" ဝိညာဉ်ဧကရာဇ်ကို အနှောင့်အယှက် ပေးမိမယ် ဟုတ်လား "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ စကားအား ရယ်စရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ အေးစက်စွာ ခပ်ဟဟ ရယ်မောလိုက်၏။
" တကယ်လို့ ဝိညာဉ်ဧကရာဇ်သာ ဒီနေရာကို အမြဲတမ်း စောင့်ကြည့်နေမယ်ဆိုရင် ငါအရှင်က ကျိန်းသေပေါက် မဆင်မခြင် မလုပ်ရဲပါဘူး "
" ဒါပေမယ့် ငါအရှင်ရဲ့ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ဖြန့်ကျက်လိုက်တာနဲ့ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုတောင် အချိန်တိုအတွင်း သတိထားမိဖို့ ခက်သွားပြီ... မင်းမသေခင်အထိ ဝိညာဉ်ဧကရာဇ်တောင် ဘာမှ သိလိုက်မှာ မဟုတ်ဘူး "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ စကားများတွင် နက်ရှိုင်းသော ယုံကြည်မှုများ ပါဝင်နေလေသည်။
ဤသည်မှာ အင်မော်တယ်ဘုရင်အဆင့် ဘီလူးကြီးတစ်ပါး၏ ယုံကြည်မှုပင် ဖြစ်သည်။
ရှေးခေတ် အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲကာလအတွင်း သူသည် ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို အသုံးပြု၍ အင်မော်တယ်ဘုရင် သုံးပါးကို ထောင်ချောက်ဆင်ကာ တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့၏။
အစမှအဆုံးတိုင် နတ်ဆိုးနယ်မြေမှ နတ်ဆိုးဧကရာဇ်၏ ရှာဖွေတွေ့ရှိခြင်းကို သူ မခံခဲ့ရချေ။
နတ်ဆိုးဧကရာဇ်ပင်လျှင် ထိုသို့ဖြစ်ခဲ့ရာ အင်မော်တယ်ဧကရာဇ်သည်လည်း သဘာဝကျကျပင် ချွင်းချက်ဖြစ်မည် မဟုတ်ပေ။
အကယ်၍ ဝိညာဉ်ဧကရာဇ်ကသာ ဤနေရာကို အမြဲတမ်း စောင့်ကြည့်နေပါက ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် သေချာပေါက် မဆင်မခြင် လုပ်ရဲမည် မဟုတ်ချေ။
သို့သော် ဝိညာဉ်ဧကရာဇ်ကဲ့သို့သော တည်ရှိမှုတစ်ခုသည် ဤလဝိညာဉ် ကောင်းကင်ဘုံအတွင်းရှိ လှုပ်ရှားမှုများကို မည်သို့ အမြဲတမ်း စောင့်ကြည့်နေနိုင်မည်နည်း။
ထို့ကြောင့် ဝိညာဉ်ဧကရာဇ်၏ နာမည်ကို အသုံးပြု၍ သူ့အား ခြိမ်းခြောက်ရန် ကြိုးစားသည်မှာ အချည်းနှီးသာ ဖြစ်လေသည်။
" ဟမ့် "
ယွဲ့လင်အင်မော်တယ်ဘုရင်က နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ခပ်ရေးရေး ပေါ်လာ၏။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ စကားများမှာ အမှန်တကယ် မှန်ကန်ကြောင်း သူ သိလေသည်။
ဝိညာဉ်ဧကရာဇ်သည် အထက်စီးတွင် ရှိနေ၏။ သူ၏လဝိညာဉ် ကောင်းကင်ဘုံအတွင်း ဖြစ်ပျက်နေသမျှကို အမြဲတစေ မည်သို့ အာရုံစိုက်နေနိုင်မည်နည်း။
ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ဖြန့်ကျက်ထားပြီး ဖြစ်ရာ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုပင်လျှင် သေချာ ဂရုတစိုက် မစစ်ဆေးပါက မည်သည့်အရာကိုမျှ ရှာတွေ့မည် မဟုတ်ချေ။
ယခု သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ့ကိုယ်ကို ကယ်တင်ရန်သာ ဖြစ်သည်။
ယွဲ့လင်အင်မော်တယ်ဘုရင်၏ အတွေးများမှာ လျင်မြန်စွာ လည်ပတ်သွားကာ သူ၏ အင်မော်တယ်ဘုရင် ချီစွမ်းအင်များမှာလည်း မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်လာ၏။
