ကောင်းကင်ယံတွင် လမင်းကြီးက လင်းထိန်နေပြီး တောင်တန်းများ ဝန်းရံထားသော တောင်ကြား တစ်ခုကို မသဲမကွဲ မြင်တွေ့နေရသည်။ လရောင်အောက်တွင် ငွေရောင် တလက်လက် တောက်ပနေသော စမ်းချောင်းလေး တစ်ခုက တောင်ကြားကို ဖြတ်သန်း စီးဆင်းလို့။ လတ်ဆတ်သော လေညင်းက ပင်လယ် ရနံ့များကို သယ်ဆောင်လာပြီး ကမ်းခြေသို့ ရိုက်ခတ်နေသော လှိုင်းသံများကလည်း လေထဲတွင် ညင်သာစွာ ပဲ့တင်ထပ်နေ၏။
ကမာခွံ မိန်းမပျိုများ ကဲ့သို့သော ပင်လယ် သတ္တဝါများက အစားအသောက် ပန်းကန်များကို သယ်ဆောင်လာကြပြီး ရေသူမများက သာယာ ငြိမ့်ညောင်းသော အသံများဖြင့် သီချင်းဆိုကာ ဆွဲဆောင်မှု ရှိစွာ ကပြ ဖျော်ဖြေနေကြသည်။
ကျန်းမင်က မိုင်တစ်ရာခန့် အကွာရှိ လေဟာနယ်ထဲတွင် ပုန်းကွယ်နေရင်း အဝေးမှ စံအိမ်ကြီးကို အကဲခတ်နေသည်။ သူက တိတ်တဆိတ် ကောက်ချက်ချလိုက်၏။
‘မုရွှေယွင်နဲ့ ပိုင်လန်က ကနဦးဝိညာဉ် အဆင့်မှာ ရှိတယ်... ပိရွှေဂိုဏ်းရဲ့ အဓိက ကြီးကြပ်ရေးမှူးကလည်း အတူတူပဲ ဖြစ်လောက်တယ်... ဒါပေမယ့် ကျန်းမိသားစုရဲ့ ခေါင်းဆောင်ကတော့ သူတို့ထက် တစ်ဆင့်နိမ့်တဲ့ မူလဝိညာဉ် အဆင့်မှာပဲ ရှိရမယ်’
ထိုသူများ၏ နာမည်များကို မသိရခြင်းမှာ နှမြောစရာပင်။ မဟုတ်လျှင် လူသားလမ်းစဉ် မှတ်တမ်းထဲ သူတို့နာမည်များ ရေးလိုက်သည်နှင့် အချက်အလက်များကို ချက်ချင်း သိရမည် မဟုတ်ပါလား။
ဤလူများကို မဆင်မခြင် မသတ်ဖြတ်နိုင်မှန်း သူ ကောင်းကောင်း သိထား၏။ သူတို့ကို သတ်ဖြတ်ရန် အမှားအယွင်း မရှိသော နည်းလမ်း တစ်ခုကို စဉ်းစားရပေမည်။ အတွေးနက်နေစဉ် လူသားလမ်းစဉ် မှတ်တမ်းကို အသုံးပြု၍ သူ့ ကိုယ်ပွားများကို ဖန်တီးလိုက်သည်။ ၎င်းတို့မှာ သက်စောင့်စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် အချိန်အကြာကြီး ခံမည် မဟုတ်ပေ။ သို့တိုင် ကိရိယာများ အဖြစ် အသုံးပြုရန်တော့ လုံလောက်သေးသည်။
ကျန်းမင်က ကိုယ်ပွား တစ်ခုစီကို အဆင့်မြင့်ဆုံး ဝိညာဉ် သလင်းကျောက် တစ်တုံးစီ တပ်ဆင်ပေးလိုက်သည်။ ထိုသလင်းကျောက်များမှာ ပိုင်ယွီနှင့် အခြားသူများကို သတ်ဖြတ်ပြီး ရရှိခဲ့ခြင်းပင်။ ထို့နောက် မုရွှေယွင်ကို ဗဟိုပြု၍ သူ့ ကိုယ်ပွားများကို အရပ်လေးမျက်နှာနှင့် ကြားအရပ် ရှစ်မျက်နှာသို့ စေလွှတ်လိုက်သည်။ ထို့မျှမက သူမ ပတ်လည်ရှိ ကြယ်တာရာ တည်နေရာ ၇၂ ခုနှင့် မြေကြော ဆုံမှတ် ၃၆ ခုဆီသို့လည်း ကိုယ်ပွားများ ထပ်မံ စေလွှတ်ခဲ့သေး၏။
