အဘိုးအို မူလဝိညာဉ်ကို ခုတ်ပိုင်းလိုက်သူမှာ သူ့ ဂျူနီယာညီမလေး ဖြစ်နေကြောင်း သိလိုက်ရချိန်တွင် ကျန်းမင် အလွန် အံ့အားသင့်သွား၏။ သူမ၏ ကျင့်ကြံခြင်း အဆင့်သာ အမှန်တကယ် မြင့်မားနေမည် ဆိုလျှင် ဤမျှ အံ့ဩမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းအဆင့် မြင့်မားသူ တစ်ယောက် အနေဖြင့် ဟင်းလင်းပြင် တာအိုအနှစ်သာရနှင့် ၎င်းမှ ဆင်းသက်လာသော နက်နဲသည့် သဘောတရားများကို နားလည် သဘောပေါက်ရန် လိုအပ်သည် မဟုတ်ပါလား။ သို့သော် သူမ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် ဤတာအိုအနှစ်သာရများကို နားလည် သဘောပေါက်ရန် မည်သည့်အချိန်က အခွင့်အရေး ရခဲ့သနည်း။
အလွန် ပါရမီပါသော ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ရွှေအမြူတေ အဆင့်မှ တာအိုမျိုးစေ့ အဆင့်သို့ တက်လှမ်းရန်နှင့် တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် တာအိုအနှစ်သာရကို နားလည် သဘောပေါက်ရန် သုံးလထက်မက အချိန်ယူရပေမည်။ အကယ်၍ ဂျူနီယာညီမလေးသာ ဤကဲ့သို့ အောင်မြင်မှုကို အမှန်တကယ် ရရှိခဲ့ခြင်း ဖြစ်လျှင် သူမမှာ အလွန် ထူးချွန်ပြောင်မြောက်သူ တစ်ဦး ဖြစ်ပေလိမ့်မည်။
ရွှီး...
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ဆင့်ခေါ်လိုက်သည်။
အမည် - ဇီလင်းလုံ
လိင် - မ
ကျင့်ကြံခြင်းအဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ကျိုယန်ဂိုဏ်း၊ ချူယန်တောင်ထွတ်၏ တပည့်။
ဆက်ဆံရေး - ၉၅
မွေးရာပါ ပါရမီ - အင်မော်တယ် (အလယ်အလတ် အဆင့် ဖီးနစ်သွေးမျိုးဆက်)
အခြေအနေ - ယွင်ထျန်းခုန်း၏ လျှို့ဝှက်ဂူသင်္ချိုင်းမှ ထွက်လာပြီးနောက် မိစ္ဆာကျင့်ကြံသူ နှစ်ယောက်နှင့် ထိပ်တိုက်တွေ့ကာ သတ်ဖြတ်ခဲ့သည်။ ထို့နောက် ရေနဂါး၊ ပိုင်ဟိုင်ထျန်းနှင့် သူ့လူများကို ထပ်မံ ကြုံတွေ့ရချိန်တွင် ပိုင်ယွီ ရုတ်တရက် ပေါ်လာခဲ့၏။ ပိုင်ယွီက ပိုင်ဟိုင်ထျန်းကို သတ်ဖြတ်ပြီးနောက် မမျှော်လင့်ဘဲ ရောက်လာသော ကျန်းမင်နှင့် ပိုင်ယွီတို့၏ တိုက်ပွဲကို သူမက စောင့်ကြည့်နေခဲ့သည်။
ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး၏ အရှိန်အဝါကို အာရုံခံမိလိုက်ချိန်တွင် လေဟာနယ်ထဲသို့ အလျင်အမြန် ပုန်းအောင်းသွားခဲ့သည်။ ထို ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ့ ဝိညာဉ် ထွက်ပြေးရန် ကြိုးစားချိန်တွင် သူမ၏ အထူးစွမ်းရည်ကို ထုတ်ဖော်၍ ထိုသူ၏အသက်ကို အဆုံးသတ်လိုက်ခြင်း ဖြစ်ပေသည်။
ငါ့ရဲ့ ဂျူနီယာညီမလေးက တကယ်ကို အထင်ကြီးစရာပဲ... ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်တောင် မသိအောင် သူမရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တယ်... ဒါက ဖီးနစ် သွေးမျိုးဆက်ရဲ့ စွမ်းအားများလား...
