(TN - The Lost World : Jurassic Park - ၁၉၉၇ ခုနှစ်ထုတ်ရုပ်ရှင်၊ ဂျူရက်ဆစ်ပန်းခြံ မတော်တဆမှုအပြီး (၄)နှစ်အကြာတွင် သုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့က ဒိုင်နိုဆောများ ကျက်စားနေသော လျို့ဝှက်ကျွန်းပေါ်သို့ ရောက်သွားပြီး သုတေသနလုပ်ကြရင်း ဒိုင်နိုဆောများ၏ တိုက်ခိုက်ခြင်းခံရသည့်အကြောင်း စွန်စားခန်းရုပ်ရှင်)
ရင်းနှီးနေသည့် နိုးတစ်ဝက် အခြေအနေသို့ ကျရောက်သွားပြီး သတိပြန်ဝင်လာချိန်တွင် ကျန်းကျား မျက်လုံးများကို ဖွင့်လိုက်၏။ ရောက်နေသည့် နေရာက သူ မျှော်လင့်ထားသလို တောအုပ်ထဲ မဟုတ်ဘဲ မှောင်မည်းနေသော ဂိုဒေါင်တစ်ခု ဖြစ်နေသည်။ လင်းထိန်နေသော နတ်ဘုရားနယ်မြေမှ မှောင်မည်းနေသည့် ဂိုဒေါင်ထဲသို့ ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် ပတ်ဝန်းကျင်နှင့် အသားကျရန် ကျန်းကျား မျက်စိ ဖွင့်လိုက်ပိတ်လိုက် လုပ်၍ အလင်းရောင်ကို ညှိယူလိုက်ရသည်။ ဂိုဒေါင်က သိပ်မကျယ်လှသလို ပစ္စည်းလဲ များများစားစား ရှိမနေချေ။ ကြမ်းပြင်ကတော့ ပြောင်လက် သန့်ရှင်းနေ၏။ ကြမ်းပြင်ပေါ်တွင် လူသုံးယောက် လဲနေသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်။ ဒီရုပ်ရှင်အတွက် လူသစ်များ ဖြစ်ပေမည်။
ချူရွှမ်နှင့် ကျန်နှစ်ယောက်က အခန်းတွင်း အခြေအနေကို အကဲခတ်လိုက်ကြသည်။
ချူရွှမ်က …
“အပြင်ဘက်က အသံကိုကြားလား ... ဘာသံလဲ”
“ကားစက်သံလား”
ကျန်းကျားတို့အားလုံး တစ်ပြိုင်နက်တည်း ပြောလိုက်ရင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ ထို့နောက် အားလုံးက ချူရွှမ့်ကို လှည့်ကြည့်လိုက်ကြ၏။
သို့သော် ချူရွှမ်က ကြမ်းပြင်ပေါ်ရှိ လူသုံးယောက်ကို စိုက်ကြည့်နေပြီး ခဏကြာမှ …
“ပြဿနာတစ်ခုကို ငါ စဉ်းစားမိတယ် … ငါတို့က တရုတ်အသင်းရဲ့ အစွမ်းအထက်ဆုံး အဖွဲ့ဝင်ဟောင်းတွေကိုပဲ ပြန်အသက်သွင်းနေတာ ဆိုပေမယ့် တကယ်လို့ အဖွဲ့ဝင်အရေအတွက် အယောက်နှစ်ဆယ် ကျော်သွားရင် ဘာဖြစ်မလဲ … နတ်ဘုရားနယ်မြေမှာ အခန်းက နှစ်ဆယ်ပဲ ရှိတာ … ဖြစ်နိုင်ခြေ အရှိဆုံးကတော့ အသက်ပြန်သွင်းတဲ့အချိန် တစ်ယောက်ယောက် ဖျက်ဆီးခံရတာ ဒါမှမဟုတ် သူ့ကို အသက်သွင်းပေးတဲ့လူက ဖျက်ဆီးခံရတာမျိုး ဖြစ်လိမ့်မယ် … နောက်ဆုံးကျရင် အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက်ကို ငါတို့ ဆုံးရှုံးရလိမ့်မယ်”
