ကောင်းကင်ထက်တွင် လမင်းက တောက်ပစွာ လင်းလက်နေပြီး အဝေးဆီမှ တောရိုင်း သားရဲများ၏ အော်ဟစ်သံများက ပဲ့တင်ထပ်လို့။
တောင်ထွတ် တစ်ခု၏ အထက် လေဟာနယ်တွင် အနက်ရောင် ဝတ်ရုံနှင့် လူတစ်ယောက်၊ ဝတ်စုံဖြူနှင့် လူတစ်ယောက်... ကျွမ်းကျင်သူ လူငယ် နှစ်ဦးက လွင့်မျောနေကြသည်။
အနက်ရောင်နှင့် လူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ့နောက်ကျောတွင်တော့ အမှောင်မြူခိုးများ ရစ်သိုင်းနေသည်။ ထိုမြူခိုးများမှာ အတွင်း၌ သက်ရှိတစ်ခုခု ရှိနေသည့်အလား လှုပ်ရှား ရုန်းကန်နေပြီး ကြည့်ရသည်မှာ ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဝတ်စုံဖြူနှင့် လူတွင်မူ ညလေညင်းထဲ တလူလူ လွင့်ပျံနေသော ငွေရောင် ဆံပင်များ ရှိသည်။ သူ့ရုပ်ဆင်း သဏ္ဍာန်မှာ အလွန် ချောမော ခန့်ညားသော်ငြား မျက်လုံးများထဲတွင်တော့ ပြင်ပရုပ်သွင်နှင့် မလိုက်ဖက်စွာ လောကဓံ၏ အနိမ့်အမြင့် အတက်အကျများကို ဖြတ်သန်းဖူးသည့် အရိပ်အယောင်များ တောက်ပနေ၏။
ယခုအချိန်တွင် ထိုလူနှစ်ယောက်မှာ အချင်းချင်း စကားစမြည် ပြောဆိုနေကြခြင်းပင်။
"ပြင်ဆင်မှုတွေ ပြီးသွားပြီလား"
"မပြီးသေးဘူး... ငါတို့ရဲ့ မူလ အစီအစဉ်က ချင်းယွင်ဂိုဏ်းကို ရင်မဆိုင်ခင် နောက်ထပ် နှစ်တစ်ရာလောက် စောင့်ဖို့ပဲ... အခု ငါတို့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ပေါက်ကြားသွားတော့ လုပ်ငန်းစဉ်ကို ရှေ့တိုးရတော့မယ်... ဒါကြောင့် မင်းကို တွေ့ဖို့ ခေါ်လိုက်တာ... အစ်ကိုပိုင်... ငါတို့ လှုပ်ရှားတာနဲ့ မင်း ချက်ချင်း လာပူးပေါင်းမယ်လို့ အရင်က သဘောတူထားခဲ့တယ်နော်... အခု မင်း ကတိကို တည်နိုင်ပြီလား"
"မင်းတို့က ပြင်ဆင်မှုတွေ မပြီးပြတ်သေးတဲ့ အပြင် လောလွန်းနေပြီ... ငါက အခုမှ အခြေခံကို ချထားရုံပဲ ရှိသေးတယ်... မင်းတို့နဲ့ ပူးပေါင်းဖို့ အချိန်အခါ မဟုတ်သေးဘူး"
"မဟုတ်ဘူး... အခုက အကောင်းဆုံး အချိန်ပဲ... အနန္တ ဆေးလုံးစံအိမ်နဲ့ ချင်းယွင်ဂိုဏ်းကြားက ပဋိပက္ခတွေကြောင့် ကျုံးပြည်နယ်က လူတွေ ဒီကို အလုအယက် ရောက်လာကြပြီ... အရှေ့ပိုင်း ဒေသတစ်ခုလုံး ဗြောင်းဆန်တော့မှာ... အရှေ့ပိုင်း ဒေသ ကမောက်ကမ ဖြစ်နေတဲ့ အချိန်က ငါတို့ လှုပ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
