နားလည် သဘောပေါက်မှု မရှိပါက ကိုယ့်မျက်စိရှေ့တည့်တည့်တွင် ရှိနေလျှင်ပင် ထိုအရာများကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့် ဆိုရလျှင် ဟင်းလင်းပြင်ပင်။ ၎င်းမှာ ဒြပ်မဲ့ဖြစ်ပြီး တိကျသော ပုံသဏ္ဍာန် မရှိသော်လည်း နေရာတိုင်းတွင် တည်ရှိနေ၏။ သို့သော် တစ်စုံတစ်ယောက် ယင်းကို နားလည် သဘောပေါက်သွားသည်နှင့် လုံးဝ အသစ်စက်စက် လောကကြီး တစ်ခုကို မြင်တွေ့ရပေမည်။ လေဟာနယ် သို့မဟုတ် ဟင်းလင်းပြင်ကို တိုက်ရိုက် မမြင်နိုင်လျှင်ပင် ဟင်းလင်းပြင် ဆုံမှတ်များ ကဲ့သို့သော ၎င်းနှင့် ဆက်စပ်နေသည့် အရာများကိုမူ မြင်တွေ့နိုင်စွမ်း ရှိလာပေလိမ့်မည်။
ယခုအချိန်တွင် ကျန်းမင်က ဟင်းလင်းပြင် ဆုံမှတ်များကို အသုံးပြု၍ တစ်နေရာမှ တစ်နေရာသို့ ခုန်ပျံရင်း ဆက်လက် ခရီးနှင်နေခဲ့သည်။ ဟင်းလင်းပြင် ဆုံမှတ် ကွာဝေးလေလေ ချီစွမ်းအင် စွမ်းအင် ပိုကုန်ခမ်းလေလေပင်။ ခဏအကြာတွင် သူ့ နေရာရွှေ့ပြောင်းနိုင်စွမ်း ကန့်သတ်ချက်မှာ မိုင်သုံးထောင် အထိသာ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွား၏။ သူက ဝမ်းသာအားရဖြင့်...
"ဒါ တကယ်ကို အံ့ဩစရာပဲ"
ယခင်က ဟင်းလင်းပြင်ကို အသုံးပြု၍ ခရီးနှင်ခဲ့စဉ်က ဟင်းလင်းပြင် တုန်ခါမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် မည်သည့် ခြေရာလက်ရာမျှ မကျန်ခဲ့စေရန် ဆိုသည်မှာ သူ့ အနေဖြင့် မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။ ယခုမူ သူက အမှန်တကယ်ပင် ခြေရာဖျောက်နိုင်ပြီ ဖြစ်၏။ ချီစွမ်းအင် စွမ်းအင် အမြောက်အမြား ကုန်ခမ်းစေသော်ငြား ကျန်းမင် အတွက်တော့ ပြဿနာ မဟုတ်ချေ။
အချိန်သိပ်မကြာလိုက်ဘဲ ကျန်းမင် တစ်ယောက် ဟိုင်ပြည်နယ်သို့ ရောက်လာခဲ့လေပြီ။ ၎င်းမှာ ပင်လယ်နှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် ဒေသခံများမှာ ကြမ်းတမ်းသော ပင်လယ် သားရဲများနှင့် မကြာခဏ ရင်ဆိုင်ရလေ့ ရှိသည်။ ထိုအကြောင်းရင်းကြောင့်ပင် ပြည်နယ်မှာ သိပ်ပြီး မချမ်းသာလှပေ။
အတိတ်က ဤနေရာတွင် ကျန်းမိသားစု၊ ဖေးယွင်ဂိုဏ်း နှင့် ထျန်းရွှေဂိုဏ်း ဟူသော အဓိက အင်အားစု သုံးခု ရှိခဲ့ဖူး၏။ ပိရွှေဂိုဏ်း၏ ကျူးကျော်မှုကို ခံရပြီးနောက် ကျန်းမိသားစုက လက်နက်ချ အညံ့ခံခဲ့ပြီး ဖေးယွင်ဂိုဏ်းမှာမူ အမြစ်ပြတ် ချေမှုန်းခံလိုက်ရသည်။ ထျန်းရွှေဂိုဏ်း တစ်ခုတည်းသာ အသည်းအသန် ရုန်းကန်နေရဆဲပင်။
ကျန်းမင်က မုရွှေယွင်၏ အခြေအနေကို ထပ်မံ စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်သည်။ ထို့နောက် လူသားလမ်းစဉ် မှတ်တမ်း၏ လုပ်ဆောင်ချက် အသစ်နှစ်ခု ဖြစ်သော တည်နေရာ ရှာဖွေခြင်း နှင့် ပုံရိပ်ထင်ဟပ်ခြင်း တို့အား ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အသိပေးချက်များ လက်ခံရရှိခဲ့၏။
