ကောင်းကင်ဖုံးလွှမ်း နယ်ပယ်?
ကုချန်သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ် လှိုင်းဂယက်များကို ခံစားမိသွားဟန်ဖြင့် ခပ်ဟဟ ရယ်မောလိုက်၏။
ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်သည် အမှန်တကယ်ပင် ထူးခြားလှပေသည်။ အကယ်၍ သူသာ လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို မထိန်းချုပ်ထားဘဲ သူ၏နတ်ဝိညာဉ်ကို ကောင်းကင်နှလုံးသား၌ အပ်နှံကာ ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့ တာအိုများကို နားလည်သဘောပေါက်နေခြင်း မရှိပါက ဤနေရာမှ လှုပ်ရှားမှုကို သူ သတိထားမိမည် မဟုတ်ချေ။
သို့သော် သူ ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်သည် ကုချန်၏အကြည့်အောက်မှ မဖုံးကွယ်နိုင်တော့ပေ။
အမှန်တကယ်တော့ ယွဲ့လင်အင်မော်တယ်ဘုရင် ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ထဲသို့ စတင်ကျရောက်သွားကတည်းက ထိုနေရာရှိ လှုပ်ရှားမှုများကို ကုချန် သိရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော် သူ အလောတကြီး ဝင်မပါခဲ့ဘဲ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။
ထိုသို့ လုပ်ဆောင်ရခြင်းတွင် သူ့အကြောင်းပြချက်နှင့်သူ ရှိ၏။
အချိန်ကိုက် ကူညီပေးခြင်းက ရှိပြီးသားအရာအပေါ် ထပ်လောင်းဖြည့်ဆည်းပေးခြင်းထက် ပို၍ ကောင်းမွန်လေသည်။
အကယ်၍ ယွဲ့လင်အင်မော်တယ်ဘုရင် မျှော်လင့်ချက်မဲ့လုနီးပါး အန္တရာယ်နှင့် မကြုံတွေ့ရသေးမီ အစကတည်းက သူ ဝင်ကူညီခဲ့ပါက ယွဲ့လင်သည် သူ၏အကူအညီအတွက် မည်သို့ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မည်နည်း။
ထို့အပြင် ယခုအချိန်မှ ထွက်ပေါ်လာခြင်းတွင် ကုချန်၌ ကိုယ်ပိုင်အတွေးများ၏ ရှိနေသေး၏။
" ကျွန်မကို ကူညီပေးဖို့အတွက် ရှင့်ကို ဘာပြန်ပေးရမှာလဲ "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် တည်ငြိမ်စွာ မေးမြန်းလိုက်၏။
သူသည် အလွန် ဉာဏ်ကောင်းသူဖြစ်ရာ ဤလောကတွင် အကြောင်းပြချက်မရှိ ကူညီခြင်းမျိုး မရှိကြောင်း သဘာဝကျကျပင် သိထားလေသည်။
ကုချန်သည် ချီလျန်မျိုးနွယ်၏ အရှင်သခင်ဖြစ်သော်လည်း သူနှင့် မည်သည့် ပတ်သက်မှုမျှ မရှိချေ။ အဘယ်ကြောင့် သူ့ကို ကူညီရမည်နည်း။
သူသည် ချီလျန်မျိုးနွယ်ဝင် ဖြစ်နေရုံမျှဖြင့် တစ်ဖက်လူက သေချာပေါက် ကူညီရမည်ဟု တွေးထင်လောက်အောင် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မတုံးအလွန်းပေ။
ဤလောကရှိ အကူအညီနှင့် လက်ဆောင်တိုင်းတွင် တန်ရာတန်ကြေး ရှိစမြဲ ဖြစ်သည်။
ဤအချက်ကို ယွဲ့လင်အင်မော်တယ်ဘုရင် သိထားသည်မှာ ကြာပြီ ဖြစ်၏။
ပါးနပ်လိုက်တာ!