ကျန်းကျား မျက်နှာကွက်ခနဲ ပျက်သွားသည်။ သူလဲ ထိုဖြစ်နိုင်ခြေကို တွေးမိပါသည်။ သို့သော် ဖြေရှင်းရန်နည်းလမ်း မရှိချေ။
“နတ်ဘုရားဆီကလာတဲ့ လူသစ်တွေကို လက်မခံဘူးလို့ ငြင်းပိုင်ခွင့်လဲ မရှိဘူး … တစ်ချိန်ချိန်မှာတော့ ဒီပြဿနာနဲ့ ငါတို့ ရင်ဆိုင်ရမှာပဲ … မင်းမှာ ဘယ်လို ဖြေရှင်းချက်မျိုးရှိလို့လဲ”
ချူရွှမ်က သူ့မျက်မှန်ကို ပင့်တင်လိုက်ရင်း …
“ပထမနည်းလမ်းက အဖွဲ့အတွက် အသုံးမဝင်တဲ့လူတွေကို သတ်ပစ်ရမယ် … ဒုတိယနည်းလမ်းကတော့ ရုပ်ရှင်ထဲမှာ ငါတို့ စဉ်းစားလို့ရသမျှ ဘောနပ်မစ်ရှင် အကုန်လုံးကို ပြီးအောင်လုပ်ပြီး အဖွဲ့ဝင် အယောက်နှစ်ဆယ် မပြည့်ခင်မှာ အရေးကြီးတဲ့ အဖွဲ့ဝင်အားလုံးကို အသက်သွင်းနိုင်ဖို့ အမှတ်တွေ လုံလုံလောက်လောက်ရှာရမယ် … ဒီနည်းလမ်း နှစ်ခုလုံးကို ပေါင်းပြီး သုံးတာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”
ကျန်းကျား သက်ပြင်းချလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်ရှိ လူ (၃) ယောက်ကို ကြည့်ရင်း တီးတိုးပြောလိုက်သည်။
“ဟင့်အင်း ... ဒုတိယနည်းလမ်းကိုပဲ ရွေးရအောင် … ဘောနပ်မစ်ရှင်တွေကို ဖြစ်နိုင်သမျှ အများဆုံး ပြီးအောင်လုပ်မယ် … အဲဒါမှ မလုံလောက်သေးရင် မစ်ရှင်တွေထပ်ရှာဖို့ အရင်ရုပ်ရှင်ကမ္ဘာတွေဆီ ပြန်သွားလို့ရတာပဲ … တကယ်လို့ နောက်ဆက်တွဲရုပ်ရှင်တွေကို ကြိုတင်ပြီး အောင်မြင်အောင် လုပ်နိုင်ရင် အဆင့် ဆုနဲ့ အမှတ်တွေ နှစ်ဆရမှာလေ”
ချူရွှမ်က ခေါင်းခါလိုက်ပြီး အေးစက်စက်လေသံဖြင့် …
“ငါတို့အတွက် သိပ်တွက်ခြေမကိုက်ဘူး … အဲဒီကမ္ဘာတွေကို ပြန်ဖွင့်ဖို့အတွက် အဆင့် ဆုတွေ သုံးရမယ့်အပြင် ရုပ်ရှင်ကမ္ဘာထဲမှာ နေဖို့အတွက်လဲ အမှတ်က ငါး ဆ ပိုကုန်မှာ … ပြီးတော့ ဘောနပ်မစ်ရှင်တွေ တွေ့ဖို့ဆိုတာလဲ မသေချာဘူး … တွေ့ခဲ့ရင်တောင် အခက်ခဲဆုံး အဆင့်မှာ ရှိနေလိမ့်မယ် … ငါတို့မှာ ရုပ်ရှင်အများစုကို စိန်ခေါ်နိုင်လောက်တဲ့ အင်အားရှိနေပြီလို့ ငါတော့မထင်ဘူး … ဒါကြောင့် မင်းရဲ့ ရွေးချယ်မှုကို ငါသဘောမတူဘူး”
ကျန်းကျားက …
“တခြားကိစ္စဆိုရင် ကိစ္စမရှိပေမယ့် ငါတို့အဖွဲ့ဝင်တွေကို အန္တရာယ်ဖြစ်စေတာ ဒါမှမဟုတ် အသင်းကို တိုက်ခိုက်တာမျိုး မဟုတ်ရင် အပြစ်မဲ့တဲ့လူတွေကို ငါမသတ်နိုင်ဘူး … သူတို့ရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပိုင်ခွင့် ငါ့မှာရှိတယ်လို့ မင်းထင်လို့လား … ငါတို့အတွက် အနှောင့်အယှက်ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ သူတို့ကို ငါမသတ်နိုင်ဘူး”
