အမည် - ပိုင်ကျန်းကျီ
မျိုးနွယ် - အကြေးခွံနဂါး
လိင် - ကျား
ကျင့်စဉ်အဆင့် - သုခဘုံအဆင့်
နောက်ခံ - တောင်နီနန်းတော်၏ တပ်မှူးလေးဦးအနက် တစ်ဦး
ဆက်ဆံရေး - အနှုတ် ၉၂
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (သန့်စင်သော အကြေးခွံနဂါး သွေးကြော)
လက်ရှိ အခြေအနေ - ယင်မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူ တစ်ဦးနှင့် အရှေ့ပိုင်းဒေသ ကျူးကျော်ရေး ကိစ္စ ဆွေးနွေးနေစဉ် လက်သူကြွယ်ရှိ ပိုးချည်မျှင်စိမ်းလေးမှ တစ်ဆင့် မုရွှေယွင် သေဆုံးသွားကြောင်း အာရုံခံမိခြင်း ဖြစ်သည်။ ထို ပိုးချည်မျှင်စိမ်းလေးမှာ သူမအပေါ် ချမှတ်ထားသော ပဲ့တင်ထပ် ကျိန်စာ၏ အရာပင်။ သူ ရောက်ရှိလာချိန်တွင် မည်သည့်အရာမျှ မတွေ့ရသော်လည်း ပတ်ဝန်းကျင်အား သူ့ စွမ်းအင်များဖြင့် ဖြန့်ကြက် ရှာဖွေလိုက်ရာ မန္တန်အစီအရင်ကို မတော်တဆ ချိုးဖျက်မိသွားခြင်း ဖြစ်၏။
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းရှိ ပိုင်ကျန်းကျီ၏ အချက်အလက်များကို မြင်လိုက်ရချိန်တွင် သူ ဒုက္ခတွေ့နေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် ပြဿနာ မရှိသော်ငြား သုခဘုံအဆင့် ကျွမ်းကျင်သူများနှင့် ဆိုလျှင်တော့ အခြေအနေက တစ်ခြားစီပင်။
သုခဘုံအဆင့်သို့ ဝင်ရောက်သွားသော ကျင့်ကြံသူများကို မဟာဧကရာဇ်များအဖြစ် သိထားပြီး လောကတစ်ခွင် မည်သည့်နေရာတွင်မဆို ထိုအတိုင်းပင် သတ်မှတ်ကြ၏။
အစပိုင်း ပိုင်ကျန်းကျီ၏ တည်ရှိမှုကို အာရုံခံမိစဉ်က ကျန်းမင် တစ်ယောက် သူ့အနေဖြင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု အထင်မှားခဲ့မိသည်။ ခေါင်းထဲတွင် အကြံအစည် တစ်ခု ရှိနေသည့်တိုင် ရင်တွင်းမှ လှိုက်တက်လာသော ကြောက်ရွံ့မှုကိုမူ မထိန်းချုပ်နိုင်ခဲ့ချေ။
ပိုင်ကျန်းကျီအား စကားများဖြင့် ရန်စနေစဉ်မှာပင် ကျန်းမင်က စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံကို ထပ်မံ ထုတ်ယူ၍ အသက်သွင်းလိုက်တော့သည်။
ဝုန်း...
