"ဟန်နီ... အလောတကြီး မလုပ်ပါနဲ့။ အရာရှိတွေကို ခေါ်ဖို့က တော်လ်မီးဒီးစ် အလုပ်လေ။ မင်းက သူနဲ့ အလုလုပ်ရင် သူ စိတ်ဆိုးလိမ့်မယ်"
ဒါးဗို့စ်ပြုံးပြီး ဟန်နီပိုလစ် ပခုံးကို ညင်ညင်သာသာ ပုတ်လိုက်တယ်။
"မင်း ငါ့စာရေးတော် အဖြစ် အလုပ်စဝင်တာ မကြာသေးဘူး။ ဖြည်းဖြည်းချင်း အသားကျအောင် လုပ်ရမယ်။ အခု မင်းကို ပထမဆုံး တာဝန် ပေးမယ်-"
ဟန်နီပိုလစ် အနေအထားကို အမြန် ပြင်လိုက်ပြီး ဒါးဗို့စ် အမိန့်ကို စောင့်နေတယ်။
"ငါနဲ့ အတူ မနက်စာ စားရမယ်"
ဒါးဗို့စ် နောက်ပြောင်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"ဗျာ?! ဘုရင်မင်းမြတ်... ရန်သူက တိုက်တော့မှာကို မနက်စာ စားချင်သေးတာလား!!"
ဟန်နီပိုလစ် အလန့်တကြား အော်လိုက်တော့ အစေခံက သူ့ကို မျက်စောင်းထိုးတယ်။
ဒါပေမဲ့ ဒါးဗို့စ် ဂရုမစိုက်ဘူး။ အစေခံကို မနက်စာ ယူလာဖို့ လက်ပြလိုက်ပြီး တဲပေါက်ဝကို လျှောက်သွားကာ အပြင်က ရာသီဥတုကို ကြည့်လိုက်တယ်။
"မနက်စာ မစားရင် ရန်သူကို တိုက်ဖို့ အားရှိမှာ မဟုတ်ဘူး။ အခု အပြင်က တပ်သားတွေ ပေါင်မုန့်ဝါးပြီး ဟင်းရည်ပူပူ သောက်ကာ ခန္ဓာကိုယ် နွေးအောင် လုပ်နေလောက်ပြီ... မှတ်ထားပါ... တိုက်ပွဲမှာ သူ့စည်းကမ်းနဲ့ သူ့စည်းချက် ရှိတယ်။ နှေးလို့ မရသလို လောလို့လည်း မရဘူး။ တိုက်ပွဲ စည်းချက်ကို ကျွမ်းကျင်မှ တပ်သားတွေရဲ့ အင်အားနဲ့ စိတ်ဓာတ်ကို ထိန်းထားနိုင်မှာ!"
