ကျိုယန်ဂိုဏ်းမှာ ချင်းယွင်ဂိုဏ်းနှင့် အတော်လေး ကွာဝေးသော နေရာတွင် တည်ရှိသောကြောင့် ကောလာဟလ အချို့ကိုသာ ကြားရပြီး ချင်းယွင်ဂိုဏ်းမှ တိုက်ပွဲ၏ နောက်ဆုံး ရလဒ်ကိုမူ မသိရသေးချေ။ သူတို့ သိထားသမျှမှာ ထိုတိုက်ပွဲကြောင့် တောင်တန်းပေါင်း ထောင်ချီ ပြိုကျပျက်စီးခဲ့ပြီး အစီအရင်များ ပျက်စီးကာ ရေကန်များပင် ခန်းခြောက်သွားခဲ့ရသည် ဟူသောအချက်သာ။ ပျက်စီးဆုံးရှုံးမှုမှာ မသေးငယ်လှသော်ငြား ခြုံငုံကြည့်လျှင်တော့ ချင်းယွင်ဂိုဏ်း အနေဖြင့် ကြီးကြီးမားမား ထိခိုက်နစ်နာခဲ့ခြင်း မရှိပေ။
…
မျက်တောင် တစ်ခတ်အတွင်းမှာပင် တစ်လကျော် အချိန် ကုန်လွန်သွားခဲ့လေပြီ။
ညနေဆည်းဆာ အချိန်တွင်တော့ ကောင်းကင်ယံ တစ်ခုလုံး လိမ္မော်ရင့်ရောင်၊ သွေးနီရောင်နှင့် အပြာရင့်ရောင်တို့ဖြင့် ရောယှက် ဆေးခြယ်ထားသည့်အလား။
လင်းလုံက ခွေးခြေခုံပေါ် ခြေပစ်လက်ပစ် တင်ထားရင်း ကျန်းမင်၏ ပေါင်ပေါ်တွင် ခေါင်းအုံး အိပ်နေ၏။ သူမက ကောင်းကင်ကို မော့ကြည့်ရင်း ငြီးတွားလိုက်သည်။
"ဒီလောကကြီးမှာ ပဋိပက္ခတွေသာ မရှိရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်"
"လောဘတွေ ရှိနေသရွေ့တော့ ပဋိပက္ခ ဆိုတာလည်း ရှိနေဦးမှာပဲ... မင်းက လွတ်လွတ်လပ်လပ် နေချင်တယ် ဆိုရင်တော့ အကြွင်းမဲ့ အစွမ်းခွန်အားတွေ ရလာတဲ့အထိ ကြိုးကြိုးစားစား ကျင့်ကြံဖို့ပဲ ရှိတယ်" ကျန်းမင်က ချက်ချင်း ပြန်ပြော၏။
"အစ်ကိုကြီးက တကယ်ကို ပညာရှိကြီးပဲ"
"ဒါပေါ့... ဘာပဲဖြစ်ဖြစ် ငါက မင်းထက် အတွေ့အကြုံ နှစ်အနည်းငယ် ပိုများတယ် မဟုတ်ပါလား"
"ဟုတ်ပါပြီ... ဒါပေမယ့် ညီမလေးရဲ့ ကျင့်ကြံခြင်း အဆင့်က အစ်ကိုကြီးထက် ပိုမြင့်နေတုန်းပဲလေ"
ကျန်းမင် လည်ချောင်း တစ်ချက် ဟန့်လိုက်သည်။
"ငါတို့ တစ်ယောက် အားနည်းချက် တစ်ယောက် ထိုးနှိုက်နေတာကို ရပ်လို့ ရမလား... အနည်းဆုံးတော့ အခု ငါက အုပ်မြစ် တည်ဆောက်ခြင်း အဆင့်ကို ရောက်နေပြီ"
ဇီလင်းလုံက မျက်လုံးလေး ကလယ်ကလယ်ဖြင့် မေးလာ၏။
"အဲ့ဒါက မလုံလောက်သေးဘူး အစ်ကိုကြီးရဲ့... ညီမလေးက အစ်ကိုကြီးဆီ စွမ်းအင်တချို့ လွှဲပေးလိုက်ရမလား"
ကျန်းမင် ခေါင်းခါယမ်းဆဲပင်။
"ဘာထူးမှာလဲ... ငါ့ရဲ့ ချီစွမ်းအင် စွမ်းအင်တွေပဲ တိုးလာမှာပေါ့... နောက်တစ်ဆင့်ကို တက်လှမ်းဖို့တော့ အကူအညီ ဖြစ်မှာ မဟုတ်ဘူး"
"လင်မယားတွေ အတူတူ ကျင့်ကြံတဲ့ နည်းလမ်းတွေကနေ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်လို့ ရတယ်ဆိုတဲ့ စာအုပ်တွေ ညီမလေး ဖတ်ဖူးတယ်... စမ်းကြည့်ကြမလားဟင်"
"မင်း ဘာပေါက်ကရတွေ ဖတ်နေတာလဲ... အဲ့ဒီလို စာအုပ်မျိုးတွေ ဖတ်တာ ရပ်ပြီး အခုကစလို့ ကျင့်ကြံတာကိုပဲ အာရုံစိုက်စမ်းပါ"
"ဟုတ်ကဲ့ပါ"
"ဟေး..."