"အနန္တ ဆေးလုံးစံအိမ်နဲ့ ချင်းယွင်ဂိုဏ်းရဲ့ ပဋိပက္ခက သူတို့ရဲ့ အခြေခံ အုတ်မြစ်ကို လှုပ်ခတ်နိုင်လောက်တဲ့အထိ မကြီးမားဘူး... သူတို့က ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေကြရုံပဲ... ဒါ့အပြင် မင်းရဲ့ ယင်မိစ္ဆာဂိုဏ်းက မိစ္ဆာဂိုဏ်း ခြောက်ဂိုဏ်းထဲက တစ်ခုပဲ ဖြစ်လို့ သူ့ချည်းသက်သက်ဆို သိပ်မစွမ်းဘူး... မင်းတို့ဂိုဏ်းသာ ပေါ်ပေါ်ထင်ထင် လှုပ်ရှားလိုက်တာနဲ့ ချင်းယွင်ဂိုဏ်းက အင်အား အပြည့်သုံးပြီး မင်းတို့ကို လိုက်နှိမ်နင်းတော့မှာ... အဲ့ဒီအခါကျရင် အနန္တ ဆေးလုံးစံအိမ်ကတောင် သူတို့နဲ့ ပူးပေါင်းပြီး မင်းတို့ကို ရှင်းလင်းပစ်လိမ့်မယ်"
"အနန္တ ဆေးလုံးစံအိမ်က အဲ့ဒီလို လုပ်ရဲတဲ့ သတ္တိမျိုး မရှိပါဘူး"
"ဘာအကြောင်းကြောင့် မင်း အဲ့ဒီလို ပြောနိုင်ရတာလဲ"
"ငါတို့ အင်အားတွေ စုဆောင်းနေခဲ့တာ... တခြား ဂိုဏ်းငါးဂိုဏ်းကလည်း တဖြည်းဖြည်းနဲ့ ပုန်းအောင်းနေရာကနေ ထွက်လာတော့မယ်... ဒါ့အပြင် တောင်ပိုင်း ဒေသက မိစ္ဆာတစ်သန်း တောင်တန်းကြီးကလည်း လူသားတွေရဲ့ ဖိနှိပ်မှုကို လုံလောက်အောင် ခံစားခဲ့ရပြီမို့ ပြန်လည် တိုက်ခိုက်ဖို့ အားမွေးနေကြပြီ"
"မင်းပြောတာ မှန်တယ်... ပင်လယ် မျိုးနွယ်စုတွေနဲ့ပါ ပေါင်းလိုက်ရင် သူတို့ကို ရင်ဆိုင်ဖို့ ငါတို့ အင်အားက လုံလောက်တာထက်တောင် ပိုနေပြီ"
"ဒါတင် မကသေးဘူး... လူသားတွေရဲ့ အင်အားစု အားလုံးကိုပါ ငါတို့ ချေမှုန်းနိုင်တယ်... ရှန်ကျိုးမြေက ကျယ်ပြောတယ်... မင်းရဲ့ မျိုးနွယ်စုကသာ ဒီနေရာကို သိမ်းပိုက်နိုင်ရင် မင်းတို့ရဲ့ အင်အားတွေလည်း သိသိသာသာကို တိုးတက်လာလိမ့်မယ်"
"မင်းက အရမ်း အကင်းပါးလွန်းတယ်... လူသားတွေ ဒီလောကကြီးကို စိုးမိုးလာခဲ့တာ နှစ်ပေါင်း သန်းချီနေပြီ... သူတို့ အခြေခံ အုတ်မြစ်ရဲ့ ခိုင်မာမှုက ငါတို့ စိတ်ကူးကြည့်နိုင်တာထက် အများကြီး ပိုတယ်... သူတို့ အကုန်လုံးကို ချေမှုန်းဖို့ဆိုတာ သိပ်မလွယ်ဘူး... ပြီးတော့ လူသားတွေက မင်းတို့ မိစ္ဆာဂိုဏ်းတွေကို မရှင်းလင်းနိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား"
"သူတို့ မိစ္ဆာဂိုဏ်းတွေကို ရှင်းလင်းနိုင်မလား ဆိုတာတော့ ငါ သေချာ မပြောနိုင်ဘူး... ဒါပေမဲ့ အခုက ငါတို့ လှုပ်ရှားရမယ့် အခွင့်အရေး ဆိုတာကိုတော့ ငါ ယုံကြည်တယ်... အစ်ကိုပိုင်... နောက်ဆယ်နှစ်နေရင် ငါတို့ ပုန်းအောင်းနေရာကနေ ထွက်လာတော့မယ်... အဲ့ဒီကျရင်ကော မင်း ငါတို့နဲ့ ပူးပေါင်းမှာလား"
"ငါတို့ ပြင်ဆင်မှုတွေ လုပ်နေတုန်းပဲ... တကယ်လို့ ငါ့ကို ပေါ်ပေါ်ထင်ထင် ပူးပေါင်းစေချင်ရင် မင်းတို့ မိစ္ဆာဂိုဏ်းတွေ အခုလောက်ဆို ထွက်လာသင့်နေပြီ... အဲ့ဒါမှ အနည်းဆုံး ငါ့အတွက် ယုံကြည်မှု ပိုရှိစေမှာပေါ့..."