ဟန်နီပိုလစ် အပြည့်အဝ နားမလည်ပေမယ့် ခေါင်းညိတ်လိုက်တယ်။
အေးဆေးတည်ငြိမ်နေတဲ့ တဲအတွင်းနဲ့ မတူဘဲ၊ စခန်းထဲမှာတော့ တင်းမာနေတယ်။ မြူထူလွန်းလို့ ဘယ် တပ်ရင်း၊ ဘယ် တပ်စိတ် အလံလဲ ဆိုတာ မမြင်ရဘူး။ ဒါကြောင့် တပ်စိတ်မှူးတွေရဲ့ နေရာက အရေးကြီးလာတယ်။ လက်အောက်က တပ်သား ၉ ယောက်ကို စုစည်း၊ လက်နက် ကိရိယာတွေ စစ်ဆေးရုံတင် မကဘူး၊ ဆူညံနေတဲ့ စခန်းထဲမှာ အထက်အရာရှိတွေရဲ့ အမိန့်ပေးသံကို ခွဲခြားနားထောင်ပြီး ကိုယ့်လူတွေကို သက်ဆိုင်ရာ တပ်စိတ်ဆီ ခေါ်သွားရတယ်။ လူတွေ ကြပ်သိပ်နေတဲ့ လမ်းကြားတွေမှာ ကိုယ့်လူ မပျောက်အောင်လည်း ထိန်းရသေးတယ်။
မီးပုံတွေ တစ်ပုံပြီး တစ်ပုံ ထွန်းညှိလာတော့ မီးခိုးရောင် မြူထုထဲမှာ အလင်းရောင်တွေ ပေါ်လာသလို၊ ထောက်ပို့ တပ်ဖွဲ့က စားဖိုမှူးတွေလည်း ပေါင်မုန့်၊ ဟင်းရည်နဲ့ ယာဂုပူပူတွေကို တပ်စိတ် အလိုက် ချက်ပြုတ် ဝေငှပေးနေကြပြီ။
သီအိုနီယာ တပ်သားတွေ စခန်း အရှေ့ဘက် တံတိုင်းနားမှာ နေရာယူဖို့ အလောတကြီး မလုပ်ကြသေးဘူး။ ဆီရာကျု တွေက ကတုတ်မြောင်း ရှေ့ ရောက်မလာသေးဘူးလေ။ ပြီးခဲ့တဲ့ ရက်တွေက သီအိုနီယာ တပ်သားတွေ မနားမနေ အလုပ်လုပ်ပြီး စခန်း အရှေ့ မီတာ ၆၀ အကွာအဝေးမှာ ထောင်ချောက်တွေ၊ ခြံစည်းရိုးတွေ အများကြီး လုပ်ထားတယ်။ ရန်သူ အလွယ်တကူ ဝင်မလာနိုင်အောင်ပေါ့။
. . . . . . . . . . . . .
ဆီရာကျု တွေက မြူထူနေတာကို အခွင့်ကောင်း ယူပြီး ကြောက်စရာ ကောင်းတဲ့ ထောင်ချောက်တွေကို အမြန် ရှင်းလင်းနေချိန်မှာ၊ သီအိုနီယာ တွေက အလယ်စခန်းမှာ ဘယ်လစ်စတာ ၄၀ လောက် စုစည်းလိုက်တယ်။ (စကိုင်လက်တီယမ် ဝိုင်းရံပြီး ဒုတိယ နေ့မှာ နီတို မြစ် မြောက်ဘက်ကမ်း စခန်းကနေ ဒီဘယ်လစ်စတာတွေကို သယ်လာတာ)
စတုတ္ထ လီဂျင်၊ ဝိုင်းရံတိုက်ပွဲ တပ်မဟာ ရဲ့ ဘယ်လစ်စတာ ချိန်မှတ်သူ ကာဒိုရပ်စ် က ဘယ်လစ်စတာ အသုံးပြုရာမှာ အတွေ့အကြုံ အရှိဆုံးပဲ။ ကရိုတွန် ကာကွယ်ရေး စစ်ပွဲမှာ စွမ်းဆောင်ရည် ကောင်းခဲ့လို့ ဒါးဗို့စ် က သူ့ကို ဘယ်လစ်စတာ တပ်ဖွဲ့ တစ်ခုလုံးရဲ့ ခေါင်းဆောင် ခန့်ထားတာ။
လက်ရှိ ကာဒိုရပ်စ် ရှေ့မှာ အဖြူရောင် မြူထုကြီးကလွဲပြီး ဘာမှ မမြင်ရဘူး။ သံသယ ဖြစ်စရာ ပစ်မှတ် မမြင်ရသလို၊ အကွာအဝေးလည်း မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ သူ့မှာ အစီအစဉ် ရှိတယ်။ စိတ်ထဲက အချက်အလက်တွေကို သုံးမယ်။ ဘယ်လစ်စတာ နေရာကနေ အရှေ့ဘက် သစ်သား တံတိုင်း ဘယ်လောက် ဝေးလဲ? တံတိုင်း အမြင့် ဘယ်လောက်လဲ? စခန်း အပြင်ဘက်က ထောင်ချောက် ဧရိယာ ဘယ်လောက် ရှည်လဲ?...
