ဒါကြောင့် ပါမေးနီးယပ်စ် ရှေ့မှာ လီယိုတီခိုက်ဒီးစ် ရဲ့ အေးစက်မာနကြီးတဲ့ မျက်နှာက လေးစားမှု အဖြစ် ပြောင်းလဲသွားတယ်။
"သူ့ကို ကူညီကြ"
လီယိုတီခိုက်ဒီးစ် ပြောရင်း လက်လှမ်းလိုက်ပြီး လှံတို အဆုံးကို ကိုင်ကာ ဆွဲထုတ်လိုက်တယ်။
ဒါပေမဲ့ ဂက်စ်ထရာဖီးတီးစ် ရဲ့ အရှိန် ပြင်းလွန်းလို့ လီယိုတီခိုက်ဒီးစ် တစ်ယောက်တည်း လှံတိုကို ဆွဲမထုတ်နိုင်ဘူး။
"အားကောင်းတဲ့ သူ တစ်ယောက်လောက် လာကူညီကြ!"
လီယိုတီခိုက်ဒီးစ် မြင်းစီးသိုင်းကွက် ပုံစံ ယူပြီး တစ်ကိုယ်လုံး အားသုံးဖို့ ပြင်လိုက်တယ်။
ဒီအချိန်မှာ တခြား တပ်စိတ်မှူး တစ်ယောက် အော်ပြောလိုက်တယ်။
"တပ်ရင်းမှူး! ရန်သူ့ တိုက်ခိုက်မှု လာနေပြီ။ ဒီတစ်ချီ ရှောင်ပြီးမှ တပ်စိတ်မှူး ပါမေးနီးယပ်စ် အလောင်းကို ပြန်လာသယ်ပါ!"
လီယိုတီခိုက်ဒီးစ် သူ့ကို လျစ်လျူရှုထားတယ်။
တပ်စိတ်မှူး လုပ်စရာ မရှိတော့လို့ အော်ပြောလိုက်တယ်။
"ဒိုင်းကာ ပုံစံ ယူကြ!"
တပ်သားတွေ ကျွမ်းကျင်စွာနဲ့ ဒိုင်းရှည်တွေ စီပြီး အမိုးလုပ်လိုက်ကြတယ်။ လီယိုတီခိုက်ဒီးစ် ကို အလယ်မှာ ထားပြီး ကာကွယ်လိုက်တယ်။
"တပ်ရင်းမှူး ဟိုင်ဘာတားရပ်စ် !"
အော်သံနဲ့ အတူ ဟိုင်ဘာတားရပ်စ် တိုးဝင်လာတယ်။ သူလည်း ပါမေးနီးယပ်စ် လက်အောက်မှာ တပ်သား ဖြစ်ခဲ့ဖူးတဲ့ တပ်ရင်းမှူး တစ်ယောက်။ လီယိုတီခိုက်ဒီးစ် ဘေးမှာ ရပ်ပြီး လှံတိုကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်တယ်။
သစ်သား မြို့ရိုးကို ကျောက်တုံးတွေ ထိမှန်တဲ့ "ဝုန်း" ဆိုတဲ့ အသံကြီးတွေ ကြားမှာ၊ သူတို့ နှစ်ယောက် ပင်ပင်ပန်းပန်းနဲ့ လှံတိုကို ဆွဲထုတ်လိုက်တယ်။ ကံကောင်းလို့ ဂက်စ်ထရာဖီးတီးစ် က ဒီဘက်ကို ထပ်မပစ်တော့လို့။ မဟုတ်ရင် ဒိုင်းရှည်တွေက ကာကွယ်နိုင်မှာ မဟုတ်ဘူး။
လီယိုတီခိုက်ဒီးစ် ပါမေးနီးယပ်စ် အလောင်းကို ချလိုက်တယ်။ သူ့ဦးထုပ်ကို ချွတ်၊ ပါမေးနီးယပ်စ် ရဲ့ နာကျင်နေတဲ့ မျက်လုံးတွေကို လက်နဲ့ ပိတ်ပေးပြီး တိုးတိုးလေး ဆုတောင်းလိုက်တယ်။
"အီလစ်စီယမ် တံခါးကြီး ခင်ဗျား အတွက် ပွင့်ပါစေ"
ပြီးတော့ မတ်တပ်ရပ်ပြီး ပြောလိုက်တယ်။
"စီတယ်လ်ဆီးစ် ... ခင်ဗျား ပါမေးနီးယပ်စ် နေရာမှာ တပ်စိတ်မှူး အစားဝင်ပြီး၊ လူနှစ်ယောက် ခေါ်ကာ ပါမေးနီးယပ်စ် အလောင်းကို နောက်တန်း ပို့လိုက်ပါ"
"နားလည်ပါပြီ!"