ယွဲ့လင်အင်မော်တယ်ဘုရင်မှ သူ ပြန်ပေးရမည့်အရာအား အရင်စတင် မေးမြန်းလာသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အလွန် သိတတ်ကာ နေရာသိသူဟု ခံစားရ၍ ကုချန် မချီးကျူးဘဲ မနေနိုင်တော့ချေ။
အချို့လူများမှာမူ ထုံအလွန်းကြကာ ကိုယ့်နေရာကိုယ်မသိဘဲ အခြားသူများ ကူညီသည်ကိုပင် လုပ်သင့်လုပ်ထိုက်သည်ဟု ထင်မှတ်တတ်ကြသည်။
အကယ်၍ ယွဲ့လင်အင်မော်တယ်ဘုရင်သာ ထိုကဲ့သို့ လူမျိုးဖြစ်ပါက ကုချန်သည် သူ့အား အဖက်လုပ်မည်ပင် မဟုတ်ချေ။
သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်က ဤမျှ သိတတ်နေမှတော့ သူ၏ နောက်ထပ် သတ်မှတ်ချက်များကို ကမ်းလှမ်းရန် များစွာ ပိုမိုလွယ်ကူသွားပြီ ဖြစ်လေသည်။
" မင်းကို ကူညီစေချင်ရင် ပြန်ပေးရမှာ တစ်ခုပဲ ရှိတယ်... ဒီကိစ္စပြီးရင် မင်းက ငါကိုယ်တော်ဆီမှာ နှစ်တစ်သိန်းကြာ သစ္စာခံရမယ်... နှစ်တစ်သိန်းပြည့်ရင် မင်းရဲ့ လွတ်လပ်ခွင့်ကို ငါကိုယ်တော် ပြန်ပေးမယ် "
ကုချန်မှ အေးဆေးစွာ ပြောဆိုလိုက်ကာ အပေးအယူကို ကမ်းလှမ်းလိုက်၏။
ယွဲ့လင်အင်မော်တယ်ဘုရင်ကို နှစ်တစ်သိန်းကြာ အစေခံခိုင်းခြင်းမှာ ကုချန် ရုတ်တရက် တွေးမိ၍ ကမ်းလှမ်းလိုက်သော သတ်မှတ်ချက်မဟုတ်ဘဲ အချိန်ကြာမြင့်စွာ စဉ်းစား စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
အနာဂတ်တွင် အထက်ကောင်းကင်တားမြစ်နယ်မြေ အင်မော်တယ်နယ်မြေသို့ ဝင်ရောက်လာသောအခါ သူ့ကို ဖယ်ထုတ်လိုက်ပါက တားမြစ်နယ်မြေ တစ်ခုလုံး၏ ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားမှာ ရုတ်တရက် မလုံလောက်တော့သကဲ့သို့ ဖြစ်သွားမည် ဖြစ်၏။
ဧကရာဇ်အဆင့် ကျင့်ကြံမှုသည် အောက်ကမ္ဘာတွင် ကြီးစိုးနိုင်သော်လည်း အင်မော်တယ်နယ်မြေတွင်မူ လုံးဝ မလုံလောက်ပေ။ စစ်မှန်သော အင်မော်တယ် တစ်ပါးပင်လျှင် မဖြစ်နိုင်ပေ။
ကုချန်၏ ကိုယ်ပိုင်အချိန်မှာ ပို၍ပင် အဖိုးတန်လှရာ ဤအသေးအဖွဲ ကိစ္စများကို ဖြေရှင်းနေရန် သူ့၌ အချိန်များများစားစား မရှိချေ။
ထို့ကြောင့် ကုမိသားစုအတွက် နောက်တန်းကို ထိန်းထားနိုင်မည့် စွမ်းအားကြီးမားသော အစောင့်အရှောက်တစ်ဦး ရှိနေရန်မှာ အထူး အရေးကြီးလှသည်။
ကုချန်မှ ယွဲ့လင်အင်မော်တယ်ဘုရင်ကို အစေခံခိုင်းခြင်းမှာ သူ့ကို ကုမိသားစု၏ အစောင့်အရှောက်အဖြစ် တာဝန်ယူစေလိုသောကြောင့်ပင်။
သေချာပေါက် ၎င်းအပြင် သူ ကိုယ်တိုင် ပါဝင်ပတ်သက်ရန် အဆင်မပြေသော ကိစ္စအချို့ကိုလည်း ယွဲ့လင်အင်မော်တယ်ဘုရင်ထံ လွှဲပြောင်းဖြေရှင်းခိုင်းနိုင်သည်။ သူ၏ ကိုယ်စားလှယ်ကဲ့သို့ လုပ်ဆောင်စေခြင်းဖြင့် ပြဿနာများစွာကို လျှော့ချနိုင်မည် ဖြစ်လေသည်။
လက်ရှိ လဝိညာဉ် ကောင်းကင်ဘုံကဲ့သို့ပင်။
လဝိညာဉ် ကောင်းကင်ဘုံသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နယ်မြေဖြစ်ကြောင်း အင်မော်တယ်နယ်မြေရှိ အဖွဲ့အစည်းအားလုံး သိကြသော်လည်း လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားသည် ကုချန်၏လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မည်သူမျှ မသိကြချေ။
ထိုအခါ သူသည် နောက်ကွယ်တွင် နေထိုင်ကာ တိတ်တဆိတ် အကျိုးအမြတ်များ ရှာဖွေနိုင်မည် ဖြစ်သည်။