ခဏချင်းအတွင်းမှာပင် အဆုံးမဲ့တာအို နိယာမများဖြင့် အပြည့်အဝ ဖွဲ့စည်းထားသော တောက်ပသည့် လပြည့်ဝန်းကြီးတစ်ခု သူ၏ နောက်ကျော၌ ပေါ်ထွက်လာလေသည်။
လရောင်များ ဖြာကျလာကာ လေဟာနယ်ကို ရပ်တန့်သွားစေ၏။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ခြေလှမ်းဖွဖွဖြင့် လေဟာနယ်ကို ဆွဲဖြဲကာ ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်းမှ ထွက်ပြေးရန် ပြင်လိုက်လေသည်။
သို့သော် သူ၏ကြိုးစားမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
လေဟာနယ်မှာ ရပ်တန့်နေပုံရ၏။ သာမန်အချိန်တွင် အတွေးတစ်ချက်ဖြင့် ဆွဲဖြဲနိုင်သော လေဟာနယ်သည် ယခုအခါ ကျောက်တုံးတစ်တုံးကဲ့သို့ မာကျောနေကာ အနည်းငယ်မျှပင် ခွဲဖြဲရန် လုံးဝ မဖြစ်နိုင်တော့ချေ။
သူ၏ပတ်ဝန်းကျင်ရှိ နေရာလွတ်များပင် စေးကပ်သော ညဥ့်ယံ ရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ သူ့ကို လှုပ်ရှားရန် ခက်ခဲစေကာ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်းမှ လွတ်မြောက်ရန် တားဆီးထားလေသည်။
" အားလုံးက အလကားပါပဲ "
ထွက်ပြေးရန် ကြိုးစားနေသော ယွဲ့လင်အင်မော်တယ်ဘုရင်ကို ကြည့်ကာ ကောင်းကင်နှင့်မြေကြီးကြားမှ ခပ်ဟဟ လှောင်ပြောင်ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာ၏။
မင်းက အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးတောင် မဟုတ်ဘဲ ငါ့ရဲ့ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ထဲကနေ ဒီလောက် လွယ်လွယ်လေး ထွက်သွားချင်နေတာလား။
အိပ်မက်မက်နေတာပဲ။
" သေစမ်း! "
ယွဲ့လင်အင်မော်တယ်ဘုရင် ထွက်ပြေးရန် ပြင်လိုက်ချိန်မှာပင် ချန်းရှီအင်မော်တယ်ဘုရင်သည် အခွင့်အရေးကို အရယူကာ ပြတ်သားစွာ တိုက်ခိုက်လိုက်လေသည်။
အချိန်ကြာပါက ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူ အချိန်မဆွဲရဲတော့ချေ။
" ဘုန်း! "
ချန်းရှီအင်မော်တယ်ဘုရင်မှ လက်ဝါးကို ဆန့်ထုတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း ဧရာမ အဝါရောင် လက်ဝါးကြီးတစ်ခုသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ယွဲ့လင်အင်မော်တယ်ဘုရင်အပေါ်သို့ ရက်စက်စွာ ဖိချလာ၏။
ကြီးမားလှသော လက်ဝါးကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းသွားကာ မှောင်မိုက်နေသော စကြဝဠာ ကြယ်ကောင်းကင်ကို ခဏတာမျှ လင်းထိန်သွားစေ၏။ ၎င်းနှင့်အတူ ဟွမ်သွမ့်အလင်းများနှင့် အင်မော်တယ်ချီများ ရစ်ပတ်ထွက်ပေါ်လာကာ ကမ္ဘာလောကကို ဖျက်ဆီးပစ်တော့မည့်အလား ပေါ်လာလေသည်။
ချန်းရှီအင်မော်တယ်ဘုရင်သည် ဘာကိုမျှ ချန်လှပ်မထားဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူ၏ရည်မှန်းချက်မှာ ရှင်းလင်းလှ၏။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့ထံ အညံ့မခံလိုမှတော့ ပြတ်ပြတ်သားသား သတ်ဖြတ်၍ သူ၏ အင်မော်တယ်ဘုရင် မူလချီစွမ်းအင်ကို သန့်စင်ပစ်မည် ဖြစ်သည်။
" ချွတ်! "
ဧရာမ စွမ်းအားကြီး ကျဆင်းလာသည်နှင့်အမျှ ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်ခုံးများမှာ တွန့်ချိုးသွားကာ လက်သင်္ကေတများကို လျင်မြန်စွာ ဖန်တီး၍ တာအို အမှတ်အသားများကို ဆက်တိုက် ထုတ်လွှတ်လိုက်လေသည်။