လီယိုတီခိုက်ဒီးစ် ရဲ့ အထက်လူကြီး ဖြစ်ဖူးတဲ့ စီတယ်လ်ဆီးစ် အလေးပြုပြီး ပြန်ဖြေတယ်။
"ပရိုဆော့စ် . ဆီရာကျု တွေရဲ့ သွေးတွေ အများကြီးနဲ့ ပါမေးနီးယပ်စ် အတွက် ပူဇော်ကြမယ်!"
ဟိုင်ဘာတားရပ်စ် နာကြည်းစွာ ပြောလိုက်တယ်။ (မှတ်ချက် - ပရိုဆော့စ် ဆိုတာ သီအိုနီယာ မှာ ခေါ်တဲ့ လီယိုတီခိုက်ဒီးစ် ရဲ့ နာမည်ပွား)
လီယိုတီခိုက်ဒီးစ် ဘာမှ ပြန်မပြောပေမယ့် မျက်နှာထားက အေးစက်ကြမ်းကြုတ်နေတယ်။
ဒီတစ်ချီ ဗုံးမိုးရွာတာ ပြီးတော့ ကင်းသမား ရှေ့ပြေးပြီး ရန်သူကို ကြည့်လိုက်တယ်။ သစ်သား မြို့ရိုးက ပြိုကျလုနီးပါး ဖြစ်နေပြီမို့ မြင်ကွင်း ကျယ်သွားပြီ။
"သတင်းပို့ပါတယ်... ရန်သူတွေ ဘယ်လစ်စတာ တွေကို ရှေ့တိုးနေပါတယ်!"
သူ ပြောလို့ မဆုံးခင် "ကျွီ... ဂြွမ်း" ဆိုတဲ့ အသံကျယ်ကြီး ကြားလိုက်ရတယ်။ ယိုင်နဲ့နေတဲ့ ကင်းမျှော်စင်ကြီး ပြိုကျသွားတာ။
လီယိုတီခိုက်ဒီးစ် အယ်လ်ကန်တာရာ မြစ် တောင်ဘက်ကမ်းက ဆီရာကျု တပ်မတော်ကို လှမ်းကြည့်ပြီး အမိန့်ပေးလိုက်တယ်။
"စစ်သည် အားလုံး ချက်ချင်း ဆုတ်!"
သူ့တပ်ရင်းတင် မကဘူး၊ တခြား တပ်ရင်းတွေပါ ဆုတ်ခွာကုန်ကြတယ်။
. . . . . . . . . . . . .
တောင်ဘက်ကမ်းမှာ ရှိတဲ့ မားစီးယပ်စ်က ဘယ်လစ်စတာ တပ်ဖွဲ့ကို အမိန့်ပေးလိုက်တယ်။
"ဘယ်လစ်စတာ တွေကို နောက်ထပ် ၁၀ မီတာ ရှေ့တိုး!"