ထို့အပြင် နှစ်တစ်သိန်းဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် သိပ်မကြာလှသောကြောင့် ဤသတ်မှတ်ချက်ကို လက်ခံနိုင်ဖွယ် ရှိသည်ဟု သတ်မှတ်နိုင်၏။
တကယ်တမ်းလည်း ကုချန်၏ကမ်းလှမ်းချက်ကို ကြားပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မတုံ့ဆိုင်းဘဲ မနေနိုင်တော့ချေ။
အကယ်၍ ကုချန်သာ ချန်းရှီအင်မော်တယ်ဘုရင်ကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိနေပါက သူ သဘောတူမည်မဟုတ်ဘဲ သေခြင်းကိုသာ ရွေးချယ်ပစ်မည်ဟု တွေးထားခဲ့သည်။
သို့သော် ယခုအခါ ကုချန် ကမ်းလှမ်းသော အပေးအယူမှာ လက်မခံနိုင်စရာမျိုး မဟုတ်ပေ။
သူ့ကို နှစ်တစ်သိန်းကြာ သစ္စာခံခိုင်းပြီးနောက် နှစ်တစ်သိန်းပြည့်ပါက သူ၏လွတ်လပ်ခွင့်ကို ပြန်ရမည် ဖြစ်သည်။
အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် နှစ်တစ်သိန်းဆိုသည်မှာ မျက်စိတစ်မှိတ်စာ မဟုတ်သော်လည်း သိပ်မရှည်လျားလှသောကြောင့် လက်ခံနိုင်သော သတ်မှတ်ချက်တစ်ခု ဖြစ်လေသည်။
သို့သော်.....
" ရှင့်ကို သစ္စာခံတာက အဆင်ပြေပါတယ်... ဒါပေမယ့် ရှင် ထိန်းချုပ်ဖို့ ကျွန်မရဲ့ နတ်ဝိညာဉ် အမှတ်အသားကိုတော့ ပေးမှာ မဟုတ်ဘူး "
ယွဲ့လင်အင်မော်တယ်ဘုရင်မှ အသံဩဩဖြင့် ပြောဆိုလိုက်၏။
အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများအတွက် သာမန် ကောင်းကင်နှင့်မြေကြီး ကျိန်စာများသည် မည်သည့် သက်ရောက်မှုမျှ မရှိချေ။
လုံခြုံမှုကို သေချာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ တစ်ဖက်လူ ထိန်းချုပ်ရန် မိမိ၏နတ်ဝိညာဉ် အမှတ်အသားကို ပေးအပ်ခြင်းသာ ဖြစ်သည်။
သို့သော် ထိုသို့လုပ်ဆောင်ခြင်းက မိမိ၏ သေရေးရှင်ရေးကို တစ်ဖက်လူ၏ လက်ဝါးပေါ်တွင် အပ်နှံလိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် နတ်ဝိညာဉ် အမှတ်အသားဆိုသည်မှာ လုံးဝ ပေးအပ်၍မရသော အရာဖြစ်သည်။ ဤသည်မှာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ဆုံးစည်းပင် ဖြစ်လေသည်။
သူသည် ကုချန်အား သစ္စာခံကာ ထိုသူ၏ကိစ္စများကို ဖြေရှင်းပေးနိုင်သော်လည်း ချီလျိုနှင့် ချီမုန်တို့ကဲ့သို့ သူ၏နတ်ဝိညာဉ် အမှတ်အသားကို ပေးအပ်မည် မဟုတ်ပေ။
" ငါကိုယ်တော်ကလည်း မင်းရဲ့ နတ်ဝိညာဉ် အမှတ်အသားကို လိုချင်နေတာ မဟုတ်ပါဘူး "
ယွဲ့လင်အင်မော်တယ်ဘုရင်၏ ထိုသို့သောအပြောကို ရင်ဆိုင်ရချိန်တွင် ကုချန်မှာ အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်းမရှိဘဲ တဲ့တိုးဆန်စွာပင် ပြောဆိုလေသည်။
အမှန်တကယ်တော့ သူသည် အစကတည်းက ယွဲ့လင်အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ် အမှတ်အသားကို ထိန်းချုပ်ရန် မတွေးခဲ့ဖူးချေ။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျန်မျိုးနွယ်၏ သဲလွန်စများကို ရှာဖွေရန် မည်သည့်အခါမျှ လက်မလျှော့ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သူသည် သံယောဇဉ်ကို တန်ဖိုးထားသူ တစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှသည်။
ယခုအခါ ချီလျန်မျိုးနွယ်သည် သူ၏ထိန်းချုပ်မှုအောက်တွင် အကြွင်းမဲ့ရှိနေပြီ ဖြစ်၏။