အမည်နှင့် လိုက်ဖက်စွာပင် တည်နေရာ ရှာဖွေခြင်း လုပ်ဆောင်ချက်က ကျန်းမင် အနေဖြင့် ပစ်မှတ်၏ အမည်ကို လူသားလမ်းစဉ် မှတ်တမ်းတွင် ရေးသားလိုက်သည်နှင့် တည်နေရာ အတိအကျကို ထောက်လှမ်းနိုင်ရန် ကူညီပေးမည် ဖြစ်သည်။ ဤလုပ်ဆောင်ချက် အတွက် သူ အလွန် ဝမ်းသာသွားရလေပြီ။ နောင်အနာဂတ်တွင် သူက မည်သူ့ကိုမဆို အလွယ်တကူ ရှာဖွေနိုင်တော့မည် မဟုတ်ပါလား။
ပုံရိပ်ထင်ဟပ်ခြင်း လုပ်ဆောင်ချက်ကတော့ ပစ်မှတ်၏ တည်နေရာကို အတိအကျ သိရှိပြီးနောက် သူ့ စွမ်းအင်များကို ပစ်မှတ်ရှိရာသို့ ပုံရိပ်အဖြစ် စေလွှတ်နိုင်စွမ်း ရှိစေသည်။ ဤလုပ်ဆောင်ချက်ကို မြင်လိုက်ရချိန်တွင်မူ အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ ရောထွေးသွားတော့၏။
ကျန်းမင် မျက်လုံးများ တောက်ပလာပြီး တိတ်တဆိတ် တွေးလိုက်မိသည်။
‘ဒါက ငါ့ကိုယ်ပွားတွေကို စေလွှတ်လို့ ရပြီဆိုတဲ့ သဘောပဲ... လူသားလမ်းစဉ် မှတ်တမ်းက စနစ်ထက်တောင် ပိုကောင်းနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ’
အမည် - မုရွှေယွင်
မျိုးနွယ် - လူသား
လိင် - မ
ကျင့်ကြံခြင်းအဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး။
ဆက်ဆံရေး - အနှုတ်၉၀
မွေးရာပါ ပါရမီ - ကြယ် ၉ ပွင့် (ရေဝိညာဉ် ခန္ဓာ)
အခြေအနေ - ကျိုယန်ဂိုဏ်းအား တိုက်ခိုက်ရန် ပိရွှေဂိုဏ်းကို အမိန့်ပေးဖို့ ဟိုင်ပြည်နယ်သို့ သွားရောက်နေဆဲ ဖြစ်သည်။ ခရီးဆုံးနှင့် မိုင်တစ်သောင်းခန့် အကွာသို့ ရောက်ရှိချိန်တွင် သူမစိတ်ကို ဂနာမငြိမ် ဖြစ်စေသော ရင်းနှီးသည့် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရ၏။ ထို့ကြောင့် ထိုအငွေ့အသက် နောက်သို့ လိုက်ရန် လမ်းကြောင်း ချက်ချင်း ပြောင်းလဲလိုက်သည်။ ရောက်ရှိသွားချိန်တွင်တော့ ကမ်းခြေအနီးရှိ စံအိမ်ကြီး တစ်လုံးကို မြင်တွေ့လိုက်ရသည်။ စံအိမ်ထဲ ပွဲခံနေကြခြင်းပင်။
သူမ အတင်းအကျပ် ဝင်ရောက်သွားချိန်တွင် အတိတ်က ဖမ်းဆီးခံရပြီးနောက် တွေ့ဆုံခဲ့ဖူးသည့် အဖြူရောင် အကြေးခွံ နဂါး ပိုင်လန်ကို တွေ့လိုက်ရသည်။ သူမက ပိုင်လန်အား ရူးသွပ်နေသူ တစ်ယောက်ကဲ့သို့ တိုက်ခိုက်ခဲ့သော်လည်း အနိုင်မရနိုင်မှန်း သဘောပေါက်သွားချိန်တွင် ငိုကြွေးတော့၏။
တကယ်တမ်းတွင် ပိုင်လန်မှာ မုလေ့၏ တူတော်စပ်ပြီး မုလေ့၏ ဖခင်မှာ ပိုင်လန်၏ အဘိုး ဖြစ်နေခြင်းပင်။ ထို့နောက် သူမက ဝမ်းကွဲဦးလေး တော်စပ်သူ မုလေ့ အတွက် ကလဲ့စားချေပေးရန် ပိုင်လန်အား အသနားခံခဲ့သည်။ နောက်ပိုင်းတွင် ဧည့်သည်များထဲမှ နှစ်ဦးမှာ ပိရွှေဂိုဏ်း၏ အဓိက ကြီးကြပ်ရေးမှူးနှင့် ကျန်းမိသားစု ခေါင်းဆောင်တို့ ဖြစ်ကြောင်း သိလိုက်ရ၏။ လက်ရှိတွင် သူမက ကျိုယန်ဂိုဏ်းအား အမြစ်ပြတ် ချေမှုန်းရန် သူတို့နှင့်အတူ အကြံအစည် ထုတ်နေသည်။