ဝတ်စုံဖြူနှင့် လူက ပြောဆိုနေစဉ် ရုတ်တရက် သူ့လက်ချောင်းထက်မှ ပူလောင်သော ခံစားချက် တစ်ခုကို သတိပြုမိလိုက်သည်။ လက်ကို မြှောက်ကြည့်လိုက်ချိန်တွင် ဘယ်ဘက် လက်သူကြွယ်၌ ရစ်ပတ်ထားသော ပိုးချည်မျှင်စိမ်းလေးမှာ မီးလောင်ကျွမ်းနေ၏။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ထိုကြိုးလေးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဤမြင်ကွင်းကြောင့် သူ ရှင်းရှင်းလင်းလင်းပင် ဆွံ့အသွားရပြီး မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူ သေသွားပြီလား"
ဆဋ္ဌမ အာရုံက စေ့ဆော်လိုက်သည့်အလား ဝတ်စုံဖြူနှင့် လူက အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် အနက်ရောင် ဝတ်ရုံနှင့် လူငယ်ကို စိုက်ကြည့်လာ၏။
"မင်း တကယ် စိတ်ရင်းမှန် မရှိဘူးဆိုရင် ငါ့ကို ထပ်လာမရှာနဲ့တော့... တကယ်လို့ စိတ်ရင်းမှန် ရှိတယ်ဆိုရင်တော့ ငါတို့ သဘောတူထားတဲ့ အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့"
ပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုလူမှာ အလင်းတန်း တစ်ခုသဖွယ် ပျံသန်း ထွက်ခွာသွားလေပြီ။
ထိုသည်ကို မြင်လျှင် အနက်ရောင်နှင့် လူက မျက်မှောင်ကြုတ်၍ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဘာတွေများ ဒီလောက် လောနေရတာလဲ... ပင်လယ် မျိုးနွယ်စုတွေ ဆိုတာ ကြွက်လိုပဲ သတ္တိကြောင်ကြတာ... အခြေအနေ ကောင်းနေတဲ့ အချိန်ကျရင်တော့ ခွေးရူးလို အကုန် အစွမ်းကုန် လုပ်ဖို့ ဝန်မလေးကြဘူး... ကောင်းပြီလေ... မင်း မျှော်လင့်ချက်ကို မြင်တွေ့ပြီး အစွမ်းကုန် ကြိုးစားလာအောင် ငါ လုပ်ပေးရသေးတာပေါ့... မင်း ရှန်ကျိုးမြေပေါ် ခြေချပြီး ဒီမှာ ငါတို့အင်အားတွေ တည်ငြိမ်သွားတဲ့ တစ်နေ့ကျရင်... မင်းတို့ အကောင်တွေကို ပင်လယ်စာ စားပွဲကြီး လုပ်ပစ်မယ်"
ထို့နောက် အနက်ရောင်နှင့် လူမှာလည်း အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့၏။
...
