ထိုသုံးယောက်မှာ အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် အစီအစဉ် တစ်ခုကို သဘောတူလိုက်ကြသည်။ ဂိုဏ်းချုပ်မှလွဲ၍ ဇီလင်းလုံ၏ ကျင့်ကြံခြင်း အဆင့်ကို အခြားလူတိုင်းထံမှ လျှို့ဝှက်ထားရန်ပင်။
"ဂိုဏ်းချုပ်ကိုလည်း ဒီကိစ္စ လျှို့ဝှက်ထားဖို့ သတိပေးသင့်တယ်... ညီမလေး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် မူလဝိညာဉ် အဆင့်ကို ချိုးဖောက် မဝင်ရောက်နိုင်မချင်း ကျင့်ကြံဖို့ လုံခြုံတဲ့ နေရာတစ်ခု ရှိနေဖို့ သေချာအောင် လုပ်ရမယ်" ကျန်းမင်က ပြောလိုက်သည်။
"မင်းပြောတာ မှန်တယ်... မင်းက တော်တော် စဉ်းစားဉာဏ် ရှိတာပဲ"
ဂူဟိုင်က ခေါင်းညိတ်လျက် ပြန်ဖြေ၏။
ထိုနှစ်ယောက် သူမအပေါ် မည်မျှ ဂရုစိုက်ပြီး စိုးရိမ်ပူပန်နေကြကြောင်းကို မြင်တွေ့ရချိန်တွင် ဇီလင်းလုံ၏ ရင်ထဲ၌ နွေးထွေးမှုများ လွှမ်းခြုံသွားရသည်။ ခဏအကြာတွင် သူမက ကြွေပုလင်း အချို့နှင့် ပစ္စည်းများကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် ကျန်းမင်ဘက် လှည့်ကာ...
"စီနီယာအစ်ကို... ဒါတွေက အစ်ကို့ရဲ့ အမြူတေကို ဖွဲ့စည်းဖို့နဲ့ ခရမ်းရောင် နန်းတော် ချဲ့ထွင်ဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးတွေပါ... ဒီသံချပ်ကာကတော့ အဆင့်နိမ့် မှော်ရတနာ... လောလောဆယ် အစ်ကို ဒါကို သုံးလို့ရတယ်... အစ်ကို ရွှေအမြူတေ အဆင့်ကို ချိုးဖောက် ဝင်ရောက်သွားတဲ့ အခါကျရင် နောက်ထပ် သံချပ်ကာ တစ်ခု ထပ်ရှာပေးမယ်... ဒီခေါင်းလောင်းကတော့ ထိပ်တန်းအဆင့် မှော်ရတနာ တစ်ခု... အစ်ကိုနဲ့ အရမ်း သင့်တော်တယ်... ပြီးတော့..."
ဇီလင်းလုံက စကားပြောနေရင်း ပစ္စည်းများကို တစ်ခုပြီးတစ်ခု ကျန်းမင်ထံ ကမ်းပေးနေတော့သည်။
ကျန်းမင်မှာ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ ကြည့်နေမိ၏။ အစပိုင်းတွင် သူက ထိုလက်ဆောင်များကို ငြင်းပယ်ရန် စဉ်းစားထားသော်လည်း သူမ၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်ကို မြင်လိုက်ရချိန်တွင် ထိုအတွေးကို မြိုချလိုက်ပြီး အပြုံးဖြင့် လက်ခံလိုက်တော့သည်။
ဂူဟိုင်လည်း ထပ်တူ အံ့အားသင့်နေ၏။ သူက သိသိသာသာ မနာလိုဖြစ်နေသော လေသံဖြင့်...
"ဒီလိုကိုး... မင်းရဲ့ စီနီယာအစ်ကို ရှိနေရင် မင်းဆရာကို မေ့သွားတာပေါ့လေ"
"အဲ့လို မဟုတ်ပါဘူး" လင်းလုံ ချိုသာစွာ ပြုံးလိုက်သည်။ သူမက သံချပ်ကာ တစ်ထည် ထုတ်ယူပြီး ဂူဟိုင်ထံ ကမ်းပေးရင်း... "ဒါက ဆရာ့အတွက်ပါ... အလယ်အလတ်အဆင့် မှော်ရတနာ"
"အလယ်အလတ်အဆင့်..."