မုရွှေယွင်၏ အခြေအနေကို ဖတ်ပြီးနောက် ကျန်းမင် မျက်မှောင်ကြုတ်သွားသည်။
ပိရွှေဂိုဏ်းမှာ ပင်လယ်မျိုးနွယ်စုနှင့် မဟာမိတ် ဖွဲ့ထားကြောင်း သူ ကောက်ချက်ချလိုက်၏။ ထိုဂိုဏ်းက အရှေ့ပိုင်းဒေသကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ပြောင်းရွှေ့လာခြင်း ဖြစ်ပေလိမ့်မည်။ သူက လူသားလမ်းစဉ် မှတ်တမ်းပေါ်တွင် ကျန်းမိသားစု၏ ခေါင်းဆောင် ဟူသော စာလုံးကို ရေးသားလိုက်သော်လည်း သူထင်ထားသည့် အတိုင်းပင် ဘာမျှ ထွက်ပေါ်မလာခဲ့ပေ။ မည်သို့ပင်ဆိုစေ ထိုအရာက နာမည် တစ်ခု မဟုတ်ဘဲ ဂုဏ်ပုဒ် တစ်ခုသာ မဟုတ်ပါလား။
ထိုအရာများအပြင် မုရွှေယွင်၏ ရှုပ်ထွေးလှသော ဆွေမျိုးစပ်မှုများကို တွေးမိချိန်တွင် ကျန်းမင် ခေါင်းကိုက်သွားရလေပြီ။ အစပိုင်းက သူက ပိုင်လန်အား မုလေ့၏ ဖခင်ဟု ထင်မှတ်ထားခဲ့မိသည်။ မုလေ့က ပိုင်လန်၏ ဝမ်းကွဲဦးလေး ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ မုလေ့ ဖခင်က ပိုင်လန်၏ အဘိုး ဖြစ်နေသည်။
သေချာ စဉ်းစားကြည့်ပြီးနောက် ထိုအရာမှာ အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားသည်။ မည်သို့ပင်ဆိုစေ ပိုင်လန်၏ အဘိုးမှာ အလွန် အစွမ်းထက်လှသည် မဟုတ်ပါလား။ ထို့ကြောင့်သာ မုရွှေယွင် ဖမ်းဆီးခံရပြီး အဓမ္မ ပြုကျင့်ခံရပြီးသည့်တိုင် ချင်းယွင်ဂိုဏ်း အနေဖြင့် ကလဲ့စားမချေရဲခဲ့ခြင်းပင်။
ကျန်းမင်က ခေါင်းခါယမ်းရင်း ရေရွတ်လိုက်သည်။
"ရှုပ်ထွေးလိုက်တဲ့ ဆက်ဆံရေးတွေပဲ"
ထို့နောက် သူက စိတ်အာရုံ တစ်ချက်ဖြင့် တည်နေရာ ရှာဖွေခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်၏။ မျက်တောင် တစ်ခတ် အတွင်းမှာပင် သူနှင့် မုရွှေယွင်ကို အသီးသီး ကိုယ်စားပြုသော ပုံရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်နှစ်ခုကို မျဉ်းတစ်ကြောင်းဖြင့် ဆက်သွယ်ထားပြီး မျဉ်း၏ အလယ်တွင် 'ကီလိုမီတာ ၃၂၀၀၀' ဟူသော စာသားကို တွေ့မြင်နေရသည်။
ကျန်းမင်က မုရွှေယွင် ရှိရာသို့ သွားရန် အရှေ့တောင်ဘက်သို့ ခရီးနှင်ရပေမည်။ တည်နေရာ ရှာဖွေခြင်း လုပ်ဆောင်ချက်ဖြင့် မည်သူ့ကိုမဆို အလွယ်တကူ ရှာတွေ့နိုင်သော်လည်း သူက အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။ သူ့ဘာသာ တိတ်တဆိတ် ရေရွတ်လိုက်သည်။
"လမ်းကြောင်းပေါ်က မြေမျက်နှာသွင်ပြင်တွေကိုပါ အသေးစိတ် ပြပေးနိုင်ရင် ပိုကောင်းမှာပဲ..."
