အဘိုးအိုထျဲ့က သူ့တူကြီးကို မြှောက်ကာ အစွမ်းကုန် ရိုက်ချလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူက ကိုးချက်တိတိ ဆက်တိုက် ရိုက်ချခဲ့ပြီး ချင်းယွင်ဂိုဏ်းမှ အဘိုးအိုကို ဒဏ်ရာရသွားစေ၏။ တူကြီး ကျဆင်းလာတိုင်း ပေါက်ကွဲထွက်လာသော စွမ်းအင်လှိုင်းများက အရပ်မျက်နှာ အနှံ့ ရိုက်ခတ်သွားပြီး အနီးအနားရှိ တပည့်များစွာကိုပင် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားစေတော့သည်။ ယခုအချိန်တွင် သူ လူမည်မျှကို သတ်ဖြတ်ခဲ့ပြီးပြီမှန်း မည်သူမျှ မသိနိုင်တော့ပေ။
ချင်းယွီဇီမှာ သူ့တပည့်များ သေဆုံးသွားမှုကြောင့် ဒေါသထွက်လွန်းနေပြီ ဖြစ်သည်။ ထိုဒေါသနှင့် အဘိုးအိုထျဲ့၏ တိုက်ခိုက်မှုများ ပေါင်းစပ်သွားရာ သွေးတစ်လုတ် အန်ချလိုက်ရ၏။ သူက အဘိုးအိုထျဲ့၏ တိုက်ခိုက်မှုများကို ကာကွယ်ရင်း အော်ဟစ်လိုက်သည်။
"အဘိုးအိုထျဲ့... ကလေးဆန်တာတွေ ရပ်လိုက်တော့... မင်း အခုချက်ချင်း ရပ်တန်းက ရပ်သင့်တယ်... ငါရော ငါ့ချင်းယွင်ဂိုဏ်းကပါ အနန္တ ဆေးလုံးစံအိမ်နဲ့ စစ်ဖြစ်ရမှာကို မကြောက်ဘူး... ဒီနေ့ မင်းလုပ်ရပ်တွေအတွက် သင့်တော်တဲ့ ရှင်းပြချက် ပေးနိုင်ဖို့ မျှော်လင့်တယ်"
အဘိုးအိုထျဲ့က ခဏတာ တိုက်ခိုက်မှုများကို ရပ်တန့်ပြီး လေထဲတွင် လွင့်မျောနေဆဲ ဖြစ်သော သွေးမြူများကို ကြည့်နေသည်။
"ဒီလိုခံစားရတာ အရမ်းကောင်းတာပဲ"
ထို့နောက် သူက ချင်းယွီဇီအား လှမ်းကြည့်ကာ လှောင်ပြုံး ပြုံး၍ ပြောလာ၏။
"မင်းတို့ ချင်းယွင်ဂိုဏ်းက မနေ့ညတုန်းက အရှေ့ပိုင်းဒေသမှာ ကံကြမ္မာ အခွင့်အရေး လာရှာတဲ့ ငါတို့ အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော် ပိုင်ယွီကို သတ်ပစ်ခဲ့တယ်"
ချင်းယွီဇီက ထိုစွပ်စွဲချက်ကို ချက်ချင်း ငြင်းဆိုလိုက်သည်။
"မဖြစ်နိုင်တာ... တော်ဝင်မြေတွေရဲ့ သူတော်စင် သားတော်တွေနဲ့ သမီးတော်တွေက သူတို့ သက်ဆိုင်ရာ ဂိုဏ်းတွေရဲ့ ကိုယ်စားလှယ်တွေပဲ... ဒီတော့ ငါတို့ ချင်းယွင်ဂိုဏ်းက ဘယ်သူကမှ မင်းတို့ သခင်လေးကို သတ်မှာ မဟုတ်ဘူး... ထပ်ပြောရရင် ငါတို့ကြားမှာ ဘာပဋိပက္ခမှ မရှိဘူး... ဘာလို့ ငါတို့က မင်းတို့ သခင်လေးကို သတ်ရမှာလဲ... အဘိုးအိုထျဲ့... မိစ္ဆာဂိုဏ်းတွေ ပြန်လည် အားကောင်းလာတဲ့ အချိန်မှာ ဒါက သေချာပေါက် မိစ္ဆာဂိုဏ်းတွေရဲ့ လက်ချက်ပဲ... သူတို့က ငါတို့ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာ"