ဂူဟိုင် နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။ ခုခံကာကွယ်ရေး သံချပ်ကာ တစ်ထည်မှာ တူညီသော အဆင့်ရှိသည့် လက်နက်တစ်ခုထက် များစွာ ပို၍ တန်ဖိုးကြီးမားသည် မဟုတ်ပါလား။ ဂိုဏ်းတစ်ခုလုံးတွင်ပင် ဤကဲ့သို့သော ပစ္စည်းမျိုး နှစ်ခုသာ ရှိသည်။ သတိပြန်ဝင်လာချိန်တွင် သူက ခေါင်းခါယမ်းလိုက်ပြီး...
"မင်းဘာသာမင်းပဲ သိမ်းထားပါ... ဘာပဲဖြစ်ဖြစ် မင်းက အပြင်ထွက်ပြီး လေ့ကျင့်ရဦးမှာလေ... ဒီသံချပ်ကာက မင်းအတွက် အသုံးဝင်လာမှာ သေချာတယ်"
"စိတ်မပူပါနဲ့ ဆရာ... တပည့်ဆီမှာ တစ်ခု ရှိပြီးသားပါ... အဲ့ဒါက ဒါ့ထက် အများကြီး ပိုကောင်းတယ်" ဇီလင်းလုံက ပြန်ဖြေ၏။
"မင်းဆီမှာ ပိုကောင်းတာ ရှိနေရင်တောင် ဒါကို သိမ်းထားသင့်တယ်... အပိုပါတာ အမြဲတမ်း ကောင်းတယ်... မင်းရဲ့ သံချပ်ကာ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ... ထို့အပြင် မင်းက အကာအကွယ် ပိုရအောင် သံချပ်ကာ နှစ်ထည် ထပ်ဝတ်လို့လည်း ရသေးတာပဲ... ငါက တောင်ပေါ်ကနေ အပြင်ထွက်ခဲတော့ ငါ့အတွက် သိပ်အသုံးမဝင်ပါဘူး"
"ဆရာ... ဆရာ ဒါကို လက်ခံရမယ်... ဒါကို တပည့်ရဲ့ ကျေးဇူးဆပ်မှု သေးသေးလေး တစ်ခုအနေနဲ့ သဘောထားပေးပါ" ဇီလင်းလုံက အတင်းအကြပ် ပြောဆိုနေသည်။
ထိုအခါ ကျန်းမင်က ဝင်ထောက်ပြ၏။
"ဆရာ... ညီမလေးက ဒီလောက် စေတနာပါနေမှတော့ လက်ခံလိုက်ပါ"
ကျန်းမင်က ဂျူနီယာညီမလေး၏ ခွန်အားနှင့် ကျင့်ကြံခြင်း အဆင့်ကို သိထားသလို သူမ မည်ကဲ့သို့သော လျှို့ဝှက်ဂူသင်္ချိုင်းမျိုးထဲ မတော်တဆ ဝင်ရောက်ခဲ့ကြောင်းကိုလည်း သိထားသည်။ ထို့ကြောင့် သူမ၌ ရတနာများစွာ ရှိနေမည်ကို သေချာပေါက် သိနေ၏။ ထိုအရာများ အားလုံးကို အဘယ်ကြောင့် ထုတ်မပြရသနည်း ဆိုလျှင် သူနှင့် သူတို့ဆရာ၏ ကျင့်ကြံခြင်း အဆင့်များမှာ မလုံလောက်သေးဟု တွေးထင်ထား၍ ဖြစ်ပေလိမ့်မည်။
အားနည်းနေချိန်တွင် ရတနာများ ပိုင်ဆိုင်ထားခြင်းက ပြဿနာများကိုသာ ဆွဲဆောင်နိုင်သည် မဟုတ်ပါလား။
ထိုသုံးယောက်မှာ စကားတပြောပြော ရယ်မောရင်း နံနက်စာကို အဆုံးသတ်လိုက်ကြသည်။
[ဒင်... သဟဇာတဖြစ်သော နံနက်စာ စားသုံးမှုအတွက် ဂုဏ်ပြုသည်။ ဆုလာဘ် - မဟာ အာကာပြင် နတ်ဘုရား လက်ဝါး]