စစ်တုရင်ခုံ အတွင်း၌။
ကျန်းမင်က မုရွှေယွင်အား ထက်ပိုင်း ပိုင်းဖြတ်လိုက်ပြီးနောက် သူမ၏ မူလဝိညာဉ်မှာ အပြင်ဘက်သို့ ထွက်ပေါ်လာပြီး မကြာမီမှာပင် မီးခိုးငွေ့ တစ်စအဖြစ် ပြိုကွဲ ပျောက်ကွယ်သွားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း သူ အနည်းငယ် အံ့အားသင့်သွားသော်ငြား စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံ အတွင်း သေဆုံးခြင်းနှင့် ပတ်သက်၍ ပိုနားလည်လာ၏။ ဤနေရာတွင် လူတစ်ယောက်၏ ရုပ်ခန္ဓာမှာ အတိုင်းအတာ တစ်ခုအထိ ထိခိုက် ပျက်စီးသွားသည်နှင့် သေဆုံးမည် ဖြစ်သည်။
အသေအချာ ဖြစ်စေရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူ၍ မုရွှေယွင် အမှန်တကယ် သေဆုံးသွားခြင်း ဟုတ်၊ မဟုတ် သူမ၏ အခြေအနေအား စစ်ဆေး အတည်ပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် ပိုင်လန်၊ ကျန်းဖုန်းနှင့် ဟိုင်ယန်တို့မှာ မုရွှေယွင်၏ လျင်မြန်သော သေဆုံးမှုကြောင့် ထိတ်လန့် တုန်လှုပ်နေကြသည်။ သို့သော် ဟိုင်ယန်က အလျင်အမြန်ပင် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထား၍ အော်ဟစ်လိုက်၏။
"တိုက်ကြ"
အတွေ့အကြုံရင့် ကနဦးဝိညာဉ် ကျွမ်းကျင်သူ တစ်ယောက် အနေဖြင့် ကျန်းမင်က သူတို့ကို ဤနေရာတွင် ပိတ်လှောင်ပြီးနောက် အားလုံးကို သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။ ထို့အပြင် ဤနေရာမှ ထွက်ခွာနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျန်းမင်ကို သတ်ရန်သာ ဖြစ်ကြောင်းလည်း ရိပ်မိနေသည်။ ဟိုင်ယန်က သူ သဘောပေါက်ထားသည်များကို ပိုင်လန်နှင့် ကျန်းဖုန်းတို့အား မျှဝေ ရှင်းပြလိုက်သည်။
"ငါတို့ရဲ့ စွမ်းအင်တွေကို သုံးလို့ မရတော့ဘူး... ဒါပေမဲ့ သိုလှောင်ရေး လက်စွပ်ထဲက လက်နက်တွေကို ထုတ်ယူဖို့ ငါတို့ရဲ့ သွေးသား ခွန်အားတွေကို အသုံးပြုလို့ ရတယ်"
စကားဆုံးသည်နှင့် ဟိုင်ယန်က ဓားမကြီး တစ်လက်ကို ထုတ်ယူလိုက်တော့သည်။
ကျန်းမင်က ဟိုင်ယန်ကို ကြည့်ရင်း မျက်လုံးများ မှေးကျဉ်းသွားသည်။ ‘ဟိုင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ပိရွှေဂိုဏ်းသားတွေကို ဦးဆောင်လာတဲ့ လူပီပီ... တော်တော်လေးတော့ ဉာဏ်ပြေးသားပဲ’
သူတို့သုံးယောက်မှာ စွမ်းအင်များ အသုံးမပြုနိုင်သည့်တိုင် လျင်မြန်စွာ လှုပ်ရှားလာကြသည်။ သို့သော် သူတို့နှင့် ကျန်းမင်၏ စွမ်းအား ကွာဟချက်မှာ ကြီးမားလွန်းနေဆဲပင်။
ကျန်းမင်က ရှေ့သို့ ပြေးထွက်သွား၏။ သူ့ဓားနှင့် ဟိုင်ယန်၏ ဓားမကြီးတို့ ထိခတ်မိပြီးနောက် ဓားမကြီးမှာ အပိုင်းပိုင်း ကျိုးပဲ့သွားသည်။ ထိုမှတစ်ဆင့် ဓားက ဟိုင်ယန်ထံ အရှိန်မပျက် ဆင်းသက်လာပြီး ခန္ဓာကိုယ်အား ထက်ပိုင်း ပိုင်းဖြတ်သွားလေပြီ။
