အမည် - ကျန်းမင်
ကျင့်ကြံခြင်းအဆင့် - တာအိုမျိုးစေ့ အဆင့်
ကျင့်စဉ် - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်းစာ
မှော်ပညာ - မူလဝိညာဉ် နှလုံးသားဓား၊ ဓားသောင်းချီ ကျင့်စဉ်ကွက်၊ အခြေခံ အစီအရင်များ၊ အခြေခံ အဆောင်များ၊ အခြေခံ ဆေးလုံးများ၊ အခြေခံ မှော်ရတနာများ။
အထူးစွမ်းရည် - မဟာ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ၊ အာကာပြင် ခြေလှမ်း၊ နတ်ဘုရား တောင်ကိုးလုံး ရတနာ၊ မဟာ ပုံရိပ်ဖန်ဆင်းခြင်း ကျင့်စဉ်၊ ကောင်းကင်ကိုးထပ် အင်ပါယာ လျှပ်စီး၊ သစ်သားနဂါး၊ ကောင်းကင်ခွဲ ဓားကွက်၊ ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တုံး၊ သုံးလွှာ ကြယ်တာရာ အသွင်ပြောင်းကျင့်စဉ်၊ အလွှာကိုးထပ် အမြောက်၊ ကြယ်ပတ်လမ်း ဓားအစီအရင်။
မွေးရာပါ ပါရမီ - အင်မော်တယ် (အခြေခံ တာအိုခန္ဓာ)
ပစ္စည်းများ - လူသားလမ်းစဉ် မှတ်တမ်း၊ သေခြင်း ရှင်ခြင်း ဝင်္ကပါပြား၊ ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံ (ထိပ်တန်းအဆင့် တာအိုရတနာ)၊ အာဏာရှင် လှံရှည် (အလယ်အလတ်အဆင့် တာအိုရတနာ)၊ ကောင်းကင်ခွဲ ဓား (အလယ်အလတ်အဆင့် တာအိုရတနာ)၊ ကောင်းကင်ဖြို တူရွင်း (အဆင့်နိမ့် တာအိုရတနာ)၊ ရွှေရောင် မဟူရာကျောက် (အဆင့်နိမ့် တာအိုရတနာ)၊ ကောင်းကင်ဖိနှိပ်ခြင်း မီးဖို (ထိပ်တန်းအဆင့် တာအိုရတနာ)၊ နှစ် ၃,၀၀၀ စာ ကျင့်ကြံမှု၊ ဉာဏ်အလင်းပွင့် လက်ဖက်ရွက် x၁၃၊ ဉာဏ်အလင်းပွင့် ကျောက်တုံး x၈၀၊ ဟင်းလင်းပြင် ကျောက်တုံး၊ အင်မော်တယ်အဆင့် ဉာဏ်အလင်းပွင့် လက်ဖက်ပင် မျိုးစေ့။
ဂျူနီယာညီမလေး ပြန်ရောက်လာပြီ ဖြစ်သဖြင့် ကျန်းမင် စိတ်အေးသွားရ၏။ ယခုအချိန်တွင် သူက လှုပ်ကုလားထိုင်ပေါ်၌ လှဲလျောင်းရင်း ကြယ်ရောင်စုံသော ကောင်းကင်ယံကို ငေးမောကြည့်ရှုနေသည်။
သူ့ ဂျူနီယာညီမလေးက ဘေးတွင် လှဲလျောင်းကာ မျက်နှာထက်၌ အပြုံးတစ်ခု ချိတ်ဆွဲလျက် ကုလားထိုင်ကို လှုပ်ပေးနေ၏။
ထိုအချိန်တွင် သူတို့၏ ဆရာဖြစ်သူ ဂူဟိုင်မှာ ပင်မအဆောက်အအုံ၏ ထိပ်တွင် လက်နောက်ပစ်လျက်သား ရပ်ကာ အဝေးသို့ လှမ်းကြည့်နေလေသည်။
လွန်ခဲ့သော သုံးလအတွင်း ဇီလင်းလုံ တစ်ယောက် မည်သည့်အရာများ ကြုံတွေ့ခဲ့ရကြောင်းကို ကျန်းမင်နှင့် ဂူဟိုင်တို့ မမေးမြန်းခဲ့ကြပေ။ မည်သို့ပင်ဆိုစေ သူမလေးက ယခုမှ ပြန်ရောက်လာခြင်း ဖြစ်ပြီး နောင်တွင် မေးမြန်းရန် အချိန်အလုံအလောက် ရှိနေသေးသည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် ကျန်းမင်က ပိုင်ယွီနှင့် အဘိုးအိုတို့ထံမှ ရရှိခဲ့သော တိုက်ပွဲဝင် ပစ္စည်းများကို စစ်ဆေးကြည့်လိုက်၏။ သေချာ ကြည့်ရှုပြီးနောက် သူ အတော်လေး အံ့အားသင့်သွားရသည်။ ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံမှာ အလွန် ရှားပါးသော ထိပ်တန်းအဆင့် တာအိုရတနာ တစ်ပါး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။ သို့သော် ထိုစစ်တုရင်ခုံမှာ ပိုင်ရှင်ဖြစ်သူ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အနည်းငယ်မျှ မြှင့်တင်မပေးနိုင်ကြောင်း တွေ့ရှိလိုက်ရချိန်တွင် သူ ပို၍ပင် အံ့ဩသွားတော့သည်။ ပိုင်ယွီ လိမ်ညာခဲ့ကြောင်းကို ယခုမှပင် သူ သဘောပေါက်လိုက်၏။ သေချာပေါက် ပိုင်ယွီက ထိုအလိမ်အညာများဖြင့် သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားခဲ့ခြင်းပင်။
ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံတွင် လုပ်ဆောင်ချက် တစ်ခုတည်းသာ ရှိသည်။ ၎င်းက ရန်သူကို စစ်တုရင်ခုံ အတွင်းသို့ ဆွဲသွင်းပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်ဖြင့်သာ ယှဉ်ပြိုင် တိုက်ခိုက်စေခြင်း ဖြစ်သည်။ တစ်ယောက်ယောက် မသေမချင်း မည်သူမျှ ထွက်ခွာခွင့် ရမည် မဟုတ်ပေ။ စစ်တုရင်ခုံ အတွင်းသို့ ဝင်ရောက်နိုင်သော လူအရေအတွက် ကန့်သတ်ချက်လည်း မရှိချေ။
ကျန်းမင် ခေါင်းခါယမ်းလိုက်မိ၏။
ဒီအရာကို ဖန်တီးခဲ့တဲ့လူက သေချာပေါက် ခေါင်းထဲမှာ တစ်ခုခု မှားယွင်းနေတာပဲ ဖြစ်ရမယ်...
ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံမှာ ပိုင်ရှင်၏ ခွန်အားကို မြှင့်တင်မပေးနိုင်ရုံသာမက ပိုင်ရှင်ကိုလည်း အကာအကွယ် ပေးမည် မဟုတ်ပေ။ ၎င်း လုပ်ဆောင်နိုင်သမျှမှာ သေရေးရှင်ရေး တိုက်ပွဲ တစ်ခုအတွက် လူများကို အတွင်းသို့ ဆွဲသွင်းရန်သာ။ အခြားသူများ အတွက်မူ အသုံးမဝင်လှသော်လည်း ကျန်းမင် အတွက်တော့ အတော်လေး အသုံးဝင်နေသည်။ မည်သို့ဆိုစေ သူကိုယ်တိုင်ပင် သူ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ခွန်အား ကန့်သတ်ချက်များကို သေချာ မသိသေးသည် မဟုတ်လော။
ကျန်းမင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
မဟာတာအို အနန္တတန်ခိုးရှင်ကျမ်းစာကြောင့် သူ များများစားစား လုပ်စရာ မလိုဘဲ ခန္ဓာကိုယ်မှာ အဆက်မပြတ် သန့်စင်နေမည် ဖြစ်သည်။ ထို့အပြင် တာအိုအနှစ်သာရ တစ်ခုကို နားလည် သဘောပေါက်ပြီး တာအိုမျိုးစေ့ တစ်ခု ဖွဲ့စည်းလိုက်တိုင်း သူ့ ခန္ဓာကိုယ်မှာ အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းရဦးမည် ဖြစ်၏။ ခန့်မှန်းရမည် ဆိုလျှင် သူ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ခွန်အားမှာ သူ့ ကျင့်ကြံခြင်း အဆင့်ထက် မည်သို့မျှ အားနည်းနေမည် မဟုတ်ပေ။
ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံက ငါ့အတွက် အတော်လေး အသုံးဝင်တာပဲ...