စစ်တုရင်ခုံမှာ တုန်ခါသွားပြီးနောက် အားကောင်းသော ဆွဲငင်အား တစ်ခုက ပိုင်ကျန်းကျီထံ ရိုက်ခတ်သွားကာ သူ့အား စစ်တုရင်ခုံ အတွင်းသို့ ဆွဲသွင်းရန် ကြိုးစားတော့၏။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဆွဲငင်အားလဲ... ဒါက ဘယ်လို တာအို ရတနာမျိုးလဲ"
ပိုင်ကျန်းကျီ အံ့အားသင့်စွာ ရေရွတ်လိုက်စဉ် သူ့ခန္ဓာကိုယ်မှ နတ်ဘုရား အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူ့ပတ်လည်တွင် ဝဲကတော့ တစ်ခု ဖြစ်ပေါ်လာပြီး စစ်တုရင်ခုံ၏ ဆွဲငင်အားကို ပြန်လည် တွန်းလှန်လိုက်လေပြီ။
"သူက ဒါကိုတောင် ခုခံနိုင်တယ်ပေါ့"
ကျန်းမင် မှင်သက်သွားရသည်။ သူက အလျင်အမြန်ပင် မန္တန်စွမ်းအင်များကို စုစည်း၍ စစ်တုရင်ခုံထဲသို့ စီးဆင်းစေလိုက်၏။
"မင်းက ဘယ်သူလဲ"
ပိုင်ကျန်းကျီက အံ့အားသင့်စွာ မေးလိုက်သည်။ လတ်တလောတွင် တောင့်ခံထားနိုင်သော်ငြား ထိုစွမ်းအားကြီးက သူ့တစ်ကိုယ်လုံးကို ဝါးမြိုသွားနိုင်ကြောင်း ခံစားနေရသည်။ စစ်တုရင်ခုံထံမှ ကြီးမားလှသော အန္တရာယ်ကို ရှင်းလင်းစွာ အာရုံခံမိနေသဖြင့် သူ အလွန် တုန်လှုပ်နေမိ၏။ သူ့လက်ရှိ ကျင့်စဉ်အဆင့်ဖြင့်ဆိုလျှင် သီးခြား ပုန်းအောင်း ကျင့်ကြံနေသော အစွမ်းထက် ပုဂ္ဂိုလ်များမှလွဲ၍ ဤလောကရှိ လူအများစုကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည်။ ယနေ့မှသာ သူ့အား ဤမျှ ကြီးမားသော ခြိမ်းခြောက်မှုမျိုး ပေးစွမ်းနိုင်သူနှင့် ကြုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ရိုးရိုးသားသား ဆိုရလျှင် ပိုင်ကျန်းကျီက သူ့ တရားမဝင် သား၊ မြေးများနှင့် သူ အချိန်အတော်ကြာ စွဲလမ်းခဲ့ရသော မုရွှေယွင်တို့ သေဆုံးသွားခြင်း အပေါ် အမှန်တကယ် ဂရုစိုက်နေခြင်း မဟုတ်ပေ။ ထို့အပြင် သူ့အတွက် မိန်းမ ရှားပါးနေခြင်းလည်း မဟုတ်ချေ။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မရေမတွက်နိုင်သော မိန်းမလှလေးများက သူ့ထံ အလုအယက် ရောက်လာကြမည်သာ။ သူ သားသမီးများ လိုချင်ပါက အားအနည်းငယ် စိုက်ထုတ်လိုက်ရုံဖြင့် လုံလောက်ပေသည်။
ဆွဲငင်အားမှာ ပိုပြင်းထန်လာပြီး သူ စုပ်ယူခံရတော့မည်ကို အာရုံခံမိသည်နှင့် ပိုင်ကျန်းကျီက တိုက်ပွဲဝင် သံချပ်ကာကို အလျင်အမြန် ခေါ်ယူလိုက်တော့သည်။ သံချပ်ကာမှ ငွေရောင် အလင်းတန်းများ တောက်ပနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာ၏။
သံချပ်ကာ၏ အလင်းရောင်မှာ တစ်ဟုန်ထိုး တောက်ပလာပြီး ဆွဲငင်အား တစ်ချို့ကို ချေဖျက်ပေးလိုက်သည်။