ဒိုင်ယွန်နီးစီးယပ်စ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဆီရာကျု ကာကွယ်ရေး စစ်သေနာပတိ၊ ကြေးစားခေါင်းဆောင်ဟောင်း မားစီးယပ်စ် က တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်ပြီး တပ်အသုံးပြုရာမှာ အလွန် သတိထားတတ်တယ်။ စစ်ကူတောင်းဖို့ ပြန်လာတဲ့ သံတမန်ရဲ့ အသေးစိတ် သတင်းပို့ချက် အရ၊ မက်ဂနာ ဂရိ (Magna Graecia) မှာ ဆီရာကျု တပ်မတော် ဘယ်လို ရှုံးခဲ့လဲ ဆိုတာ သူ သိထားတယ်။ သီအိုနီယာ တပ်မတော်ရဲ့ တိုက်ခိုက်ပုံ သဘာဝကို နားလည်ထားတယ်။ ဒါကြောင့် စစ္စလီ (Sicily) မဟာမိတ်တွေ စိတ်အေးရအောင် ကျူးကျော်သူတွေကို အမြန် ရှင်းပစ်ဖို့ ဖီလစ်တပ်စ် တိုက်တွန်းပေမယ့်၊ သူက သူ့အစီအစဉ် အတိုင်း တစ်ဆင့်ချင်း သွားဖို့ ဆုံးဖြတ်လိုက်တယ်။
သူ ရထားတဲ့ သတင်းအရ ရန်သူ့ အင်အားက ၆,၀၀၀ လောက် ရှိမယ်။ ပြည်နှင်ဒဏ်သင့်သူတွေပါ ပေါင်းရင် ၇,၀၀၀ ကျော်လောက် ဖြစ်မယ်။ သူ့တပ်က ရန်သူ့ထက် အများကြီး သာပေမယ့်၊ အလောတကြီး မတိုက်ချင်ဘူး။ ဆီရာကျု ရဲ့ ဝိုင်းရံတိုက်ပွဲ အတွေ့အကြုံတွေ အတိုင်း လုပ်ဆောင်တယ်။ ဘယ်လစ်စတာ နဲ့ အရင် ပစ်ပြီး ရန်သူ့ ခံစစ်ကို အားနည်းအောင် လုပ်၊ စိတ်ဓာတ်တွေ ကျဆင်းအောင် လုပ်ပြီးမှ တပ်သားတွေ လွှတ်ပြီး တိုက်မယ်။
မီဂါလော့စ် ရဲ့ ခံစစ် ညံ့ဖျင်းမှုက ဆီရာကျု ဘယ်လစ်စတာတွေရဲ့ အစွမ်းကို ပိုပေါ်လွင်စေတယ်။ တောင်ဘက် သစ်သား မြို့ရိုးနဲ့ မျှော်စင်တွေ ပြိုကျကုန်ပြီ။ ဒါတောင် မားစီးယပ်စ် တပ်မလွှတ်သေးဘူး။ ဒီနေ့ တစ်နေ့လုံး ဆက်ပစ်ပြီး မီဂါလော့စ် ကို အပျက်အစီးပုံ ဖြစ်အောင် လုပ်မယ်။ သီအိုနီယာ နဲ့ စစ္စလီ ပြည်နှင်ဒဏ်သင့်သူတွေကို ကြောက်လန့်တုန်လှုပ်ပြီး အားကုန်သွားအောင် လုပ်မယ်။ မနက်ဖြန် ဂီလာ ၊ ကာမာရီနာ စတဲ့ တောင်ဘက် ကမ်းရိုးတန်း မဟာမိတ် မြို့တွေက စစ်ကူ ရောက်မှ တစ်ချက်တည်း အပြတ်ရှင်းမယ်။ ဒါကြောင့် ဒီနေ့ မားစီးယပ်စ် ပြောတဲ့ စကားက တစ်ခွန်းတည်း ရှိတယ်။
"ရှေ့တိုး! ဆက်တိုး! မီဂါလော့စ် ကို အစအန မကျန်အောင် ပစ်!!"
ဆီရာကျု အစီအစဉ်က အန်တိုနီးယော့စ် မျှော်လင့်ထားတာနဲ့ လွဲနေတယ်။ ဆီရာကျု တပ်သားတွေ တက်မလာဘဲ ဗုံးမိုးရွာနေတော့၊ ပြည်နှင်ဒဏ်သင့်သူ ခေါင်းဆောင်တွေက ခဏခဏ လာတိုင်တောကြတယ်။ သီအိုနီယာ တပ်သားတွေတင် မကဘူး၊ ပြည်နှင်ဒဏ်သင့်သူတွေနဲ့ မိသားစုတွေပါ နောက်ဆုတ်နေရတာကိုး။ မြေငလျင် လှုပ်သလို တုန်ခါမှုတွေ ကြားမှာ ကလေးငိုသံတွေ၊ အမျိုးသမီးတွေ အော်ဟစ်သံတွေ မြို့ထဲမှာ ပြည့်နေတယ်။ တိုရီလောစ် (Torilaus) ဆိုရင် အန်တိုနီးယော့စ် ကို တပ်ဦးဆောင်ပြီး ဆီရာကျု ကို အရင် သွားတိုက်စေချင်နေတယ်။