စစ်တုရင်ခုံကို အသုံးပြုနိုင်မည့် နည်းလမ်းအမျိုးမျိုး သူ့ စိတ်ထဲတွင် ပေါ်လာပြီးနောက် ကျန်းမင် တိတ်တဆိတ် တွေးလိုက်မိသည်။
ကြည့်စမ်း စနစ်... တိုက်ပွဲကနေ ငါရခဲ့တဲ့ ပစ္စည်းတွေက မင်းပေးတဲ့ ဆုလာဘ်တွေထက် အများကြီး ပိုကောင်းနေတယ်...
သို့တိုင် စနစ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။
ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံ၊ ကောင်းကင်ဖြို တူရွင်း၊ ရွှေရောင် မဟူရာကျောက်၊ ကောင်းကင်ဖိနှိပ်ခြင်း မီးဖိုနှင့် အခြား ပစ္စည်းများ အပြင် အလယ်အလတ်အဆင့် တာအိုရတနာ ဖြစ်သော ကောင်းကင်ခွဲ ဓားကို သူ အကျေနပ်ဆုံးပင်။ မည်သို့ပင်ဆိုစေ ခရမ်းရောင်တိမ်တိုက် ဓား ဖြစ်စေ၊ အပြာရောင်သလင်း ဓား ဖြစ်စေ မဟာ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ၏ စွမ်းအားကို မခံနိုင်ကြပေ။ ထိုအကြောင်းကြောင့် တိုက်ခိုက်ရေး စွမ်းအားမှာ များစွာ လျော့ကျသွားခဲ့ရသည်။ သို့သော် ယခု ကောင်းကင်ခွဲ ဓားနှင့် ဆိုလျှင် ထိုပြဿနာမှာ ပြေလည်သွားပြီ ဖြစ်၏။
ပိုင်ယွီ၏ ဓားအစီအရင်ကို ဖွဲ့စည်းရာတွင် အသုံးပြုခဲ့သော ဓား ၁၀၈ လက်လုံးမှာလည်း အစုံလိုက် ပါဝင်သည့် မှော်ရတနာများ ဖြစ်ကြသည်။
တော်ဝင်မြေ တစ်ခုက သူတော်စင် သားတော်ပီပီ တကယ်ကို ချမ်းသာတာပဲ... သူ့ပစ္စည်းတွေ တစ်ခုတည်းနဲ့တင် ငါ့ကို သူဌေးဖြစ်သွားစေနိုင်တယ်... ဒီပစ္စည်းတွေနဲ့ ဆိုရင် ကျိုယန်ဂိုဏ်းမှာ ငါ့လောက် ချမ်းသာတဲ့သူ ဘယ်သူမှ ရှိမယ် မထင်ဘူး...