ခဏ တွက်ချက်ပြီးနောက် အမိန့်ပေးလိုက်တယ်။
"ထောင့် ၅၀ ဒီဂရီ၊ ၅ ကီလိုဂရမ် ကျောက်တုံး၊ ကြိုး ၃ ပင် ဆွဲ၊ အသင့်ပြင်!"
အမိန့်ပြန်တမ်း တပ်သားက အမြန် အော်ပြောလိုက်တယ်။
ချက်ချင်းပဲ ဘယ်လစ်စတာ ထောက်တိုင်တွေ ချိန်၊ လျှောလမ်း နှိမ့်၊ ထောင့်မြှင့်၊ ပူလီ ဆွဲကြတယ်။ "ကျွီ" ဆိုတဲ့ အသံနဲ့ အတူ ကြိုးကို ဆွဲတင်ပြီး နေရာချလိုက်တယ်။ ပြီးတော့ ၅ ကီလိုဂရမ် ကျောက်တုံးကို လျှောလမ်းထဲ ထည့်လိုက်တယ်။ လက်မှုပညာ နဲ့ ပစ္စည်း ကန့်သတ်ချက်ကြောင့် သီအိုနီယာ ဘယ်လစ်စတာတွေက ၅၀ ဒီဂရီ အထိပဲ မြှင့်လို့ ရတယ်။ ကြိုး ၃ ပင် ဆွဲတယ် ဆိုတာက နွားအရွတ်တွေနဲ့ လုပ်ထားတဲ့ လိမ်အား ကို တစ်ဝက်ပဲ ဆွဲတာ။ ၅ ကီလိုဂရမ် က ဒီအမျိုးအစား အတွက် အသေးဆုံး ကျောက်တုံးပဲ။ (အကြီးဆုံးက ၁၅ ကီလိုဂရမ်။ ဆီရာကျု ဘယ်လစ်စတာ နဲ့ မတူဘူး။ ဆီရာကျု ဘယ်လစ်စတာတွေက မြို့သိမ်းတိုက်ပွဲတွေ အတွက် ဖျက်ဆီးအား ကောင်းဖို့ လိုလို့ ပိုကြီးပြီး ပိုလေးတယ်။ ၂၆ ကီလိုဂရမ် ကျောက်တုံးကို မီတာ ၃၀၀ နီးပါး ပစ်နိုင်တယ်)
ကာဒိုရပ်စ် က ကျောက်တုံး သေးသေးလေးတွေနဲ့ အရင် စမ်းပစ်ကြည့်ချင်တာ။ စကိုင်လက်တီယမ် ရဲ့ စိုစွတ်အေးမြတဲ့ မနက်ခင်း မြူထုက ဘယ်လစ်စတာ တည်ဆောက်ပုံ၊ အထူးသဖြင့် နွားအရွတ် လိမ်ကြိုးတွေကို သက်ရောက်မှု ရှိနိုင်တယ်လေ။ ကာဒိုရပ်စ် တွက်ချက်ထားတာက ကျောက်တုံးတွေ ကတုတ်မြောင်း အပြင်ဘက် မီတာ ၈၀-၁၂၀ လောက်မှာ ကျမယ်။ ရန်သူ အလုံးအရင်းနဲ့ တိုက်ရင် အဲဒီ နေရာမှာ လူအများဆုံး ဖြစ်နေမှာ။ ဒါပေမဲ့ ၅ ကီလိုဂရမ် ကျောက်တုံးက မီတာ ၅၀၀ ကျော်လောက် ရောက်တတ်လို့၊ လိုချင်တဲ့ နေရာ ရောက်ဖို့ ထောင့်ချိန်တာ၊ ကြိုးလျှော့တာတွေ လုပ်ရတယ်။
လီဂျင် တပ်သားတွေကတော့ မြေကြီးပေါ် ထိုင်၊ ပေါင်မုန့်ဝါးပြီး ကျောက်တုံးတွေ တစ်လုံးပြီး တစ်လုံး လေထဲ ပျံတက်ကာ မြူထုထဲ ပျောက်ကွယ်သွားတာကို ကြည့်နေကြတယ်။
ခဏအကြာမှာ... စခန်း အပြင်ဘက် မြူထုထဲကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။ ဆီရာကျု တပ်မတော်ကြီး ချဉ်းကပ်လာပြီ ဆိုတာ အတည်ပြုလိုက်ပြီ။
"ထောင့် ၅၀ ဒီဂရီ၊ ၁၀ ကီလိုဂရမ် ကျောက်တုံး၊ ကြိုး ၁ ပင် ဆွဲ၊ အသင့်ပြင်!"