ကိုယ်ပွားများ အားလုံးမှာ မုရွှေယွင်နှင့် မိုင်တစ်ရာ ပတ်လည် အတွင်းတွင်သာ ရှိနေကြသည်။ သူတို့ သက်ဆိုင်ရာ နေရာများဆီ ရောက်သွားပြီးနောက် ဝိညာဉ် သလင်းကျောက်များကို သတ်မှတ်ထားသော အရပ်များသို့ အသီးသီး ပစ်လွှတ်လိုက်ကြသည်။
ဤသို့ဖြင့် ကျန်းမင် တစ်ယောက် အရပ်ဆယ်မျက်နှာ ကောင်းကင် အသွင်ပြောင်း အစီအရင်ကို အောင်မြင်စွာ ပြီးစီးသွားခဲ့လေပြီ။ အစီအရင်၏ သက်ရောက်မှုမှာ စံအိမ်ကြီး အပါအဝင် မိုင်တစ်ရာ ပတ်လည် ဧရိယာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် သူ့ ချီစွမ်းအင်များ အသုံးပြု၍ အစီအရင်ကို အသက်သွင်းလိုက်ရာ အစီအရင် အတွင်းရှိ ဧရိယာ တစ်ခုလုံးမှာ ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး တားမြစ်နယ်မြေ တစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။
ဤအစီအရင်မှာ သိပ်ပြီး အစွမ်းမထက်လှဘဲ အဓိကအားဖြင့် အထီးကျန်စေရန်နှင့် အကျဉ်းချရန်သာ အသုံးပြုလေ့ ရှိသည်။ သို့သော် ယခုတွင်မူ ကျန်းမင် ရည်ရွယ်ချက်နှင့် အတိအကျ ကိုက်ညီနေခဲ့၏။
အစီအရင် အသက်ဝင်လာသည်နှင့် တပြိုင်နက် စံအိမ်ထဲရှိ လူများ ချက်ချင်း သတိထားမိသွားကြသည်။
ပိုင်လန်က အော်ဟစ်လိုက်သည်။
"ဘယ်သူလဲ... ငါ့ကို တိုက်ခိုက်ရဲလောက်အောင် သတ္တိကောင်းနေတာ ဘယ်သူလဲ"
ပိုင်လန်က ကောင်းကင်သို့ ပျံတက်သွားချိန်တွင် သူ့ အထက်၌ ကြီးမားသော လှိုင်းလုံးကြီးများ ထကြွလာသည်။ ထိုလှိုင်းလုံးကြီးများမှာ ကြောက်မက်ဖွယ် ကောင်းပြီး အဆုံးအစ မရှိသလို ထင်မှတ်ရ၏။
တစ်ချိန်တည်းမှာပင် မုရွှေယွင်၊ ပိရွှေဂိုဏ်း၏ အဓိက ကြီးကြပ်ရေးမှူးနှင့် ကျန်းမိသားစု ခေါင်းဆောင်တို့လည်း လေထဲသို့ ပျံတက်လာကြသည်။ သူတို့က ကိုယ်ပိုင် လက်နက်များကို ထုတ်ယူကာ လုံခြုံရေး အတွက် ကာကွယ်ရေး အထူးစွမ်းရည်များအား အသက်သွင်းလိုက်သည်။
လေထဲရောက်သည်နှင့် သူတို့ အထက် ကောင်းကင်ယံတွင် ကြီးမားသော စစ်တုရင်ခုံကြီး တစ်ခု လွင့်မျောနေသည်ကို မြင်လိုက်ရ၏။ ၎င်းအပေါ်ရှိ မျဉ်းကြောင်းများမှာ တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားပြီး ဆက်သွယ်ထားသော ကြယ်တာရာများကဲ့သို့ ထင်မှတ်ရသည်။ နောက်တစ်စက္ကန့်တွင် စစ်တုရင်ခုံကြီးထံမှ ကြီးမားသော ဆွဲငင်အား တစ်ခု ပေါက်ကွဲထွက်လာတော့သည်။