ဆိုဖွယ်ရာ မရှိ... ပိုင်ယွီထံမှ ဆေးလုံးများ၊ ဝိညာဉ် သလင်းကျောက်များနှင့် ရှားပါး ရတနာ အများအပြားကိုလည်း ရရှိခဲ့သေးသည်။
ထို့အပြင် ပိုင်ယွီ၏ သိုလှောင်လက်စွပ်ထဲမှ အထူးစွမ်းရည် သုံးခုကိုပါ တွေ့ရှိခဲ့၏။ ပထမတစ်ခုမှာ သုံးလွှာ ကြယ်တာရာ အသွင်ပြောင်းကျင့်စဉ် ဟု ခေါ်သည်။ ပထမအဆင့်တွင် မိမိ၏ အရပ်ကို ၃၃၃ စင်တီမီတာအထိ မြှင့်တင်နိုင်ပြီး ခွန်အားကို နှစ်ဆ တိုးစေနိုင်သည်။ ဒုတိယအဆင့်တွင် အရပ်ကို ၆၆၆ စင်တီမီတာအထိ မြှင့်တင်နိုင်ပြီး ခွန်အားကို ထပ်မံ နှစ်ဆ တိုးစေကာ မူလထက် လေးဆ ပိုသန်မာလာစေမည် ဖြစ်သည်။ တတိယအဆင့်တွင်မူ အရပ်ကို ၉၉၉ စင်တီမီတာအထိ မြှင့်တင်နိုင်ပြီး ခွန်အားကို နောက်ထပ် နှစ်ဆ တိုးစေကာ မူလထက် ရှစ်ဆ ပိုသန်မာလာစေမည် ဖြစ်၏။
ကံမကောင်းစွာဖြင့် ပိုင်ယွီမှာ ၎င်းကို ပထမအဆင့်လောက်သာ ကျွမ်းကျင်ထားသည်။ မဟုတ်ပါက ထိုကောင်ကို သတ်ရန် ကျန်းမင် အနေဖြင့် ခွန်အား ပိုစိုက်ထုတ်ရပေလိမ့်မည်။
ဒုတိယ အထူးစွမ်းရည်မှာ အလွှာကိုးထပ် အမြောက် ပင်။ ကျန်းဖန်က သူ့ နတ်ဘုရား တောင်ကိုးလုံး ရတနာကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့စဉ်က တိုက်ကွက် တစ်ကွက်တည်းဖြင့် သူ့ နတ်ဘုရားတောင်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိခဲ့သည် မဟုတ်ပါလား။
တတိယ အထူးစွမ်းရည်မှာ ကြယ်ပတ်လမ်း ဓားအစီအရင် ဖြစ်သည်။ ပိုင်ယွီက ဓား ၁၀၈ လက်ကို အသုံးပြု၍ ဤအစီအရင်အား ဖန်တီးခဲ့ပုံမှာ ကျန်းမင်အား အတော်လေး အထင်ကြီးသွားစေခဲ့သည်။
ခြုံငုံကြည့်ရလျှင် ဤအထူးစွမ်းရည် သုံးခု သူ့ လက်နက်တိုက်ထဲ ရောက်လာခြင်းက သူ့ တိုက်ခိုက်မှုများကို ပိုစွယ်စုံရ ဖြစ်လာစေမည်ပင်။
ကျန်းမင်က နေ့စဉ် ဆုလာဘ်မှ ရရှိသော ကျင့်ကြံမှုများကို ဆက်လက် စုပ်ယူလိုက်သည်။ သို့သော် နှစ် ၃,၀၀၀ စာ ကျင့်ကြံမှုကိုမူ အသုံးမပြုသေးဘဲ နောက်တစ်ဆင့်သို့ ချိုးဖောက် တက်လှမ်းချိန်တွင် အသုံးပြုရန် ရည်ရွယ်ထား၏။
လက်ရှိတွင် ကျန်းမင် အနေဖြင့် ချီစွမ်းအင်ကို အသည်းအသန် မလိုအပ်သေးပေ။ သူ အမှန်တကယ် လိုအပ်နေသည်မှာ အထူးစွမ်းရည် များများ ရရှိရန်နှင့် တာအိုအနှစ်သာရများ နားလည် သဘောပေါက်ရန်သာ ဖြစ်သည်။
သူက ဉာဏ်အလင်းပွင့် လက်ဖက်ရွက် အမြောက်အများကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော် နေ့စဉ် ဆုလာဘ်များအဖြစ် ရရှိနေသဖြင့် သူ့ လက်ထဲတွင် ၁၂ ရွက် ကျန်ရှိနေသေး၏။ ဉာဏ်အလင်းပွင့် ကျောက်တုံးများကိုမူ တစ်ခုမျှ အသုံးမပြုရသေးချေ။
ထိုအချိန်တွင် ဇီလင်းလုံက ဘေးသို့ စောင်းလိုက်ပြီး လက်ပေါ်တွင် ခေါင်းတင်ကာ ကျန်းမင်ကို လှမ်းကြည့်လာသည်။
"စီနီယာအစ်ကို... အိမ်က လောကကြီးမှာ အကောင်းဆုံး နေရာပဲ... ဒီမှာဆိုရင် လုံခြုံတယ်လို့ ခံစားရတယ်"
"ဒါပေါ့... ဒီလောကကြီးမှာ ကိုယ့်အိမ်ထက် ကောင်းတဲ့နေရာ ဘယ်ရှိပါ့မလဲ..."
