ကျိုယန်ဂိုဏ်းမှာ ချင်းယွင်ဂိုဏ်းလောက် အင်အား မကြီးမားသည့်တိုင် အရှေ့ပိုင်းဒေသတွင်တော့ အတော်လေး နာမည်ရသော ဂိုဏ်းတစ်ဂိုဏ်းပင်။ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ကျိုယန်ဂိုဏ်းအတွင်းသို့ မဆင်မခြင် ကျူးကျော်ဝင်ရောက်ရန် ဝန်လေးကြပေမည်။ မည်သို့ပင်ဆိုစေ ကျိုယန်ဂိုဏ်းတွင် နှစ်တစ်ထောင်ကျော် သက်တမ်းရှိ သမိုင်းကြောင်းနှင့်အတူ ဂိုဏ်းပိုင်နက်အား ကာကွယ်ပေးထားသော ရှေးဟောင်း မဟာအစီအရင် တစ်ခု ရှိနေသည် မဟုတ်ပါလား။ ထို့အပြင် ကျွမ်းကျင်မှု အဆင့်မြင့်မားပြီး အတွေ့အကြုံ ရင့်ကျက်သော ဂိုဏ်းအကြီးအကဲ တစ်စုလည်း ရှိနေသေး၏။
သို့သော် မုရွှေယွင်မှာ သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ သူမ၏ ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားရုံသာမက နောက်ခံမှာလည်း ထူးခြားနေသည်။ ထို့ထက်ပို၍ ယခုအချိန်တွင် သူမခေါင်းထဲ၌ သားဖြစ်သူအတွက် ကလဲ့စားချေရန်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ သို့ဖြစ်ရာ ကျိုယန်ဂိုဏ်းအား သူမက အဘယ်ကြောင့် ကြောက်ရွံ့နေမည်နည်း။
မုရွှေယွင်၏ ခြိမ်းခြောက်စကားကို ကြားလျှင် ဂိုဏ်းချုပ်မှာ ဒေါသထွက်လွန်း၍ အော်ဟစ် ရယ်မောလိုက်တော့သည်။
“မုရွှေယွင်… တစ်ယောက်ယောက်ကများ မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းနေတယ် ဆိုရင် အဲ့ဒီလူက မင်းပဲ ဖြစ်ရမယ်”
“ဒါဆိုရင် ငြင်းလိုက်တာပေါ့လေ” မုရွှေယွင်က အေးစက်စက် မေးခွန်းထုတ်လိုက်စဉ် သူမလက်ထဲရှိ တာအိုဓားမှ အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။
“ထွက်သွားစမ်း”
ဂိုဏ်းချုပ်က အော်ဟစ်လိုက်သည်။
“နင်တို့ဘာသာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
မုရွှေယွင် ဆတ်ဆတ်ခါအောင် ဒေါသထွက်သွားပြီး ဓားကို မြှောက်ကာ ဂိုဏ်းချုပ်ထံ အစွမ်းထက်သော တိုက်ကွက်တစ်ခု ဖော်ထုတ်လိုက်တော့သည်။
ဂိုဏ်းချုပ်ကလည်း လက်ကို ဝှေ့ယမ်းကာ သူ့ရှေ့တွင် ဆေးမီးဖိုကြီး တစ်လုံး ဖန်တီး၍ ကာကွယ်လိုက်၏။ သို့တိုင် သူရော ဆေးမီးဖိုပါ အဝေးသို့ လွင့်စင်သွားရလေပြီ။
ရှောက်ယန်တောင်ထွတ်၏ အကြီးအကဲ ဟောက်ချန်မှာ သူ့ကိုယ်တွင်းမှ သတ်ဖြတ်လိုစိတ်များ သောင်းကျန်းလာသည်ကို ခံစားလိုက်ရသည်။ သူက အခြားသော တောင်ထွတ် အကြီးအကဲများနှင့်အတူ မုရွှေယွင်ထံသို့ ပြေးဝင်သွားကြ၏။