ထိုအချိန်တွင် ပိုင်ကျန်းကျီ၏ ခေါင်းပေါ်၌ နဂါးဂျို နှစ်ချောင်း ထွက်ပေါ်လာသည်။ ဤသည်မှာ သူ နဂါးအသွင်သို့ ပြန်လည် ပြောင်းလဲတော့မည့် လက္ခဏာပင်။ ထိုအရာနှင့်အတူ သူ့အရှိန်အဝါမှာလည်း ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်တက်လာလေပြီ။
မကြာမီမှာပင် ငွေရောင် တလက်လက် တောက်ပနေသော ဓားတစ်လက်က ပိုင်ကျန်းကျီ၏ လက်ထဲ ရောက်ရှိလာ၏။ ထိုဓားက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် ဓားမလှုပ်ရှားရသေးခင်မှာပင် ကျန်းမင် တစ်ယောက် ထက်ပိုင်း ပိုင်းဖြတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ပိုင်ကျန်းကျီ၏ ခေါင်းအထက်၌ ထူးဆန်းသော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာသည်။ မိုးကြိုး အလင်းတန်းများ လက်ဖြာနေသော သမုဒ္ဒရာကြီး တစ်ခုက သူ့ခေါင်းပေါ် ရောက်ရှိလာသည့်အလား။ မိုးကြိုး အလင်းတန်းများမှာ ပင်လယ် မျက်နှာပြင်ပေါ်မှ ခုန်ထွက်လာသော မိုးကြိုးနဂါးများနှင့် တူညီနေ၏။ ဤမြင်ကွင်းက သမုဒ္ဒရာကြီး တစ်ခုလုံး ကောင်းကင်ကို ဝါးမြိုသွားသကဲ့သို့ ထင်မှတ်ရသည်။
သူ့ စွမ်းရည်များ အားလုံး ပေါင်းစပ်လိုက်ပြီးနောက် ပိုင်ကျန်းကျီက စစ်တုရင်ခုံ၏ ဆွဲငင်အားကို အလုံးစုံ ချေဖျက်နိုင်ခဲ့လေပြီ။
ကျန်းမင် မှင်သက်သွားရသည်။
သေစမ်း... ငါ့စွမ်းအားနဲ့ အဆင့်မြင့် တာအို ရတနာ တစ်ခုသာ ပါရင် ဘာပြဿနာမှ မကြုံရလောက်ဘူးလို့ ထင်ထားခဲ့တာ... သူ့လို မိစ္ဆာကောင်မျိုးနဲ့ လာတွေ့လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး...
သူ ရောက်ရှိနေသော အန္တရာယ်ကြီးမားသည့် အခြေအနေကို သဘောပေါက်လိုက်ချိန်တွင် ကျန်းမင်၏ ရင်ထဲ၌ မျှော်လင့်ချက် ကင်းမဲ့မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ကျိုယန်ဂိုဏ်းမှ စတင် ထွက်ခွာလာစဉ်က ခံစားခဲ့ရသော စိုးရိမ်ပူပန်မှု၏ မြစ်ဖျားခံရာမှာ ဤပိုင်ကျန်းကျီသာ ဖြစ်ရမည်ဟု သူ တွေးလိုက်မိ၏။
ကျန်းမင်က ဤတစ်ကြိမ် လှုပ်ရှားရာတွင် အလွန် သတိထားခဲ့သည်။ မုရွှေယွင်နှင့် အခြားသူများကို စစ်တုရင်ခုံ အတွင်း မပိတ်လှောင်မီ ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်ရန် မန္တန်အစီအရင် တစ်ခုကိုပင် ချထားခဲ့သေးသည်။ ပိုင်ကျန်းကျီက မုရွှေယွင်အပေါ် ပဲ့တင်ထပ် ကျိန်စာ ချထားလိမ့်မည် သို့မဟုတ် သူမ သေဆုံးကြောင်း သိသည်နှင့် တစ်ပြိုင်နက် ဤနေရာသို့ ချက်ချင်း ပြေးလာလိမ့်မည် ဟူသည်မှာ သူ လုံးဝ မျှော်လင့်မထားခဲ့သော အရာများပင်။
ဒီနေ့ ကံမကောင်းပါလား...