ကျန်းမင် ပြုံးလျက်...
"ဒါကြောင့် နောက်တစ်ခါ အိမ်ကနေ အလွယ်တကူ ထွက်မပြေးနဲ့တော့... ကြားလား"
"ဟုတ်ပါပြီ... ဟုတ်ပါပြီ..."
ဇီလင်းလုံက ရယ်မောရင်း ပြန်ဖြေလေသည်။
ထို့နောက် သူတို့နှစ်ဦး စကားဆက်ပြောနေကြသည်။
ဂျူနီယာညီမလေးမှာ တာအိုမျိုးစေ့ အဆင့်သို့ ချိုးဖောက် ဝင်ရောက်သွားသည့်တိုင် သူ့အပေါ် ဆက်ဆံပုံများ အနည်းငယ်မျှ ပြောင်းလဲမသွားသည့် အတွက် ကျန်းမင် အလွန် ဝမ်းသာနေမိ၏။ အခြား တစ်နည်းပြောရလျှင် ဂျူနီယာညီမလေးက သူ့ကို အလွန် ချစ်ခင်နေဆဲ ဖြစ်ပြီး မည်သူကမျှ သူ့ထံမှ သူမကို လုယူသွားနိုင်မည် မဟုတ်ပေ။
...
မိုးလင်းစ ပြုလာချိန်တွင် ကျန်းမင် ထရပ်ပြီး နံနက်စာ ပြင်ဆင်တော့သည်။
ယခုတစ်ကြိမ် နံနက်စာကို ခေါင်မိုးပေါ်တွင် ပြင်ဆင်ထား၏။ သာယာသော နံနက်ခင်း လေပြေလေးနှင့် လှပသော တောင်တန်း မြင်ကွင်းများကို ခံစားရင်း နံနက်စာကို အတူတကွ သုံးဆောင်ကြသည်။
"အရမ်း အရသာရှိတာပဲ စီနီယာအစ်ကို"
ဇီလင်းလုံက အာမေဍိတ်သံ ပြုလိုက်ပြီးနောက်...
"ညီမလေး အဝေးကို ရောက်နေတုန်း အလွမ်းဆွတ်ဆုံး အရာက အစ်ကို့ရဲ့ ဟင်းလျာတွေပဲ"
"ကောင်းပါပြီ... နောက်တစ်ခါ တောင်ပေါ်ကနေ မထွက်သွားခင် မင်းအတွက် အစားအသောက်တွေ ပြင်ဆင်ပေးမယ်... အဲ့ဒါတွေကို မင်းရဲ့ ဟင်းလင်းပြင် လက်စွပ်ထဲမှာ သိမ်းထားပေါ့... ဒါဆိုရင် မင်း အဝေးကို ရောက်နေရင်တောင် ငါလုပ်ပေးတဲ့ အစားအသောက်တွေကို စားလို့ရပြီပေါ့"
ကျန်းမင်က ယုယကြင်နာစွာ ပြန်ဖြေလိုက်၏။
"စီနီယာအစ်ကိုက အကောင်းဆုံးပဲ"
ထိုအချိန်တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ဂူဟိုင်က တူကို ချလိုက်ပြီး...