စနစ်၏ အသိပေးသံကို ကြားလိုက်ရချိန်တွင် ကျန်းမင် မျက်လုံးများ အရောင်လက်သွား၏။
မဟာ အာကာပြင် စီးရီးထဲက နောက်တစ်ခုလား... အစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ရမယ်... ပထမတစ်ခုက ဓားကျင့်စဉ်... ဒုတိယက ခြေလှမ်းကျင့်စဉ်... အခုက လက်ဝါး ကျင့်စဉ်... လက်သီးကျင့်စဉ်တွေနဲ့ မူလဝိညာဉ် ကျင့်စဉ်တွေရော ရှိနေမလား မသိဘူး... တကယ်ကို စိတ်လှုပ်ရှားစရာပဲ...
...
ကျန်းမင် ပန်းကန်ဆေးနေစဉ် ဂူဟိုင်က လေထဲသို့ အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်သည်။
မကြာမီမှာပင် ဂိုဏ်းချုပ်က ချူယန်တောင်ထွတ်သို့ ရောက်လာ၏။
ထိုနှစ်ယောက်မှာ ခေါင်းချင်းဆိုင်၍ စကားပြောနေကြသည်။
ဇီလင်းလုံ တာအိုမျိုးစေ့ အဆင့်သို့ ချိုးဖောက် ဝင်ရောက်သွားကြောင်း သိလိုက်ရချိန်တွင် ဂိုဏ်းချုပ်လည်း အလွန် အံ့အားသင့်သွားသည်။ သူက အသံထွက်၍ ရယ်မောချင်စိတ် ပေါက်သွားသော်လည်း နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်၏။ ထို့နောက် ဇီလင်းလုံ အေးချမ်းစွာ ကျင့်ကြံနိုင်ရန် ဤကိစ္စကို လျှို့ဝှက်ထားဖို့ ဂူဟိုင်ကို ညွှန်ကြားလိုက်သည်။
သူ့ အတွေးများမှာ ဂူဟိုင်၊ ကျန်းမင်တို့နှင့် ထပ်တူကျနေ၏။ သူမအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိထားပြီး ကျိုယန်ဂိုဏ်းကို ဦးဆောင်မည့် ကိုယ်စားလှယ်လောင်းများထဲတွင် သူမက တစ်ယောက် အပါအဝင် ဖြစ်သည်။ ထို့ကြောင့် သူမ အပြင်ထွက်စဉ် ဒဏ်ရာရခဲ့သဖြင့် ဒဏ်ရာများ ကုသရန်နှင့် တံခါးပိတ် ကျင့်ကြံရန် ဆုံးဖြတ်ထားကြောင်း လူတိုင်းကို ပြောပြရန် ဆုံးဖြတ်ခဲ့သည်။ ညွှန်ကြားချက်များ ပေးပြီးနောက် သူက ထွက်ခွာရန် ပြင်တော့သည်။
ဂိုဏ်းချုပ်က လျှို့ဝှက်ဂူသင်္ချိုင်း အကြောင်း မမေးမြန်းခဲ့သော်လည်း လင်းလုံက ဆေးလုံး တစ်လုံး ထုတ်ယူကာ သူ့ထံ ကမ်းပေးလိုက်၏။
"ဒါ... ဒါက ဝိညာဉ် ပြန်လည်နုပျိုခြင်း ဆေးလုံးလား"
ဂိုဏ်းချုပ် အလွန် အံ့အားသင့်သွားပြီး ထိုဆေးလုံးကို တပ်မက်စွာ စိုက်ကြည့်နေမိ၏။ ဆေးလုံးကို အလွန် လိုချင်နေသော်လည်း သိမ်းဆည်းချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး...
