ဒါက... ဘိုးဘေးက သူတို့ကို ခေါ်နေတာလား။
နားထဲတွင် ပဲ့တင်ထပ်လာသော ညင်သာသော်ငြား အာဏာပါသည့် အသံကို ကြားလိုက်ရချိန်၌ ကုမိသားစုဝင် အားလုံး၏ မျက်နှာပေါ်တွင် ဖုံးကွယ်မထားနိုင်သော အံ့အားသင့်မှုများ ထွက်ပေါ်လာ၏။
သူတို့၏မှတ်ဉာဏ်ထဲတွင် ဘိုးဘေးသည် ကုမိသားစုထံ ပထမဆုံး ပြန်လည်ရောက်ရှိလာကာ ကုမိသားစုအား ဘိုးဘေးနယ်မြေမှ ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ပြောင်းရွှေ့မည်ဟု ကြေညာရန် အားလုံးကို စုရုံးခိုင်းခဲ့သည့် အချိန်မှလွဲ၍ မိသားစုဝင် အားလုံးကို ယခုလို ဆင့်ခေါ်ခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးသောကြောင့်ပင်။
အများအားဖြင့် မိသားစုခေါင်းဆောင်နှင့် ဘိုးဘေးကုဝူရှန့်တို့ကိုသာ ဆင့်ခေါ်လေ့ရှိသည်။
သို့သော် ယခုအခါ ဘိုးဘေးသည် ကုမိသားစု တစ်ခုလုံးကို နောက်တစ်ကြိမ် ထပ်မံဆင့်ခေါ်လိုက်ပြန်ရာ မည်သည့်ကိစ္စများ ရှိနေမည်နည်း။
ကုမိသားစုဝင်များ၏ ရင်ထဲတွင် လှိုင်းဂယက်များ ထနေလေသည်။ ကုချန် မည်သည့်အရာကို ညွှန်ကြားရှင်းပြမည်ကို သူတို့ မသိကြသော်လည်း တွေးကြည့်ရုံဖြင့်ပင် အလွန်အရေးကြီးသော ကိစ္စကြီးတစ်ခု ဖြစ်ရမည်ကို သိနိုင်ပေသည်။
" အရှင်သခင်က ကုမိသားစု တစ်ခုလုံးကို ဆင့်ခေါ်ရုံတင်မဟုတ်ဘဲ ငါတို့ကိုပါ ခေါ်လိုက်တာပဲ "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ လှပသော မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုနှင့် ခန့်မှန်းတွေးတောမှုတို့ ရောယှက်နေ၏။
ကုမိသားစု တစ်ခုလုံးကို ဆင့်ခေါ်ခြင်းက သူ၏မျိုးဆက်များကို ညွှန်ကြားချက် ပေးလို၍ ဖြစ်နိုင်သည်။ သို့သော် သူနှင့် ဖီးနစ်ဧကရာဇ်တို့ ပါဝင်နေခြင်းက မည်သည့်အဓိပ္ပာယ်နည်း။
အမှန်တကယ်တော့ ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အာရုံခံနိုင်စွမ်းအရ ကုချန်ထံ ဆန္ဒအလျောက် အညံ့ခံကာ ကောင်းကင်တားမြစ်နယ်မြေသို့ လိုက်ပါလာခဲ့သော ဧကရာဇ်တစ်ပိုင်းအဆင့် နဂါးအိုကြီးပင်လျှင် ဆင့်ခေါ်မှုကို ရရှိထားသကဲ့သို့ ခန္ဓာကိုယ်ကို ကျုံ့ကာ အထက်ကောင်းကင်ပင်မခန်းမဆောင်ဆီသို့ အပြေးအလွှား သွားနေကြောင်း သိလိုက်ရ၏။
ဒါက ဘာကြောင့်များလဲ။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ လုံးဝ နားမလည်နိုင်ဖြစ်နေသော်လည်း ညွှန်ကြားချက်အတိုင်း ကောင်းကင်ပင်မခန်းမဆောင်ဆီသို့ ချက်ချင်း သွားလိုက်လေသည်။