အန်တိုနီးယော့စ် ပြတ်ပြတ်သားသား ငြင်းလိုက်တော့၊ တိုရီလောစ် ဒေါသထွက်ပြီး သီအိုနီယာ တွေ သူရဲဘောကြောင်တယ် ဆိုပြီး ကျိန်ဆဲတယ်။
ဆီရာကျု ဘယ်လစ်စတာတွေကြောင့် ခေါင်းကိုက်နေပေမယ့် အန်တိုနီးယော့စ် ဂရုမစိုက်ပါဘူး။ ရန်သူ့ တပ်သားတွေ မလာတာက ပထမ လီဂျင်တပ်မ အတွက် အချိန်ရစေတယ်။ ပြီးတော့ အန်ထရာပိုလစ် (Antrapolis) ရဲ့ အကြံပြုချက်က ရန်သူ့ အစီအစဉ်ကို နားလည်စေပြီး မျှော်လင့်ချက် ပေးတယ်။ ဒါပေမဲ့ ကြွက်တွေလို အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ထောက်လှမ်းရေးတွေကို သူ အားမကိုးချင်ဘူး။
အန်တိုနီးယော့စ် အံ့သြတာက စစ္စလီ ပြည်နှင်ဒဏ်သင့်သူတွေပဲ။ ကလေးတွေ၊ အမျိုးသမီးတွေကလွဲရင် လူငယ်၊ လူလတ်ပိုင်းတွေက ဘယ်လစ်စတာ ဗုံးမိုးရွာတာတောင် မကြောက်ဘဲ တည်ငြိမ်နေကြတယ်။ တိုက်ပွဲဝင်ဖို့တောင် တောင်းဆိုနေကြတယ်။ သူ ငြင်းလိုက်ပေမယ့် အမိန့်နာခံကြတာက ချီးကျူးစရာပဲ။
လာဒီရှန် (Ladician) ရှင်းပြချက် အရ... ဒီလူတွေက အိမ်ပျက်ပြီးနောက် ကုန်းတွင်းပိုင်း တောင်တန်းတွေဆီ ထွက်ပြေးပြီး ရွာတည်ခဲ့ကြတာ။ ဆီရာကျု မဟာမိတ်တွေရဲ့ လုယက်မှု၊ ဆီကယ်လ် (Sicels) တွေရဲ့ ရန်ပြုမှုတွေကို ရင်ဆိုင်ရင်း ရဲရင့်လာကြတယ်။ တိုက်ခိုက်ရေး စွမ်းရည် တိုးတက်လာပြီး၊ အများစု စကား နားထောင်တဲ့ အလေ့အကျင့် ရလာကြတယ်။ ရန်သူ ဝိုင်းနေတဲ့ အချိန်မှာ မညီညွတ်ရင် သေဖို့ပဲ ရှိတာကိုး။
ကံကောင်းစွာနဲ့ ပြည်နှင်ဒဏ်သင့်သူတွေရဲ့ စွမ်းဆောင်ရည်က အန်တိုနီးယော့စ် ကို ယုံကြည်မှု ပိုတိုးစေတယ်။ အခု သူ စိုးရိမ်တာ ၂ ခုပဲ ရှိတယ်။
ပထမ တစ်ခုက ရိက္ခာ။ မီဂါလော့စ် သိမ်းပြီး ရလာတဲ့ ရိက္ခာတွေ၊ ရက်ဂျီယမ် (Rhegium) ရေတပ် သယ်လာပေးတဲ့ ရိက္ခာတွေကို မြို့လယ်က ဂိုဒေါင်မှာ သိမ်းထားတာ။ အခု ရန်သူက ဘယ်လစ်စတာ ရှေ့တိုးလာတော့ ဂိုဒေါင်က ပစ်ကွင်းထဲ ရောက်တော့မယ်။ ဒါကြောင့် လာဒီရှန် နဲ့ လာစီပါရာတော့စ် (Lasiperatus) ကို ခိုင်းပြီး ရိက္ခာတွေကို မီဂါလော့စ် မြောက်ဘက်ဆီ အရေးပေါ် ရွှေ့ခိုင်းရတယ်။
ဒုတိယ တစ်ခုကတော့... သီအိုနီယာ ရေတပ်...