"လင်းလုံ... ဒီဆေးလုံးက ကနဦးဝိညာဉ် ဖွဲ့စည်းရာမှာ အရမ်း အသုံးဝင်တယ်... မင်းအတွက်မင်းပဲ သိမ်းထားသင့်တယ်... မူလဝိညာဉ် အဆင့် ရောက်သွားပြီးရင် ဒီဆေးလုံး သုံးပြီး ကနဦးဝိညာဉ် အဆင့်ကို ချိုးဖောက် ဝင်ရောက်နိုင်တယ်"
"ဂိုဏ်းချုပ်... တပည့်က အဲ့ဒီအဆင့်ကို ရောက်ဖို့ အများကြီး လိုပါသေးတယ်... ဂိုဏ်းချုပ်ကမှ တပည့်တို့တို့ဂိုဏ်းရဲ့ ကျောရိုးပါ... တပည့်တွေ ပူပန်မှုကင်းကင်းနဲ့ ကျင့်ကြံနိုင်ဖို့ ဂိုဏ်းချုပ် ပိုသန်မာလာဖို့ လိုအပ်တယ်" ဇီလင်းလုံက ပြန်ဖြေလိုက်သည်။
"မြင်လား... ငါ့တပည့်က ကံကောင်းပြီး ပါရမီပါရုံတင် မကဘူး... စိတ်နေစိတ်ထားလည်း အရမ်း ကောင်းတာ"
ဂူဟိုင်က မေးကို အနည်းငယ် မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆို၏။ မျက်နှာထက်တွင် အပြုံးကျယ်ကြီး တစ်ခု ချိတ်ဆွဲထားလျက်...
"သူမ ဘာပြောလဲ ကြားတယ်မလား... မင်း ဆေးလုံးကို လက်ခံပြီး ပိုသန်မာအောင် လုပ်သင့်တယ်... ဒါမှ ဂိုဏ်းကို ဆက်ပြီး ထောက်ပံ့ပေးနိုင်မှာပေါ့"
နောက်ဆုံးတွင် ဂိုဏ်းချုပ်က ထိုဆေးလုံးကို ဆက်လက် မငြင်းဆန်တော့ချေ။ သူက သက်ပြင်းချရင်း...
"ချူယန်တောင်ထွတ်ကနေ ဒီလို အခွင့်အရေးမျိုး ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ပြီးတော့ ငါ့ကို အများကြီး ကူညီပေးတဲ့သူက မင်းရဲ့တပည့် ဖြစ်နေတယ်... ကံကောင်းလို့ အဲ့ဒီတုန်းက ငါ အမြော်အမြင် ရှိရှိနဲ့ မင်းကို ထောက်ခံခဲ့တာ... မဟုတ်ရင် ဒီလို ရွှေလို အခွင့်အရေးမျိုးကို လက်လွတ်သွားရတော့မှာ"
ဂိုဏ်းချုပ်၏ စကားသံ အဆုံးတွင် ဂိုဏ်းဝင်ပေါက်ရှိ အစီအရင်မှာ တုန်ခါသွားပြီး အချက်ပေးသံက ဂိုဏ်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။
"တစ်ယောက်ယောက်က ငါတို့ဂိုဏ်းတံခါးကို လာတိုက်ခိုက်နေတယ်"
ဂိုဏ်းချုပ်၏ မျက်နှာထားမှာ ချက်ချင်း တင်းမာသွားပြီး...