"ငါကျတော့ရော... မင်းတို့ကို တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးတဲ့ ပုံစံမျိုးနဲ့ ဘာလို့ ပြောနေကြတာလဲ"
"ဆရာ... တပည့်က အစားအသောက် အကြောင်း ပြောနေတာပါ"
ဇီလင်းလုံက ရယ်မောလျက်...
"ဒီလောက် အချိန်တွေ အကြာကြီးထဲမှာ ဆရာက တပည့်တို့ကို လက်ချိုးရေလို့ရတဲ့ အကြိမ်လေးပဲ ချက်ကျွေးဖူးတာလေ"
ထိုအခါ ကျန်းမင်ကပါ ဝင်ထောက်လိုက်သည်။
"ဆရာ... ကျွန်တော် ရိုင်းပြချင်လို့တော့ မဟုတ်ဘူး... ဒါပေမဲ့ ဆရာ့ရဲ့ ဟင်းလျာတွေက တကယ်ကို... စားမရတာ..."
"ဒါဆို ဘာဖြစ်လဲ... ငါက မင်းတို့ နှစ်ယောက်လုံးကို ကြီးပြင်းလာအောင် မွေးမြူပေးခဲ့တာ မဟုတ်ဘူးလား"
ဂူဟိုင် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူ့ မျက်နှာထားမှာ ရုတ်တရက် လေးနက်သွားပြီး...
"ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ငါ့ကို ပြောပြစမ်း"
လင်းလုံ ခေါင်းညိတ်လိုက်သည်။ သူမနှင့် အခြား တပည့်များ မိစ္ဆာကျင့်ကြံသူများနှင့် မည်သို့ ထိပ်တိုက်တွေ့ခဲ့ပြီး မည်သို့ ကွဲကွာသွားခဲ့ကြောင်းကို စတင် ပြောပြတော့၏။ သူမ ထွက်ပြေးနေစဉ် လျှို့ဝှက်ဂူသင်္ချိုင်း တစ်ခုကို မတော်တဆ ရှာတွေ့ခဲ့ကြောင်း၊ ထိုနေရာတွင် ရတနာများစွာ ရှိနေသဖြင့် အချိန်ယူ၍ ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောပြလိုက်သည်။
သူမ၏ ဇာတ်လမ်းမှာ ရိုးရှင်းလှသည်။ ပိုင်ယွီ သို့မဟုတ် ရေနဂါး ပိုင်ဟိုင်ထျန်းတို့နှင့် ကြုံတွေ့ခဲ့ရမှုများ အကြောင်းကိုမူ ဆရာဖြစ်သူအား ထည့်မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေ ဆရာဖြစ်သူကို သူမ အတွက် အလွန်အမင်း စိုးရိမ်ပူပန်စေခြင်းမျိုး မဖြစ်စေချင်သည် မဟုတ်ပါလား။
ဇီလင်းလုံ စကားအဆုံးတွင် ဂူဟိုင်မှာ မယုံနိုင်စွာဖြင့် အံ့အားသင့်စွာ အော်ဟစ်လိုက်တော့သည်။
"ဘာ... မင်းက တာအိုမျိုးစေ့ အဆင့်ကို ဝင်ရောက်သွားပြီလား"
"အရမ်း အံ့ဩစရာ ကောင်းတာပဲ ဂျူနီယာညီမလေး" ကျန်းမင်ကလည်း အတတ်နိုင်ဆုံး အံ့ဩသွားဟန်ဆောင်၍ ဝင်ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်"
လင်းလုံက ပါးစပ်နားရွက်ချိတ်မတတ် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ ထို့နောက် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ဂူဟိုင်ထံ ကမ်းပေးရင်း...