အဘိုးအိုထျဲ့၏ မျက်လုံးများမှာ ဒေါသမီးတောက်များဖြင့် တောက်လောင်လာပြီး အော်ဟစ်လိုက်ပြန်၏။
"မိစ္ဆာဂိုဏ်းတွေကို ဂရုစိုက်နေစရာလား... ငါက အခြေအမြစ် မရှိဘဲ စွပ်စွဲနေတယ် ထင်နေတာလား... ဒါကို ကြည့်လိုက်စမ်း"
အဘိုးအိုထျဲ့က လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းက မနေ့ညက တိုက်ပွဲ၏ အစိတ်အပိုင်း တစ်ခုကို ပြန်လည် ပြသနေခြင်းပင်။ လှိုင်းထနေသော လေဟာနယ်နှင့် ပေါက်ကွဲထွက်လာသော စွမ်းအင်များကြောင့် မြင်ကွင်းမှာ အနည်းငယ် မှုန်ဝါးနေသော်လည်း လူနှစ်ယောက်ကြားမှ တိုက်ပွဲကိုမူ ရှင်းလင်းစွာ မြင်တွေ့နိုင်သေး၏။
အဘိုးအိုထျဲ့က ဆက်၍…
"ဒီလူက ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တုံး၊ သစ်သားနဂါး၊ ကောင်းကင်ခွဲ ဓားစွမ်းအင်နဲ့ ကိုးလွှာကောင်းကင် အင်ပါယာမိုးကြိုးတွေကို ဘယ်လောက်တောင် လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ဖော်ထုတ်သွားလဲ ဆိုတာ သေချာကြည့်စမ်း... ဒါတွေ အကုန်လုံးက ချင်းယွင်ဂိုဏ်းရဲ့ သီးသန့် အထူးစွမ်းရည်တွေ မဟုတ်ဘူးလား... စကားမစပ် ဒီတိုက်ပွဲ မြင်ကွင်းက အဝေးကနေ စောင့်ကြည့်နေတဲ့ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲကနေ ဆွဲထုတ်လာတာ... မင်း ဘယ်လို ငြင်းဦးမလဲ ချင်းယွီဇီ"
ချင်းယွီဇီမှာ အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရလေပြီ။ သူ့ မျက်နှာပေါ်တွင် ခံစားချက် မျိုးစုံ ဖြတ်ပြေးသွားပြီး အတွေးနက်သွားတော့သည်။ နောက်ဆုံးတွင် သူက ခေါင်းခါယမ်းလိုက်၏။
"အဘိုးအိုထျဲ့... ဂိုဏ်းရဲ့ အထူးစွမ်းရည်တွေ အပြင်ကို ပေါက်ကြားသွားတာမျိုးက မဖြစ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ မင်းလည်း သိသားပဲ"
အဘိုးအိုထျဲ့က လှောင်ပြုံး ပြုံးလိုက်သည်။
"မင်း ငြင်းနေတုန်းပဲလား... ငါ ဂရုမစိုက်ဘူး... အဲ့ဒီလူကိုသာ ထုတ်ပေး... ဒါဆိုရင် ငါတို့ စေ့စပ်ဆွေးနွေးလို့ ရသေးတယ်... မဟုတ်ရင်တော့ ငါ့တူကြီး ထပ်ကျလာတာကို ရပ်တန့်ပေးမှာ မဟုတ်ဘူး"
ချင်းယွီဇီက ခါးသီးစွာ ပြုံးနေရင်း…
"ငါ လိမ်ပြောနေစရာ လိုလို့လား... ဒါက ငါတို့ဂိုဏ်းကို အကွက်ဆင်ဖို့ ကြိုးစားနေတာ သိသာလွန်းနေပြီ"
"ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းကို ငရဲပြည် ပို့ပေးရတာပေါ့"
အဘိုးအိုထျဲ့က အော်ဟစ်လိုက်ပြီးနောက် ပြတ်သားစွာပင် စတင် တိုက်ခိုက်တော့သည်။
ထိုအချိန်တွင် အဘိုးအိုထျဲ့ ဘေး၌ ရပ်နေသော အနီရောင် ဝတ်စုံနှင့် လူငယ်မှာလည်း ကူညီရန် ပြင်ဆင်လာ၏။ သူက လက်ထဲတွင် သွေးရောင် ဓားတစ်လက်ကို ဖန်တီးလိုက်သည်။ ထိုဓား ပေါ်လာသည်နှင့် တပြိုင်နက် နေမင်းထံမှ စွမ်းအင်များကို ချက်ချင်း စုပ်ယူလိုက်ပြီး ပတ်ဝန်းကျင်၏ အပူချိန်ကို ရုတ်တရက် မြင့်တက်သွားစေသည်။
ချင်းယွီဇီက အဘိုးအိုထျဲ့၏ တိုက်ခိုက်မှုများကို ကာကွယ်ရင်း…
"အဘိုးအိုထျဲ့... မင်း ငါ့ကို မယုံဘူးလား"
"ဘယ်သူက ယုံမှာလဲ"
အဘိုးအိုထျဲ့က ပြန်လည် ချေပလိုက်၏။ သူ့ တိုက်ခိုက်မှုများမှာ အနည်းငယ်မျှပင် နှေးကွေးသွားခြင်း မရှိပေ။
တစ်ချိန်တည်းမှာပင် အကြီးအကဲ များစွာမှာလည်း သူတို့၏ တရားကျင့်ကြံခြင်းမှ နိုးထလာကြသည်။ သူတို့က တိုက်ပွဲကို အဝေးမှ လှမ်းကြည့်နေကြသော်လည်း စိုးရိမ်နေသည့် အရိပ်အယောင် မရှိချေ။ အရှေ့ပိုင်းဒေသတွင် အင်အား အကြီးမားဆုံး ဖြစ်သော သူတို့ဂိုဏ်း၏ အစွမ်းအစအပေါ် ယုံကြည်ချက် အပြည့် ရှိနေကြသည်။ အနန္တ ဆေးလုံးစံအိမ်မှ ကျွမ်းကျင်သူများ အားလုံး ရောက်လာလျှင်ပင် တောင့်ခံထားနိုင်မည်ဟု ယုံကြည်နေကြ၏။
ထို့အပြင် သူတို့ အသက်ရှင်လာခဲ့သော နှစ်ကာလများအရ တော်ဝင်မြေ နှစ်ခုကြား အမှန်တကယ် စစ်ပွဲကြီး ဖြစ်ပွားလာရန် မဖြစ်နိုင်ကြောင်း ကောင်းကောင်း သိထားကြသည်။ အဆိုးဆုံး အခြေအနေတွင် ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရုံသာ ရှိပေမည်။ ဒေါသထွက်ခြင်း၊ စွပ်စွဲခြင်း၊ သတ်ဖြတ်ခြင်းနှင့် လျော်ကြေးပေးခြင်း တို့မှာ ဤကဲ့သို့သော ကိစ္စရပ်များ၏ ဖြစ်ရိုးဖြစ်စဉ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း နားလည်ထားကြသည်။
မည်သို့ပင်ဆိုစေ သေဆုံးသွားသူမှာ သူတော်စင် သားတော် တစ်ယောက်သာ ဖြစ်ရာ အများဆုံး လျော်ကြေး အနည်းငယ် ပိုပေးရုံသာ ရှိမည် မဟုတ်ပါလား။
…
တိုက်ပွဲမှ ထွက်ပေါ်လာသော ရိုက်ခတ်မှုများကို အတော်လေး ဝေးကွာသော နေရာအထိ ခံစားသိရှိနိုင်၏။ ကျိုယန်ဂိုဏ်းမှ လူများပင်လျှင် ထိုစွမ်းအင် လှိုင်းများကို ခံစားမိနေကြသည်။