“တကယ်လို့ မင်းက ဒုတိယနည်းလမ်းကိုပဲ ရွေးမယ်ဆိုရင် ဒီရုပ်ရှင်အတွက် ငါ့မှာ အကြံပြုချက်တစ်ခုရှိတယ် … အဲဒီနေရာမှာ ငါတို့ အဆင့် ဆု တစ်ခုရနိုင်စရာရှိတယ် … အခု လက်ရှိအခြေအနေကို ပြန်ကြည့်ရအောင် … ဒါက ဂိုဒေါင်ပဲ … အပြင်မှာကားတွေအများကြီးရှိနေတဲ့အပြင် လူသံတွေလဲ ကြားနေရတယ် … ငါတို့က မြို့ထဲမဟုတ်ရင် မြို့နဲ့နီးတဲ့ တစ်နေရာရာမှာ ရောက်နေတာပဲ … ဒါ အစ္စလာ ဆိုနာ ကျွန်းမဟုတ်တာ သေချာတယ် … နာရီမှာပြနေတဲ့ မစ်ရှင်က …”
ကျန်းကျားတို့အားလုံး သူတို့၏ လက်ပတ်နာရီကို ကြည့်လိုက်ကြပြီး ချူရွှမ်က အသံထွက်၍ ဖတ်ပြလိုက်သည်။
“အစ္စလာ ဆိုနာ ကျွန်းမှ တီ-ရက်စ် ဥ သုံးလုံးကို ဒီဂိုဒေါင်သို့ ပြန်သယ်ဆောင်လာပါတဲ့ … စာတစ်ကြောင်းတည်းပဲ … ဆုတွေ သဲလွန်စတွေ တစ်ခုမှ မပါဘူး … အင်း ... စတီဂိုဆောရပ်စ် တစ်ကောင်သတ်ရင် ၅ မှတ် … ဗယ်လိုစီရပ်တာ တစ်ကောင်သတ်ရင် ၅ မှတ် … ဘရွန်တိုဆောရပ်စ် တစ်ကောင်သတ်ရင် ၁၀ မှတ်နဲ့ တီ-ရက်စ် တစ်ကောင်သတ်ရင် ၃၀ မှတ်လို့တော့ ရေးထားသေးတယ် … နတ်ဘုရားက ဒီမစ်ရှင်ကို သာမန်အဆင့်လို့ သတ်မှတ်ထားတာတဲ့ အဓိပ္ပာယ်ပဲ … လူခုနစ်ယောက်ပါတဲ့ အခက်အခဲအဆင့်ပေါ့”
“ငါထင်ထားတဲ့အတိုင်းပဲ … နတ်ဘုရားက တရုတ်အသင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီ … ငါတို့က သာမန်အသင်းတစ်ခု ပြန်ဖြစ်သွားပြီး သာမန်မစ်ရှင်တွေကိုပဲ လက်ခံရတော့မယ် … ငါတို့ရင်ဆိုင်ရတဲ့ အခက်အခဲအဆင့် လျော့ကျသွားပြီ”
ကျန်းကျား အသက်ပြင်းပြင်း ရှူလိုက်ပြီး …
“ဒါဆိုရင် ငါတို့က ရုပ်ရှင်စဖို့ကိုပဲ စောင့်ရတော့မှာပေါ့ … ပြီးရင် ရွက်လှေတစ်စီးရှာပြီး အစ္စလာ ဆိုနာ ကျွန်းကို သွားကြမယ် … ဒိုင်နိုဆောတွေကို သတ်ရင် အမှတ်ရမှာဆိုတော့ ဒီရုပ်ရှင်က ငါတို့ရဲ့ လက်ရှိအခြေအနေအတွက် အကောင်းဆုံးပဲ … အခက်အခဲအဆင့်ကလဲ သာမန်ပဲဆိုတော့ ဥတွေကို ပြန်မသယ်ခင် ကျွန်းပေါ်က ဒိုင်နိုဆောအားလုံးကို သတ်ပစ်ရအောင် … ငါတို့လက်လွန်ပြီး အများကြီး သတ်မိသွားရင် ဒိုင်နိုဆောတွေဆီမှာ ဂန်ဒမ် စက်ရုပ်တွေ ပေါ်လာနိုင်လား”
အရင်ရုပ်ရှင်ထဲမှ တင့်ကားဖျက်စနိုက်ပါသေနတ်ကိုင်ထားသည့် ပစ်ဂမီလူပုလေးများကို ကျန်းကျားမမေ့သေးပါ။