သီအိုနီယာ အကယ်ဒမီ (Theonian Akademia) ကျောင်းသားလေး ဖြစ်ခဲ့ဖူးတဲ့ ကာဒိုရပ်စ် ဟာ တိုက်ပွဲတွေ ဖြတ်သန်းပြီးနောက် လူသတ်အငွေ့အသက်တွေ ရနေပြီ။ ပထမဆုံး ပစ်ခတ်မှု ထိမှန်တယ် ဆိုတဲ့ သတင်း ရပေမယ့်၊ လက်အောက်ငယ်သားတွေလို မပျော်ဘဲ တည်ငြိမ်စွာ ဆက်အမိန့်ပေးတယ်။
ဝဋ် ဆိုတာ လည်တတ်တယ်! မနေ့ကပဲ မီဂါလော့စ် (Megalos) မှာ ဆီရာကျုတွေက သီအိုနီယာ ပထမ လီဂျင်တပ်မ ကို ဘယ်လစ်စတာ ၁၀၀ နီးပါးနဲ့ ဗုံးမိုးရွာခဲ့တာ။ ဒီနေ့တော့ သီအိုနီယာ က အတိုးနဲ့ ပြန်ဆပ်ပြီ။
ဒိုင်ယွန်နီးစီးယပ်စ် က ဘယ်လစ်စတာ နဲ့ ပြန်မပစ်ချင်လို့ မဟုတ်ဘူး။ ကရိုတွန် ကို တိုက်တုန်းက တာဂျိုင်းစ် (Targines) မြစ်ကမ်း စခန်းမှာ ဘယ်လစ်စတာ အကုန် ထားခဲ့ရတယ်။ ရှုံးပြီး ထွက်ပြေးတော့ အကုန် စွန့်ပစ်ခဲ့ရပြီး သီအိုနီယာ လက်ထဲ ရောက်ကုန်တယ်။ သူ့လက်အောက်မှာ အင်ဂျင်နီယာ၊ လက်မှုပညာရှင် ၁,၀၀၀ လောက် ရှိလို့ ဘယ်လစ်စတာ ဒါဇင်ပေါင်းများစွာ လုပ်ဖို့ မခက်ဘူး။ ဒါပေမဲ့ အဓိက လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခု မရှိဘူး။ နွားအရွတ်နဲ့ လုပ်တဲ့ လိမ်ကြိုး (Spring)။ မြို့ကို ဝိုင်းခံထားရလို့ နွား မလုံလောက်ဘူး။ တာဂျိုင်းစ် မြစ်ကမ်း စခန်းမှာ တိရစ္ဆာန် အများစု ဆုံးရှုံးခဲ့ရပြီး၊ မြို့ထဲမှာ နွား၊ သိုး မွေးတဲ့သူ နည်းနည်းပဲ ရှိတာ။ ပြီးတော့ အရည်အသွေး ကောင်းတဲ့ လိမ်ကြိုး တစ်စုံ ရဖို့ နှစ်ဝက်လောက် ကြာတယ်။ ဒါကြောင့် ဒိုင်ယွန်နီးစီးယပ်စ် ဘယ်လစ်စတာ မလုပ်တော့ဘဲ တခြား ဝိုင်းရံတိုက်ပွဲသုံး ပစ္စည်းတွေ လုပ်ဖို့ အာရုံစိုက်လိုက်တာ။
ဆီရာကျု ကျွန်တွေ၊ လွတ်လပ်သူ (Freemen) ထောင်ပေါင်းများစွာက ထောင်ချောက်တွေ၊ ခြံစည်းရိုးတွေ ဖျက်ဆီး၊ မြေညှိ၊ ပျဉ်ပြားခင်းဖို့ အလုပ်ရှုပ်နေတုန်း... ရုတ်တရက် လူအုပ်ထဲ ကျောက်တုံးတွေ ကျလာပြီး ခေါင်းကွဲ၊ အရိုးကျိုး၊ သွေးထွက်သံယို ဖြစ်ကုန်ကြတယ်။