ကျိုယန်ဂိုဏ်း၏ ချူယန် တောင်ထွတ် အမိုးပေါ်တွင်။
ကျန်းမင်က လေဟာနယ်ထဲမှ သိမ်မွေ့သော စွမ်းအင်လှိုင်းများကို ခံစားမိသည်နှင့် သူ့ရင်ခုန်သံများ မြန်ဆန်သွားသည်။
‘ဒီလို စွမ်းအင်လှိုင်းမျိုးက ချင်းယွင်ဂိုဏ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲကြောင့်ပဲ ဖြစ်နိုင်တယ်... သူတို့က အနန္တ ဆေးလုံးစံအိမ်က ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်နေတာ ဖြစ်မယ်... သူတို့အချင်းချင်း သေတဲ့အထိ တိုက်ခိုက်ကြရင် ကောင်းမှာပဲ... ဘာပဲဖြစ်ဖြစ် ဒါက ကျိုယန်ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူးလေ... ငါ အေးအေးဆေးဆေး ဆက်ပြီး ကျင့်ကြံလို့ ရတာပေါ့’
တစ်ချိန်တည်းမှာပင် ဇီလင်းလုံလည်း တိုက်ပွဲ ဖြစ်ပွားရာ အရပ်သို့ လှမ်းကြည့်နေသည်ကို ကျန်းမင် သတိပြုမိလိုက်သဖြင့် ပြုံးလိုက်မိသည်။
ဇီလင်းလုံက စပျစ်သီး တစ်လုံးကို အခွံနွှာ၍ ကျန်းမင် ပါးစပ်ထဲသို့ ခွံ့ကျွေးရင်း မေးလာ၏။
"အစ်ကိုကြီး... ဘာတွေများ သဘောကျနေတာလဲ"
"မင်းရဲ့ ကျင့်ကြံခြင်း အဆင့် မြင့်မားလာလို့ ဝမ်းသာနေတာပါ"
ကျန်းမင်က ပြန်ဖြေပြီး လင်းလုံ ရှေ့ရှိ စပျစ်သီး ပန်းကန်ကို လှမ်းယူရင်း ပြောလိုက်၏။
"ငါပဲ လုပ်လိုက်ပါ့မယ်"
သို့သော် လင်းလုံက ငြင်းဆန်နေသည်။
"မရဘူး... ညီမလေး လုပ်ပေးချင်လို့ပါဆို"
"ငါက မသန်မစွမ်း မှမဟုတ်တာ... ကိုယ့်ဘာသာ လုပ်နိုင်ပါတယ်"
"ညီမလေးကိုပဲ လုပ်ခွင့်ပေးပါ... အရင်တုန်းက အစ်ကိုကြီးပဲ အမြဲတမ်း ခွံ့ကျွေးနေခဲ့တာလေ... အခု ညီမလေး အလှည့်ရောက်ပြီ... ပါးစပ်ဟ အစ်ကိုကြီး" ဇီလင်းလုံက ကျန်းမင်အား နောက်ထပ် စပျစ်သီး တစ်လုံး ခွံ့ကျွေးရင်း ပြောသည်။
"မင်းက ခွန်အားတွေ သုံးပြီး ငါ့သွားတွေ ကျွတ်ထွက်သွားအောင် လုပ်မှာ စိုးရိမ်လို့ပါ" စပျစ်သီးကို ဝါးမြိုပြီးနောက် ကျန်းမင်က နောက်ပြောင်လိုက်၏။
လင်းလုံက ရယ်မောနေဆဲပင်။
"ကောင်မလေး... မင်းက တော်တော် ရိုင်းလာတာပဲ"
"အစ်ကိုကြီးက ညီမလေးထက် အသက် နှစ်အနည်းငယ်ပဲ ပိုကြီးတာပါ... ပြီးတော့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ အကြီးအကဲ ဆိုတာ ကျင့်ကြံခြင်း အဆင့်ပေါ် မူတည်တာလေ... အခု ညီမလေးရဲ့ ကျင့်ကြံခြင်း အဆင့်က အစ်ကိုကြီးထက် ပိုမြင့်နေပြီ ဆိုတော့..."