ချီလျန်မျိုးနွယ်ဆိုသော 'အားနည်းချက်' ကို ကိုင်ထားပြီးဖြစ်ရာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ် အမှတ်အသားကို သူ ထိန်းချုပ်ရန် လိုအပ်သေးသလော။
လုံးဝ မလိုအပ်တော့ပေ။
မည်သို့ပင်ဖြစ်စေ ယွဲ့လင်အင်မော်တယ်ဘုရင်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေရမည့် ကိစ္စမျိုး လုပ်ခိုင်းမည် မဟုတ်ချေ။ ယွဲ့လင်ကို သစ္စာခံခိုင်းရခြင်းမှာ အလုပ်သေးသေးမွှားမွှားလေးများ၊ ကိုယ်စားလှယ် အင်မော်တယ်ဘုရင်အဖြစ် ဆောင်ရွက်ခြင်းနှင့် အပြစ်ခံယူပေးခြင်း စသည်တို့အတွက်သာ ဖြစ်လေသည်။
" ကောင်းပြီ... ရှင့်ကို နှစ်တစ်သိန်းကြာ သစ္စာခံဖို့ ကျွန်မ သဘောတူတယ် "
ကုချန်မှ အလွယ်တကူ သဘောတူလိုက်သည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ကုချန် ကမ်းလှမ်းသည်များကို ပြတ်သားစွာ လက်ခံလိုက်၏။
ယွဲ့လင်အင်မော်တယ်ဘုရင် သဘောတူလိုက်သည်ကို မြင်သောအခါ ကုချန်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။
နှစ်တစ်သိန်း အစေခံပြီးသည်နှင့် လွတ်လပ်ခွင့် ရလိမ့်မည်ဟု ယွဲ့လင်အင်မော်တယ်ဘုရင်က ထင်မှတ်နေ၏။
ဒါပေမဲ့ တကယ်ပဲ အဲဒီလို ဖြစ်လာမှာလား။
ကုချန်၏ လက်ရှိ စွမ်းအားတိုးတက်မှုအရှိန်အရ နှစ်တစ်သိန်းအကြာတွင် အင်မော်တယ်ဧကရာဇ်အဆင့် သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။
ချီလျန်မျိုးနွယ်၏ သံယောဇဉ်နှောင်ကြိုးများနှင့် ပေါင်းစပ်လိုက်လျှင်.....
ထိုအချိန်ကျ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏လက်အောက်မှ အမှန်တကယ် ခွဲထွက်လိုပါဦးမည်လော။
သူသည် မလိုတလိုဖြင့်ပင် ဆက်လက်သစ္စာခံ သွားနိုင်လေသည်။
သို့သော် ဤအရာအားလုံးမှာ နောက်မှဖြစ်လာမည့် ကိစ္စများသာ ဖြစ်၏။
ယခုလောလောဆယ်တွင် သူ၏ပထမဆုံး အင်မော်တယ်ဘုရင်အဆင့် လက်အောက်ငယ်သားကို အမြန် ကယ်တင်ရန် လိုအပ်နေသေးသည်။
" သေစမ်း! "
ချန်းရှီအင်မော်တယ်ဘုရင်သည် ဟိန်းဟောက်လိုက်ကာ ရှေ့သို့ ထပ်မံပြေးဝင်လာ၏။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်နှင့် တိတ်တဆိတ် သဘောတူညီချက် ရယူပြီးသွားပြီဆိုသည်ကို သူ လုံးဝ မသိခဲ့ချေ။
" ဝှစ်...! "
ရုတ်တရက် ထူထပ်သော မှောင်မိုက်မှုကြီးမှာ ပယ်ပျောက်သွားကာ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်မှာလည်း ဆုတ်ဖြဲခံလိုက်ရသည်မှာ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်အထိပင်။
ကောင်းကင်နှင့်မြေကြီးကို စတင်ဖွင့်လှစ်ပေးလိုက်သော ပထမဆုံး အလင်းတန်းကဲ့သို့ အလင်းတန်းတစ်ခု ထိုအက်ကွဲကြောင်းထဲမှ ထိုးဖောက်ဝင်ရောက်လာရာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ငြိမ်းချမ်းမှုများ ချက်ချင်း ပြည့်နှက်သွားစေ၏။
ထို့နောက် လက်မောင်းတစ်ဖက်သည် ထိုအက်ကွဲကြောင်းထဲမှ ဆန့်ထွက်လာကာ အပိုအလိုမရှိ ချန်းရှီအင်မော်တယ်ဘုရင်ဆီသို့ လက်သီးတစ်ချက် ပြတ်သားစွာ ထိုးချလိုက်လေသည်။
ဧကရာဇ်လက်သီး လွှဲယမ်းသွားရာ ၎င်း၏စွမ်းအားသည် အရပ်ဆယ်မျက်နှာသို့ လွှမ်းခြုံသွားလျက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ သွေးများ ဖိတ်စင်ကာ ချန်းရှီအင်မော်တယ်ဘုရင်မှာ နောက်သို့ လွင့်စဉ်သွားတော့သည်။
***