ထိုကဲ့သို့ပင် ဟိုင်ယန် တစ်ယောက် အဖြစ်ဆိုးစွာဖြင့် အသက် ပျောက်သွားတော့သည်။
ထိုစဉ် ပိုင်လန်၏ ဝံပုလွေစွယ် တင်းပုတ်နှင့် ကျန်းဖုန်း၏ ဓားရှည်တို့က ကျန်းမင်ထံ တစ်ပြိုင်နက် ကျရောက်လာသည်။ ကျန်းမင်မှာ ရှောင်တိမ်းရန် လုံလောက်သော စွမ်းရည် ရှိသော်ငြား ရှောင်ရန်ပင် စိတ်ကူးမရချေ။ သူ့ပခုံးပေါ် ကျရောက်လာသော တိုက်ခိုက်မှုများကို တစ်ချက်မျှသာ ကြည့်ပြီးနောက် အထင်အမြင် သေးစွာဖြင့် ရယ်မောလိုက်သည်။
"အားနည်းလွန်းတယ်"
ပိုင်လန် ဆွံ့အသွား၏။ သတိပြန်ဝင်လာချိန်တွင်မူ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလေပြီ။
"ငါ... ငါက အကြေးခွံ နဂါး တစ်ကောင်ကွ... ဒီလောကမှာ ငါ့ရဲ့ သွေးကြောက နဂါးတွေပြီးရင် ဒုတိယ လိုက်တယ်... ပြီးတော့ ငါ့ရုပ်ခန္ဓာက အယုံအကြည် ကင်းမဲ့လောက်အောင်ကို သန်မာတာ... ခန္ဓာကိုယ် သက်သက်နဲ့တင် ဝိညာဉ်သန္ဓေတည်ခြင်း အဆင့် ကျွမ်းကျင်သူတွေထက် ပိုအစွမ်းထက်တယ်... ဘယ်လိုလုပ် ငါ့ရဲ့ ရိုက်ချက်က မင်းအပေါ် နည်းနည်းလေးတောင် မသက်ရောက်ရတာလဲ... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"
အခြား တစ်ဖက်တွင်တော့ ကျန်းဖုန်းမှာ ချက်ချင်းပင် ဒူးထောက် ချလိုက်သည်။
"စီနီယာ... ကျွန်တော် လက်နက်ချပါတယ်... ကျန်းမိသားစုနဲ့ ကျွန်တော်က စီနီယာ့ နောက်လိုက်ပြီး ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်လို့ ကတိပေးပါတယ်... ပြောစရာတောင် မလိုပါဘူး... ကျွန်တော်တို့ မိသားစုရဲ့ အရင်းအမြစ်တွေ အကုန်လုံးက စီနီယာ့ အတွက်ပါပဲ... ကျေးဇူးပြုပြီး ကျွန်တော့် အသက်လေးတော့ ချမ်းသာပေးပါ"
ပိုင်လန်က အော်ဟစ်လိုက်သည်။
"အိပ်မက် မက်နေလိုက်... သူက မုရွှေယွင်ကိုတောင် မျက်တောင် တစ်ချက် မခတ်ဘဲ သတ်ခဲ့တာ... မင်းအသက်ကို ချမ်းသာပေးမယ်လို့ တကယ် ထင်နေတာလား... တိုက်စမ်း... အကြေးခွံ နဂါး သွေးပေါက်ကွဲမှု"
ပိုင်လန်၏ ခန္ဓာကိုယ်မှ သွေးမြူများ ထွက်ပေါ်လာပြီးနောက် ခဏအကြာတွင် သူ့ကိုယ်ထဲသို့ ပြန်လည် စီးဝင်သွားသည်။ ထိုအချိန်အတွင်း သူ့ထံမှ စွမ်းအင် အရှိန်အဝါများ တဟုန်ထိုး မြင့်တက်လာ၏။ ရူးသွပ်သွားသည့်အလား သူ့ ဝံပုလွေစွယ် တင်းပုတ်ကြီးကို အရူးအမူး ဝှေ့ယမ်း တိုက်ခိုက်တော့သည်။ သူ့အရှိန်မှာ အလွန် မြန်ဆန်လွန်းသဖြင့် လှုပ်ရှားရာ လမ်းကြောင်း တစ်လျှောက် ပုံရိပ်ယောင်များပင် ထင်ကျန်ရစ်ခဲ့သည်။
သို့တိုင် ကျန်းမင်က ပို၍ လျင်မြန်နေဆဲပင်။ သူက ဝံပုလွေစွယ် တင်းပုတ်ကို ပုတ်ထုတ်လိုက်ပြီးနောက် ပိုင်လန်အား အားကုန်သုံး၍ ကန်ချလိုက်ရာ ပိုင်လန် တစ်ယောက် နေရာတွင်ပင် သွေးမြူများအဖြစ် ပေါက်ကွဲ ထွက်သွားလေပြီ။