ကံမကောင်းစွာဖြင့် တောင်ထွတ် အကြီးအကဲ ခုနစ်ယောက်လုံး မည်မျှပင် အစွမ်းထက်နေစေကာမူ မုရွှေယွင်၏ ပြိုင်ဘက်များ မဟုတ်ခဲ့ပေ။
မုရွှေယွင်က ညာဘက်လက်ဖြင့် ဓားကို ဝှေ့ယမ်းရင်း ဘယ်ဘက်လက်ဖြင့် ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တုံးအား ဖော်ထုတ်လိုက်ရာ တောင်ထွတ် အကြီးအကဲ ခုနစ်ယောက်လုံး လေထဲ လွင့်စင်သွားကြတော့သည်။
ဟောက်ချန်မှလွဲ၍ ကျန်အကြီးအကဲများ အားလုံး၏ နှုတ်ခမ်းထောင့်များတွင် သွေးများ စီးကျလို့။ ထိုအကြီးအကဲများထဲတွင် သူက တိုက်ကွက်၏ ဒဏ်ကို အနည်းဆုံး ခံစားခဲ့ရခြင်း ဖြစ်သည်။
မုရွှေယွင်မှာ အလွန် အစွမ်းထက်၏။ မည်သို့ပင်ဆိုစေ သူမက တစ်ချိန်က ချင်းယွင်ဂိုဏ်း၏ သူတော်စင် သမီးတော် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။ သူမ၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် အထူးစွမ်းရည်များကို ထည့်မတွက်လျှင်ပင် ကျိုယန်ဂိုဏ်းမှ လူများထက် သာလွန်သော အားသာချက် တစ်ခု ပိုင်ဆိုင်ထားဆဲပင်။
ဂိုဏ်းချုပ်က ကာကွယ်ရေး အစီအရင်ကို ပြန်လည် အသက်သွင်းရန် ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ဆွဲထုတ်နေစဉ် ထိုက်ယန်တောင်ထွတ်မှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်း တစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအရာနှင့်အတူ မုရွှေယွင် ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
အသစ်ရောက်လာသူက လက်တစ်ဖက် မြှောက်၍ အစီအရင်တစ်ခု ဖန်တီးလိုက်သည်နှင့် မုရွှေယွင်လည်း နောက်သို့ လွင့်ထွက်သွားတော့သည်။
“အဘိုးအိုဟို… ရှင် အသက်ရှင်နေသေးတာလား”
မုရွှေယွင်မှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားပြီး အော်ဟစ်လိုက်မိသည်။
အသစ်ရောက်လာသော အဘိုးအိုက အော်ဟစ်လိုက်၏။ သူ့မျက်ခုံးနှင့် မုတ်ဆိတ်မွေးများမှာ မီးတောက်များကဲ့သို့ နီရဲနေပြီး သူ့ဒေါသနှင့် အတိအကျ လိုက်ဖက်နေသည်။ သူက မုရွှေယွင်ကို လက်ညှိုးထိုး၍ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်လိုက်သည်။
“ငါ ထပ်မပြောဘူး… အခုချက်ချင်း ထွက်သွား… မဟုတ်ရင် ဒီနေ့ မင်းကို သတ်ပစ်မယ်… မင်းလုပ်ခဲ့တဲ့ အပြစ်တွေကို သိသွားရင် ချင်းယွင်ဂိုဏ်းက မင်းအတွက် ကလဲ့စားလာချေရဲမလား ငါလည်း ကြည့်ချင်သေးတယ်”
မုရွှေယွင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“အဘိုးကြီး… ရှင်က ကျွန်မကို သတ်နိုင်မယ် ထင်နေတာလား… ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ”