သူနှင့် နှိုင်းယှဉ်လျှင် ကုမိသားစုဝင် မဟုတ်ကြသော ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့မှာ များစွာ ပို၍ တည်ငြိမ်နေကြ၏။ သူတို့သည် ကောင်းကင်နတ်သမီး ရှောင်းယွဲ့နှင့် မတူဘဲ ယခုအခါ ကုချန်၏ အစေခံများ ဖြစ်နေကြလေပြီ။
အရှင်သခင်မှ မည်သို့ပင် အမိန့်ပေးပေး သူတို့ လိုက်နာလုပ်ဆောင်ရုံသာ ရှိသည်။ ထိုကိစ္စများကို တွေးတောနေရန် မလိုအပ်ပေ။
မကြာမီမှာပင် ကုမိသားစု အပါအဝင် ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ သက်ရှိအားလုံးသည် အထက်ကောင်းကင်ပင်မခန်းမဆောင်အတွင်း စုဝေးရောက်ရှိလာကြ၏။
အထက်ကောင်းကင် ပင်မခန်းမဆောင်သည် အပြင်ပန်းအားဖြင့် သေးငယ်ပုံရသော်လည်း ၎င်းအတွင်း၌ အဆုံးမဲ့ ကြယ်သမုဒ္ဒရာနှင့် နှိုင်းယှဉ်နိုင်သော ကျယ်ပြောလှသည့် အတွင်းကမ္ဘာတစ်ခု ပါရှိလေသည်။ ထို့ကြောင့် အထက်ကောင်းကင် တားမြစ်နယ်မြေရှိ သက်ရှိများအားလုံး စုဝေးနေသော်လည်း ဤဧရာမ ခန်းမဆောင်ကြီးသည် ကျပ်တည်းနေသည်ဟု မခံစားရချေ။
လူစုံသွားသည်ကို မြင်သောအခါ ကုချန်သည် အချိန်မဖြုန်းတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်၏။
" အထက်ကောင်းကင်တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေဆီ ပြောင်းရွှေ့ဖို့ ငါ ရည်ရွယ်ထားတယ်... မင်းတို့အားလုံး ဒီအဆုံးမဲ့ကမ္ဘာက ကိစ္စတွေကို ရှင်းလင်းပြင်ဆင်ဖို့ ဆယ်နှစ် အချိန်ရမယ် "
" ဆယ်နှစ်ပြည့်ရင် ငါကိုယ်တော်က အထက်ကောင်းကင် တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေဆီ ပြောင်းရွှေ့မယ်... အဲဒီအချိန်ကျ အင်မော်တယ်နယ်မြေကို မသွားချင်တဲ့သူ ရှိရင် နေခဲ့ဖို့ ရွေးချယ်နိုင်တယ်... လိုက်မလား နေခဲ့မလားဆိုတာ မင်းတို့ သဘောဆန္ဒအတိုင်းပဲ "
ကုချန်၏စကားများမှာ တိုတောင်းလှသော်လည်း သူ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ငြိမ်သက်နေသော ရေကန်ထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ရင်ထဲတွင် ဧရာမ လှိုင်းလုံးကြီးများ ချက်ချင်း ရိုက်ခတ်သွားလေတော့သည်။
ဘိုးဘေးက ဘာပြောလိုက်တာလဲ။ အထက်ကောင်းကင် တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေဆီ ပြောင်းရွှေ့မယ်။
အရှင်သခင်က ဘာပြောလိုက်တာလဲ။ သူက အထက်ကောင်းကင် တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေဆီ ခေါ်သွားချင်တာလား။