ပိုင်လန်မှာ ရုတ်တရက် ပေါ်လာသော ဆွဲငင်အားကြောင့် ထိတ်လန့် အံ့အားသင့်သွားသည်။ သူ့ စွမ်းအင်များကို အသုံးပြု၍ ခုခံရန် ကြိုးစားသော်လည်း အချည်းနှီးသာ။ အချိန်တို အတွင်းမှာပင် သူက စစ်တုရင်ခုံထဲသို့ စုပ်ယူခံလိုက်ရလေပြီ။
ထို့နောက် အခြား အဘိုးအိုများလည်း စစ်တုရင်ခုံထဲသို့ စုပ်ယူခံလိုက်ရသည်။
ယင်းကို စောင့်ကြည့်နေသော မုရွှေယွင်မှာ အလွန် ထိတ်လန့်သွား၏။ ဤစစ်တုရင်ခုံက မည်ကဲ့သို့သော တာအိုလက်နက်မျိုး ဖြစ်မှန်း သူမ မသိချေ။ ဆွဲငင်အားကို ခုခံရန် အသုံးပြုခဲ့သော စွမ်းအင်များက အချိန် အနည်းငယ်မျှသာ တောင့်ခံနိုင်ခဲ့ပြီး သူမလည်း အခြားသူများ ကဲ့သို့ပင် စစ်တုရင်ခုံထဲသို့ စုပ်ယူခံလိုက်ရသည်။
နောက်ဆက်တွဲ အနေဖြင့် စံအိမ်ထဲရှိ သက်ရှိ အားလုံးလည်း စစ်တုရင်ခုံထဲသို့ စုပ်ယူခံလိုက်ရတော့သည်။
ထိုအချိန်တွင် ကျန်းမင်က လေထဲ၌ ထွက်ပေါ်လာ၏။ သူ့ လက်ထဲတွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အား သီးသန့် အသုံးပြု၍ တိုက်ခိုက်ရန် အကောင်းဆုံး ဖြစ်သော ရွှေတိမ်လွှာဓားကြီးကို ကိုင်ဆောင်ထားသည်။ ထို့နောက် သူကလည်း စစ်တုရင်ခုံထဲသို့ အစုပ်ခံလိုက်တော့သည်။
…
စစ်တုရင်ခုံ အတွင်းတွင်။
ဧရိယာ တစ်ခုလုံးကို အနက်ရောင် နယ်မြေနှင့် အဖြူရောင် နယ်မြေဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ တစ်ခုက ကစားပွဲ သခင်ကို ကိုယ်စားပြုပြီး ကျန်တစ်ခုက ပြိုင်ဘက်များအား ကိုယ်စားပြု၏။
မုရွှေယွင်နှင့် အခြား လူသုံးယောက်၏ မျက်နှာများမှာ လေးနက် တည်ကြည်နေကြသည်။ သူတို့က ပင်လယ် မျိုးနွယ်စုများ အများစု ပါဝင်သော စံအိမ်မှ ကျွန်များနှင့် အစေခံများရှေ့တွင် ရပ်နေ၏။
ကျန်းမင်ကို မြင်လိုက်ရချိန်တွင် မုရွှေယွင်က ဇဝေဇဝါဖြင့် မေးလာသည်။
"မင်း ဘယ်သူလဲ... ငါတို့ အခု ဘယ်ရောက်နေတာလဲ"
ဤနေရာတွင် သူမ၏ ချီစွမ်းအင်များနှင့် မူလဝိညာဉ် စွမ်းအင်များကို အသုံးပြု၍ မရကြောင်း သိလိုက်ရချိန်တွင် အလွန် ထိတ်လန့်သွားခဲ့သည်။ ထို့အပြင် ကျင့်ကြံခြင်း အဆင့်မှာလည်း ဖိနှိပ်ခံထားရသေး၏။
ပိုင်လန်က ဝင်ပြောသည်။