"ကျေးဇူးတင်ပါတယ် စီနီယာ"
ဇီလင်းလုံက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်၏။ သူမက ကျန်းမင်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး ရှေ့ရှိလူ၏ စွမ်းအားကို အံ့အားသင့်ကာ အနည်းငယ်လည်း ကြောက်ရွံ့နေမိသည်။ ဤလူ၏ ကျင့်ကြံခြင်းမှာ တာအိုမျိုးစေ့ အဆင့်တွင် ရှိနေကြောင်း သူမ သေချာပေါက် သိထား၏။
သို့တိုင် သူ ပိုင်ဆိုင်ထားသော ချီစွမ်းအင်မှာ ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးထက်ပင် များစွာ သာလွန်နေသည်။ ဤကဲ့သို့သော လူမျိုးကို သူမ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ၎င်းသာမက သူ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် စွမ်းအင်မှာလည်း တူညီသော ကျင့်ကြံခြင်း အဆင့်ရှိသူများထဲတွင် သူမ မြင်ဖူးသမျှ အသန်မာဆုံးပင်။
‘အတိတ်ဘဝတုန်းက ဒီလူနဲ့ ပတ်သက်ပြီး ဘာလို့ ဘာမှ မမှတ်မိရတာလဲ... ဒါ လုံးဝ မဖြစ်နိုင်ဘူး... ချင်းယွင်ဂိုဏ်းမှာ ဒီလိုလူမျိုး မရှိဘူး ဆိုတာ ငါ သေချာတယ်... သူ့ရည်ရွယ်ချက်က ဘာလဲ... ဘာလို့ အတိတ်ဘဝတုန်းက သူ့နာမည် ထွက်မလာခဲ့တာလဲ...’
ဇီလင်းလုံ မည်မျှပင် ခေါင်းခြောက်ခံ စဉ်းစားနေပါစေ အဖြေရှာမရခဲ့ချေ။ စိတ်ထဲ တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း တွေးလိုက်မိသည်။
‘အနူးညံ့ဆုံး လေပြေလေး တစ်ချက်ကတောင် မုန်တိုင်းတစ်ခု ဖန်တီးပြီး ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေနိုင်တယ်... ကံတရား ဆိုတာ တကယ်ကို ကြိုတင်ခန့်မှန်းလို့ မရအောင် လျှို့ဝှက်ဆန်းကြယ်လွန်းပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါက အရမ်း အားနည်းနေသေးတာပဲ... ရှာမတွေ့သေးတဲ့ တခြား လျှို့ဝှက်ဂူသင်္ချိုင်းတွေ အားလုံးကို ရှာဖွေဖို့ အချိန်ပေးရဦးမယ်... ပြီးတော့ အဲ့ဒီနေရာ... အဲ့ဒီနေရာကို သွားပြီး အဲ့ဒီက ပစ္စည်းတွေကို ရယူရမယ်...’
