့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်မှာလည်း သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေသို့ ရွှေ့ပြောင်းရန် စဉ်းစားရမည့်အချိန် ရောက်လာပြီ ဖြစ်လေသည်။
အဆုံးမဲ့ကမ္ဘာသည် ကောင်းမွန်သော်လည်း မည်သို့ပင်ဆိုစေ အောက်ကမ္ဘာသာ ဖြစ်၏။ ကောင်းကင်ဘုံ တာအိုပဲဖြစ်ဖြစ်၊ ဝိညာဉ်ချီ သိပ်သည်းဆပဲဖြစ်ဖြစ် အင်မော်တယ်နယ်မြေထက် အဆင့်များစွာ နိမ့်ကျနေ၏။ ကုမိသားစု၏ မျိုးဆက်များ ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လိုပါက သဘာဝကျကျပင် အင်မော်တယ်နယ်မြေသို့ လာရောက်ခြင်းက အကောင်းဆုံး ဖြစ်သည်။
" ဒီလဝိညာဉ် ကောင်းကင်ဘုံမှာ ရှိသမျှ အရာအားလုံးက ရှင့်ဟာတွေချည်းပါပဲ... ရှင့်ရဲ့ မျိုးနွယ်စုဝင်တွေကို ရှင်ထားချင်တဲ့ နေရာမှာ ထားလို့ရပါတယ် "
ယွဲ့လင်အင်မော်တယ်ဘုရင်မှ ကုချန်၏ငှားရမ်းမှုအား သဘောတူလိုက်လေသည်။
ကုချန်နှင့် သဘောတူညီချက်အရ ကုချန်မှ လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကိုသာ ယူမည်ဖြစ်၍ နယ်မြေနှင့် အရာအားလုံးသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သော်လည်း အမှန်တကယ်တွင် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် ကောင်းကင်နှလုံးသား အမှတ်အသားကသာ အရေးကြီးဆုံး ဖြစ်၏။ ယခု ကောင်းကင်နှလုံးသားသည် ကုချန်၏လက်ထဲသို့ ရောက်သွားပြီဖြစ်သည်။
ဤလဝိညာဉ် ကောင်းကင်ဘုံသည် အပြင်ပန်းအားဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင် ပိုင်ဆိုင်နေဆဲဟု ဆိုသော်လည်း အမှန်တကယ်တော့ ကုချန်ထံ လွှဲပြောင်းပေးလိုက်ခြင်းနှင့် မည်သို့မျှ ကွာခြားခြင်း မရှိတော့ချေ။ ထို့ကြောင့် ကုချန်မှ မည်သည့် ရတနာနယ်မြေကို ရွေးချယ်သည်ဖြစ်စေ သူသည် ကျိန်းသေပေါက် ငြင်းဆန်မည် မဟုတ်ပေ။ သို့သော်.....
ယွဲ့လင်အင်မော်တယ်ဘုရင်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် တုံ့ဆိုင်းစွာ မေးမြန်းလိုက်၏။
" ကျွန်မတို့ ချီလျန်မျိုးနွယ်ဝင်တွေ အနာဂတ်မှာ အင်မော်တယ်နယ်မြေကို ပြန်လာဖို့ အခွင့်အရေး ရှိနိုင်ဦးမလား "
အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျန်မျိုးနွယ်နှင့် ဆက်သွယ်ရန် အမြဲတစေ ဆန္ဒရှိခဲ့ကာ ချီလျန်မျိုးနွယ်ကို အင်မော်တယ်နယ်မြေသို့ ပြန်လည်ခေါ်ဆောင်လာရန်ပင် စိတ်ကူးရှိခဲ့သည်။ နောက်ပိုင်း ချန်းရှီအင်မော်တယ်ဘုရင် ကိစ္စကြောင့်သာ ဤစိတ်ကူးကို ယာယီ ဘေးဖယ်ထားခဲ့ရခြင်း ဖြစ်၏။
သို့သော် ယခု ကုချန်မှတစ်ဆင့် ချီလျန်မျိုးနွယ်နှင့် ပြန်လည်အဆက်အသွယ် ရသွားသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ထိုစိတ်ကူးသည် နောက်တစ်ဖန် ပြန်လည်ပေါ်ပေါက်လာခဲ့၏။ အကယ်၍ ချီလျန်မျိုးနွယ်သာ အင်မော်တယ်နယ်မြေသို့ ပြန်လာခွင့်ရမည်ဆိုပါက ဘိုးဘေးများထံ ပြန်လည်ရောက်ရှိခြင်းဟု သတ်မှတ်နိုင်ပေသည်။
အင်မော်တယ်နယ်မြေကို ပြန်လာရမယ်?