"ဆရာ... ဒါက သန့်စင်သော ခရမ်းရောင် နန်းတော် ဆေးလုံးပါ... အတိတ်တုန်းက ဆရာ့ရဲ့ ခရမ်းရောင် နန်းတော် ထိခိုက်ထားတယ်လို့ ကြားဖူးတယ်... ဒီဆေးလုံးက အဲ့ဒီဒဏ်ရာကို ကုသပေးနိုင်ကောင်း ကုသပေးနိုင်လိမ့်မယ်"
"သန့်စင်သော ခရမ်းရောင် နန်းတော် ဆေးလုံး..."
ဂူဟိုင် မျက်လုံးများ ပြူးကျယ်သွားရ၏။ ဆေးလုံးကို လှမ်းယူလိုက်သော သူ့ လက်များမှာ တုန်ယင်နေပြီး...
"ဒါက တကယ်ပဲ သန့်စင်သော ခရမ်းရောင် နန်းတော် ဆေးလုံး ဆိုတာ မင်း သေချာရဲ့လား"
ဇီလင်းလုံ ခေါင်းညိတ်လိုက်သည်။
"သေချာပါတယ်"
"အခုချိန်ထိ ဒီဆေးလုံးက ဒဏ္ဍာရီတွေ ထဲမှာပဲ ရှိခဲ့တာ... လူအများကြီးက လိုက်ရှာခဲ့ကြပေမယ့် မတွေ့ခဲ့ကြဘူး... နောက်ဆုံးတော့ ငါ့တပည့်က ရှာတွေ့လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး... ဒါက ကောင်းချီး တစ်ခုပဲ... မင်းကို တပည့်အဖြစ် လက်ခံခဲ့တာ တကယ်ကို အမှား မဟုတ်ခဲ့ဘူး... အရမ်း ကျေးဇူးတင်ပါတယ် တပည့်လေးရယ်"
ဂူဟိုင်က ပျော်ရွှင်စွာ ရယ်မောရင်း ပြောဆိုနေသည်။
"ကိစ္စမရှိပါဘူး ဆရာ... ဆရာသာ မရှိခဲ့ရင် တပည့် ဒီနေရာမှာတောင် ထိုင်နေနိုင်မှာ မဟုတ်ဘူး"
"ကောင်းတယ်... အရမ်း ကောင်းတယ်... လင်းလုံ... မင်းက လိမ္မာရေးခြားရှိတဲ့ မိန်းကလေး တစ်ယောက် အဖြစ် ကြီးပြင်းလာခဲ့ပြီပဲ" ဂူဟိုင်က ကျေနပ်စွာ ပြောလိုက်၏။ "ဒါပေမဲ့ ဂိုဏ်းချုပ်နဲ့ ခေါင်းဆောင် အနည်းငယ်ကလွဲရင် မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်ကို တခြား ဘယ်သူ့ကိုမှ မပြောပြနဲ့"
"ဘာလို့လဲ" လင်းလုံက ခေါင်းလေးကို အနည်းငယ် စောင်းကာ မေးမြန်းသည်။
ဂူဟိုင်လည်း သက်ပြင်းချလိုက်ပြီးနောက်...
"ပြောရရင်တော့ ဇာတ်လမ်းက ရှည်တယ်... မိုမိုကို မင်း မှတ်မိလား... သူမက ပိရွှေဂိုဏ်းက သူလျှို တစ်ယောက် ဖြစ်နေခဲ့တာ... သူမက ငါတို့နဲ့ အချိန်အကြာကြီး အတူရှိနေခဲ့ပြီး ပိရွှေဂိုဏ်းကလည်း ဟိုင်ပြည်နယ်ကို အခုမှ ပြောင်းရွှေ့လာတာ... ဒီကိစ္စကို သူတို့ ဘယ်လောက်ကြာကြာ စီစဉ်နေခဲ့တာလဲ... ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းထဲမှာ တခြား သူလျှိုတွေ ရှိ၊ မရှိ ငါတို့ မသိနိုင်တဲ့ အတွက် သိုသိုသိပ်သိပ် နေတာ အကောင်းဆုံးပဲ... မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို ထုတ်ဖော်လိုက်ရင် မနာလိုမှုတွေနဲ့ အမုန်းတရားတွေကို ဆွဲဆောင်မိသလို ဖြစ်သွားနိုင်တယ်... လျှို့ဝှက်ဂူသင်္ချိုင်းထဲမှာ သုံးလလောက် ကျင့်ကြံလိုက်ရုံနဲ့ မင်းက တာအိုမျိုးစေ့ အဆင့်ကို ချိုးဖောက် ဝင်ရောက်နိုင်ခဲ့တာလေ... ဒီလို ကောင်းကင်ကို အန်တုတဲ့ စွမ်းဆောင်ရည်မျိုးကို တခြား ဘယ်သူ့ကိုမှ ပေးသိလို့ မဖြစ်ဘူး"
"ဟင်... စီနီယာအစ်မ မိုမိုက သူလျှို ဟုတ်လား... ဒါပေမဲ့..." လင်းလုံ သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ ခဏအကြာတွင် သူမ ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဖြင့်...