"ဟင်"
"မင်း သမ္ဗောဓိ ဉာဏ်အလင်းတွေ အကြောင်း သိတယ် မဟုတ်လား"
"သိတာပေါ့... အစ်ကိုကြီးက စောစောစီးစီး နားလည် သဘောပေါက်ချင်လို့လား"
"ဟုတ်တယ်... သဘာဝ လေတိုက်ခတ်မှုကလွဲပြီး သစ်သားတွေ လောင်ကျွမ်းရာကနေ ဖြစ်ပေါ်လာတဲ့ လေကတစ်ဆင့် လေတာအိုကို နားလည် သဘောပေါက်နိုင်မလား ဆိုတာ ငါ သိချင်နေတာ"
"ရနိုင်မယ် ထင်တာပဲ"
"ဘာလို့ အဲ့လို ပြောနိုင်ရတာလဲ"
"လေတာအိုက သဘာဝ လေတိုက်ခတ်မှု ဒါမှမဟုတ် လေနဲ့ ပတ်သက်တဲ့ အထူးစွမ်းရည်တွေကတစ်ဆင့် နားလည်နိုင်လို့ အလွယ်ကူဆုံး အရာတွေထဲက တစ်ခုပဲ... ဒါပေမယ့် သစ်သား လောင်ကျွမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ လေကတစ်ဆင့် နားလည်ချင်တယ် ဆိုရင်တော့ မီးတာအိုနဲ့ သစ်သားတာအိုကို အရင်ဆုံး နားလည်ဖို့ လိုလိမ့်မယ်... သဘာဝ ဓာတ်ကြီးငါးပါးက သစ်၊ မီး၊ မြေ၊ ရေ၊ သတ္တု တို့ပဲ... ဓာတ်တစ်ပါးရဲ့ သမ္ဗောဓိဉာဏ်အလင်းကို နားလည်ဖို့တောင် ခက်ခဲနေပြီ ဆိုတော့ သမ္ဗောဓိဉာဏ် နှစ်ခုကို ပေါင်းစပ်ဖို့ ဆိုတာ ပိုလို့တောင် ခက်ခဲသေးတယ်"
"ဒီလိုကိုး..."