ကုချန် စကားမပြောရသေးမီ ဘေးတွင်ရှိသော ချီလျိုမှ အရင် ဝင်ပြောလိုက်၏။
" ဘိုးဘေး... အင်မော်တယ်နယ်မြေကို ပြန်လာဖို့ ကိစ္စက မလိုအပ်ဘူးလို့ ကျွန်မ ထင်တယ်... ရှေးဟောင်း အင်မော်တယ်နဲ့ နတ်ဆိုး စစ်ပွဲကို ဖြတ်သန်းခဲ့တဲ့ ချီလျန်မျိုးနွယ် ဘိုးဘေးတွေက ကျဆုံးသွားတာ ကြာလှပြီ... လက်ရှိ ချီလျန်မျိုးနွယ်ဝင်တွေ အားလုံးက နတ်ဆိုးနယ်မြေမှာ မွေးဖွားလာကြပြီး နတ်ဆိုးနယ်မြေရဲ့ ကောင်းကင်ဘုံ တာအိုကိုပဲ ကျင့်ကြံကြတာပါ... တစ်နည်းအားဖြင့် ပြောရရင် သူတို့က နတ်ဆိုးနယ်မြေရဲ့ သက်ရှိတွေလို့တောင် သတ်မှတ်လို့ရတယ်... ဒါကြောင့် အင်မော်တယ်နယ်မြေကို ပြန်လာဖို့ တကယ် မလိုအပ်ပါဘူး "
ချီလျိုသည် ချီလျန်မျိုးနွယ်ကို အင်မော်တယ်နယ်မြေသို့ ပြန်လာစေရန် လုံးဝ ရည်ရွယ်ချက် မရှိချေ။
ပထမအချက်အနေဖြင့် လက်ရှိ ချီလျန်မျိုးနွယ်ဝင် အားလုံးသည် နတ်ဆိုးနယ်မြေ၌ မွေးဖွားလာကြခြင်းဖြစ်ရာ နတ်ဆိုးနယ်မြေ၏ ဌာနေသက်ရှိများဟု ဆိုလျှင်လည်း မမှားပေ။ သူတို့တွင် အင်မော်တယ်နယ်မြေအပေါ် မည်သည့် သံယောဇဉ်မျှ မရှိကြချေ။
ဒုတိယအချက်အနေဖြင့် အချိန်ကာလရှည်ကြာ ဆင့်ကဲပြောင်းလဲလာပြီးနောက် ချီလျန်မျိုးနွယ်ဝင်များသည် နတ်ဆိုးနယ်မြေ၏ ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံကြကာ နတ်ဆိုးနယ်မြေ၏ ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစပ်ထားကြ၏။ အကယ်၍ အင်မော်တယ်နယ်မြေသို့ ပြန်လာရပါက သူတို့၏လမ်းစဉ်ကို ပြောင်းလဲကာ အသစ်ပြန်လည်ကျင့်ကြံရမည်မှာ အသေအချာပင်။
ထိုစဉ်က ချီလျန်မျိုးနွယ် နတ်ဆိုးနယ်မြေသို့ ပုန်ကန်ဝင်ရောက်ချိန်တွင် နတ်ဆိုးနယ်မြေမှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ကြိုတင်သဘောတူညီမှု ရရှိထားသောကြောင့် နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင် လမ်းတစ်လျှောက် ကာကွယ်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးနယ်မြေသို့ ရောက်ရှိပြီးနောက်တွင်လည်း လမ်းစဉ်ပြောင်းလဲခြင်းဟူသော အရေးကြီးသည့်အဆင့်ကို သူကပင် ကူညီပေးခဲ့၏။ အကယ်၍ သူတို့သာ အင်မော်တယ်နယ်မြေသို့ ရုတ်တရက် ပြန်လာပါက ဤအရာအားလုံးကို လုပ်ဆောင်ပေးမည့် အင်မော်တယ်ဧကရာဇ်တစ်ပါး မည်သည့်နေရာတွင် ရှိမည်နည်း။
တတိယအချက်အနေဖြင့် ချီလျန်မျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဒုက္ခခံခဲ့ရပြီးနောက် ယခုမှသာ တိမ်တိုက်များကို ခွင်း၍ ကြည်လင်သော ကောင်းကင်ကို မြင်တွေ့ကာ အဆုံးမဲ့ ကောင်းကင်ဘုံ၏ ပထမဆုံး မျိုးနွယ်စုကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့၏အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးပွားချမ်းသာမှုမှာ လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်ရာ ဤအချိန်တွင် အင်မော်တယ်နယ်မြေသို့ ပြန်လာပါက ချီလျန်မျိုးနွယ်သည် မည်သို့သော အခြေအနေများနှင့် ရင်ဆိုင်ရမည်ကို မည်သူသိနိုင်မည်နည်း။