တကယ်တော့ ကျောက်တုံးတွေက အမြင့်ကနေ ကျလာတော့ ပြန်မကန်ထွက်တော့လို့ ထိခိုက်မှုက လူ ၂၀ ကျော်လောက်ပဲ ရှိတယ်။ ဒါပေမဲ့ သွေးထွက်သံယို မြင်ကွင်းက လူတွေကို ကြောက်လန့်သွားစေလို့ အရာရှိတွေ မနည်း ထိန်းသိမ်းလိုက်ရတယ်။
သီအိုနီယာ တွေ ရိပ်မိသွားပြီ ဆိုတော့၊ ဆီရာကျုတွေ ပုန်းမနေတော့ဘဲ လုပ်ထားတဲ့ ဝိုင်းရံတိုက်ပွဲသုံး ပစ္စည်းတွေကို မြို့ထဲက တွန်းထုတ်လာတယ်။ ဒီပစ္စည်းတွေ လုပ်ဖို့ စကိုင်လက်တီယမ် က အိမ်တွေ အကုန်နီးပါး ဖျက်၊ တံခါးရွက်တွေ၊ သစ်သားတွေ ယူ၊ ဆိပ်ကမ်းက သစ်ပင်တွေပါ အကုန် ခုတ်ခဲ့ရတာ။
အကြီးဆုံး ပစ္စည်းကတော့ ၆ မီတာလောက် မြင့်တဲ့ ရွေ့လျား မျှော်စင်ကြီးတွေပဲ။ ဒီမျှော်စင်တွေ မြို့ပြင် ထုတ်ဖို့ ဒိုင်ယွန်နီးစီးယပ်စ် က မြို့ရိုး တစ်စိတ်တစ်ပိုင်းကို ဖြိုချပြီး လမ်းလုပ်ခိုင်းခဲ့တာ။
ဒိုင်ယွန်နီးစီးယပ်စ် ဒီလို လုပ်ရဲတာက လိုခရီ (Locri) သတိပေးချက်ကြောင့်ပါ။ ကောက်ကျစ်တဲ့ သီအိုနီယာ က စကိုင်လက်တီယမ် ကို ဝိုင်းထားတာ မြို့သိမ်းဖို့ မဟုတ်ဘဲ ပိတ်ဆို့ထားပြီး အားနည်းတဲ့ မဟာမိတ်တွေကို လိုက်တိုက်နေမှန်း သိလိုက်ရလို့။ ငယ်ရွယ်တဲ့ ဒါးဗို့စ် က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အသုံးချပြီး သူ့ကို လှည့်စားခဲ့တာ! (သူကိုယ်တိုင်လည်း အချိန်ဆွဲဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သုံးခဲ့တာကိုတော့ မေ့ထားလိုက်တယ်)
သီအိုနီယာ အကြံအစည် အောင်မြင်သွားရင် ဆီရာကျု အတွက် မကောင်းဘူး။ သီအိုနီယာ တပ်မတော်က လိုခရီ မဟာမိတ် အဖွဲ့ကို သွားတိုက်နေတော့၊ စကိုင်လက်တီယမ် အပြင်ဘက် စခန်းမှာ တပ်အင်အား နည်းသွားမှာ သေချာတယ်။ ပြီးတော့ ၅ ကီလိုမီတာလောက် ရှည်တဲ့ စခန်းကြီးကို တည်ဆောက်ပြီး ဝိုင်းထားတော့ သူတို့ အင်အား ပိုပါးသွားတယ်။