ဇီလင်းလုံ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပြေးလွှားနေစဉ် ကျန်းမင်က သူ့ ဝတ်ရုံလက်ကို ခါယမ်းလိုက်သည်။
"ကိစ္စမရှိပါဘူး"
တိုက်ပွဲမှ ရရှိသော တိုက်ပွဲဝင် ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ခဏတာ စဉ်းစားကာ ဂျူနီယာ ညီမလေးအား ပေးရန် အစီအစဉ်အား ဖျက်သိမ်းလိုက်၏။ မည်သို့ပင်ဆိုစေ ဤအရာများကို သူက ဖြောင့်မတ်သော နည်းလမ်းဖြင့် ရယူခဲ့ခြင်း မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် သူ့ မည်သူမည်ဝါ ဖြစ်ကြောင်း သူမအား ဖွင့်ပြောသင့်၊ မသင့် ခဏတာ စဉ်းစားမိသော်လည်း ထိုအတွေးကို အလျင်အမြန် ဖယ်ရှားပစ်လိုက်သည်။ သူက အသန်မာဆုံး အဆင့်သို့ မရောက်သေးသဖြင့် ထိုအချိန် မတိုင်မီအထိ အလွန် သတိထားရပေမည်။
"မင်း အခု သွားသင့်ပြီ... စောင့်ကြည့်နေတဲ့ သူတွေ ရှိတယ်"
ကျန်းမင်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူတို့ကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသူ တစ်ယောက် ရှိနေ၏။ သို့သော် သူ သိပ်မသန်မာသေးသလို တစ်ယောက်တည်းလည်း ဖြစ်နေသဖြင့် ထိုကိစ္စကို ဆက်လက် အရေးမစိုက်ရန် ဆုံးဖြတ်ထားသည်။ ထို့နောက် လှည့်ကာ ထွက်ခွာလာခဲ့တော့သည်။
ဇီလင်းလုံမှာမူ လက်နှစ်ဖက်ကို ယှက်လျက်သားဖြင့် အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ပုံရိပ်ကို လှမ်းကြည့်နေဆဲပင်။ ထို့နောက် တွေဝေမှုများ ပြည့်နှက်နေလျက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
...
အကွာအဝေး တစ်ခုအထိ ရောက်လာပြီးနောက် ဂျူနီယာညီမလေးမှာ မည်သည့် ခြေရာလက်ရာမျှ မကျန်ခဲ့စေရန် လေဟာနယ်ကို အသုံးပြု၍ ထွက်ခွာသွားကြောင်း ကျန်းမင် အာရုံခံမိလိုက်သည်။ ထိုအခါမှသာ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချလိုက်မိ၏။
ထို့နောက် အပြန်လမ်းတွင် ပျံသန်းရင်း လူသားလမ်းစဉ် မှတ်တမ်းကို ဆင့်ခေါ်ကာ ဖတ်ရှုနေတော့သည်။
ကျုံးပြည်နယ်ရှိ အနန္တ ဆေးလုံးစံအိမ်။
ဤ တော်ဝင်မြေမှာ တောင်တန်းများကြားတွင် တည်ရှိသည်။ ပေ ၅,၀၀၀ ကျော် မြင့်မားသော တောင်တန်းများထဲမှ တစ်ခုမှာ တိမ်တိုက်များကို ဖောက်ထွက်၍ မိုးပေါ်သို့ ထိုးထွက်နေ၏။ အဝေးမှ ကြည့်လျှင် ဧရာမ ဆေးမီးဖိုကြီး တစ်ခုနှင့် တူသည်။ တောင်ထိပ်မှ မီတာ ၁,၀၀၀ ခန့် မြင့်မားသော မီးတောက်များကို အဆက်မပြတ် မှုတ်ထုတ်နေလေသည်။
မီးတောက်များ ပတ်လည်တွင် လူရိပ်များကို ရံဖန်ရံခါ တွေ့မြင်ရပြီး ချွင်းချက်မရှိ အားလုံးမှာ အလွန် အစွမ်းထက်သော အရှိန်အဝါများ ပိုင်ဆိုင်ထားကြသည်။