မည်သို့ပင်ဆိုစေ ယွဲ့လင်အင်မော်တယ်ဘုရင်ကိုယ်တိုင်ပင် ချန်းရှီအင်မော်တယ်ဘုရင်၏ လိုချင်တပ်မက်ခြင်းကို ခံနေရသည်ဟု ယခုလေးတင် ပြောခဲ့သည် မဟုတ်ပါလော။ အကယ်၍ ချီလျန်မျိုးနွယ်သာ အင်မော်တယ်နယ်မြေသို့ အမှန်တကယ် ပြန်လာပါက ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူတို့ကို ကာကွယ်ပေးနိုင်မည်လော။ ၎င်းနှင့် နှိုင်းယှဉ်လျှင် အရှင်သခင်၏ အတောင်ပံအောက်တွင် နေထိုင်ခြင်းက သိသိသာသာ ပို၍ လုံခြုံပေသည်။
သို့သော် ဤကဲ့သို့ တဲ့တိုးဆန်သော အကြောင်းပြချက်များကို ယွဲ့လင်အင်မော်တယ်ဘုရင်အား ချီလျို ပွင့်ပွင့်လင်းလင်း မပြောရဲပေ။ 'ဘိုးဘေးက စွမ်းရည်မရှိဘူး၊ ကျွန်မတို့ကို မကာကွယ်နိုင်ဘူး။ အရှင်သခင် ရှိနေမှသာ ကျွန်မတို့ ချီလျန်မျိုးနွယ်က ပိုလုံခြုံတယ်' ဟု သူ မည်သို့ ပြောထွက်မည်နည်း။
ထိုသို့တွေးတောနေစဉ် ချီလျိုသည် သူ၏ဘေးတွင်ရှိသော ကုချန်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်၏။ ယွဲ့လင်အင်မော်တယ်ဘုရင်၏ အကြံပြုချက်ကြောင့် ကုချန် တစ်ခုခု အထင်လွဲသွားမည်ကို သူ စိုးရိမ်နေရလေသည်။
" ငါ အများကြီး တွေးမိသွားတာပါ "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျို၏ တုံ့ပြန်မှုကို ကြည့်ကာ သူ၏အကြံပြုချက်မှာ တကယ်ကို မလိုအပ်ကြောင်း သိလိုက်၏။
ယခုအခါ ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေ၌ ကောင်းမွန်စွာ နေထိုင်နေရကာ သူ ယခင်က စိတ်ကူးထားသကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးနှင့် လုံးဝ မတူညီတော့ချေ။ ထိုသို့ဆိုလျှင် ချီလျန်မျိုးနွယ်ကို အင်မော်တယ်နယ်မြေသို့ ပြန်လာရန် သူက မည်သည့်အကြောင်းပြချက်ဖြင့် တောင်းဆိုရမည်နည်း။ ထို့ပြင် အင်မော်တယ်နယ်မြေသို့ ပြန်လာပြီးနောက် သူ၏စွမ်းအားဖြင့် ချီလျန်မျိုးနွယ်ကို အမှန်တကယ် ကာကွယ်ပေးနိုင်ပါမည်လော။
ဤအချက်များကို တွေးမိသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အနည်းငယ် စိတ်အားငယ်သွားမိသည်။ ထိုခံစားချက်မှာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော ရည်မှန်းချက်တစ်ခု ရုတ်တရက် အချည်းနှီး ဖြစ်သွားသကဲ့သို့ပင်။
" တာအိုရောင်းရင်း... တခြားကိစ္စမရှိရင် ကျွန်မ သွားခွင့်ပြုပါဦး "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်အား နှုတ်ဆက်ပြီးနောက် ကျက်သရေရှိစွာ ထွက်ခွာသွားလေသည်။
အထီးကျန်ဆန်လှသော ယွဲ့လင်အင်မော်တယ်ဘုရင်၏ ကျောပြင်ကို ကြည့်လျက် ချီလျိုမှာ အနည်းငယ် စိုးရိမ်သွားမိသည်။ သူ၏ဘိုးဘေးမှာ စိတ်ဓာတ်ကျနေပုံရ၏။ စောစောက သူ၏ စကားများကြောင့်များ စိတ်အားငယ်သွားခြင်းလော။
သို့သော် ချီလျို၏နတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းသည် နတ်ဆိုးနယ်မြေသို့ ပြန်လည်ရောက်ရှိသွားသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်ကို သူ၏စိတ်ထဲမှ လျင်မြန်စွာ ဖယ်ထုတ်ပစ်လိုက်၏။