ကျန်းမင်၏ ခေါင်းထဲ၌ အတွေးပေါင်း သောင်းခြောက်ထောင် ပြေးလွှားနေစဉ် စစ်တုရင်ခုံကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး လေဟာနယ် အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
"သူ ဘယ်ရောက်သွားတာလဲ" ပိုင်ကျန်းကျီက သူ့ဘာသာ ရေရွတ်လိုက်၏။
"သူက အစွမ်းထက်ပေမဲ့ အောက်ပိုင်း အဆင့်တွေထဲက တစ်ခုမှာပဲ ရှိနေသေးတယ် ဆိုတာ ငါ အာရုံခံနိုင်တယ်... သူ လေဟာနယ်ကို ဆုတ်ဖြဲသွားတာတော့ သေချာပေါက် မဟုတ်ဘူး... ဆိုလိုတာ... သူ ဟင်းလင်းပြင်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းစနစ်ကို နားလည်ထားတာပဲ... ဒီနေ့ သူ့ကို ငါ မဖြစ်မနေ သတ်ရမယ်... မဟုတ်ရင် အနာဂတ်မှာ သူက ငါတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာလိမ့်မယ်"
ဟင်းလင်းပြင် ထိန်းချုပ်ခြင်း စွမ်းရည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပိုင်ကျန်းကျီ ကောင်းကောင်း သိထားသည်။ သူ မျက်လုံးများ မှိတ်၍ သူ့အာရုံများ ဖြန့်ကျက်လိုက်ရာ မျက်တောင် တစ်ခတ် အတွင်းမှာပင် လီသုံးထောင် အကွာ၌ ထွက်ပေါ်လာသော ကျန်းမင်အား မြင်တွေ့လိုက်ရသည်။
"သူ ရွေ့လျားသွားတဲ့ အချိန်မှာ ဘာစွမ်းအင် လှိုင်းဂယက်မှ ချန်မထားခဲ့ဘူးပဲ... နေရာရွှေ့ပြောင်းသွားတာလား"
ပိုင်ကျန်းကျီက အသက် ပြင်းပြင်းရှူလိုက်ပြီးနောက် ကျန်းမင်ရှိရာဆီ အလင်းတန်း တစ်ခုပမာ ပျံသန်း ထွက်ခွာသွားတော့သည်။
ကျန်းမင် တစ်ယောက် လီသုံးထောင် အကွာ၌ ပြန်လည် ပေါ်လာသည်နှင့် တပြိုင်နက် ပိုင်ကျန်းကျီ သူ့ထံ အမြင့်ဆုံး အရှိန်ဖြင့် ပြေးဝင်လာကြောင်း အာရုံခံလိုက်မိ၏။
"တကယ်ကြီးလား"
ကျန်းမင် လန့်ဖြန့်သွားသည်။ သူ မော့ကြည့်ချိန်တွင် ကောင်းကင်ကို ဆုတ်ဖြဲကာ ဆင်းသက်လာသော စွမ်းအင် ဓားတစ်လက်ကို မြင်လိုက်ရ၏။ ထိုဓားမှ ထွက်ပေါ်နေသော ငွေရောင် အလင်းတန်းမှာ အလွန် တောက်ပလွန်းသဖြင့် ညကောင်းကင်ယံ တစ်ခုလုံးကိုပင် လင်းထိန်သွားစေသည်။
"သေစမ်း"
ကျန်းမင် ကျိန်ဆဲလိုက်မိသည်။ ဤတိုက်ခိုက်မှုကိုသာ မရှောင်တိမ်းနိုင်ပါက သူ သေချာပေါက် သေဆုံးရမည်ကို ကောင်းကောင်း သိနေ၏။
"ပြေးမှ ရမယ်"
ကျန်းမင်က အလျင်အမြန်ပင် နောက်တစ်ကြိမ် နေရာရွှေ့ပြောင်းရန် ကြိုးစားလိုက်သည်။
သူ ဟင်းလင်းပြင် ဆုံမှတ်အပေါ် ခြေချလိုက်သည်နှင့် လေဟာနယ် အတွင်း လှိုင်းဂယက်များ ထနေသည်ကို မြင်လာရပြီး အားကောင်းသော စွမ်းအား တစ်ခုက သူ့အား လေဟာနယ် အတွင်းမှ ကန်ထုတ်တော့သည်။ အဆုံးတွင်တော့ သူ လီသုံးရာ အကွာသို့သာ နေရာရွှေ့ပြောင်းနိုင်ခဲ့လေပြီ။
"ဟင်းလင်းပြင်ကို ပုံပျက်သွားစေတဲ့ စွမ်းအားပဲ"