ပိုင်လန်က လုံးဝ အားမနည်းခဲ့သော်လည်း ကျန်းမင် တစ်ယောက် ရူးသွပ်မတတ် သန်မာလွန်းနေခဲ့ခြင်းပင်။ ငါ့ကိုယ်ငါ လှည့်ကွက် တစ်ခုများ ရထားသလားလို့တောင် ထင်မိတယ်... ကျန်းမင် တိတ်တဆိတ် တွေးနေမိ၏။
ကျင့်ကြံခြင်း လောကတွင် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများမှာ အလွန် အခြေခံ ကျလှသည်။ သွေးကြော ဆက်ခံမှုနှင့် သက်ဆိုင်သော အထူး စွမ်းရည် အချို့ ပါဝင်သည့် ရှားပါး ဖြစ်စဉ်များမှလွဲ၍ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများမှာ အမြန်နှုန်း၊ တုံ့ပြန်နိုင်စွမ်းနှင့် ခွန်အား အပေါ်တွင်သာ မူတည်ပေသည်။
ကျန်းဖုန်း မျက်နှာမှာ ပြာနှမ်းနေ၏။ သူ့နဖူးပေါ်တွင် ချွေးစေးများ သီးလာပြီး အဆက်မပြတ် ဦးညွှတ်ကာ အသနားခံတော့သည်။
"စီနီယာ... ကျေးဇူးပြုပြီး ကျွန်တော့် အသက်ကို ချမ်းသာပေးပါ... ကျေးဇူးပြုပြီး အသက် ချမ်းသာပေးပါ"
ကျန်းဖုန်း၏ လုပ်ရပ်ကြောင့် ကျန်းမင် ပြောရဆိုရ ခက်သွားရသည်။ "မင်းက မူလဝိညာဉ် အဆင့်မှာ ရှိနေတာတောင် သေရမှာကို အဲ့ဒီလောက်ထိ ကြောက်နေတာလား"
ကျန်းဖုန်းက ခါးသီးစွာ ပြုံးရင်းဖြင့်…
"စီနီယာ... ကျွန်တော်က သေရမှာကို ကြောက်တာ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော့် ပခုံးပေါ်မှာ မျိုးနွယ်စုဝင်တွေရဲ့ အသက်တွေ တင်ထားရတယ်... တကယ်လို့ ကျွန်တော်သာ ကျဆုံးသွားရင် သူတို့ရဲ့ ဘဝတွေက သနားစရာ ကောင်းသွားလိမ့်မယ်... ကျွန်တော့် မျိုးနွယ်စု အတွက် ကျွန်တော် သေလို့ မဖြစ်သေးဘူး"
ကျန်းမင်က ခေါင်းခါယမ်းပြီး စိတ်မကောင်း ဖြစ်သွားသလို ခံစားလိုက်ရသည်။ သို့တိုင် သူ့အမူအရာမှာမူ ဂရုမစိုက်ဟန် ရှိနေဆဲပင်။
"ငါ့အတွက် အလုပ်လုပ်ခိုင်းလို့ ရပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီနေရာကနေ ထွက်သွားဖို့ဆိုရင် ငါတို့ထဲက တစ်ယောက်ယောက် သေမှ ရလိမ့်မယ်"
သူ့စကားများနှင့် ဆန့်ကျင်ဘက် အနေဖြင့် လူမသတ်ဘဲ စစ်တုရင်ခုံထဲမှ ထွက်ခွာနိုင်မည် ဆိုလျှင်ပင် ကျန်းမင်က ကျန်းဖုန်းအား လက်ခံမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ကျန်းဖုန်းမှာ သူ့အသက် အန္တရာယ် ကြုံလာသည်နှင့် အသင်းဖော်များကိုပင် စွန့်ပစ်နိုင်လောက်အောင် အောက်တန်းကျသူ မဟုတ်ပါလား။
ကျန်းမင် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျန်းဖုန်း၏ မျက်နှာပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ကျန်းမင်ဆီသို့ ရုတ်တရက် ခုန်အုပ်လာသည်။ သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်း၍ ကျန်းမင်၏ မျက်လုံးဆီ တည့်တည့် ထိုးစိုက်လာတော့သည်။
ကျန်းမင်မှာ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းခြင်း မရှိဘဲ ခြေထောက်ကို မြှောက်ကာ ကျန်းဖုန်းအား ကန်ချလိုက်သည်။