"တကယ်တော့ သဘာဝ စွမ်းအင်တွေကို အသွင်ပြောင်းဖို့ ကြိုးစားကြည့်လို့ ရတယ်... ဥပမာ ပြောရရင် အစွန်းရောက် ယင်စွမ်းအင်ကို အစွန်းရောက် ယန်စွမ်းအင် အဖြစ် ပြောင်းလဲနိုင်သလို ပြောင်းပြန်လည်း လုပ်လို့ရတယ်... သူတို့က ဆန့်ကျင်ဘက် ဖြစ်နေရင်တောင် အချင်းချင်း အစားထိုး အသုံးပြုလို့ ရတာပဲ... လူတွေက ရေဟာ ယင်ကို ကိုယ်စားပြုပြီး မီးဟာ ယန်ကို ကိုယ်စားပြုတယ်လို့ အမြဲ ပြောလေ့ရှိပေမယ့် အဲ့ဒါက မမှန်ဘူး... မီးမှာလည်း ယင်နဲ့ ယန် နှစ်မျိုးလုံး ရှိသလို ရေ၊ သစ်၊ မြေ၊ သတ္တု တို့မှာလည်း အတူတူပဲ... ဓာတ်ကြီးငါးပါးက အရာခပ်သိမ်းရဲ့ အခြေခံ အုတ်မြစ် ဖြစ်ပြီး ယင်နဲ့ ယန်ကတော့ အရာခပ်သိမ်းရဲ့ မြစ်ဖျားခံရာပဲ... ဒါကြောင့်မို့လို့ ဓာတ်ကြီးငါးပါးက အရာအားလုံးကို ဖန်တီးနိုင်ပြီး ယင်နဲ့ ယန်က လောကကြီးကို အုပ်စိုးနိုင်တယ် ဆိုတဲ့ ဆိုရိုးစကား ရှိတာပေါ့"
"အချိန်နဲ့ ဟင်းလင်းပြင်ကကော ဘယ်လိုလဲ"
"ယင်နဲ့ ယန်၊ ဓာတ်ကြီးငါးပါး၊ ဟင်းလင်းပြင်၊ အချိန်၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ သံသရာ၊ ကံကြမ္မာ စတာတွေ အားလုံးက တူညီတဲ့ အဆင့်မှာ ရှိတဲ့ စွမ်းအင်တွေချည်းပဲ... သို့ပေမယ့် လောကကြီးထဲက အရာအများစုက စွမ်းအင်တွေ ပေါင်းစပ်သွားရာကနေ ဖြစ်ပေါ်လာတာ... ဥပမာ ပြောရရင် ဆန်တစ်စေ့မှာ ရေ၊ မြေ နဲ့ သစ် ဓာတ်တွေ ပါဝင်တယ်... နောက်ပြီး မီး၊ မြေ၊ ရေ ဓာတ်တွေ ပေါင်းစပ်ထားတဲ့ ချော်ရည်ပူတွေလည်း ရှိသေးတယ်လေ"
"ဒီစွမ်းအင်တွေကို နားလည် သဘောပေါက်ဖို့ ခက်ခဲလား"
"ဒါပေါ့"
ညီမငယ်ဖြစ်သူ့ စကားများကို နားထောင်ရင်း ကျန်းမင်လည်း သူမ၏ ရှင်းပြချက်များမှာ ဆရာကြီး တာအိုယန်၏ 'လူသား ကျင့်ကြံခြင်း အဆင့်များ အပေါ် အသေးစိတ် ရှင်းလင်းချက်' ကျမ်းစာထက်ပင် နားလည်ရ ပိုလွယ်ကူကြောင်း သဘောပေါက်သွားတော့သည်။
သူတို့နှစ်ယောက်မှာ အမှောင်ထု ကြီးစိုးလာပြီး ကောင်းကင်ယံတွင် လမင်းကြီး ထွက်ပေါ်လာကာ ညလေညင်းများ တိုက်ခတ်လာသည် အထိ ဆက်လက် စကားစမြည် ပြောဆိုနေခဲ့ကြ၏။
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်ကြည့်လိုက်ရာ သူမြင်လိုက်ရသော အရာကြောင့် အံ့အားသင့်သွားရသည်။ ထို့ကြောင့် ဇီလင်းလုံအား ချက်ချင်း လှည့်ပြောလိုက်သည်။
"ကဲ... မင်း အခန်းထဲ ပြန်တော့... ငါ ကျင့်ကြံတော့မယ်"
ဇီလင်းလုံက မထွက်ခွာမီ သတိပေးလာ၏။
"ဟုတ်ကဲ့ပါ အစ်ကိုကြီး... ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးနဲ့ဦးနော်... မေးစရာ ရှိရင်လည်း ညီမလေးကို အချိန်မရွေး လာမေးလို့ ရတယ်"