“ဟုတ်လား… ကြည့်ရသေးတာပေါ့”
အဘိုးအိုက သူ့ကနဦးဝိညာဉ်ကို လှုံ့ဆော်လိုက်သည်နှင့် တောင်ထွတ် ကိုးခုလုံး ပြင်းထန်စွာ တုန်ခါလာတော့သည်။ တောင်ထွတ် တစ်ခုစီတိုင်းမှ နတ်ဘုရား အလင်းတန်း တစ်ခုစီ ကောင်းကင်သို့ ထိုးတက်သွားပြီး အစီအရင်နှင့် ပေါင်းစပ်ကာ နေမင်း ကိုးစင်း အဖြစ်သို့ ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် သူ့ ခန္ဓာကိုယ်ထဲမှ ထိတ်လန့်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အစီအရင်၏ အစွမ်းကို အဆပေါင်းများစွာ မြှင့်တင်ပေးလိုက်သည်။
အဘိုးအိုက လှောင်ပြုံး ပြုံးနေဆဲပင်။
“ဘယ်လိုလဲ… ငါ အသက်ရှင်နေတာ ကြာလှပြီ ဆိုတော့ မင်းကို ငရဲပြည် အထိ ဆွဲခေါ်သွားဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”
“ရှင် သတ္တိတော်တော် ကောင်းတာပဲ”
“ကောင်မလေး… မင်းက မင်းရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘူး ဆိုရင်တောင် ချင်းယွင်ဂိုဏ်းက မင်းလိုပဲ နေမယ် ထင်နေလား… အခု ချက်ချင်း ထွက်သွားစမ်း”
“ကောင်းပြီလေ… ဒီကိစ္စကို ကျွန်မ မှတ်ထားမယ် ကျိုယန်ဂိုဏ်း”
မုရွှေယွင်က သွားဖြဲ၍ ကြိမ်းဝါးလိုက်သည်။ ထို့နောက် အဘိုးအို၏ ပြတ်သားသော စိတ်ပိုင်းဖြတ်မှုကို မြင်လိုက်ရသဖြင့် လှည့်၍ ထွက်ခွာသွားတော့သည်။
မုရွှေယွင် ထွက်သွားပြီးနောက် နေမင်း ကိုးစင်းမှာလည်း မျက်စိရှေ့မှ ပျောက်ကွယ်သွား၏။ နောက်ဆုံး အဘိုးအိုက လှည့်လာပြီး လူအုပ်ကြီးကို အကဲခတ်ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဒါက ခွန်အားကြီးသူတွေ ကြီးစိုးတဲ့ လောကပဲ… ကံဆိုးပေမယ့် အားနည်းသူတွေကို နင်းချေပြီးတော့မှ ပိုပိုပြီး သန်မာလာအောင် လုပ်နိုင်လိမ့်မယ်… ဥပမာပြောရရင် မိစ္ဆာဂိုဏ်းတွေကသာ လူတိုင်းကို အုပ်စိုးနိုင်လောက်အောင် အင်အား ကြီးမားလာမယ်ဆိုရင် သူတို့ကပဲ စည်းမျဉ်း ဖြစ်လာမှာ… ရှောင်ယန်… မင်း ပိုပြီး အစွမ်းထက်လာဖို့ လိုတယ်… မဟုတ်ရင် ကျိုယန်ဂိုဏ်းရဲ့ အနာဂတ်က အန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်”
“ဆရာ…”
ဂိုဏ်းချုပ် ယန်ယန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လှမ်းခေါ်လိုက်သည်။
“စိတ်မပူပါနဲ့… ငါ့အတွက် အချိန်တချို့ ကျန်ပါသေးတယ်” အဘိုးအိုက လက်ကို ဝှေ့ယမ်းပြပြီး ပြော၏။