သူမက ရယ်မောရန် ခဏတာ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
"အခုကစပြီး ညီမလေးကို အစ်မကြီးလို့ ပြောင်းခေါ်သင့်တယ်နော်"
"ရိုင်းလှချည်လား... ဖင်ကို အရိုက်ခံရတော့မယ်"
"အစ်ကိုကြီး... ညီမလေးရဲ့ ကျင့်ကြံခြင်း အဆင့်က ပိုမြင့်နေတယ် ဆိုတာ မမေ့နဲ့နော်... ညီမလေးကို မစတာ အကောင်းဆုံးပဲ... မဟုတ်ရင် အစ်ကိုကြီးကို တစ်နေ့လုံး အရသာရှိတဲ့ အစားအသောက်တွေ ချက်ခိုင်းပစ်မှာ"
ဇီလင်းလုံက နောက်ပြောင်ဟန်ဖြင့် ပြောလာ၏။
ကျန်းမင်က တဟဲဟဲ ရယ်မောယုံသာ တုံ့ပြန်လိုက်သည်။ ခဏအကြာတွင် သူက သတိရသွားဟန်ဖြင့်...
"အာ... ဟုတ်သားပဲ... ပြီးခဲ့တဲ့ ရိတ်သိမ်းချိန်တုန်းက ငါပြောခဲ့တဲ့ ဆန်အရက်ကို မှတ်မိသေးလား... အခု အဲ့ဒါ အသင့်ဖြစ်နေပြီ"
"တကယ်လား... မြန်မြန် ယူလာခဲ့လေ... ညီမလေး သောက်ကြည့်ချင်ပြီ"
ဇီလင်းလုံက စိတ်လှုပ်ရှားလာလေပြီ။
"စောစောက ငါ မင်းကို စရင် ဘာလုပ်မယ်လို့ ပြောလိုက်တာလဲ"
"အစ်ကိုကြီး... စောစောက စကားတွေအတွက် တောင်းပန်ပါတယ်... ခွန်အား အရမ်း မသုံးဘဲ နေလို့ ရမလားဟင်"
ဇီလင်းလုံက သူမတင်ပါးကို ကျန်းမင်ဘက်သို့ လှည့်ပေးရင်း တောင်းဆိုလာ၏။
ဇီလင်းလုံ၏ ဝိုင်းစက်ပြည့်ဖြိုးနေသော တင်ပါးကို မြင်လိုက်ရချိန်တွင် ကျန်းမင်လည်း ပါးစပ်ထဲမှ စပျစ်သီးကိုပင် ထွေးထုတ်မိသွားတော့သည်။
ညနေခင်း ဂူဟိုင် ပြန်ရောက်လာချိန်တွင် ဂိုဏ်းချုပ်၏ ညွှန်ကြားချက်များအား ကျန်းမင်ကို ပြောပြလေသည်။
ကျန်းမင်က သက်ပြင်းချပြီး...
"ဒီတော့ တောင်ကို ချိပ်ပိတ်တော့မှာပေါ့... ဟိုင်ပြည်နယ် ကိစ္စကကော ဘယ်လိုလုပ်မလဲ"
မည်သို့ပင်ဆိုစေ ဟိုင်ပြည်နယ်မှာ ပိရွှေဂိုဏ်း၏ ကျူးကျော်မှုကို ခံထားရပြီး လုံးဝ သိမ်းပိုက်ခံရလုနီးပါး ဖြစ်နေပြီ မဟုတ်ပါလား။
ဂူဟိုင်က သက်ပြင်းချလိုက်ပြီးမှ စကားဆက်၏။
"ငါတို့လည်း ဘာမှ မတတ်နိုင်ဘူးလေ... အဲ့ဒီ ရူးသွပ်နေတဲ့ မုရွှေယွင်က ကလဲ့စားချေဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပေမယ့် အတင်းအကျပ် ထွက်သွားခဲ့ရတယ်... သူမလို သေးသိမ်တဲ့ မိန်းမမျိုးက ဒီကိစ္စကို ဒီတိုင်း လွှတ်ထားပေးမယ်လို့ ထင်နေလား... အပြင်ဘက်မှာ ပုန်းအောင်းပြီး ငါတို့ တပည့်တွေကို သတ်ဖို့ စောင့်နေမှာ သေချာတယ်"
"ဒါဆို တောင်ပေါ် ပြန်မရောက်လာသေးတဲ့ သူတွေကကော"
"လင်းလုံကို ရှာဖို့ ထွက်သွားခဲ့တဲ့ အကြီးအကဲတွေ အကုန်လုံး ပြန်ရောက်လာကြပြီ... ကျန်တဲ့ တပည့်တွေက ကျင့်ကြံခြင်း အဆင့် နိမ့်လွန်းတော့ သူမ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ သေချာပေါက် ပြောနိုင်ပါတယ်..."