ထိုနေရာရှိ လူတိုင်း၏စိတ်ထဲတွင် ဆင်တူသော အတွေးများ အသီးသီး ပေါ်လာကြ၏။ ထိုအထဲတွင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ အထူးသဖြင့် ယုံကြည်နိုင်စရာ မရှိလောက်အောင် ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် မကြာမီကမှ ကုချန်သည် သူ့အား အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားနိုင်ကြောင်းနှင့် ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ပါက အင်မော်တယ်နယ်မြေသို့ မည်သည့်အချိန်မှ ပြန်သွားနိုင်မည်ကို မသေချာကြောင်း ပြောခဲ့ဖူးသောကြောင့်ပင်။
ထိုအချိန်က ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတွင် ကောင်းကင်တားမြစ်နယ်မြေ၌သာ ကျန်ရစ်ရန် ရွေးချယ်ခဲ့ကာ ကုမိသားစုဝင်များနှင့်အတူ အင်မော်တယ်နယ်မြေသို့ သွားရောက်ရန် အနာဂတ် အခွင့်အရေးကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ အချိန်မည်မျှပင် ကြာသေးသနည်း။ အရှင်သခင်သည် ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးကို အင်မော်တယ်နယ်မြေသို့ ပြောင်းရွှေ့ရန် အမှန်တကယ် ပြင်ဆင်နေလေပြီ။ အရှင်သခင်သည် အင်မော်တယ်နယ်မြေနှင့် အဆုံးမဲ့ကမ္ဘာကြား အောင်မြင်စွာ အသွားအပြန်လုပ်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားပြီလော။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ အံ့အားသင့်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲတွင် ကြီးမားသော သက်သာရာရမှုများ ပြည့်နှက်သွားလေသည်။
သူ၏ ယခင် ဆုံးဖြတ်ချက်မှာ မည်မျှ ပညာသားပါကြောင်း တွေးမိကာ သက်သာရာရသွားခြင်း ဖြစ်၏။
အကယ်၍ သူသာ ယခင်က အရှင်သခင်နှင့်အတူ အင်မော်တယ်နယ်မြေသို့ သွားရန် ရွေးချယ်ခဲ့ပါက ယခုအချိန်တွင် အင်မော်တယ်နယ်မြေ၏ တစ်နေရာရာ၌ လမ်းပျောက်နေလောက်ပေပြီ။ အနာဂတ်တွင် ကုမိသားစု အင်မော်တယ်နယ်မြေသို့ လာရောက်လျှင်တောင်မှ ကုမိသားစုနှင့် သူ၏ဆက်ဆံရေးမှာ သဘာဝကျကျပင် မှေးမှိန်သွားမည်ဖြစ်ရာ အရင်လို ပြန်ဖြစ်နိုင်တော့မည် မဟုတ်ချေ။
သို့သော် ယခုအခါ သူသည် ကုမိသားစုနှင့်အတူ အင်မော်တယ်နယ်မြေသို့ ဂုဏ်သိက္ခာရှိရှိ ပြောင်းရွှေ့နိုင်လေပြီ။
ဤရလဒ်နှစ်ခုကြားရှိ ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင် ဖြစ်လေသည်။
" ဘိုးဘေး... ဒါဆို ကျွန်မတို့ ကုမိသားစုက အနာဂတ်မှာ အင်မော်တယ်နယ်မြေမှာ အခြေချတော့မယ်ဆိုတဲ့ သဘောလား "
ကုချင်းရွဲ့သည် လျှာလေးထုတ်ကာ မယုံကြည်နိုင်သည့် အမူအရာဖြင့် မေးမြန်းလိုက်၏။
အဲဒါ အင်မော်တယ်နယ်မြေလေ!