ကုန်းတွင်း တိုက်ပွဲ အစနဲ့ မတူဘဲ၊ ရေတပ် တိုက်ပွဲက ပြင်းထန်နေပြီ။
ဆီရာကျု က မူလ စစ်သင်္ဘော (Triremes) ၅၀ ရှိတယ်။ မြောက်ဘက် တက်လာရင်း တောနစ် (Taunis)၊ ကာတာနီးယား နဲ့ တခြား မြို့တွေက သင်္ဘောတွေ ပေါင်းလိုက်တော့ ၆၅ စီး ဖြစ်လာတယ်။ သီအိုနီယာ ရဲ့ ၆၀ ထက် နည်းနည်းပဲ များတယ်။ ဒါ့အပြင် ဆီရာကျု မှာ အလတ်စား၊ အသေးစား သင်္ဘော ၁၆ စီး ရှိသေးတယ်။ သီအိုနီယာ ထက် ၂၁ စီး ပိုများပြီး အသာစီး ရသင့်ပေမယ့်၊ နှစ်ဖက် အခြေအနေက သရေ ဖြစ်နေတယ်။
သီအိုနီယာ ရေတပ်က သင်္ဘော နည်းပေမယ့်၊ ဆက်ကလီးယန်း (Seclian) ဦးဆောင်မှုအောက်မှာ ရူးသွပ်စွာ တိုက်ခိုက်နေကြတယ်။ အရှိန် နဲ့ တုံ့ပြန်မှုက ဆီရာကျု ထက် ပိုမြန်တယ်။ ဆီရာကျု သင်္ဘောတွေက လေးလံထိုင်းမှိုင်းနေပြီး ရွက်လွှင့် အတွေ့အကြုံကို သုံးပြီး ခံစစ်ဆင်နေရတယ်။
အခြေအနေကို ကြည့်ပြီး ပါရိုနီးဆပ်စ် စိုးရိမ်လာတယ်။ သူ အကြောက်ဆုံး အရာ ဖြစ်လာပြီ။ ဆိပ်ကမ်းက လူတွေရဲ့ မြို့သားတွေ အပေါ် မကျေနပ်ချက်က ရေတပ်သားတွေရဲ့ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီ!
ရုတ်တရက် ရွက်တိုင်ပေါ်က ကင်းသမား စိတ်လှုပ်ရှားစွာ အော်ပြောလိုက်တယ်။
"သခင်ကြီး! ရန်သူ့ အဓိက သင်္ဘောကြီး (Flagship) ကို တိုက်မိပြီ! မကြာခင် နစ်တော့မယ်!"
"ကောင်းတယ်!"
ပါရိုနီးဆပ်စ် ဝမ်းသာအားရ အော်လိုက်တယ်။
ကျယ်ပြောတဲ့ ပင်လယ်ပြင် တိုက်ပွဲက ကုန်းတွင်း တိုက်ပွဲနဲ့ မတူဘူး။ အနီးကပ် တိုက်ပြီး ရန်သူ့ သင်္ဘောကို နှစ်မြှုပ်ဖို့ အဓိကပဲ။ ကုန်းတွင်းမှာ တပ်မှူး သေရင် ကြီးမားတဲ့ သက်ရောက်မှု ရှိပေမယ့်၊ ရေတပ်မှာ အဓိက သင်္ဘော နစ်တာက သက်ရောက်မှု တစ်ချို့ပဲ ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ လုံလောက်ကောင်း လုံလောက်နိုင်တယ်။
"ခရာမှုတ်! သင်္ဘော အားလုံး တိုက်စစ် မြှင့်ခိုင်း!"
ပါရိုနီးဆပ်စ် အမိန့်ပေးလိုက်တယ်။
ခရာသံက ပင်လယ်ပြင် တိုက်ပွဲကို ထိုးဖောက်သွားတယ်။ ဒါပေမဲ့ ဆီရာကျု သင်္ဘောတွေကို စိတ်ဓာတ် တက်ကြွစေမယ့် အစား၊ ရှေ့က အနီရောင် စစ်အလံကြီး ဖြည်းဖြည်းချင်း ကျဆုံးသွားတာ မြင်လိုက်ရတဲ့ သီအိုနီယာ ရေတပ်သားတွေကို လှုံ့ဆော်လိုက်သလို ဖြစ်သွားတယ်။
'အရှင် ဆက်ကလီးယန်း အန္တရာယ် ရှိနေပြီ!'