ကျန်းမင် အော်ဟစ်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် စွမ်းအင်ဓားမှာ သူ့နောက်ရှိ တောင်ပေါ် ကျရောက်သွားပြီး တောင်ထွတ်ကို ထက်ပိုင်း ပိုင်းဖြတ်ကာ ကျောက်စိုင် ကျောက်ခဲများအား မြေမှုန့်များ အဖြစ် ပြောင်းလဲပစ်လိုက်၏။
ခဏအကြာမှာပင် ပိုင်ကျန်းကျီ သူ့ထံ ထပ်မံ ချဉ်းကပ်လာသည်ကို ကျန်းမင် ခံစားလိုက်ရပြန်သည်။
"သေစမ်း... ငါ ဘာလို့ သူ့ကို ဖြတ်မချနိုင်ရတာလဲ"
ကျန်းမင်က စိုးရိမ်တကြီးဖြင့် ကျိန်ဆဲလိုက်သည်။ ပိုင်ကျန်းကျီနှင့် မယှဉ်နိုင်လျှင်တောင် လွတ်အောင် ပြေးဖို့တော့ ပြဿနာ မရှိလောက်ဟု သူ ထင်မှတ်ထားခဲ့မိသည်။ မည်သို့ပင်ဆိုစေ သူက သုခဘုံအဆင့် ကျွမ်းကျင်သူ တစ်ဦး၏ တိုက်ခိုက်မှုကို တစ်ကြိမ် တားဆီးနိုင်ခဲ့ဖူးသည် မဟုတ်ပါလား။ ဤအခိုက်အတန့် ရောက်မှသာ သူ မည်မျှ အကင်းပါးခဲ့ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
ရွှစ်...
လူသားလမ်းစဉ် မှတ်တမ်းက သူ့စိတ်ထဲ ထွက်ပေါ်လာသည်။ ထို့နောက် ပိုင်ကျန်းကျီ ထပ်မံ တိုက်ခိုက်တော့မည့် ဆဲဆဲမှာပင် သူ အော်ဟစ်လိုက်၏။
"လေဟာနယ် ပုံရိပ်ယောင်"
ကျန်းမင်က အစွမ်းထက်သော လှည့်စားမှု တစ်ခု ဖန်တီးရန် သူ့ စွမ်းအား ဆယ်ပုံတစ်ပုံကို အသုံးပြုလိုက်သည်။ လူသားလမ်းစဉ် မှတ်တမ်း၏ အကူအညီဖြင့် ထိုကိုယ်ပွားကို ပိုင်ကျန်းကျီ အနီးသို့ ပို့လွှတ်၏။
ကိုယ်ပွားက ကောင်းကင် ဖိနှိပ်မှု နတ်ဘုရား တံဆိပ်တုံးနှင့် သစ်သားနဂါးကို အသုံးပြု၍ ပိုင်ကျန်းကျီအား တိုက်ခိုက်တော့သည်။
ပိုင်ကျန်းကျီ ခဏတာ ကြက်သေ သေသွားသော်လည်း အလျင်အမြန် သတိပြန်ဝင်လာသည်။ သူက ဓားကို ဝှေ့ယမ်း၍ နတ်ဘုရား တံဆိပ်တုံးနှင့် ကိုယ်ပွား နှစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်၏။ ထိုအချိန်တွင် မြေကြီးထဲမှ ထွက်ပေါ်လာသော သစ်တောကြီးက သူ့အား စတင် တိုက်ခိုက်လာသည်။ သူက မိုးကြိုး တစ်ပွင့်ကို ခေါ်ယူ၍ မိုင်ဒါဇင်နှင့်ချီ ကျယ်ဝန်းသော သစ်တောကြီးကို မျက်တောင် တစ်ခတ် အတွင်း ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ကျန်းမင်အား ထပ်မံ ခြေရာခံရန် ကြိုးစားလိုက်ချိန်တွင် ကျန်းမင်ကို လွတ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေပြီ။
"မင်းက ထွက်ပြေးနိုင်မယ် ထင်နေတာလား"
ပိုင်ကျန်းကျီက လှောင်ပြောင်လိုက်သည်။ ထို့နောက် သူ မျက်လုံးများကို မှိတ်၍ သူ့အာရုံစွမ်းအင် အချို့ကို လေဟာနယ် အတွင်းသို့ ဖြန့်ကျက်ကာ ကျန်းမင်အား စတင် ရှာဖွေတော့၏။
"မင်း အငွေ့အသက်တွေကို ဖုံးကွယ်တဲ့ နေရာမှာ တော်ပြီး ခြေရာလက်ရာတွေ မချန်ထားခဲ့ဘူး ဆိုပေမဲ့... မင်း ဒီနား တစ်ဝိုက်မှာ ရှိနေသေးတယ် ဆိုတာ ငါ သေချာတယ်..."