ဒါးဗို့စ် ရဲ့ မာနက ဒိုင်ယွန်နီးစီးယပ်စ် အတွက် အခွင့်အရေး ကောင်း ရစေတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာ ဆီရာကျု တပ်သားတွေ အင်အား ပြန်ပြည့်လာသလို၊ ဒိုင်ယွန်နီးစီးယပ်စ် က လွတ်လပ်သူတွေ၊ ကျွန်တွေကို စစ်တိုက်ရင် လွတ်လပ်ခွင့်၊ နိုင်ငံသား ဖြစ်ခွင့်၊ မြေပိုင်ခွင့် ပေးမယ် ဆိုပြီး စည်းရုံးထားတယ်။ ဒီနည်းလမ်းက သီအိုနီယာ တင် မကဘူး၊ ဆီရာကျု လည်း သုံးပါတယ်။ ဒါပေမဲ့ အရင်က ကြေးစားတွေကိုပဲ ပေးတာ။ ဒီတစ်ခါတော့ အန္တရာယ်က လွတ်မြောက်ပြီး သီအိုနီယာ ကို နိုင်ဖို့ လွတ်လပ်သူတွေ၊ ကျွန်တွေ အထိ တိုးပေးလိုက်တာ။ ဒါပေမဲ့ သူတို့ လက်နက်ကိုင်ရတဲ့ အရေးအကြီးဆုံး အကြောင်းရင်းကတော့... အားလုံး စစ္စလီ ကို ဘေးကင်းကင်း ပြန်ချင်ကြလို့ပဲ။
သီအိုနီယာ အပေါ့စား ခြေလျင်တပ် ၂,၀၀၀ လောက် မြို့ရိုးပေါ် ရောက်လာပြီး မြူထူနေတဲ့ စခန်း အပြင်ဘက်ကို မြှားမိုးရွာချတယ်။ ဆီရာကျု ဘက်က အထိအခိုက် များပေမယ့်၊ ရန်သူတွေ မကြောက်ဘဲ အတားအဆီး ရှင်းလင်းရေး ဆက်လုပ်ကြတယ်။ ထောင်ချောက် ဧရိယာက မီတာ ၁၀၀ အောက်ပဲ ရှိတော့ လူသောင်းချီရဲ့ ကြိုးပမ်းမှုနဲ့ အမြန် ရှင်းလင်းနိုင်ခဲ့တယ်။
အမိန့်ပေးသံ ကြားတော့ လွတ်လပ်သူတွေ၊ ကျွန်တွေက မြှားမိုး၊ ကျောက်တုံးမိုးတွေကို ရှောင်ပြီး နောက်ဆုတ်သွားကြတယ်။ သီအိုနီယာ စခန်းနဲ့ မီတာ ရာဂဏန်း အကွာမှာ ထောင်ပေါင်းများစွာသော ဆီရာကျု တပ်သားတွေ တစ်ကီလိုမီတာလောက် ရှည်တဲ့ စစ်ကြောင်းကြီး စီပြီး ရပ်နေကြတယ်။ ကြမ်းတမ်းစွာ ပြုလုပ်ထားတဲ့ လှံတွေ၊ ဒိုင်းတွေ မြေကြီးပေါ်မှာ ပုံထားတယ်။
အပိုင်း (၅၄၆) ပြီးဆုံး
***