ကပ္ပတိန်တွေ၊ ရေတပ်သားတွေ ရင်ထဲမှာ ဒီအတွေး ပေါ်လာတယ်။
ဘရူတီ (Bruttian) စစ်ပွဲ သူရဲကောင်း၊ အောင်ပွဲခံ ပြန်လာတုန်းက အလံကို ပထမဆုံး ကိုင်ဆောင်ခဲ့သူ ဆက်ကလီးယန်း ဟာ ရေတပ်ရဲ့ ဂုဏ်ယူစရာ၊ ရေတပ်သား အားလုံးရဲ့ ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်။ ရေတပ်ဗိုလ်ချုပ် ဖြစ်လာပြီးနောက်၊ ငယ်ရွယ်ပြီး ခွန်အား ပြည့်ဝတဲ့ သူက စွမ်းဆောင်ရည် မကောင်းရင် ဆူပူတတ်ပေမယ့်၊ ပျော်ပျော်နေတတ်၊ ပွင့်လင်းပြီး ရေတပ်သားတွေနဲ့ ရင်းနှီးတယ်။ ရေတပ် အကျိုးစီးပွား အတွက် ဒါးဗို့စ် ကိုတောင် ပြန်ပြောရဲသူမို့ အားလုံးက ထောက်ခံကြတယ်။
ဒါကြောင့် သီအိုနီယာ သင်္ဘောတွေက ပိုရူးသွပ်စွာ တိုက်ခိုက်လာကြတယ်။ ပျက်စီးသွားတဲ့ အဓိက သင်္ဘောဆီ ချက်ချင်း သွားလို့ မရမှန်း ရေတပ်သားတိုင်း သိတယ်။ ရေထဲ ကျသွားတဲ့ ဆက်ကလီးယန်း ကို ကယ်ဖို့ အခွင့်အရေး ရချင်ရင်၊ ရှေ့က ရန်သူ့ သင်္ဘောတွေကို အမြန်ဆုံး တိုက်ပြီး နှစ်မြှုပ်ပစ်၊ ရန်သူကို ဆုတ်ခွာအောင် လုပ်ပြီး တိုက်ပွဲ နိုင်မှ ဖြစ်မယ်!
ဒီလှုံ့ဆော်မှုကြောင့် ရေတပ်သားတွေ မောပန်းမှုတွေ မေ့သွားကြတယ်။ လှော်ခတ်နှုန်းက တိုက်ပွဲ အစတုန်းကလို အမြင့်ဆုံး ပြန်ရောက်သွားတယ်။ အကွာအဝေးတိုလေး အရှိန်မြှင့်တာ၊ ရုတ်တရက် ရပ်တာ၊ ကွေ့ပတ်တာ... သီအိုနီယာ ရေတပ်သားတွေ ညီညွတ်စွာနဲ့ သင်္ဘောကို ကိုယ့်ခန္ဓာကိုယ်လို ထိန်းချုပ်နေကြတယ်။
သီအိုနီယာ တွေ ရုတ်တရက် အရှိန်နဲ့ လှုပ်ရှားမှု မြန်ဆန်လာတော့၊ ဆီရာကျု သင်္ဘောတွေ တုံ့ပြန်မှု နောက်ကျကုန်တယ်။ "ဝုန်း!... ဝုန်း! ဝုန်း!..." ဆီရာကျု သင်္ဘောတွေ အတိုက်ခံရတာ၊ လှော်တက်တွေ ကျိုးကုန်တာတွေ ဆက်တိုက် ဖြစ်လာတယ်။ သီအိုနီယာ အဓိက သင်္ဘော နစ်သွားလို့ ဆီရာကျု အခြေအနေ ကောင်းလာမယ် ထင်ပေမယ့်၊ ပိုဆိုးသွားတယ်။
ပါရိုနီးဆပ်စ် စိုးရိမ်လာတယ်။ ရုတ်တရက် ကင်းသမား အော်ပြောလိုက်တယ်။
"သခင်ကြီး... သင်္ဘော တစ်စီး... သင်္ဘော တစ်စီး ထွက်ပြေးနေပြီ!"
"တယ်သီတီးစ် ! ပဲ့ကို ချက်ချင်း ပြန်လှည့်! မဟုတ်ရင် မင်း စစ်မြေပြင်က ထွက်ပြေးတယ် ဆိုပြီး ရေတပ်မှူး ပါရိုနီးဆပ်စ် ကို တိုင်ပြီး အပြစ်ပေးခိုင်းမယ်!"
ကပ္ပတိန်က သင်္ဘော ပဲ့ကိုင်ရှင် တယ်သီတီးစ် ကို ဒေါသတကြီး အော်ဟစ်လိုက်တယ်။
အပိုင်း (၅၄၄) ပြီးဆုံး
***