ဂိုဏ်းချုပ်နှင့် အခြားသူများက နောက်ပြန် ပျံသန်းသွားသော အဘိုးအိုအား ရိုသေစွာ ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။
…
ချူယန် တောင်ထွတ်တွင်။
ဂူဟိုင်က အဘိုးအိုရှိရာ အရပ်သို့ ကြည့်၍ ရိုသေစွာ ဦးညွှတ် အရိုအသေပေးလိုက်သည်။
ကျန်းမင်မှာ တိတ်ဆိတ်လို့နေ၏။ တိတ်တဆိတ် ထွက်သွားပြီး မုရွှေယွင်အား သတ်ဖြတ်ပစ်ချင်သည့် ဆန္ဒများက သူ့စိတ်ထဲ လွှမ်းမိုးနေသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းက ပညာရှိမရာမှန်း သူ ကောင်းကောင်း သိထား၏။ မည်သို့ပင်ဆိုစေ မုရွှေယွင်သာ ကျိုယန်ဂိုဏ်းမှ ထွက်ခွာသွားပြီး မကြာမီ သေဆုံးသွားပါက ဂိုဏ်းမှာ တစ်နည်းနည်းဖြင့် ပြဿနာထဲ ပါဝင်ပတ်သက်သွားမည်မှာ သေချာသည်။
ထို့အပြင် မုလေ့နှင့် ခဲချင်ချန်တို့မှာလည်း ကျိုယန်ဂိုဏ်းမှ ထွက်သွားပြီး မကြာမီ သေဆုံးသွားခဲ့ကြသည် မဟုတ်ပါလား။
‘စောင့်နေလိုက်စမ်းပါ မုရွှေယွင်’
ကျန်းမင်က ထွက်ခွာချင်နေသော ဆန္ဒကို ဖိနှိပ်ထားရင်း စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ ထို့နောက် ဂူဟိုင်ကို ကြည့်၍ မေးမြန်း၏။
“ဆရာ… အဲ့ဒီ အဘိုးအိုက ဘယ်သူလဲ”
“သူက ဂိုဏ်းရဲ့ တည်ထောင်သူပဲ” ဂူဟိုင်က ရှင်းပြလာသည်။ “အရင်တုန်းကတော့ သူ့ကို တာအိုသခင်ဟိုလို့ ခေါ်ကြတယ်… သူက ကျိုယန်ဂိုဏ်းရဲ့ နောက်ဆုံး လက်နက်ပဲ”
ကျန်းမင် ခေါင်းညိတ်ပြီး လူသားလမ်းစဉ် မှတ်တမ်းကို စိတ်ထဲမှ ခေါ်ထုတ်လိုက်သည်။
အမည် - ဟိုဒါရန် (တာအိုသခင် ဟို)
လိင် - ကျား
ကျင့်ကြံခြင်းအဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - ကျိုယန်ဂိုဏ်း၏ တည်ထောင်သူ။
ဆက်ဆံရေး - ၆၀
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့် (မီးတောက်နေမင်း ခန္ဓာ)
အခြေအနေ - သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသောကြောင့် ခေါင်းတလားထဲတွင် အိပ်စက်နေခဲ့သည်။ အစွမ်းထက်သော စွမ်းအင်လှိုင်းကို ခံစားမိချိန်တွင် အိပ်ရာမှ နိုးလာခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းမှာ အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်နေရကြောင်း သဘောပေါက်ချိန်တွင် သူ့ သက်စောင့်စွမ်းအင်များကို စတေး၍ လှုပ်ရှားခဲ့၏။ ရန်သူကို ခြောက်လှန့် မောင်းထုတ်ပြီးနောက် တားမြစ်နယ်မြေထဲတွင် သူ့ကိုယ်သူ ပြန်လည် ချိပ်ပိတ်၍ အိပ်စက်ခြင်းထဲ ဝင်ရောက်သွားခဲ့သည်။