ယခုအခါ ချီလျန်မျိုးနွယ်သည် ပြန်လည်နိုးထလာသည့် အခြေအနေတွင် ရှိနေသည်။ ချီလျန်မျိုးနွယ်ထံ ပြန်လည်ရောက်ရှိလာသော ညီမများကို အမြန်ဆုံး နေရာချထားပေးရန်၊ နယ်မြေအသီးသီးမှ သယ်ဆောင်လာသော ဧရာမ အရင်းအမြစ်များကို ခွဲဝေချထားပေးရန်နှင့် ချီလျန်မျိုးနွယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည်တို့အတွက် ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော သူသည် ဖြေရှင်းနည်းများ ရှာဖွေရဦးမည် ဖြစ်သည်။
ထို့ကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ကိစ္စများကို တွေးတောနေရန် သူ့တွင် အချိန်နှင့် ခွန်အား သိပ်မရှိတော့ချေ။ ချီလျန်မျိုးနွယ်တွင် ကိုယ်ပိုင် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ရှိနေသည်ဆိုသော သတင်းသည် စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသော်လည်း ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ယခုအခါ ဝေးကွာလှသော အင်မော်တယ်နယ်မြေ၌ ရှိနေရာ နတ်ဆိုးနယ်မြေရှိ ချီလျန်မျိုးနွယ်အတွက်မူ လက်လှမ်းမမီနိုင်၍ များစွာ အကူအညီ မပေးနိုင်ပေ။
ထို့ကြောင့် ချီလျို၏စိတ်ထဲတွင် ယွဲ့လင်အင်မော်တယ်ဘုရင်အား ဝေးကွာလှသော ကောင်းကင်ဘုံများဖြင့် ခြားနားနေသည့် ချီလျန်မျိုးနွယ်၏ 'ဆွေမျိုးဝေး' တစ်ဦးအဖြစ် အလိုအလျောက် သတ်မှတ်လိုက်လေသည်။
အနာဂတ်တွင် အားနည်းသော ချီလျန်မျိုးနွယ်ဝင် အချို့ကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွား၍ ယွဲ့လင်အင်မော်တယ်ဘုရင်ထံတွင် အသစ်ပြန်လည်ကျင့်ကြံစေရန် အရှင်သခင်ထံ အကူအညီ တောင်းကောင်းတောင်းနိုင်ပေလိမ့်မည်။ ဤသည်က ချီလျန်မျိုးနွယ်အတွက် အရန်အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်၏။ အကယ်၍ နတ်ဆိုးနယ်မြေရှိ ချီလျန်မျိုးနွယ်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် အနာဂတ်တွင် ချီလျန်မျိုးနွယ်၏ အကိုင်းအခက်တစ်ခုသည် လောကကြီးထဲ၌ ဆက်လက်ရှင်သန်နေနိုင်ဦးမည် ဖြစ်သည်။
ရှေးဟောင်း အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲကာလအတွင်း ချီရှောင်နှင့် အခြား ချီလျန်မျိုးနွယ် ဘိုးဘေးများ လုပ်ဆောင်ခဲ့သကဲ့သို့ပင် ချီလျန်မျိုးနွယ်ဝင် အားလုံးကို နတ်ဆိုးနယ်မြေသို့ မခေါ်ဆောင်သွားဘဲ အင်မော်တယ်နယ်မြေ၌ မျိုးစေ့အချို့ ချန်ထားခဲ့ခြင်းမျိုး ဖြစ်လေသည်။
... ... ...
အဆုံးမဲ့ကမ္ဘာ၊ အထက်ကောင်းကင်တားမြစ်နယ်မြေ.....
အထက်ကောင်းကင် တားမြစ်နယ်မြေ၏ နက်ရှိုင်းသော နေရာတွင် ကုမိသားစုဝင် အများအပြားသည် အရှင်သခင်၏ တာအိုဟောကြားမှုကို နားထောင်နေကြသူများ၊ တာအိုကို ကြိုးစားပမ်းစား ကျင့်ကြံနေကြသူများ သို့မဟုတ် အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်နေကြသူများနှင့် ပြည့်နှက်နေလျက် ကုမိသားစု တစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်နေသော အခြေအနေတွင် ရှိနေလေသည်။
ကုမိသားစုဝင် အများအပြား အလုပ်ရှုပ်နေကြစဉ်မှာပင် ခမ်းနားကြီးကျယ်၍ ညင်သာသော အသံတစ်သံသည် ကုမိသားစုဝင် အားလုံး၏ နားထဲသို့ ရုတ်တရက် ပဲ့တင်ထပ်လာ၏။
" အားလုံးပဲ... အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ ပင်မခန်းမဆောင်ဆီ ချက်ချင်း လာခဲ့ကြပါ "
***