သူ၏နောက်ကျောရှိ တောက်ပသော လပြည့်ဝန်းကြီးသည် ချက်ချင်းပင် ပိုမိုတောက်ပ ပီပြင်လာကာ သူ၏ ရှေ့သို့ အလိုအလျောက် ရွေ့လျားလာ၏။ ၎င်းသည် ထူထပ်သော လရောင်များကို ဖြာကျစေကာ ချန်းရှီအင်မော်တယ်ဘုရင် ရိုက်ချလာသော အဝါရောင် လက်ဝါးကြီးကို တားဆီးရန် အတားအဆီးတစ်ခုအဖြစ် ဖန်တီးလိုက်လေသည်။
မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် အဝါရောင် လက်ဝါးကြီးသည် ယွဲ့လင်အင်မော်တယ်ဘုရင် ထုတ်လွှတ်လိုက်သော လရောင်နံရံနှင့် ဝင်တိုက်မိသွားတော့၏။
အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများအကြားရှိ တိုက်ခိုက်မှုမှာ မြေကြီးကို တုန်လှုပ်စေလျက် ကောင်းကင်ကို တုန်ဟည်းသွားစေ၏။ ဤကမ္ဘာလောကရှိ အစိတ်အပိုင်းများကို ဖျက်ဆီးပစ်တော့မည့်အလား ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ် လှိုင်းဂယက်များ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။
သို့သော် ထိုကြောက်မက်ဖွယ် လှိုင်းဂယက်များသည် ပြင်ပသို့မရောက်မီ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်း၌ပင် လျှင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရ၏။
ကောင်းကင်ဖုံးလွှမ်း နယ်ပယ် တစ်ခုလုံးသည် မမြင်ရသော ပိုက်ကွန်တစ်ခုကဲ့သို့ အင်မော်တယ်ဘုရင်အဆင့် လှိုင်းဂယက် အနည်းငယ်ကိုမျှ အပြင်သို့ မပေါက်ကြားစေရန် တားဆီးထားလေသည်။
အဝါရောင် လက်ဝါးကြီး၏ ပြင်းထန်သော ဖိအားကြောင့် ခဏတာမျှ အကြိတ်အနယ် ဖြစ်ပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရှေ့ရှိ လရောင်နံရံမှာ ရိုက်ချိုးခံလိုက်ရ၏။
ဤသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏ခေါင်းပေါ်ရှိ တောက်ပသော လပြည့်ဝန်းကို လျင်မြန်စွာ အသက်သွင်းလိုက်၍ လရောင်များ ပိုမိုကျဆင်းလာစေကာ အဝါရောင် လက်ဝါးကြီးကို သီသီလေး တားဆီးထားနိုင်ခဲ့သည်။
သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ခေါင်းပေါ်ရှိ တောက်ပသော လပြည့်ဝန်းမှာလည်း သိသိသာသာ မှေးမှိန်သွားခဲ့လေသည်။
ခေါင်းပေါ်ရှိ သိသိသာသာ မှေးမှိန်သွားသော လပြည့်ဝန်းကို ကြည့်လျက် ယွဲ့လင်အင်မော်တယ်ဘုရင်၏ အမူအရာမှာ အနည်းငယ် အကျည်းတန်နေ၏။
သူ ဝန်မခံချင်သော်လည်း သူနှင့် ချန်းရှီအင်မော်တယ်ဘုရင်ကြားတွင် စွမ်းအားကွာဟချက် တစ်ခုရှိနေကြောင်းကိုမူ ဝန်ခံရပေမည်။
ချန်းရှီအင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှု တစ်ချက်တည်းကပင် သူ၏ စွမ်းအားများစွာကို ကုန်ဆုံးသွားစေခဲ့သည်။
အကယ်၍ တိုက်ပွဲသာ ဆက်ဖြစ်နေပါက ရှုံးနိမ့်မည့်သူမှာ သေချာပေါက် သူပင် ဖြစ်လိမ့်မည်။
" ငါအရှင်က မင်းကို အခွင့်အရေး ပေးခဲ့တယ်... ဒါပေမယ့် မင်း တန်ဖိုးမထားခဲ့ဘူး "
ချန်းရှီအင်မော်တယ်ဘုရင်၏ အကြည့်များမှာ အေးစက်နေ၏။ ယွဲ့လင်အင်မော်တယ်ဘုရင်အား အသက်ရှူရချောင်ရန် အခွင့်အရေး မပေးတော့ဘဲ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားသည် အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားကာ မျှော်လင့်ချက်မဲ့စေမည့် ပြိုင်ဘက်ကင်းခြင်း ခံစားမှုကို သယ်ဆောင်လာလေသည်။