"ဆရာ ပြောတာ မှန်ပါတယ်... တပည့်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို လျှို့ဝှက်ထားဖို့ သေချာ ဂရုစိုက်ပါ့မယ်"
ဒါ တော်တော် ထူးဆန်းတယ်... သူ ဘာလို့ ဒီလောက်စောစောကြီး ပေါ်သွားရတာလဲ...
"မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ ကျင့်စဉ် တစ်ခုခုကို မင်း သိလား" ကျန်းမင်က မေးလိုက်၏။
"သိပါတယ်... ညီမလေးရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ အထူးစွမ်းရည် တစ်ခုကို ညီမလေး သင်ယူထားတယ်... ညီမလေးထက် ကျင့်ကြံခြင်း အဆင့် နှစ်ဆင့်လောက် မြင့်တဲ့သူတွေတောင် ညီမလေးရဲ့ အစစ်အမှန် ကျင့်ကြံခြင်း အဆင့်ကို သိနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်"
"ဒါဆို အရမ်း ကောင်းတာပေါ့"
ထို့နောက် ကျန်းမင်က ဂူဟိုင်ဘက် လှည့်ကာ...
"ဆရာ... ဂျူနီယာညီမလေးရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဂိုဏ်းချုပ်သိရင် လုံလောက်ပြီ ထင်တယ်... တခြား ဘယ်သူမှ သိစရာ မလိုတော့ဘူး... သိတဲ့သူ များလေလေ ပိုအန္တရာယ် များလေလေပဲ... ဥပမာ ကျွန်တော်တို့ သုံးယောက်ကိုပဲ ကြည့်လေ... ကျွန်တော်တို့က မိသားစု တစ်ခုလိုပဲ... ကျွန်တော်တို့ကြားမှာ လျှို့ဝှက်ချက် ဆိုတာ မရှိဘူး... ခေါင်းဆောင် တချို့က ယုံကြည်ရပေမယ့် သူတို့ တပည့်တွေကို သတိမထားမိဘဲ ဂျူနီယာညီမလေးရဲ့ ကျင့်ကြံခြင်း အဆင့်ကို ထုတ်ပြောမိသွားမှာ စိုးရိမ်ရတယ်... အဲ့ဒီအချိန်ကျရင် ဒီကိစ္စက လျှို့ဝှက်ချက် ဖြစ်နေတော့မှာ မဟုတ်ဘူး"
"မင်းပြောတာ သဘာဝကျတယ်... ငါတို့က တကယ်ကို တူတာပဲ... မင်းကလည်း ငါ့လိုပဲ သတိကြီးတာကိုး" ဂူဟိုင်က မုတ်ဆိတ်မွေးများကို သပ်ရင်း ပြောဆိုသည်။
"ဒါတွေ အားလုံးက ဆရာ့ရဲ့ သွန်သင်မှုတွေ ကြောင့်ပါ"
ကျန်းမင်က ပြန်ဖြေလိုက်၏။
လင်းလုံကမူ ခေါင်းလေး ငုံ့ထားပြီးသာ ရယ်မောနေတော့သည်။
End
***