ပိုင်ကျန်းကျီက သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးများ ဆတ်ခနဲ ပွင့်လာပြီး...
"မင်းကို တွေ့ပြီ"
ထိုစကားနှင့်အတူ ပိုင်ကျန်းကျီက အနောက်မြောက်ဘက်ဆီသို့ အမြင့်ဆုံး အရှိန်ဖြင့် ပျံသန်း ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် ကျန်းမင် တစ်ယောက် လှည့်စားရန် ကိုယ်ပွားကို စေလွှတ်ပြီးနောက် အစွမ်းကုန် သုံး၍ နေရာရွှေ့ပြောင်းနေခဲ့သည်။ လီခြောက်ထောင်ခန့် အကွာသို့ ရောက်ရှိပြီးနောက် ပိုင်ကျန်းကျီက သူ့ကိုယ်ပွားကို ဖျက်ဆီးလိုက်ကြောင်း အာရုံခံမိချိန်တွင် သူ့မျက်နှာမှာ ဖြူရော်သွား၏။ ကိုယ်ပွားမှာ သူ့ စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် ဖျက်ဆီးခံရမှုက သဘာဝကျကျပင် သူ့အပေါ် သက်ရောက်မှု ရှိလာခဲ့သည်။
"သူ ငါ့ကို အခုတော့ ရှာမတွေ့နိုင်လောက်တော့ဘူး မဟုတ်လား"
ကျန်းမင်က စနစ်၏ အကူအညီဖြင့် သူ့ကိုယ်သူ ဖုံးကွယ်ထားလိုက်သည်။ သူ သက်ပြင်းချကာ စိတ်အေးတော့မည့် ဆဲဆဲမှာပင် ပိုင်ကျန်းကျီ၏ အာရုံများ သူ့အပေါ် ထပ်မံ ကျရောက်လာကြောင်း ခံစားလိုက်ရပြန်သည်။
"ဒီလောက် မြန်တာလား"
ကျန်းမင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက လက်ချောင်းများကို အလျင်အမြန် လှုပ်ရှားလိုက်ရာ အဆင့်မြင့် ဝိညာဉ် ကျောက်တုံး ကိုးတုံး ထွက်ပေါ်လာပြီး သူ့ပတ်လည်တွင် ရိုးရှင်းသော မန္တန်အစီအရင် တစ်ခုကို ဖန်တီးလိုက်၏။ သူ့ခန္ဓာကိုယ်မှာလည်း သုံးဒသမ သုံးသုံး မီတာ အမြင့်ရောက်သည်အထိ တဖြည်းဖြည်း ကြီးမားလာတော့သည်။
ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို မြှင့်တင်ပေးနိုင်သည့် ကြယ်တာရာ အသွင်ပြောင်းခြင်း၏ ပထမ အဆင့်ပင် ဖြစ်သည်။ ထို့နောက် သူ ထပ်မံ နေရာရွှေ့ပြောင်းလိုက်ပြန်သည်။ သူ ပြန်လည် ပေါ်လာချိန်တွင် လီတစ်သောင်းခန့် အကွာသို့ ရောက်ရှိနေလေပြီ။ သူက မရပ်တန့်ဘဲ ထပ်ခါတလဲလဲ ဆက်လက်၍ နေရာရွှေ့ပြောင်းနေခဲ့သည်။ တစ်ချိန်က ဖေးယွင်ဂိုဏ်း ပိုင်ဆိုင်ခဲ့ပြီး ယခု ပိရွှေဂိုဏ်းမှ သိမ်းပိုက်ထားသော နေရာတစ်ခုသို့ ရောက်ရှိချိန်မှသာ သူ ရပ်တန့်လိုက်တော့သည်။
***