‘သူ့သက်တမ်း ကုန်လုနီးပြီ ဟုတ်လား…’ ကျန်းမင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဆက်ဆံရေး တန်ဖိုး ၆၀ ကို မြင်လိုက်ရချိန်တွင် သူက ကျိုယန်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေခြင်းကြောင့်မှန်း သဘောပေါက်လိုက်၏။
မီးတောက်နေမင်း ခန္ဓာမှာ ထူးခြားသလို တစ်ချိန်တည်းမှာပင် သာမန်လည်း ဖြစ်နေသည်။
ကျန်းမင်၏ ရင်ထဲတွင် ခံစားချက်မျိုးစုံ ရောထွေးလာပြီး သက်ပြင်းချလိုက်ပြန်သည်။ ချင်းယွင်ဂိုဏ်းမှ အကြီးအကဲ တစ်ယောက်တည်းကပင် ကျိုယန်ဂိုဏ်း တစ်ခုလုံး ကမောက်ကမ ဖြစ်သွားစေရန် လုံလောက်နေခဲ့ပြီ။ သူနှင့် ဂိုဏ်းအတွက် ရှေ့ဆက်လျှောက်ရမည့် ခရီးမှာ ရှည်လျားနေဆဲပင်။
“ဆရာ… အဲ့ဒီ နေရာလား”
ကျန်းမင်က ဂိုဏ်းအတွင်း အနှောင့်အယှက်ကင်းသည့် တစ်ခုတည်းသော နေရာကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာမှာ တားမြစ်နယ်မြေမှလွဲ၍ တခြား မဖြစ်နိုင်ပေ။
အရင်ကဆိုလျှင် ဂူဟိုင်မှာ ထိုနေရာအကြောင်း တပည့်များကို ပြောပြရန် ငြင်းဆန်ခဲ့ဖူးသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ခေါင်းညိတ်ပြလာ၏။ ထို့နောက် ဖြည့်စွက် ပြောလိုက်သည်။
“အဲ့ဒါက ဂိုဏ်းရဲ့ အစီအရင်ဆိုလည်း မမှားဘူး” ဂူဟိုင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆက်မေးလာသည်။ “မင်းတို့နှစ်ယောက် ဒီကိစ္စကနေ ဘာတွေ သင်ယူလိုက်ရလဲ”
ဇီလင်းလုံက ချက်ချင်း တုံ့ပြန်လိုက်၏။
“ခွန်အားက အရာအားလုံးပဲ… ကိုယ်က အစွမ်းထက်နေသရွေ့ လိုချင်တာ မှန်သမျှ လုပ်လို့ရတယ်… ဂိုဏ်းကို ကာကွယ်နိုင်ဖို့အတွက် ကျွန်မတို့ ပိုသန်မာလာအောင် ကြိုးစားရမယ်”
“ဟိုမိန်းမက ချင်းယွင်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ဆိုပေမယ့် သူ တစ်ယောက်တည်းနဲ့တင် ဂိုဏ်းကို ဖရိုဖရဲ ဖြစ်သွားစေနိုင်တယ်… ထပ်ပြောရရင် ကျွန်တော်တို့ ချင်းယွင်ဂိုဏ်းဆီ တိုင်ကြားရင်တောင် သူတို့က ဘာမှ အရေးယူမှာ မဟုတ်ဘူး” ကျန်းမင်ကလည်း ဝင်ပြောသည်။
ဂူဟိုင်က ကျေနပ်စွာ ခေါင်းညိတ်ပြသည်။
“အရမ်းကောင်းတယ်… လင်းလုံ… ဒါက မင်းအမှား မဟုတ်ပေမယ့် မင်းနဲ့ ပတ်သက်နေတယ် ဆိုတာကိုတော့ ငါတို့ ငြင်းလို့မရဘူး… စိတ်မပူပါနဲ့… ဂိုဏ်းက မင်းကို စွန့်ပစ်ဖို့ ရည်ရွယ်ချက် မရှိဘူး… ဒါကိုတော့ မှတ်ထား… ငါတို့ဂိုဏ်းကို ကာကွယ်နိုင်လောက်တဲ့ အထိ အစွမ်းထက်လာအောင် ကြိုးကြိုးစားစား ကျင့်ကြံပါ”