"အေးပါ"
ဇီလင်းလုံ မျက်စိအောက်မှ ပျောက်ကွယ်သွားသည်နှင့် လူသားလမ်းစဉ် မှတ်တမ်းထံသို့သာ အာရုံစိုက်လိုက်တော့သည်။
အမည် - မုရွှေယွင်
မျိုးနွယ် - လူသား
လိင် - မ
ကျင့်ကြံခြင်းအဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ အကြီးအကဲ။
ဆက်ဆံရေး - အနှုတ်၉၀
မွေးရာပါ ပါရမီ - ကြယ် ၉ ပွင့် (ရေဝိညာဉ် ခန္ဓာ)
အခြေအနေ - ကျိုယန်ဂိုဏ်းမှ အတင်းအကျပ် ထွက်ခွာခဲ့ရပြီးနောက် သူမ၏ နာကြည်းချက်များ ပိုကြီးထွားလာခဲ့သည်။ ဒေါသနှင့် မုန်းတီးမှုများ ပြင်းထန်လာသောကြောင့် သူမ သားဖြစ်သူကို ငြင်းပယ်ခဲ့သော မိန်းမယုတ်ကို သတ်ဖြတ်ရုံဖြင့် မကျေနပ်နိုင်တော့ဘဲ ကျိုယန်ဂိုဏ်း တစ်ခုလုံးကိုပါ အမြစ်ပြတ် ချေမှုန်းလိုစိတ်များ ဖြစ်ပေါ်နေသည်။ မိုင်သုံးထောင်ခန့် အကွာတွင် ပုန်းအောင်းနေသော်လည်း လှုပ်ရှားရန် အခွင့်အရေး မရှာတွေ့သေးပေ။ သားဖြစ်သူ သေဆုံးသွားမှုကြောင့် ချင်းယွင်ဂိုဏ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲကို လုံးဝ ဂရုမစိုက်နိုင်ချေ။
ထို့အပြင် အနန္တ ဆေးလုံးစံအိမ်၏ သူတော်စင် သားတော် သေဆုံးသွားသည့် သတင်းကို ကြားချိန်တွင်မူ ရူးသွပ်နေသူ တစ်ယောက်ကဲ့သို့ အော်ဟစ် ရယ်မောခဲ့သေး၏။ အနိမ ကျွမ်းကျင်သူ နှစ်ဦးကြားမှ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ဖရိုဖရဲ အခြေအနေများနှင့် မရေမတွက်နိုင်သော တပည့်များ သေဆုံးသွားရမှု အကြောင်းကို သိရှိရန် သူမအတွက် အချိန်သိပ်မကြာလိုက်ပေ။ အနန္တ ဆေးလုံးစံအိမ်က လူသတ်သမားကို ထုတ်ပေးရန် ချင်းယွင်ဂိုဏ်းအား အတင်းအကျပ် တောင်းဆိုရုံသာမက တရားဝင် တောင်းပန်မှု တစ်ခုနှင့်အတူ လျော်ကြေးအဖြစ် အဆင့်မြင့်ဆုံး တာအိုလက်နက် နှစ်လက်ကိုပါ တောင်းဆိုခဲ့သည်။
ဤသတင်းများကို ကြားပြီးနောက် ကျိုယန်ဂိုဏ်းအပေါ် ကလဲ့စားချေရန် အကြံအစည် တစ်ခု ရရှိသွားခဲ့၏။ သူမက ချင်းယွင်ဂိုဏ်း အကြီးအကဲ ဟူသော အဆင့်အတန်းကို အသုံးပြု၍ ကျိုယန်ဂိုဏ်းအား တိုက်ခိုက်ရန် ပိရွှေဂိုဏ်းကို အမိန့်ပေးဖို့ ရည်ရွယ်ထားသည်။ လက်ရှိတွင် သူမက ဟိုင်ပြည်နယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပိရွှေဂိုဏ်းထံသို့ ဦးတည် သွားရောက်နေသည်။
ကျန်းမင်က မုရွှေယွင်၏ အချက်အလက်များကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။ သူတို့၏ ဆက်ဆံရေး တန်ဖိုးမှာ အနှုတ် ၉၀ ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် မုရွှေယွင် အနေဖြင့် ကျိုယန်ဂိုဏ်းမှ လူတိုင်းကို သေစေချင်နေကြောင်း သဘောပေါက်သွား၏။ မည်သို့ပင်ဆိုစေ မုရွှေယွင်မှာ သူ့အား လုံးဝ သိကျွမ်းခြင်း မရှိပေ။ ထို့နောက် အလွန် ရှည်လျားလှသော သူမ၏ အခြေအနေကို စာတစ်လုံးမကျန် သေချာစွာ ဖတ်ရှုလိုက်သည်။