ချူရွှမ် ခပ်ဖွဖွရယ်လိုက်ပြီး …
“မဖြစ်နိုင်ပါဘူး … ဒါက ငါတို့ရဲ့ အဓိကမစ်ရှင်ဖြစ်တဲ့အတွက် ဒိုင်နိုဆော အရေအတွက်က အကန့်အသတ်နဲ့ ရှိနေနိုင်တယ် … မဟုတ်ရင် ငါတို့ အသက်ရှင်ဖို့မလွယ်တဲ့အပြင် လူသစ်တွေကလဲ သုံးယောက်တည်း ရှိနေမှာ မဟုတ်ဘူး … ဒိုင်နိုဆောအားလုံးကို သတ်ပစ်တာက ဘောနပ်မစ်ရှင်တစ်ခု ဖြစ်လိမ့်မယ်လို့ ငါထင်တယ်”
ကြမ်းပြင်ပေါ်က လူသုံးယောက် တဖြည်းဖြည်း သတိရလာကြသည်။ ပထမဆုံး သတိရလာသူမှာ ရုပ်ရည်သင့်တင့်ပြီး ကိုယ်လုံးကိုယ်ပေါက် လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူ့လက်များက ဘေးပတ်ဝန်းကျင်ကို စမ်းသပ်ကြည့်လိုက်ပြီး ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို သတိပြုမိသွားသည်။ ထို့နောက် အလန့်တကြား အော်ဟစ်လိုက်ပြီး နံရံဘက်သို့ တိုးကပ်သွား၏။
ဒုတိယမြောက် သတိရလာသူက လူငယ်တစ်ယောက်။ အသက် (၁၆) နှစ်ခန့်သာ ရှိသေးသည်။ ရုပ်ရည်က သာမန်မျှသာ ဖြစ်သော်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရာတွင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိဘဲ ကျန်းကျားတို့အဖွဲ့ကို တည်ငြိမ်အေးဆေးစွာ စိုက်ကြည့်နေသည်။
နောက်ဆုံးတစ်ယောက်က ရုံးဝတ်စုံဝတ်ထားသည့် အသက် (၂၄) နှစ်ခန့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူကလဲ အားခနဲ အော်ဟစ်လိုက်သော်လည်း နောက်သို့ ဆုတ်သွားခြင်း မရှိပေ။ သူ့အဝတ်အစားများ သပ်ရပ်မှု ရှိမရှိကို ချက်ချင်း စစ်ဆေးပြီး ငြိမ်သက်စွာ ထရပ်လိုက်သည်။ သူ့စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်နိုင်ပုံ ရ၏။
ကျန်းကျား ခေတ္တစဉ်းစားလိုက်ပြီး …
“ချူရွှမ် ... ဒိုင်နိုဆောတွေကို သတ်တဲ့နေရာမှာ မင်းရဲ့လက်နက်တွေက ငါတို့နဲ့ ယှဉ်ရင် အားနည်းချက် ရှိနေတယ် … ဒီရုပ်ရှင်မှာ မင်းက အမှတ် အနည်းဆုံး ရမယ့်သူဆိုတော့ မင်းပဲ ဒီကမ္ဘာအကြောင်းကို ရှင်းပြလိုက်တော့”
ဟု ပြောလိုက်သည်။
ချူရွှမ်က တွန့်ဆုတ်မနေဘဲ …
“မင်းတို့ ဒီကို မရောက်ခင်က အင်တာနက် သုံးနေကြတာလား … အလုပ်လုပ်ရင်း ဖြစ်ဖြစ် ဂိမ်းဆော့ရင်း ဒါမှမဟုတ် ဝက်ဘ်ဆိုက်တွေ ကြည့်နေရင်း ဖြစ်ဖြစ်ပေါ့”
လူသစ်သုံးယောက်စလုံး သတိအနေအထားဖြစ်သွားကြသည်။ ရုံးဝတ်စုံနှင့် အမျိုးသမီးက …
“ဟုတ်ပါတယ် ... ကျွန်မ ကုမ္ပဏီအတွက် စာရင်းတွေ လုပ်နေတုန်း …”