လူသားလမ်းစဉ် မှတ်တမ်းကို ကြားခံအဖြစ် အသုံးပြု၍ သူ့ အသိစိတ်က လေဟာနယ်ကို ဖြတ်သန်းကာ မုရွှေယွင် ရှိနေသော နေရာသို့ ရောက်ရှိသွားသည်။ သူမနှင့် မိုင်တစ်ရာ ပတ်လည် အတွင်းရှိ ဟင်းလင်းပြင် ဆုံမှတ်များကို ရှင်းလင်းစွာ ခံစားသိရှိနိုင်၏။ သူက ထိုဧရိယာ အတွင်းရှိ မည်သည့် နေရာကိုမဆို ပုံရိပ်ထင်ဟပ် စေလွှတ်နိုင်စွမ်း ရှိနေလေပြီ။
"လူသားလမ်းစဉ် မှတ်တမ်းက တကယ်ကို အံ့ဩစရာပဲ... ဒီဟာတွေသာ ရှိရင် ငါက လောကမှာ အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာနိုင်တယ်"
ကျန်းမင်က အာမေဋိတ်သံဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ကမြင်းကျောထသော အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်လာ၏။
ဤစွမ်းရည်များဖြင့် သူက ကျောင်းယန်တောင်ထွတ်၏ ရေကန်ဆီ မည်သူမျှ သတိမထားမိဘဲ သွားရောက်နိုင်ပေမည်။ ထိုအချိန်ကျလျှင် သူ ခိုးကြည့်လို့ ရနိုင်သည်...
ကျန်းမင်လည်း ထိုအတွေးကို ဖယ်ရှားရန် ခေါင်းအလျင်အမြန် ခါယမ်းလိုက်သည်။ ဆိုးရွားသော အတွေးများ ဝင်လာခြင်းမှာ ရှောင်လွှဲ၍မရနိုင်သော ကိစ္စပင်။ အရေးအကြီးဆုံးမှာ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိရန်နှင့် အမှားအမှန် ခွဲခြားနိုင်စွမ်း ရှိရန်သာ။
ထို့နောက် ကျန်းမင်က ပိုင်လန်၏ အချက်အလက်များကို ကြည့်လိုက်သည်။
အမည် - ပိုင်လန်
မျိုးနွယ် - အကြေးခွံ နဂါး
လိင် - ကျား
နောက်ခံ - အဖြူရောင် အကြေးခွံ နဂါးဂူ၏ ဂူသခင်။ တောင်နီနန်းတော်ရှိ နတ်ဆိုးဘုရင် ၃၆ ပါးထဲမှ တစ်ပါး။
ဆက်ဆံရေး - ၀
မွေးရာပါ ပါရမီ - ကြယ် ၉ ပွင့်
အခြေအနေ - မိစ္ဆာဂိုဏ်းများ ပြန်လည် အားကောင်းလာကြောင်း သိရှိပြီးနောက် ပိရွှေဂိုဏ်းအား စုံစမ်းရန် သားဖြစ်သူကို ထိုနေရာသို့ စေလွှတ်ခဲ့သည်။ သို့သော် သားဖြစ်သူ သေဆုံးသွားကြောင်း သိလိုက်ရချိန်တွင် ဒေါသအမျက် ချောင်းချောင်း ထွက်သွားခဲ့၏။ ထိုအကြောင်းရင်းကြောင့်ပင် ကမ်းခြေအနီးရှိ စံအိမ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူက ဖြစ်ပျက်ခဲ့သည့် အရာများကို စုံစမ်းရန်နှင့် နောက်ထပ် ခြေလှမ်းအတွက် အကြံအစည် ထုတ်ရန် ပိရွှေဂိုဏ်း၏ အဓိက ကြီးကြပ်ရေးမှူးနှင့် ကျန်းမိသားစု၏ ခေါင်းဆောင်တို့ကို ဖိတ်ခေါ်ခဲ့သည်။