“ဒါပေါ့… ဘာပဲဖြစ်ဖြစ် ဒီနေရာက ကျွန်မ အိမ်ပဲလေ” လင်းလုံက သူမ ခြေအောက်ရှိ မြေပြင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
ခဏအကြာတွင် ဂူဟိုင်က တပည့်နှစ်ယောက်ကို ထားရစ်ခဲ့ပြီး ထွက်ခွာသွားတော့သည်။
“ဂိုဏ်းက မင်းကို မုရွှေယွင် လက်ထဲ ထည့်ပေးလိုက်မှာပဲ စိုးရိမ်နေခဲ့တာ” ကျန်းမင်က စကားစလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် သူမက ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ရုံမက ချင်းယွင်ဂိုဏ်းကလည်း ဖြစ်နေတယ်လေ”
“တကယ်လို့ ဂိုဏ်းက ကျွန်မကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ရင်ကော” ဇီလင်းလုံက တိုးညှင်းသော အသံဖြင့် မေးလာ၏။
“ငါ မင်းကို ခေါ်သွားမှာပေါ့… ပြီးရင် သူ့ကို သတ်ဖို့ အခွင့်အရေး ရှာမယ်” ကျန်းမင်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီးက အကောင်းဆုံးပဲ”
လင်းလုံက ပြုံးဖြီးဖြီးဖြင့် ကျန်းမင်၏ လက်မောင်းကို ဖက်တွယ်လာသည်။ သူမ အပြုံးမှာ ကျယ်ပြန့်လွန်းသဖြင့် မျက်လုံးများပင် မှေးစင်းသွားတော့သည်။
ထိုက်ယန် တောင်ထွတ်၏ ပင်မ ခန်းမဆောင်အတွင်း။
လေထုမှာ လေးလံ မှိုင်းညို့နေ၏။
တောင်ထွတ် အကြီးအကဲများ စုရုံးနေကြသော်လည်း အားလုံးမှာ တိတ်ဆိတ်လို့နေသည်။
အတန်ကြာမှသာ ဂိုဏ်းချုပ်က စကားစတင် ပြောဆိုလာ၏။
“ငါ ကြေညာစရာ သုံးခု ရှိတယ်… ပထမဆုံး အနေနဲ့ မုရွှေယွင်ရဲ့ လုပ်ရပ်တွေအတွက် ရှင်းလင်းချက်တောင်းဖို့ ချင်းယွင်ဂိုဏ်းဆီ စာတစ်စောင် ပို့မယ်… ဒုတိယ အနေနဲ့ တောင်ပေါ် မပြန်လာရသေးတဲ့ တပည့်တွေ အကုန်လုံးကို ပြန်ခေါ်မယ်… ပြီးရင် ဂိုဏ်းကို ပိတ်ထားလိုက်မယ်… လောလောဆယ် မိစ္ဆာဂိုဏ်းတွေကို မေ့ထားလိုက်… တတိယ အနေနဲ့ ငါ ကနဦးဝိညာဉ် အဆင့်ကို တက်လှမ်းနိုင်ဖို့ သီးသန့် တရားကျင့်တော့မယ်”
‘ချင်းယွင်ဂိုဏ်း… မင်းတို့က ကျင့်ကြံသူတိုင်း ဝင်ချင်ကြတဲ့ အရှေ့ပိုင်းဒေသရဲ့ တော်ဝင်မြေ ဖြစ်ချင် ဖြစ်နေလိမ့်မယ်… ဒါပေမယ့် မင်းတို့ သဘောကျတိုင်း လုပ်ခွင့်ပေးမှာ မဟုတ်ဘူး’
တောင်တန်း တစ်ခုပေါ်တွင်။
နတ်ဘုရား အလင်းတန်း တစ်ခုက ကောင်းကင်နှင့် မြေပြင်ကို လင်းထိန်နေစေသည်။ တောင်တန်းပေါ်ရှိ တောင်ထွတ်တိုင်းကို သက်တန့်ပေါင်းကူး တံတားများဖြင့် တစ်ခုနှင့်တစ်ခု ဆက်သွယ်ထား၏။ ထူးဆန်းသော နတ်သတ္တဝါ မျိုးစုံကလည်း ကောင်းကင်ယံတွင် ရံဖန်ရံခါ ပျံသန်းနေကြသည်။ ထို့အပြင် ခမ်းနားထည်ဝါသော နန်းဆောင် အဆောက်အအုံ များစွာကိုလည်း တောင်တန်းပေါ်တွင် တည်ဆောက်ထားလေသည်။