အခြား တောင်ထိပ်များတွင်လည်း နန်းတော်များစွာကို မြင်တွေ့နိုင်၏။ ထိုနန်းတော်များ အားလုံးမှာ ချွင်းချက်မရှိ ခမ်းနားထည်ဝါပြီး မြင့်မြတ်သော အလင်းတန်းများ တောက်ပနေသည်။ ဤသည်မှာ စွမ်းအားကြီးမားသူများ၏ နေအိမ်များ ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။
ထိုအချိန်တွင် နန်းတော် တစ်ခုထဲမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
"အရှင်သခင်... သူတော်စင် သားတော်ရဲ့ ဝိညာဉ်ကျောက်ပြား ကွဲကြေသွားပါပြီ... လူလေးယောက်လုံး သေဆုံးသွားသလို သူ့ရဲ့ အစောင့်အရှောက် ဖြစ်တဲ့ ကျန်းဖန်တောင် သေဆုံးသွားပါပြီ"
"ဘာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်သူက သူ့ကို သတ်ရဲတာလဲ... ဘယ်သူက သူ့ကို သတ်နိုင်စွမ်း ရှိလို့လဲ... သူတို့က အနန္တ ဆေးလုံးစံအိမ်နဲ့ စစ်ခင်းချင်နေကြတာလား"
"အရှင်သခင်... အကြီးအကဲ ကျန်းဖန် မသေဆုံးခင်လေးမှာ သူ့ဝိညာဉ်ကို သုံးပြီး သတင်းတစ်ခု ပို့ခဲ့ပါတယ်... ချင်းယွင်ဂိုဏ်းက လုပ်တာတဲ့"
"ချင်းယွင်ဂိုဏ်း... ဟုတ်တယ်... ရှောင်ယွီက အရှေ့ပိုင်းဒေသမှာ ရှိနေခဲ့တာ... အဲ့ဒီနေရာမှာ ဒီလိုလုပ်ရဲတဲ့ သတ္တိရှိတာ ချင်းယွင်ဂိုဏ်းပဲ ရှိတယ်... သူတော်စင် သားတော်က ငါတို့ရဲ့ ဂုဏ်ယူစရာပဲ... သူ့ကို သတ်လိုက်တာက ငါတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မာနကို ခြေနဲ့ နင်းချေလိုက်တာနဲ့ အတူတူပဲ... သူတို့က စစ်လိုလားနေမှတော့ ငါတို့ကလည်း စစ်ခင်းပေးရမှာပေါ့... ငါ့အမိန့်ကို ဆင့်ပွားလိုက်... ငါတို့ အရှေ့ပိုင်းဒေသကို သွားမယ်... ချင်းယွင်ဂိုဏ်းကို အမြစ်ဖြတ် ချေမှုန်းပြီး အရှေ့ပိုင်းဒေသကို သိမ်းပိုက်မယ်"
မကြာမီမှာပင် အနန္တ ဆေးလုံးစံအိမ်၏ နန်းတော်များထဲမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ တစ်ခုပြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
စုရုံးလာသူများထဲမှ တစ်ယောက်မှာ အလွန် အစွမ်းထက်လွန်းသဖြင့် လေဟာနယ်ကို လက်ဗလာဖြင့်ပင် ဆွဲဖြဲနိုင်စွမ်း ရှိ၏။ ထို့နောက် သူ့ လက်ထဲတွင် ဓားတစ်လက် ပေါ်လာပြီး လေဟာနယ်ထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ပိုင်ယွီ သေဆုံးသွားကြောင်း သတင်းမှာ ကျုံးပြည်နယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားရန် အချိန်သိပ်မကြာလိုက်ချေ။
"အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော် အရှေ့ပိုင်းဒေသမှာ အသတ်ခံလိုက်ရတယ်... ကျုံးပြည်နယ်ရဲ့ သူတော်စင် သားတော်ကို သတ်ရဲလောက်အောင် ဘယ်လိုတောင် သတ္တိကောင်းနေရတာလဲ... သူတို့ သေချင်နေတာပဲ ဖြစ်ရမယ်... ငါတို့တွေ ဘယ်လိုလူမျိုးလဲ ဆိုတာ အရှေ့ပိုင်းဒေသကို ပြရမယ်... ဘယ်သူ ငါနဲ့ လိုက်မလဲ"