ပွဲခံနေစဉ် အတွင်း ကျွမ်းကျင်သူ တစ်ယောက်၏ အငွေ့အသက်ကို ခံစားမိလိုက်၏။ ထိုကျွမ်းကျင်သူမှာ မုရွှေယွင် ဖြစ်နေပြီး ချက်ချင်းပင် ဝင်ရောက် တိုက်ခိုက်လာခဲ့သည်။ မုရွှေယွင်အား ဖမ်းဆီး ထိန်းချုပ်ပြီးနောက် ဝမ်းကွဲဦးလေး ဖြစ်သူ သေဆုံးသွားကြောင်း သိလိုက်ရသည်။ တကယ်တမ်း သူက ဝမ်းကွဲဦးလေး အတွက် ဂရုမစိုက်သော်ငြား ချင်းယွင်ဂိုဏ်းရှိ မုရွှေယွင်၏ အဆင့်အတန်းကြောင့် သူမနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ပိုင်လန်၏ အခြေအနေကို ဖတ်ပြီးနောက် ကျန်းမင် ဆွံ့အသွားရလေပြီ။ ပိုင်ဟိုင်ထျန်းက ပိုင်လန်၏ သားဖြစ်နေလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ ပိုင်ဟိုင်ထျန်း၏ ဖခင်မှာ နန်းတော်ထဲရှိ နတ်ဆိုးဘုရင် တစ်ပါး ဖြစ်ပြီး သူ့ ဘိုးဘေးမှာ အတိတ်က မုရွှေယွင်ကို ဖမ်းဆီးကာ မုလေ့ကို မွေးဖွားလာစေခဲ့သည့် ကျွမ်းကျင်သူ ဖြစ်နေ၏။
ကျန်းမင်က ခရီးနှင်နေရင်း တိတ်တဆိတ် တွေးလိုက်မိသည်။
‘ပိရွှေဂိုဏ်း၊ အဖြူရောင် အကြေးခွံ နဂါးဂူ၊ တောင်နီနန်းတော်၊ ကျန်းမိသားစု၊ မုရွှေယွင်... ပြီးတော့ ပိရွှေဂိုဏ်းနဲ့ အဆက်အသွယ် ရှိနေတဲ့ စီးမာ မိသားစုလည်း ရှိသေးတယ်... သူတို့အားလုံးက သိသိနဲ့ဖြစ်စေ မသိဘဲဖြစ်စေ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နေကြတာပဲ...’
ကျန်းမင်မှာ ပုံမှန်အားဖြင့် လောကကြီး၏ ဖရိုဖရဲ အခြေအနေများ အပေါ် လစ်လျူရှုထားလေ့ ရှိသည်။ သို့သော် ယခု ရှုပ်ထွေးမှုများက ကံမကောင်းစွာဖြင့် သူ့အပေါ် သက်ရောက်မှု ရှိလာမည် ဖြစ်ရာ ဒီညမှာပင် ပြဿနာများ၏ အရင်းအမြစ်ကို အမြစ်ပြတ် ရှင်းလင်းရမည်မှန်း ကောင်းကောင်း သိထား၏။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ကျန်းမင် တစ်ယောက် မိုင်ရာထောင်ချီ ဖြတ်ကျော်ကာ သူ့ ခရီးဆုံးဆီသို့ ဦးတည် သွားရောက်နေလေပြီ။
End
***