ဤနေရာနှင့် နှိုင်းယှဉ်လိုက်လျှင် ကျိုယန်ဂိုဏ်းမှာ အမှန်တကယ်ပင် စုတ်ပြတ်သပ်နေသည်ဟု ဆိုရပေမည်။
ထိုစဉ် ကောင်းကင်ထက် အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး လူနှစ်ယောက် ထွက်ပေါ်လာသည်။ တစ်ယောက်မှာ ကြီးမားသော တူကြီးကို ကိုင်ဆောင်ထားသည့် ငွေရောင် ဆံပင်များနှင့် ကြွက်သားအပြည့် အဘိုးအို တစ်ယောက် ဖြစ်သည်။ ကျန်တစ်ယောက်မှာမူ မိန်းမဆန်သော ရုပ်ရည်သွင်ပြင် ရှိသည့် လူငယ် တစ်ယောက် ဖြစ်ပြီး နေမင်းနတ်ဘုရား ဝတ်ရုံကို ဝတ်ဆင်ထား၏။
သူတို့နှစ်ယောက်မှာ အလွန် အစွမ်းထက်လွန်းလှရာ ပေါ်လာသည်နှင့် တပြိုင်နက် သူတို့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များက လေဟာနယ်၏ စည်းမျဉ်းများကိုပင် ဖိနှိပ်ထားလေသည်။
အဘိုးအိုက သူ့တူကြီးကို မြှောက်ကာ စကားတစ်ခွန်းမှ မဆိုဘဲ ရိုက်ချလိုက်သည်။ ထိုရိုက်ချက်နှင့်အတူ လေဟာနယ် တစ်ခုလုံး ကွဲကြေသွားပြီး မိုင်တစ်သောင်း ပတ်လည်ရှိ တိမ်တိုက်များ အားလုံး လွင့်စင်သွားတော့သည်။
အဘိုးအို၏ တူကြီး ကျဆင်းလာသည်နှင့် တပြိုင်နက် ချင်းယွင်ဂိုဏ်း ကာကွယ်ရေး အစီအရင်က အလိုအလျောက် အသက်ဝင်လာပြီး အကာအကွယ် တစ်ခု ဖန်တီးလိုက်၏။
ချင်းယွင်ဂိုဏ်း အနှံ့အပြားမှ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အစီအရင် ပတ်လည်တွင် ဥပဒေသ မျိုးစုံ ထွက်ပေါ်လာသည်။
ဝုန်း…
တူကြီးက နောက်တစ်ကြိမ် ကျဆင်းလာပြန်ရာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။
အကာအကွယ် အစီအရင်မှာ တိုက်ခိုက်မှုကို ဆက်လက် မခံနိုင်တော့သည့်အလား ကျွီခနဲ အသံများ မြည်လာလေပြီ။
ထိုအချိန်တွင် နောက်ထပ် အဘိုးအို တစ်ယောက် ပေါ်လာသည်။ သူက နောက်ထပ် ရိုက်ချက်တစ်ခုကို ကာကွယ်ရန် လက်ကို မြှောက်လိုက်ရင်း အော်ဟစ်လိုက်၏။
“အဘိုးအိုထျဲ့… မင်းက ဘာလို့ ချင်းယွင်ဂိုဏ်းကို လာတိုက်ခိုက်နေတာလဲ… စစ်ဖြစ်ချင်နေတာလား”
“ဟုတ်တယ်… ငါက စစ်ခင်းဖို့ လာတာကွ ခွေးကောင်ရဲ့”
အဘိုးအိုထျဲ့က ပြန်လည် တုံ့ပြန်လိုက်သည်။ ထို့နောက် သူက တူကြီးကို လွှဲရမ်းရင်း မိုးခြိမ်းသံကဲ့သို့ အော်ဟစ်လိုက်၏။
“ချင်းယွီဇီ… မင်းက အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော်ကို သတ်ခဲ့တယ်… ဒါကြောင့် ဒီနေ့ မင်းတို့ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ငါရောက်လာခဲ့တာပဲ”
End
***