“Yes နဲ့ No ဆိုတဲ့ ရွေးချယ်စရာ မေးခွန်း တွေ့ခဲ့တယ်မဟုတ်လား … မင်းတို့ သုံးယောက်စလုံး YES ဆိုတာကို နှိပ်ခဲ့ကြတယ်ထင်တယ်”
ချူရွှမ်က ပြုံးလိုက်ပြီး သူ့စကားကိုဆက်သည်။
“ဒါဆိုရင် ဂုဏ်ယူပါတယ် … ငါတို့လဲ မင်းတို့လို YES ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ဒီကို ရောက်လာကြတာပဲ … ဒါက ဟော်ရာရုပ်ရှင်ကမ္ဘာပဲ”
ချူရွှမ်က လဲလှယ်မှုစနစ် အကြောင်း၊ ရုပ်ရှင်ကမ္ဘာများအကြောင်းနှင့် လက်ရှိရုပ်ရှင်အကြောင်းကို စနစ်တကျ ရှင်းပြနေသည်ကို ကျန်းကျား နားထောင်နေမိသည်။ ချူရွှမ်သည် ‘ငါတို့လဲ မင်းတို့လို ဖြစ်ခဲ့တာပဲ’ ဆိုသည့် စကားတစ်ခွန်းတည်းဖြင့် လူသစ်များ၏ သတိကို လျှော့ချလိုက်နိုင်သည်။ ထိုစကားက သူတို့အားလုံးသည် တစ်လှေထဲစီး၊ တစ်ခရီးထဲသွားနေကြသူများဖြစ်သည်ဆိုသည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။
ချူရွှမ်ကတော့ ဘာမှ မပြောင်းလဲသေးပေ။ လူအများစု ရှိသည့်ဘက်တွင် သူ့ကိုယ်သူ အလွယ်တကူ နေရာယူနိုင်စွမ်း ရှိသည်။ လူသစ်သုံးယောက်မှာ သံသယ အနည်းငယ် ရှိနေသေးသော်လည်း တော်တော်လေး တည်ငြိမ်သွားကြပုံရပြီး ချူရွှမ့်စကားကို နားထောင်လိုစိတ် ရှိလာကြသည်။
လူငယ်က …
“ကျွန်တော့်နာမည် လော်ဂန်ဒိုပါ … စီနီယာ အထက်တန်း ကျောင်းသားပါ … ကျွန်တော်က ယာဉ်မောင်းရတာ ဝါသနာပါတယ် … ထူးလဲထူးချွန်ပါတယ် … ဂိမ်းဆိုင်တွေမှာလုပ်တဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေ ကားပြိုင်ပွဲတွေမှာ ကျွန်တော့်ကို ဘယ်သူမှ မနိုင်ဖူးဘူး … တကယ့် အစစ်အမှန်အတိုင်း မောင်းရတဲ့ ဂိမ်းတွေမှာပေါ့”
သူ့ကို ဘယ်သူမှ သိပ်ဂရုမစိုက်ကြဘဲ ရုံးဝတ်စုံနှင့် အမျိုးသမီးကို လှည့်ကြည့်လိုက်ကြသည်။ အမျိုးသမီးက ချက်ချင်းပင် …
“ဝမ်အိုင်အိုင်ပါ … စာရင်းကိုင်ပါ … ငွေကြေးပိုင်းဆိုင်ရာတွေမှာ ကျွမ်းကျင်ပါတယ်”
မိန်းကလေးကတော့ အနည်းငယ် ရှက်သွေးဖြန်းသွားပြီး ကြမ်းပြင်ကို ငုံ့ကြည့်ရင်း …
“ကျွန်မ ... ကျွန်မက ကလေးထိန်းပါ … အိမ်ရှင် မရှိတုန်း ကွန်ပျူတာ ခိုးသုံးရင်း ဒီကို ရောက်လာတာပါ … ကျွန်မက ဟင်းချက်တာ တော်ပါတယ်”
ကျန်းကျား စိတ်ပျက်သွားသည်။ လူသစ်သုံးယောက်စလုံးမှာ တိုက်ခိုက်နိုင်စွမ်း မရှိသည့် သာမန်လူများသာဖြစ်၏။ ဒီရုပ်ရှင်တွင် တိုက်ခိုက်စရာ မလိုသဖြင့် တော်ပါသေးသည်။ သူတို့ကို မြို့ထဲမှာပဲ ထားခဲ့လျှင် ပြဿနာရှိမည် မဟုတ်။