"ဒါက သီးခြား နယ်မြေတစ်ခု ပါဝင်တဲ့ တာအိုလက်နက် တစ်ခု ဖြစ်ရမယ်"
ပိုင်လန်က စကားပြောနေရင်း သူ့ ဦးခေါင်းမှာ အဖြူရောင် အကြေးခွံ နဂါး တစ်ကောင်၏ ဦးခေါင်း အဖြစ်သို့ ပြောင်းလဲသွားသည်။ လိပ်ခေါင်းနှင့် အနည်းငယ် ဆင်တူ၏။ တစ်ချိန်တည်းမှာပင် သူ့ လက်ချောင်းများမှ ချွန်ထက်သော လက်သည်းများ ထွက်ပေါ်လာပြီး ကျောဘက်မှ အမြီးရှည်ကြီး တစ်ခု ထွက်လာသည်။ ဤသည်မှာ အဖြူရောင် အကြေးခွံ နဂါး တစ်ကောင်၏ တိုက်ခိုက်ရေး ပုံစံပင်။
အသွင်ပြောင်းခြင်း ပြီးဆုံးသွားချိန်တွင် ပိုင်လန်က မေးလိုက်၏။
"မင်းက ဘယ်သူလဲ... ငါတို့ကို ဘာလို့ ပစ်မှတ်ထားနေရတာလဲ"
"ငါက ချင်းယွင်ဂိုဏ်းကပဲ... ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲမှာ အမြဲတမ်း တရားကျင့်နေခဲ့လို့ ဘယ်သူမှ ငါ့အကြောင်း မသိကြဘူး... မုရွှေယွင်... ငါ့ကို မင်းရဲ့ ဝမ်းကွဲအဘိုးလို့ သတ်မှတ်လို့ ရတယ်" ကျန်းမင်က ပြန်ဖြေသည်။
သတိကြီးသူပီပီ ကျန်းမင် အနေဖြင့် သူ့ အမည်မှန်ကို ထုတ်ဖော်မည် မဟုတ်ပေ။
"မင်းတို့ ပင်လယ် မျိုးနွယ်စု တစ်ခုနဲ့ ပူးပေါင်းနေတာ ငါ သိတယ်... မင်းရဲ့ သားမှာ အကြေးခွံ နဂါး တစ်ကောင်ရဲ့ သွေး ပါနေတယ် ဆိုတော့ မင်းက ပင်လယ် မျိုးနွယ်စုတွေ ဘက်ကို ယိမ်းနေတာ သေချာတယ်... ပင်လယ် မျိုးနွယ်စုတွေက ဂနာမငြိမ် ဖြစ်လာပြီး အရှေ့ပိုင်းဒေသ ကမ်းခြေတွေကို လာနေကြတယ်... သူတို့မှာ မကောင်းတဲ့ အကြံအစည် ရှိနေမှာ သေချာတယ်... မုလေ့ကို သတ်ပစ်လိုက်ရင် မင်း ပင်လယ် မျိုးနွယ်စုတွေနဲ့ အဆက်အသွယ် ဖြတ်ပြီး အသိတရား ရလာမယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမယ့် ငါ မှားသွားပုံ ရတယ်... မင်းက ပိုင်လန်နဲ့ လာတွေ့နေသေးတယ်... အတော်ပဲ... ဒီည မင်းတို့ အားလုံးကို သတ်ပစ်မယ်"
အစောပိုင်းတွင် တစ်စုံတစ်ယောက်က ကျန်းမိသားစု ခေါင်းဆောင်နှင့် ပိရွှေဂိုဏ်း၏ အဓိက ကြီးကြပ်ရေးမှူးတို့အား ခေါ်လိုက်သံကို ကြားခဲ့ရသည်။ ထို့ကြောင့် လူသားလမ်းစဉ် မှတ်တမ်းကို စိတ်ထဲမှ ခေါ်ထုတ်၍ ထိုသူများ၏ နာမည်များအား ရေးလိုက်၏။
အမည် - ကျန်းဖုန်း
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်းအဆင့် - မူလဝိညာဉ် အဆင့်
နောက်ခံ - ကျန်းမိသားစု၏ ခေါင်းဆောင်
ဆက်ဆံရေး - အနှုတ်၉၉