မုရွှေယွင်၏ အခြေအနေကို ဖတ်ရှုပြီးနောက် ကျန်းမင် ဆွံ့အသွားရလေပြီ။
‘မုရွှေယွင်က တကယ်ကို ရက်စက်ပြီး နှလုံးသား မဲ့လွန်းတယ်... ကိုယ့်ဂိုဏ်း ဒုက္ခရောက်နေတာကိုတောင် ဂရုမစိုက်ဘူး... တကယ် ရူးနေပြီပဲ’
သူ့ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာပြီး တိတ်တဆိတ် တွေးလိုက်မိ၏။
‘ချင်းယွင်ဂိုဏ်းကတော့ အနန္တ ဆေးလုံးစံအိမ်ရဲ့ တောင်းဆိုချက်တွေ၊ အထူးသဖြင့် အဆင့်မြင့်ဆုံး တာအိုလက်နက် နှစ်လက် ဆိုတာကြောင့် ဒေါသထွက်နေမှာ သေချာတယ်... သူတို့ ပြဿနာတွေနဲ့ သူတို့ အလုပ်ရှုပ်နေတဲ့ အချိန်ဆိုတော့ ငါ့ရဲ့ အမဲလိုက်ပွဲ စတင်ဖို့ အကောင်းဆုံး အချိန်ပဲ... ညီမလေး ဒါမှမဟုတ် ကျိုယန်ဂိုဏ်းက လူတွေကို သတ်ဖို့ သူမ အကြံအစည် ထုတ်နေတာကို ငါ လက်ပိုက် ကြည့်မနေနိုင်ဘူး’
ကျန်းမင် အခန်းထဲ ပြန်ဝင်လာပြီး အဆောက်အအုံကို အပြင်ဘက်မှ အဆက်အသွယ် ဖြတ်တောက်ပေးမည့် အစီအရင်ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူ့ အသိစိတ် အာရုံကို ဖြန့်ကျက်၍ ဆရာဖြစ်သူနှင့် ညီမငယ်တို့အား စစ်ဆေးကြည့်၏။ ဆရာဖြစ်သူမှာ ဆေးလုံးအား ချေဖျက်နေပြီး ညီမငယ်မှာလည်း ကျင့်ကြံနေသည်ကို မြင်လိုက်ရသဖြင့် ခိုးထွက်ရန် လုံလောက်သော ဘေးကင်းမှု ရှိကြောင်း ခံစားလိုက်ရသည်။
သူ ထွက်ခွာတော့မည့် ဆဲဆဲမှာပင် ရုတ်တရက် ခြေလှမ်းများ တန့်သွားပြီး ချင်းယွင်ဂိုဏ်း ရှိရာ အရပ်သို့ လှည့်ကြည့်လိုက်မိသည်။ မျက်မှောင် အနည်းငယ် ကြုတ်မိ၏။ မသက်မသာ ဖြစ်မှု တစ်ခုက သူ့အား ရုတ်တရက် လွှမ်းခြုံသွားသည်။ သူ့ အလိုအလျောက် သိစိတ်များမှာ အမြဲတမ်း တိကျလေ့ ရှိသောကြောင့် ဤခံစားချက်ကို အထင်မသေးရဲပေ။
‘ဟိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်က အနိမ သင်္ချိုင်းမှာ ကျွမ်းကျင်သူတွေများ ရှာဖွေနေကြသလား’
ခဏအကြာတွင် သူ တကယ်ပဲ ထွက်ခွာလာခဲ့လေပြီ။ စိတ်အာရုံ တစ်ချက်ဖြင့် ဂိုဏ်းအပြင်ဘက်သို့ ချက်ချင်း ရောက်ရှိလာ၏။ သူက ဟင်းလင်းပြင်ကို အသုံးပြု၍ မိုင်ငါးထောင် ကွာဝေးသော တောင်ကုန်း တစ်ခုဆီသို့ ခရီးနှင်လိုက်သည်။
ဘေးကင်းစေရန် လုံခြုံသော နေရာတစ်ခုကို အရင်ဆုံး ရှာဖွေလိုက်သည်။ သစ်ကိုင်း တစ်ကိုင်းပေါ်သို့ ခုန်တက်၍ တင်ပျဉ်ခွေ ထိုင်ချ၏။ တစ်ချိန်တည်းမှာပင် အခြားသူများ သတိမထားမိစေရန် သူ့ အငွေ့အသက်များကို ဖိနှိပ် ထိန်းချုပ်ထားသည်။ ထို့နောက် ဟင်းလင်းပြင် သလင်းကျောက် တစ်တုံးကို ထုတ်ယူသည်။ ၎င်းကို အသုံးပြု၍ ဟင်းလင်းပြင် သမ္ဗောဓိဉာဏ်အား နားလည် သဘောပေါက်ရန် ရည်ရွယ်ထားခြင်းပင်။