ရှေးခေတ်မှ ယနေ့တိုင်အောင် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ မည်မျှများများ သေမျိုးကမ္ဘာတွင် ပိတ်မိနေလျက် အင်မော်တယ်တက်လှမ်းရန် မျှော်လင့်ချက် ကင်းမဲ့နေခဲ့ရသနည်း။
ယခင်က တားမြစ်နယ်မြေများရှိ အရှင်များအားလုံး ထွက်ပေါ်လာကာ ကောင်းကင်ချောက်နက်ကို ဖောက်ထွက်ရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
သို့သော် ယခုအခါ အသံတိတ် တိတ်ဆိတ်စွာဖြင့် ဘိုးဘေးသည် ကောင်းကင်တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားနိုင်သည်ဟု ပြောနေသည်လော။
ဤသည်မှာ ဘိုးဘေးမှ အင်မော်တယ်နယ်မြေသို့ သွားနိုင်မည့် နည်းလမ်းကို ကျွမ်းကျင်ပိုင်နိုင်နေပြီဟု ဆိုလိုခြင်း မဟုတ်လော။
ဤသည်က သူတစ်ဦးတည်း တက်လှမ်းခြင်း မဟုတ်ဘဲ ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။
၎င်းတို့နှစ်ခုကြားတွင် မယုံနိုင်လောက်အောင် ကြီးမားသော ကွာခြားချက် ရှိ၏။ ပထမအချက်က ကိုယ့်၌ အင်မော်တယ်နယ်မြေသို့ သွားနိုင်သည့် စွမ်းအားရှိကြောင်းကိုသာ သက်သေပြနိုင်သည်။ သို့သော် ဒုတိယအချက်၏ အခက်အခဲမှာမူ မည်မျှပို၍ မြင့်မားမည်ကိုပင် မသိနိုင်ချေ။
ဤမျှ ပေါက်ကွဲအားပြင်းသော သတင်းသည် ကုချင်းရွဲ့ကို မည်သို့ မတုန်လှုပ်စေဘဲ နေမည်နည်း။
ကုဝူရှန့် အပါအဝင် အခြား ကုမိသားစုဝင်များသည်လည်း ကုချင်းရွဲ့ကဲ့သို့ပင် ခံစားနေရလေသည်။
ရှေးခေတ်မှ ယနေ့တိုင်အောင် အင်မော်တယ်တက်လှမ်းခြင်းသည် ကျင့်ကြံသူအားလုံး လိုက်စားသော ပန်းတိုင်ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။ သို့သော် မဟာဧကရာဇ်အဆင့်များပင်လျှင် အင်မော်တယ်တက်လှမ်းရန် မျှော်လင့်ချက် ကြီးကြီးမားမား မထားရဲခဲ့ကြပေ။
ယခု ရှိနေသော ကုမိသားစုဝင်များအတွက်မူ သူတို့သည် အင်မော်တယ်တက်လှမ်းရန်ဆိုသည်ကို တွေးပင် မတွေးဖူးကြချေ။
သို့သော် ယခုအခါ ဘိုးဘေးက အားလုံးကို အင်မော်တယ်နယ်မြေသို့ အတူတကွ ခေါ်ဆောင်သွားမည်ဟု ဆိုနေသည်။ မည်သူမျှ ဘာမှလုပ်စရာမလိုဘဲ ရိုးရိုးသားသားဖြင့် 'ပက်လက်နေရင်း အနိုင်ရ' လိုက်ခြင်းပင် ဖြစ်သည်။
ဒီသတင်းကို ကြားရင် ဘယ်သူက 'မကြောင်' သွားဘဲ နေပါ့မလဲ!
ဖီးနစ်ဧကရာဇ်သည်လည်း ဘေးမှနေ၍ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
တစ်ချိန်က သူသည်လည်း ကောင်းကင်ချောက်နက်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပါက ဖီးနစ်နားခိုရာတောင်ကုန်းမှ သူ၏မျိုးဆက်များအားလုံးကို အင်မော်တယ်နယ်မြေသို့ အတူတကွ ခေါ်ဆောင်သွားမည်ဟု တွေးခဲ့ဖူးသည်။ 'လူတစ်ယောက် တာအိုကို ရရှိတာနဲ့ သူ့ရဲ့ ကြက်တွေ၊ ခွေးတွေတောင် ကောင်းကင်ဘုံကို တက်လှမ်းခွင့်ရတယ်' ဆိုသည့် စကားအတိုင်းပင် ဖြစ်လေသည်။