မွေးရာပါ ပါရမီ - ကြယ်ရှစ်ပွင့်
အခြေအနေ - မိသားစုမှာ ဆုတ်ယုတ်နေပြီ ဖြစ်ရာ ပြန်လည် အားကောင်းလာရန် အသည်းအသန် ကြိုးစားနေရသည်။ ကံမကောင်းစွာဖြင့် မိသားစုဝင်များမှာ အစွမ်းမထက်သောကြောင့် ဖေးယွင်ဂိုဏ်းနှင့် ထျန်းရွှေဂိုဏ်းတို့၏ ဖိနှိပ်ခြင်းကို ခံရ၏။ အချိန်ကြာလာသည်နှင့်အမျှ မိသားစု၏ ရှင်သန်နိုင်စွမ်းမှာ တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်က ပိရွှေဂိုဏ်း၏ အကြီးအကဲများက သူတို့နှင့် မဟာမိတ် ဖွဲ့ရန် ဖြောင်းဖျခဲ့ကြသည်။ ပိရွှေဂိုဏ်းက ဖေးယွင်ဂိုဏ်းနှင့် ထျန်းရွှေဂိုဏ်းတို့ကို အမြစ်ပြတ် ချေမှုန်းရာတွင် ကူညီပေးမည် ဆိုပါက ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ဟိုင်ပြည်နယ် တစ်ဝက်ကို ပေးမည်ဟု ကတိပြုခဲ့၏။
ပင်လယ် မျိုးနွယ်စုများနှင့် ပိရွှေဂိုဏ်းတို့ အရှေ့ပိုင်းဒေသကို ကျူးကျော် သိမ်းပိုက်ရန် ရည်ရွယ်ထားကြောင်း သိရှိသော်ငြား ကတိပြုထားသော ဆုလာဘ်များကြောင့် ပိရွှေဂိုဏ်း၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။ ချင်းယွင်ဂိုဏ်းကို မထိခိုက်စေဘဲ ထျန်းရွှေဂိုဏ်းအား အမြစ်ပြတ် ချေမှုန်းမည့် နည်းလမ်းများ ဆွေးနွေးရန် အဖြူရောင် အကြေးခွံ နဂါးဂူ၏ ဂူသခင်နှင့် သွားတွေ့ရန် ပိရွှေဂိုဏ်း၏ အဓိက ကြီးကြပ်ရေးမှူးက တောင်းဆိုလာသည်။ တွေ့ဆုံပွဲ အတွင်း ပိုင်လန်က သူ့သားကို သတ်သွားသော လူသတ်သမားကို ရှာဖွေပေးရန် သူတို့ကို တောင်းဆိုခဲ့၏။ ဆွေးနွေးပွဲ တစ်ဝက်လောက်တွင် မုရွှေယွင် ရုတ်တရက် ရောက်လာခဲ့သည်။ ပိုင်လန်နှင့် ချင်းယွင်ဂိုဏ်း၏ သူတော်စင် သမီးတော်ဟောင်း တို့ကြားမှ ဆက်ဆံရေးကို သိလိုက်ရချိန်တွင် အလွန် ဝမ်းသာနေမိသည်။
ကျန်းဖုန်း၏ အချက်အလက်များကို ဖတ်ပြီးနောက် ကျန်းမင်က တိတ်တဆိတ် တွေးလိုက်သည်။
‘ထင်တဲ့အတိုင်း... ပိရွှေဂိုဏ်းက အရှေ့ပိုင်းဒေသကို ကျူးကျော် သိမ်းပိုက်ဖို့ ပင်လယ် မျိုးနွယ်စုတွေနဲ့ ပူးပေါင်းနေတာပဲ... မိစ္ဆာဂိုဏ်းတွေ ပြန်အားကောင်းလာတာရယ်၊ ကျုံးပြည်နယ်က အနန္တ ဆေးလုံးစံအိမ်နဲ့ ပဋိပက္ခတွေ ဖြစ်နေတာရယ်၊ ပင်လယ် မျိုးနွယ်စုတွေနဲ့ ပိရွှေဂိုဏ်းတို့ရဲ့ အကြံအစည်တွေရယ် ပေါင်းလိုက်တော့ အရှေ့ပိုင်းဒေသက တကယ်ကို ဖရိုဖရဲ ဖြစ်နေပြီ...’