ချန်းရှီအင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ခါးသီးနေသော်လည်း ခဏတာသာ ခုခံနိုင်ကာ အရေးနိမ့်သွားတော့၏။
အမှန်တကယ်တော့ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများအကြားရှိ တိုက်ပွဲများတွင် စွမ်းအားကသာ အရာအားလုံးကို ဆုံးဖြတ်လေသည်။ အားနည်းသူမှ အားကြီးသူကို အနိုင်ယူနိုင်သည့် ကိစ္စမျိုး ရှိလာမည် မဟုတ်ပေ။
အဆင့်နိမ့် ကျင့်ကြံသူများကြားတွင် အားနည်းသူမှ အားကြီးသူကို အနိုင်ယူသည့် ဖြစ်ရပ်မျိုး ရှိကောင်းရှိနိုင်၏။
သို့သော် အင်မော်တယ်ဘုရင်အဆင့်တွင် တာအိုကို နားလည်သဘောပေါက်မှုကသာ အခရာ ဖြစ်လေသည်။
အားပိုကြီးသူသည် အားနည်းသူကို ပေါင်းပင်လေးတစ်ပင်ပမာ အပြတ်အသတ် ချေမှုန်းနိုင်ရာ မည်သည့် အံ့အားသင့်စရာမှ ဖြစ်လာမည် မဟုတ်ချေ။
နောက်ထပ် ပြင်းထန်သော အပြန်အလှန် တိုက်ခိုက်မှုအပြီးတွင် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ဖရိုဖရဲ ဆုတ်ခွာလိုက်ရ၏။ သူ၏ခန္ဓာကိုယ်အတွင်း ချီများ ဆူပွက်နေကာ နှုတ်ခမ်းထောင့်တွင်လည်း ထိတ်လန့်ဖွယ် သွေးစများ ရှိနေလေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချန်းရှီအင်မော်တယ်ဘုရင်၏ ချီစွမ်းအင်များမှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်နဲနေဆဲဖြစ်ကာ အားနည်းသွားသည့် အရိပ်အယောင် လုံးဝ မရှိချေ။
ယွဲ့လင်အင်မော်တယ်ဘုရင်ကို ပို၍ မျှော်လင့်ချက်မဲ့သွားစေသည်မှာ အစမှအဆုံးတိုင် သူနှင့် ချန်းရှီအင်မော်တယ်ဘုရင်ကြား တိုက်ပွဲ မည်မျှပြင်းထန်နေစေကာမူ ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်းမှ လှိုင်းဂယက် အနည်းငယ်မျှပင် ပေါက်ကြားမသွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်း သူ သေဆုံးသွားလျှင်တောင်မှ နယ်ပယ်အပြင်ဘက်ရှိ မည်သူကမျှ သိရှိမည်မဟုတ်ပေ။
ဒီနေ့ ဒီနေရာမှာပဲ သူ သေဆုံးရတော့မှာလား။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်လိုက်ပြီးနောက် လှပသော မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှု အရိပ်အယောင် ခပ်ရေးရေး ပေါ်လာ၏။
သူ အနည်းငယ် မကျေမချမ်း ဖြစ်မိသည်။
ချီလျန်မျိုးနွယ် ဘေးကင်းကြောင်းကို ယခုလေးတင် သူ သိရှိခဲ့ရကာ အနာဂတ်တွင် အခွင့်အရေးရပါက သူ၏မျိုးနွယ်စုဝင်များကို ပြန်လည်တွေ့ဆုံရန် စီစဉ်ထားခဲ့သည်လေ။
ယွဲ့လင်အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ်အာရုံမှာ ခဏတာမျှ ယိမ်းယိုင်သွားလေသည်။
ရုတ်တရက် သူ တစ်ယောက်တည်းသာ ကြားနိုင်သော ခပ်ဟဟ ရယ်မောသံတစ်ခု သူ၏နားဘေးတွင် ထွက်ပေါ်လာ၏။
" အကူအညီ လိုလို့လား "
ဒါ... ကုချန်လား?!
နားဘေးမှ ထိုအသံကို ကြားလိုက်ရချိန်တွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေခဲ့သော ယွဲ့လင်အင်မော်တယ်ဘုရင်၏ လှပသော မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ချက်ချင်း လင်းလက်သွားတော့သည်။
အဲဒီလူက ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ဖြတ်ကျော်ပြီး အထဲက လှုပ်ရှားမှုတွေကို သိနိုင်တာလား?!
***