သလင်းကျောက်ကို နဖူး၌ တေ့ထားရင်း သူ့ ချီစွမ်းအင် စွမ်းအင်များကို ထည့်သွင်းလိုက်၏။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ထူးဆန်း နက်နဲသော စွမ်းအင် တစ်ခုက သူ့စိတ်ဝိညာဉ်ကို လွှမ်းခြုံသွားတော့သည်။ ဟင်းလင်းပြင် ကွန်ရက်များ၊ လှိုင်းဂယက်များ၊ တုန်ခါမှုများ၊ ပုံပျက်မှုများ၊ ဟင်းလင်းပြင် ဆုံမှတ်များ... စသည်တို့ကို အထင်းသား မြင်တွေ့နေရလေပြီ။
ထိုအစွမ်းများကို ကျွမ်းကျင်ပိုင်နိုင်ရန် ကြိုးစားရင်း ဟင်းလင်းပြင် သမ္ဗောဓိဉာဏ်အား ဆက်လက် လေ့လာနေခဲ့သည်။
ဟင်းလင်းပြင် သလင်းကျောက် အတွင်းရှိ စွမ်းအင်များ အားလုံး ကုန်ခမ်းသွားပြီး သလင်းကျောက်မှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားချိန်မှသာ သူ့ ကျင့်ကြံမှုကို ရပ်တန့်လိုက်တော့သည်။
မျက်လုံးများ ဖွင့်ကြည့်လိုက်ချိန်တွင် လုံးဝ အသစ်စက်စက် လောကကြီး တစ်ခုကို မြင်တွေ့နေရသည့် အလားပင်။ ယခုအခါ ဟင်းလင်းပြင် ကွန်ရက်နှင့် လှိုင်းများကို ရှင်းလင်းစွာ မြင်တွေ့နေရလေပြီ။ ကြယ်များကဲ့သို့ မရေမတွက်နိုင်အောင် များပြားလှသော ဟင်းလင်းပြင် ဆုံမှတ်များကိုပင် ခံစားသိရှိနိုင်စွမ်း ရှိနေ၏။
ကျန်းမင်က အပျော်လွန်၍ အာမေဋိတ်သံဖြင့်...
"အံ့ဩစရာပဲ"
လေဟာနယ်နှင့် ဟင်းလင်းပြင်တို့ ဆက်စပ်နေသောကြောင့် အာကာပြင် ခြေလှမ်း ကျင့်စဉ်ကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် သူ ပျောက်ကွယ်သွားပြီး မိုင်ထောင်ချီ ဝေးကွာသော နေရာတွင် ပြန်လည် ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် သူက လေဟာနယ် သို့မဟုတ် ဟင်းလင်းပြင် ကွန်ရက်ဟု ခေါ်ဆိုသော ဟင်းလင်းပြင်ကို ဖြတ်သန်း ခရီးနှင်ခဲ့ခြင်း မဟုတ်ပေ။ ထိုအစား ဟင်းလင်းပြင် ဆုံမှတ် တစ်ခုမှနေ၍ အခြား ဆုံမှတ် တစ်ခုသို့ လှမ်းတက်ခဲ့ခြင်းသာ။ တစ်နည်းအားဖြင့် ဆိုရလျှင် သူ တည်နေရာ ရွှေ့ပြောင်းသွားခဲ့ခြင်းပင်။
ကျန်းမင် တစ်ယောက် အော်ဟစ် ရယ်မောချင်စိတ်များ ပေါက်လာတော့သည်။
‘ဒီဟာသာ ရှိရင် ငါ ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး’
စိတ်တည်ငြိမ်သွားပြီးနောက် မုရွှေယွင်ကို တတ်နိုင်သမျှ မြန်မြန် သတ်ပစ်ရန် လိုအပ်ကြောင်း ပြန်လည် သတိရသွားသဖြင့် ဟိုင်ပြည်နယ် ရှိရာသို့ အလျင်အမြန် ဦးတည် ထွက်ခွာသွားတော့သည်။
End
***