သို့သော် ရလဒ်မှာ ကျရှုံးမှုသာ ဖြစ်ခဲ့သည်။ သူကိုယ်တိုင်ပင် အင်မော်တယ်တက်လှမ်းရန် မျှော်လင့်ချက် မရှိတော့ရာ ဖီးနစ်နားခိုရာတောင်ကုန်းမှ မျိုးဆက်များကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားရန်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။
သို့သော် နှစ်တစ်ရာမျှသာ ကြာပြီးနောက် သူသည် အင်မော်တယ်နယ်မြေသို့ တက်လှမ်းရန် နောက်ထပ် အခွင့်အရေးတစ်ခု ရရှိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။ ဤတစ်ကြိမ်တွင်တော့ ကောင်းကင်ဘုံသို့ တက်လှမ်းမည့် 'ကြက်နှင့်ခွေးများ' ထဲမှ တစ်ကောင်အဖြစ် သူ ပြောင်းလဲသွားခဲ့လေပြီ။
ဤကြီးမားလှသော ကွာခြားချက်အရ ကံကြမ္မာ၏ အံ့သြဖွယ်ကောင်းမှုကို လူတိုင်းအား မှင်သက်သွားစေရန် လုံလောက်ပေသည်။
သို့သော် သူ၏ းအဆင့်အတန်းမှာ တာအိုရရှိသူတစ်ဦးမှ 'ကြက်နှင့်ခွေး' အဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း ဖီးနစ်ဧကရာဇ်မှာ လုံးဝ ဂရုမစိုက်ခဲ့ချေ။
ကြက်နဲ့ခွေး ဖြစ်တော့ရော ဘာဖြစ်လဲ။
အကယ်၍ အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် မပူးပေါင်းဘဲ ဟွမ်သွမ့်လေဟာနယ်ထဲသို့ စွန့်စားဝင်ရောက်သွားခဲ့ကြသော ထိုတားမြစ်နယ်မြေ အရှင်သခင်များသာ ဤသတင်းကို သိခဲ့ပါက ယခုအချိန်တွင် ဤကြက်နှင့်ခွေးများ ဖြစ်လာရန် အလုအယက် ကြိုးစားကြမည်မှာ သေချာပေသည်။
အဲဒီ စွမ်းအား၊ အဲဒီ သတ္တိ၊ အဲဒီ အမြော်အမြင်မျိုး မရှိရင် ကြက်နဲ့ခွေး ဖြစ်ဖို့တောင် အခွင့်အရေး ရမှာမဟုတ်ဘူးလေ!
သူ၏မျိုးဆက်များအတွက် နှမြောစရာကောင်းသည်မှလွဲ၍ပေါ့။
ထားလိုက်ပါတော့... အနာဂတ်မှာ အခွင့်အရေးရလာပြီး စွမ်းအားရှိလာတဲ့အခါ သူတို့ကို အင်မော်တယ်နယ်မြေဆီ ခေါ်လာဖို့ နည်းလမ်းရှာလည်း မနောက်ကျသေးပါဘူးလေ။
ကုချန်၏စကားသည် ထိုနေရာရှိ လူတိုင်း၏စိတ်ခံစားမှုများကို လှုပ်ခတ်သွားစေသော်လည်း အဆုံးမဲ့ကမ္ဘာကို စွန့်ခွာရန် တွန့်ဆုတ်နေသူ မရှိသလောက် နည်းပါးလှကာ အားလုံးသည် အင်မော်တယ်နယ်မြေသို့ သွားရန်သာ လိုလားနေကြ၏။
ဖီးနစ်ဧကရာဇ်တို့လို လူများကို ပြောနေစရာပင် မလိုတော့ချေ။ သူတို့သည် ဤကမ္ဘာလောကတွင် နှစ်သန်းပေါင်းများစွာ ရှင်သန်ခဲ့၍ အင်မော်တယ်တက်လှမ်းရန်မှတစ်ပါး အခြား မည်သည့်အရာကိုမျှ မရှာဖွေတော့ရာ ဤအဆုံးမဲ့ကမ္ဘာကို သံယောဇဉ်တွယ်စရာ ဘာမှမရှိတော့ပေ။
ကုမိသားစုအတွက်မူ လူသားမျိုးနွယ်၏ သစ္စာဖောက်မှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက် ဤအဆုံးမဲ့ကမ္ဘာအပေါ် သံယောဇဉ် ကင်းမဲ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အဆုံးမဲ့ကမ္ဘာကို စွန့်ခွာရမည်ဆိုလျှင်တောင် သူတို့အတွက် မည်သည့် ဝမ်းနည်းမှုမျှ ရှိမည်မဟုတ်ချေ။
***