ကျန်းဖုန်း တစ်ယောက် ပိုင်လန် ကဲ့သို့ပင် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်လိုက်ရပြီး သွေးမြူများအဖြစ် ပေါက်ကွဲ ထွက်သွားလေပြီ။
ထို့နောက် ကျန်းမင်က အဝေးရှိ ပိုင်လန်၏ အစေခံများအား လှမ်းကြည့်လိုက်သည်။ သူ လှုပ်ရှားလိုက်ချိန်တွင် လမ်းကြောင်း တစ်လျှောက် ပုံရိပ်ယောင်များ ထင်ကျန်ရစ်ခဲ့၏။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ပင်လယ် မျိုးနွယ်စုဝင် ငါးဆယ်၊ ခြောက်ဆယ်ခန့် အားလုံး အသက် ပျောက်သွားကြတော့သည်။
တိုက်ပွဲမှ ကျုံးရလာသော ပစ္စည်းများကို စုဆောင်း၍ အလောင်းများအား ပြာကျသည်အထိ ဖျက်ဆီးပြီးနောက် စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံ အတွင်းမှ ထွက်ခွာလာခဲ့သည်။
စစ်တုရင်ခုံအား ပြန်လည် သိမ်းဆည်းပြီးနောက် သူ့ခန္ဓာကိုယ်မှ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး မိစ္ဆာမီးတောက် တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့အငွေ့အသက်များကို သန့်စင်ပစ်လိုက်သည်။ ထို့နောက် မီးတောက်ကို စံအိမ်တော်ဆီသို့ ဦးတည် လွှတ်တင်၏။ သူက မည်သည့် ခြေရာလက်ရာမျှ ချန်ထားခဲ့မည် မဟုတ်ချေ။
ထိုစဉ် မန္တန်အစီအရင်မှာ ရုတ်တရက် ကျိုးပျက် သွားတော့သည်။
ငွေရောင် ဆံပင်များနှင့် ဝတ်စုံဖြူ လူငယ် တစ်ယောက် ပျံသန်း ရောက်ရှိလာ၏။ သူက ကျန်းမင်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် လက်ကို မြှောက်လိုက်သည်။
ထိုအချိန်တွင် မီးလောင်နေသော စံအိမ်တော် အတွင်းမှ စွမ်းအင် အလင်းတန်း နှစ်ခု ပျံသန်း ထွက်ပေါ်လာလေပြီ။
ဝတ်စုံဖြူ လူငယ်၏ မျက်လုံးများ အေးစက်စွာ လင်းလက်သွားသည်။
"ဒါက မုရွှေယွင်နဲ့ ပိုင်လန်တို့ရဲ့ စွမ်းအင်တွေပဲ... ငါချစ်တဲ့ မိန်းမနဲ့ ငါ့မြေးကို သတ်သွားတာ မင်းပဲကိုး"
ကျန်းမင်က ပခုံးတွန့်ပြ၍…
"နောက်ထပ် နှစ်ယောက် ကျန်နေသေးတယ်... မင်းရဲ့သား မုလေ့နဲ့ အခြားမြေးဖြစ်တဲ့ ပိုင်ဟိုင်ထျန်းကိုလည်း ငါပဲ သတ်ခဲ့တာ"
ဝတ်စုံဖြူနှင့် လူ၏ အချက်အလက်များကို လူသားလမ်းစဉ် မှတ်တမ်းတွင် မြင်တွေ့ခဲ့ရချိန်က သူ အနည်းငယ် စိုးရိမ်ခဲ့မိသည်။ သို့သော် များမကြာမီမှာပင် သူ့စိတ်ထဲ အကြံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကျန်းမင်က ရန်စသည့် လေသံဖြင့် လှောင်ပြောင်လိုက်သည်။
"သိပ် မအံ့ဩသွားဘူးလား... အဲ့ဒီထက် ပိုအံ့ဩစရာ ကောင်းတာ တစ်ခု ထပ်ပြောပြရဦးမလား... မင်းချစ်တဲ့ မိန်းမ မုရွှေယွင်က မင်းရဲ့မြေး ပိုင်လန်နဲ့ ဖောက်ပြန်နေတာလေ... စိတ်လှုပ်ရှားစရာ မကောင်းဘူးလား"
စကားပြောနေရင်းဖြင့် ကျန်းမင်က တိုက်ခိုက်မှုများကို စတင်လိုက်တော့သည်။
End
***