အရှေ့ပိုင်းဒေသ၏ အနာဂတ်အတွက် တွေးမိချိန်တွင် ကျန်းမင် တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ ဆက်ဆံရေး တန်ဖိုး အနှုတ် ၉၉ ဖြစ်နေသည်ကိုမူ သူ ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဆိုစေ ဒီနောက်ပိုင်းတွင် ကျန်းဖုန်းအား သတ်ပစ်ရန် ရည်ရွယ်ထားသည် မဟုတ်ပါလား။
လူသားလမ်းစဉ် မှတ်တမ်း၏ နောက်စာမျက်နှာသို့ လှန်လိုက်သည်။
အမည် - ဟိုင်ယန်
ကျင့်ကြံခြင်းအဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - ပိရွှေဂိုဏ်း၏ ဂိုဏ်းချုပ် အကြီးအကဲ
ဆက်ဆံရေး - အနှုတ်၈၆
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - ပိရွှေဂိုဏ်းမှာ ငုပ်လျှိုးနဂါးတိုက်ကြီး၏ အစွန်အဖျား ဒေသများတွင် တည်ရှိသည်။ ဂိုဏ်းမှာ ဖယ်ကြဉ်ခံထားရပြီး အသက်ရှင် ရပ်တည်ရေးအတွက် ရုန်းကန်နေရ၏။ တိုက်ဆိုင်မှုများစွာ အပြီးတွင် ဂိုဏ်းက တောင်နီနန်းတော်နှင့် လျှို့ဝှက်စွာ ပူးပေါင်းခဲ့သည်။ တောင်နီနန်းတော်၏ အမိန့်အရ ဂိုဏ်းက သူတို့၏ အခြေခံ အုတ်မြစ်ကို ချမှတ်ရန်နှင့် အရှေ့ပိုင်းဒေသရှိ အင်အားစုများ၏ အခြေအနေကို စုံစမ်းရန် အရှေ့ပိုင်းဒေသသို့ တပည့်များကို စေလွှတ်ခဲ့သည်။
သူ့အဖွဲ့ကို ဦးဆောင်၍ ဤနေရာသို့ ရောက်ရှိလာပြီးနောက် လွန်ခဲ့သော နှစ်အနည်းငယ်က လက်နက်ချခဲ့သော ကျန်းမိသားစုကို ဆက်သွယ်ခဲ့ပြီး ဖေးယွင်ဂိုဏ်းအား အမြစ်ပြတ် ချေမှုန်းရန် အမိန့်ပေးကာ ချင်းယွင်ဂိုဏ်းကို လာဘ်ထိုးခဲ့သည်။ အရှေ့ပိုင်းဒေသကို သိမ်းပိုက်မည့် အစီအစဉ်၏ နောက်တစ်ဆင့် အနေဖြင့် ထျန်းရွှေဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန် ရည်ရွယ်ထား၏။ မိစ္ဆာဂိုဏ်းများ ပြန်လည် အားကောင်းလာမှုနှင့် အနန္တ ဆေးလုံးစံအိမ်က ချင်းယွင်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည့် သတင်းကို ကြားချိန်တွင် အလွန် ဝမ်းသာသွားခဲ့သည်။
ယနေ့ ပိုင်လန်နှင့် တွေ့ဆုံပွဲတွင် မိစ္ဆာဂိုဏ်းများမှ ကျွမ်းကျင်သူများကို ဆက်သွယ်ရန် ဆွေးနွေးခဲ့ကြသည်။ သူတို့က မိစ္ဆာဂိုဏ်းများနှင့် ပူးပေါင်း၍ အရှေ့ပိုင်းဒေသကို ခွဲဝေယူရန် ရည်ရွယ်ထား၏။ ထိုသို့ဆိုလျှင် ပိရွှေဂိုဏ်း အနေဖြင့် တိုးချဲ့ပြီး ချင်းပြည်နယ်ကိုပါ သိမ်းပိုက်နိုင်မည် ဖြစ်သည်။ အစောပိုင်းက ချင်းယွင်ဂိုဏ်းမှ မုရွှေယွင်ကို ပထမဆုံး မြင်လိုက်ရချိန်တွင် ထိတ်လန့်သွားပြီး တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် ပိုင်လန်နှင့် သူမ၏ ဆက်ဆံရေးကို သိလိုက်ရချိန်တွင် အလွန် ဝမ်းသာသွား၏။ ချင်းယွင်ဂိုဏ်း၏ သူတော်စင် သမီးတော်ဟောင်းသာ သူတို့ဘက်တွင် ရှိနေပါက အကြံအစည်များကို အကောင်အထည်ဖော်ရန် ပိုလွယ်ကူသွားမည် ဖြစ်သည်။