"ငါလိုက်မယ်... ငါတို့ရဲ့ သူတော်စင် သားတော်ကို သတ်နိုင်ခဲ့တဲ့ အရှေ့ပိုင်းဒေသက ကျင့်ကြံသူကို တွေ့ချင်သေးတယ်"
"ပိုင်ယွီက ရက်စက်ပြီး ကောက်ကျစ်ပေမယ့် ကျုံးပြည်နယ်ကို ကိုယ်စားပြုနိုင်တဲ့ လူအနည်းစုထဲက တစ်ယောက်ပဲ... သူ့ကို သတ်လိုက်တာက ငါတို့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ... သွားကြစို့"
"အနန္တ ဆေးလုံးစံအိမ်ကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... တော်ဝင်မြေ နှစ်ခုကြား စစ်ဖြစ်ဖို့ သေချာသလောက် ရှိနေပြီ... ဒီလို ပွဲကြမ်းကြီးကို ငါက ဘယ်လိုလုပ် လွတ်ခံနိုင်ပါ့မလဲ... ခရီးသွားရင်း အားလုံးကို ဖျော်ဖြေဖို့ ပန်းတစ်ရာ နန်းဆောင်က နတ်သမီး ၉၉ ယောက်ကို ငါ ခေါ်သွားမယ်"
ထိုမှတစ်ဆင့် ပိုင်ယွီ သေဆုံးသွားကြောင်း သတင်းက မြောက်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက် ဒေသများဆီသို့ပါ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
အနန္တ ဆေးလုံးစံအိမ်၏ သူတော်စင် သားတော်မှာ ထင်ရှားကျော်ကြားသူ တစ်ဦး ဖြစ်သဖြင့် ဤသည်က သတင်းကြီး တစ်ခုပင်။ သူက ကောင်းကင် အရှင်သခင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံသာမက အနန္တ ဆေးလုံးစံအိမ်ရှိ မျိုးဆက်သစ်များထဲတွင် အသန်မာဆုံးသူလည်း မဟုတ်ပါလား။
လူတိုင်းက ပိုင်ယွီအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့ကြသည်။ အနာဂတ်တွင် သူက အနန္တ ဆေးလုံးစံအိမ်၏ အရှင်သခင် ဖြစ်လာမည် ဆိုသည်ကို မည်သူမျှ သံသယ မဝင်ခဲ့ကြ။ ကျုံးပြည်နယ်တွင် သူ့ နာမည်မှာ အလွန် ကျော်ကြား၏။ သူက မျိုးဆက်ဟောင်းများလောက် မသန်မာသေးသော်လည်း အနာဂတ်တွင် သူတို့ကို သေချာပေါက် ကျော်လွန်သွားမည် ဖြစ်သည်။ သူ့အစွမ်းအစများကို အပြည့်အဝ မထုတ်ဖော်နိုင်ခင် သေဆုံးသွားရခြင်းမှာ အလွန် နှမြောစရာ ကောင်းလှသည်။
အရှေ့ပိုင်းဒေသရှိ ကျိုယန်ဂိုဏ်း။
ပိုင်ယွီကို သတ်ဖြတ်လိုက်ခြင်းကြောင့် မိုးကုတ်စက်ဝိုင်း အပြင်ဘက်တွင် တည်ဆောက်နေသော မုန်တိုင်းကြီး အကြောင်းကို ကျန်းမင် လုံးဝ သတိမထားမိခဲ့ပေ။
ကျိုယန်ဂိုဏ်းသို့ ရောက်ပြီးနောက် ချူယန်တောင်ထွတ်သို့ ပြန်လာခဲ့သည်။ ယခုအချိန်တွင် သူက ခေါင်မိုးပေါ်၌ ရပ်ကာ အဝေးသို့ လှမ်းကြည့်ရင်း စောစောက ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်း တွေးတောနေ၏။
"ငါ့ချီစွမ်းအင်က မူလဝိညာဉ် အဆင့် ကျင့်ကြံသူထက် ပိုများတယ်... ငါ့ခန္ဓာကိုယ်ကလည်း ကောင်းကင် အရှင်သခင် ခန္ဓာကိုယ်ထက် ပိုသန်မာတယ်... မူလဝိညာဉ် အဆင့်မှာ ရှိနေတဲ့ ကျန်းဖန်ကို ငါ မြန်မြန်ဆန်ဆန် ရှင်းပစ်နိုင်သင့်တာ... ဒါပေမဲ့ သူ့ကို ရှင်းဖို့ အချိန်အများကြီး ယူလိုက်ရတယ်... ငါထင်တာ ပြဿနာက... ငါ့ရဲ့ အထူးစွမ်းရည်တွေကို လုံလောက်အောင် နားလည် သဘောမပေါက်သေးလို့ပဲ"