"ဒါဆိုရင်တော့ တော်ပါသေးရဲ့..."
ညစာ စားပြီးနောက် ဇီလင်းလုံက ကျင့်ကြံရန် ထွက်သွားခဲ့သည်။
ကျန်းမင်က အမိုးပေါ်တွင် ရပ်၍ အဝေးသို့ ငေးကြည့်နေမိ၏။ သူက လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်ကြည့်လိုက်ရာ မုရွှေယွင်မှာ အမှန်တကယ်ပင် အဝေးသို့ ထွက်မသွားသေးကြောင်း တွေ့လိုက်ရသည်။ သူမက ဂိုဏ်းနှင့် မိုင်သုံးထောင်ခန့် အကွာတွင် ရှိနေဆဲပင်။ ကြည့်ရသလောက် လက်မလျှော့သေးကြောင်း သိသာလှသည်။
ထို့နောက် ချင်းယွင်ဂိုဏ်း ရှိရာ အရပ်သို့ လှည့်ကြည့်လိုက်သည်။ မုရွှေယွင် အနေဖြင့် ချင်းယွင်ဂိုဏ်းမှ တိုက်ပွဲ၏ စွမ်းအင်လှိုင်းများကို သေချာပေါက် ခံစားမိလိမ့်မည် ဖြစ်သောကြောင့် အဘယ်ကြောင့် ချင်းယွင်ဂိုဏ်းသို့ အလျင်စလို ပြန်မသွားသနည်း ဟူသည့် အချက်ကို တွေးတောနေမိ၏။ နောက်ဆုံးတွင် သူက ကောက်ချက် နှစ်ခု ချလိုက်သည်။ တစ်ချက်က သူမ သေရမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်ပြီး နောက်တစ်ချက်က သူမစိတ်ထဲ ကလဲ့စားချေရန်သာ လွှမ်းမိုးနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ကျန်းမင်က ဤကိစ္စအပေါ် ဆက်လက် အချိန်မဖြုန်းတော့ပေ။ ထိုအစား သူ စတင် ကျင့်ကြံရန်သာ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ အသက်ရှင် ရပ်တည်နိုင်ရေးမှာ မြင့်မားသော ကျင့်ကြံခြင်း အဆင့်အပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလား။ မြေအောက်တွင် မြှုပ်နှံထားသော သေခြင်း ရှင်ခြင်း ဝင်္ကပါပြားအား စစ်ဆေးပြီးနောက် တင်ပျဉ်ခွေ ထိုင်ချ၍ စတင် ကျင့်ကြံတော့သည်။
သူက အနန္တ ဆေးလုံးစံအိမ်၏ အထူးစွမ်းရည် နှစ်ခု ဖြစ်သော သုံးဆင့် ကြယ်တာရာ အသွင်ပြောင်းခြင်းနှင့် နတ်ဘုရား အမြောက်ကိုးလက်တို့ကို လေ့လာရန် ရည်ရွယ်ထားသည်။
တစ်ညတာ အချိန်အတွင်းမှာပင် ထိုစွမ်းရည် နှစ်ခုလုံးကို အခြေခံအဆင့် အထိ နားလည် သဘောပေါက်သွားခဲ့လေပြီ။
End
***