အဓိက ကြီးကြပ်ရေးမှူး... မဟုတ်ဘူး ပိရွှေဂိုဏ်း၏ ဂိုဏ်းချုပ် အကြီးအကဲ ဟိုင်ယန်၏ အချက်အလက်များကို မြင်လိုက်ရချိန်တွင် ကျန်းမင်၏ ရင်ခုန်သံများ မြန်ဆန်သွားတော့သည်။ တကယ်တမ်း အဓိက တရားခံ၊ နောက်ကွယ်မှ ကြိုးကိုင်နေသူမှာ တောင်နီနန်းတော် ဖြစ်နေခဲ့ခြင်းပင်။
ပိုင်လန် တစ်ယောက် ယင်မိစ္ဆာဂိုဏ်းကို လျှို့ဝှက်စွာ စုံစမ်းရန်နှင့် ဆက်သွယ်ရန် သားဖြစ်သူအား စေလွှတ်ခဲ့ကြောင်း ပိရွှေဂိုဏ်းက မသိပေ။ မိစ္ဆာဂိုဏ်းများနှင့် တောင်နီနန်းတော်တို့မှာ ပူးပေါင်းနေကြပြီ ဖြစ်ပုံရသည်။
ယင်မိစ္ဆာဂိုဏ်း၊ တောင်နီနန်းတော်နှင့် ငုပ်လျှိုးနဂါးတိုက်ကြီးတို့၏ အကြံအစည်ကို တွေးမိချိန်တွင် ကျန်းမင် အံကြိတ်လိုက်မိပြီး သူ့ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာတော့သည်။
ကျန်းမင် အနေဖြင့် အချက်အလက်များကို ဖတ်ရှုရန် စက္ကန့် အနည်းငယ်သာ ကြာမြင့်ခဲ့၏။ အပြင်ပန်းတွင်မူ သူ စကားပြောပြီးခါစသာ ရှိသေးသည်။
ကျန်းမင် စကားများကို ကြားပြီးနောက် မုရွှေယွင်က သွေးရောင် လွှမ်းနေသော မျက်လုံးများဖြင့် မေးလာသည်။
"ငါ့သားကို သတ်ခဲ့တာ နင်လား"
ကျန်းမင် ချင်းယွင်ဂိုဏ်းမှ လာသည်ဆိုသော အချက်ကို သူမ လုံးဝ ဂရုမစိုက်တော့ပေ။ ဒေါသတကြီး စိုက်ကြည့်နေပြီး သားဖြစ်သူ အတွက် ကလဲ့စားချေလိုစိတ်များက သူမနှလုံးသားထဲ လွှမ်းမိုးလာသည်။ နောက်တစ်စက္ကန့်တွင် သူမက ကျန်းမင်ထံသို့ ပြေးဝင်လာရင်း အော်ဟစ်လိုက်၏။
"ငရဲကို သွားလိုက်စမ်း ခွေးကောင်ရဲ့"
ချီစွမ်းအင်များကို အသုံးပြု၍ မရသော်ငြား သူမ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အလွန် ကြီးမားလှသည်။ သူမ လက်သီး ထိုးချလိုက်ချိန်တွင် လက်သီးနောက်မှ လေတိုးသံများပင် ထွက်ပေါ်လာ၏။
မုရွှေယွင်မှာ မြန်ဆန်ပြီး အစွမ်းထက်သော်လည်း ကျန်းမင်က သူမထက် ပိုမြန်ပြီး ပိုအစွမ်းထက်နေသည်။
ရွှေတိမ်လွှာဓားကြီးဖြင့် ခုတ်ချလိုက်ရာ မျက်တောင်တစ်ခက် အတွင်းမှာပင် မုရွှေယွင် ခန္ဓာကိုယ်ကား နှစ်ပိုင်း ပြတ်သွားတော့သည်။
End
***