ကျန်းမင်တွင် အစွမ်းထက်သော အထူးစွမ်းရည် အများအပြား ရှိသည်။ သို့သော် ၎င်းတို့ကို အပြည့်အဝ နားလည် သဘောပေါက်ပြီး ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသေးပေ။ ဥပမာအားဖြင့် သူက မဟာ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ နှင့် နတ်ဘုရား တောင်ကိုးလုံး ရတနာတို့ကို အခြေခံအဆင့်လောက်သာ နားလည်ထားသည်။ ဤနှစ်ခုမှာ သူ့ အသန်မာဆုံး အထူးစွမ်းရည်များ ဖြစ်သည်။ အကယ်၍ ထိုစွမ်းရည်များကိုသာ အမြင့်ဆုံးအဆင့်ထိ နားလည် ကျွမ်းကျင်ထားပါက ကျန်းဖန်ကို သတ်ဖြတ်ခြင်းမှာ ပန်းခြံထဲ လမ်းလျှောက်ရသကဲ့သို့ လွယ်ကူနေမည် မဟုတ်လော။
"တာအိုအနှစ်သာရတွေကို နားလည်အောင် ကြိုးစားတဲ့အခါ ဒီအထူးစွမ်းရည် နှစ်ခုကို နားလည်ဖို့ အဓိက အာရုံစိုက်သင့်တယ်... အထူးသဖြင့် မဟာ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီကိုပေါ့"
မဟာ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီတွင် အဆင့်သုံးဆင့် ရှိသည်။ ပထမအဆင့်မှာ မြင်ယောင်၍ မရသော စွမ်းအင်ဓားများ ဖြစ်သည်။ ၎င်းတို့ လေဟာနယ်နှင့် ပေါင်းစပ်သွားချိန်တွင် အသံတိတ်ပြီး မျက်စိဖြင့် မမြင်နိုင်တော့ပေ။ သို့သော် ၎င်းတို့၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသည်။ စွမ်းအင်ဓား ကိုးလက်ကို ဖန်တီးနိုင်လာချိန်တွင် ဤအဆင့်ကို အပြည့်အဝ ကျွမ်းကျင်ပြီဟု သတ်မှတ်နိုင်သည်။
ဒုတိယအဆင့်မှာ စွမ်းအင်ဓား ကိုးလက်လုံးကို တစ်လက်တည်းအဖြစ် ပေါင်းစပ်ခြင်းပင်။ ထိုသို့ ပြုလုပ်နိုင်ပါက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်ပြီး မိုင်ထောင်ချီ ကွာဝေးသော ရန်သူကိုပင် မျက်တောင်တစ်ခတ် အတွင်း သတ်ဖြတ်နိုင်စွမ်း ရှိသွားပေလိမ့်မည်။
တတိယအဆင့်မှာမူ လေဟာနယ်ကိုပင် ဖောက်ထွင်းနိုင်စွမ်း ရှိလာသည်အထိ စွမ်းအင်ဓားများကို အဆင့်မြှင့်တင်ခြင်း ဖြစ်သည်။
"ဒီအထူးစွမ်းရည်ကို အပြည့်အဝ နားလည် သဘောပေါက်သွားတာနဲ့ ဟင်းလင်းပြင် တာအိုအနှစ်သာရကိုပါ ငါ ကျွမ်းကျင်သွားလိမ့်မယ်..."
ကျန်းမင် တစ်ယောက် အတွေးထဲ နစ်မြောနေစဉ် ဇီလင်းလုံမှာ ကျိုယန်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့လေပြီ။ ဂိုဏ်းချုပ်နှင့် စကားပြောပြီးနောက် ကျန်းမင်ကို ချက်ချင်း လာရှာတော့သည်။
"စီနီယာအစ်ကို"
ဇီလင်းလုံက လှမ်းခေါ်လိုက်သည်။ သူမ၏ မျက်လုံးလေးများမှာ လမင်းကြီးကဲ့သို့ တောက်ပနေပြီး အသိုက်သို့ ပြန်လာသော ငှက်ပေါက်လေး တစ်ကောင်အလား ကျန်းမင်၏ ရင်ခွင်ထဲသို့ အပြေးအလွှား တိုးဝင်လာတော့သည်။
End
***