"ဘယ်သူပဲဖြစ်ဖြစ် ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာတော့ မဖြစ်နိုင်ဘူး... ဂူဟိုင်... သူတို့ကို သေချာ စောင့်ကြည့်ထား... အပြင်မှာ ဘာပဲဖြစ်ဖြစ် ထွက်မလာနဲ့... အဆိုးဆုံး အခြေအနေ ရောက်လာရင် သူတို့ကို ခေါ်ပြီး ဂိုဏ်းထဲကနေ ထွက်သွားတော့"
ဂူဟိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဂိုဏ်းချုပ်က တိမ်တိုက်တစ်ခုပေါ် တက်စီးကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားလေပြီ။
ဇီလင်းလုံကမူ မျက်မှောင်ကြုတ်လျက် ဂိုဏ်းဝင်ပေါက်ဘက်သို့ လှမ်းကြည့်နေ၏။
ထိုအချိန်တွင် အချက်ပေးသံကို ကြားလိုက်ရသော ကျန်းမင်မှာ ခေါင်းမိုးပေါ်သို့ ခုန်တက်လိုက်သည်။ သူ့ မျက်လုံးများက အလင်းများဖြင့် တောက်ပနေပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို သိရှိရန် အစီအရင်ကို ကျော်လွန်၍ လှမ်းကြည့်နေ၏။
ကျိုယန်ဂိုဏ်း၏ တံခါးရှေ့ လေထဲတွင် အစိမ်းရောင် အလင်းတန်းများ တောက်ပနေသော အမျိုးသမီး တစ်ဦး ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။ သူမက အလွန် လှပသော်လည်း မျက်နှာထားမှာ အေးစက်နေ၏။ သူမလက်ကို မြှောက်၍ ရှေ့သို့ ညွှန်ပြလိုက်ချိန်တွင် ကျိုယန်ဂိုဏ်း ပတ်လည်ရှိ အတားအဆီးမှာ နောက်တစ်ကြိမ် တုန်ခါသွားပြန်သည်။ အချိန်မရွေး ကွဲကြေသွားတော့မည့် အသွင်ပင်။
ထို့နောက် သူမက မျက်ခုံးပင့်ပြီး အပြာရောင် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ တိုက်ကွက် တစ်ကွက်တည်းဖြင့် အတားအဆီးကို ဖောက်ထွင်းကာ ဂိုဏ်းအတွင်းသို့ ခြေချလာတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျိုယန်ဂိုဏ်းရှိ လူတိုင်း... ခေါင်းဆောင်များ၊ အကြီးအကဲများ သို့မဟုတ် တပည့်များ အားလုံး... ဆွံ့အသွားကြသည်။ အတားအဆီးကို ဖျက်ဆီးပြီး ခွင့်ပြုချက် မရှိဘဲ ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခြင်းမှာ ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် မာနကို ခြေဖြင့် နင်းချေလိုက်ခြင်းနှင့် မည်သို့မျှ မကွာခြားပေ။
ဤကဲ့သို့ ပေါ်တင် ကျူးကျော်လာမှုကို မြင်လိုက်ရသဖြင့် ကျန်းမင် မျက်နှာထားမှာ အေးစက်သွား၏။
သူက လူသားလမ်းစဉ် မှတ်တမ်းကို ဆင့်ခေါ်လိုက်သည်။
အမည် - မုရွှေယွင်
လိင် - မ
ကျင့်ကြံခြင်းအဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ အကြီးအကဲ
ဆက်ဆံရေး - ၀
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့် (ရေဝိညာဉ် ခန္ဓာကိုယ်)
အခြေအနေ - တစ်ချိန်က ချင်းယွင်ဂိုဏ်း၏ သူတော်စင် သမီးတော် ဖြစ်ခဲ့သည်။ ရေနဂါး တစ်ကောင်၏ ပြန်ပေးဆွဲခြင်း ခံရပြီး အပျိုစင်ဘဝ ဆုံးရှုံးခဲ့သည်။ ချင်းယွင်ဂိုဏ်းသို့ ပြန်ရောက်ချိန်တွင် ကိုယ်ဝန် ရှိနေခြင်းကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရ၏။ သူမ၏သား မုလေ့မှာ ဇီလင်းလုံကို လက်ထပ်ခွင့်တောင်းရန် ကျိုယန်ဂိုဏ်းသို့ သွားရောက်ပြီးနောက် သေဆုံးသွားချိန်တွင် စိတ်လွတ်သွားခဲ့သည်။ မိစ္ဆာဂိုဏ်း တစ်ခု၏ အခြေစိုက်စခန်းကို ရှာတွေ့ခဲ့ချိန်တွင် သူတို့နှင့် ပြင်းထန်သော တိုက်ပွဲ ဆင်နွှဲခဲ့ပြီး ဒဏ်ရာရခဲ့သည်။
ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာပြီးနောက် သားဖြစ်သူ ဆုံးရှုံးသွားမှု အတွက် ဆက်လက် ဝမ်းနည်း ပူဆွေးနေခဲ့၏။ သားဖြစ်သူ့ လက်ထပ်ခွင့်ကို ငြင်းပယ်ခဲ့သော မိန်းကလေး အကြောင်း ပြန်တွေးမိချိန်တွင် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ ငြင်းပယ်ခဲ့သော မိန်းကလေး အသက်ရှင်နေလျက်နှင့် သူမ၏ သားဖြစ်သူ သေဆုံးသွားရခြင်းကို လက်မခံနိုင်ပေ။ ထို့ကြောင့် ဇီလင်းလုံကို သူမ၏သားနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ရန် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးရန် ကျိုယန်ဂိုဏ်းသို့ ရောက်လာခြင်း ဖြစ်သည်။
မုရွှေယွင်...
ကျန်းမင် အံကြိတ်လိုက်ပြီး မျက်လုံးများ မှေးစင်းသွားသည်။
မင်းက ငါ့ဂျူနီယာညီမလေးကို မင်းသားနဲ့အတူ မြေမြှုပ်ချင်တယ်ပေါ့... အိမ်မက် မက်နေလိုက်...
ထိုအချိန်တွင် ဇီလင်းလုံနှင့် ဂူဟိုင်တို့ ကျန်းမင် အနီးသို့ ရောက်လာကြသည်။
ဇီလင်းလုံက ကျန်းမင်နှင့် ဂူဟိုင်တို့ ကြားတွင် ရပ်ပြီး ချီစွမ်းအင်များကို စုစည်းကာ အဝေးသို့ လှမ်းကြည့်လိုက်၏။
ဂိုဏ်းချုပ်က လက်ထဲတွင် ဓားတစ်လက် ကိုင်ဆောင်လျက် ပေါ်လာသည်။ ဒေါသကြောင့် မျက်နှာမှာ နီရဲနေပြီး...
"တာအိုရောင်းရင်း ရွှေယွင်... ဒါ ဘာသဘောလဲ"
ဂိုဏ်းချုပ် စကားပြောနေစဉ် သူ့ လက်ထဲရှိ ဓားမှာ တုန်ခါ မြည်ဟည်းနေပြီး လေဟာနယ် အတွင်း လှိုင်းဂယက်များ ထလာစေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ အကာအကွယ် တစ်ခု ဖွဲ့စည်းလာ၏။
ခေါင်းဆောင် အချို့ ဖြစ်သော တုန်ဖန်းလီ၊ ယွဲ့ချန်နှင့် ယင်ယွဲ့တို့ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကာ ဂိုဏ်းချုပ်ဘေးတွင် နေရာယူလိုက်ကြသည်။ သူတို့ အားလုံး၏ မျက်နှာထားများမှာ အေးစက်နေသည်။
"ငါ့ မုလေ့က နင်တို့ဂိုဏ်းက မိန်းကလေး တစ်ယောက်ကို သဘောကျနေတယ်"
မုရွှေယွင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"သူမကို ငါ့ဆီ လွှဲပေး"
"မင်း ဘယ်လောက်တောင် ရိုင်းစိုင်းနေရတာလဲ" ဂိုဏ်းချုပ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါ့ဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်လာရုံတင် မကဘူး... ငါ့တပည့်ကိုပါ မင်းဆီ လွှဲပေးဖို့ တောင်းဆိုရဲတယ်ပေါ့... မုရွှေယွင်... ကျိုယန်ဂိုဏ်းက မင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရပြီး အဓိပ္ပာယ်မဲ့ တောင်းဆိုချက်တွေ လုပ်လို့ရတဲ့ နေရာလို့ တကယ် ထင်နေတာလား"
"မင်းက ချင်းယွင်ဂိုဏ်းက ဖြစ်နေရင်တောင် ဒါက အရမ်း လွန်လွန်းနေပြီ" ယွဲ့ချန်ကလည်း အော်ဟစ်၏။ "ငါတို့ရဲ့ အစီအရင်ကို ဖျက်ဆီးပြီး ငါတို့ဂိုဏ်းထဲ ကျူးကျော်ဝင်ရောက်လာတာက စစ်ကြေညာတာနဲ့ အတူတူပဲ"
ရွှီး...
အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ရှောက်ယန်တောင်ထွတ်၏ ခေါင်းဆောင် ဟောက်ချန်မှာ အေးစက်သော မျက်နှာထားဖြင့် တုန်ခါနေသော သူ့ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူက စွမ်းအင်ဓား တစ်လက်ကို ကောင်းကင်သို့ ပစ်လွှတ်လိုက်ချိန်တွင် နေမင်းကိုးစင်းက သူ့ အနောက်တွင် ထွက်ပေါ်လာပြီး လေဟာနယ်အား ပုံပျက်သွားစေ၏။ သူ့ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး မုရွှေယွင်ကို စူးရဲစွာ စိုက်ကြည့်နေသည်။
ထိုအခါ အခြား ခေါင်းဆောင်များလည်း ချီစွမ်းအင်များကို စတင် စုစည်းလာကြတော့သည်။
"ငါက ဘယ်သူ့ကိုမှ ကိုယ်စားပြုတာ မဟုတ်ဘူး... ငါ့ကိုယ်ငါ ကိုယ်စားပြုတာ" မုရွှေယွင်က ရှေ့ရှိ လူများကို အထင်အမြင် သေးစွာ ကြည့်ရင်း ပြောလိုက်၏။
"ငါက အနိုင်ကျင့်တယ် ဆိုတာကို ဝန်ခံတယ်... ဒါပေမဲ့ နင်တို့ ဘာလုပ်နိုင်မှာလဲ... နောက်တစ်ကြိမ် ထပ်မေးမယ်... ယန်ယန်... အဲ့ဒီတပည့်ကို ငါ့ဆီ လွှဲပေးမှာလား၊ မပေးဘူးလား... တကယ်လို့ နင်တို့ ငြင်းမယ် ဆိုရင်..."
မုရွှေယွင် ခေတ္တမျှ ရပ်တန့်သွားသည်။ ရက်စက်သော အပြုံးတစ်ခု သူမ၏ မျက်နှာပေါ်တွင် ပေါ်လာပြီးနောက်...
"ကျိုယန်ဂိုဏ်းက အရှေ့ပိုင်းဒေသကို သိမ်းပိုက်ဖို့ မိစ္ဆာဂိုဏ်းတွေနဲ့ ပူးပေါင်းနေတယ်လို့ တစ်လောကလုံးကို ငါ ကြေညာလိုက်မယ်... အဲ့ဒီအချိန်ကျရင် ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ဖို့ လူတိုင်းမှာ အခွင့်အရေး ရှိသွားပြီ... ဒီကနေ မိုင်ထောင်ချီ ဝေးတဲ့ နေရာမှာ ငါတို့ ရှာတွေ့ခဲ့တဲ့ မိစ္ဆာစခန်းက အကောင်းဆုံး သက်သေပဲ... တပည့် တစ်ယောက်အတွက်နဲ့ လူတိုင်းကို ငရဲဆီ ဆွဲခေါ်သွားချင်တာ သေချာပြီလား"
End
***