ကျန်းကျား စိတ်မသက်မသာ ဖြစ်နေစဉ် ဂိုဒေါင်အတွင်းရှိ မီးများ ရုတ်တရက် လင်းထိန်လာသည်။ ရုပ်ရှင် စတင်လေပြီ။
ကျန်းကျား အသက်ပြင်းပြင်းရှူ၍ ဂိုဒေါင်တံခါးဆီ လျှောက်သွားပြီး တွန်းဖွင့်လိုက်သည်။ အပြင်ဘက်တွင် နေသာနေ၏။ ဂိုဒေါင်အပြင်ဘက်တွင် ကွင်းပြင်ကျယ်တစ်ခု ရှိနေပြီး ထိုကွင်းပြင်ကို လူနေအိမ်များက ဝန်းရံထားသည်။
ကျန်းကျားက ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ချူရွှမ့်ဘက် လှည့်၍ …
“ချူရွှမ်ရေ ... ငါတို့ရဲ့ လက်ရှိအခြေအနေ … ရောက်နေတဲ့နေရာ … အစ္စလာ ဆိုနာ ကျွန်းကို ဘယ်လိုသွားရမလဲဆိုတာနဲ့ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တွက်ချက်ပေးဦး”
ချူရွှမ်က ခေါင်းညိတ်ပြရင်း …
“ငါတို့က ကျွန်းနဲ့နီးတဲ့ ပင်လယ်ကမ်းခြေမြို့တစ်မြို့မှာ ရောက်နေတာ ဖြစ်မယ် … အစ္စလာ ဆိုနာ ကျွန်းက ဘယ်နေရာမှာ ရှိလဲဆိုတာ အတိအကျ မသိသေးပေမယ့် အင်တာနက်မှာ ရှာကြည့်ရင် လွယ်လွယ်နဲ့ သိနိုင်တယ် … တည်နေရာကို သိပြီဆိုရင် ရွက်လှေတစ်စီး ငှားပြီး အဲဒီကို သွားလို့ရပြီ … ဒါပေမယ့် တစ်ခုခု မှားနေသလိုပဲ … အဲဒါ ဘာလဲဆိုတာ အခုထိ ငါအဖြေမရှာနိုင်သေးဘူး … အချက်အလက် မလုံလောက်သေးလို့နေမှာ … ငါတို့ရဲ့ ရွှေတွေကို ရောင်းလို့ရမယ့်နေရာ အရင် ရှာရအောင်”
ထို့နောက် ကျန်းကျားက ကျန်လူများကို ပြောလိုက်သည်။
“ဒါဆိုရင် ငါ တာဝန်တွေ ခွဲပေးမယ် … ချူရွှမ် … ကမ်ပါနဲ့ ငါက ရွှေသွားရောင်းမယ် … မင်းတို့ လေးယောက်ကတော့ ဒီဂိုဒေါင်မှာပဲ စောင့်နေကြ … အရေးပေါ်အခြေအနေ တစ်ခုခုရှိရင် ဝမ်ရှက ဆက်သွယ်ရေးကိရိယာကနေ ငါတို့ကို လှမ်းခေါ်လိုက် … ပြီးရင် အခြေအနေကို ကြည့်ပြီး လှုပ်ရှားကြတာပေါ့”
ဝမ်ရှက ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် လော်ဂန်ဒိုက …
“ကျွန်တော် ခင်ဗျားတို့နဲ့ လိုက်ခဲ့လို့ ရမလား … အမေရိကန်ပြည်ထောင်စုကို လိုက်ကြည့်ချင်လို့ … ခင်ဗျားတို့ ဘားတွေနဲ့ မှောင်ခိုဈေးကွက်ကို သွားကြမှာ မဟုတ်လား … ကျွန်တော် ဘာမှ ဝင်မရှုပ်ပါဘူး … အမေရိကန်ရဲ့ အမှောင်ခြမ်းကို မြင်ဖူးချင်လို့ပါ”
“မင်း မကြောက်ဘူးလား … ငါတို့က ရန်ပွဲတွေ လုယက်မှုတွေနဲ့ ကြုံရနိုင်တယ် … အဲဒီလိုဖြစ်လာရင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
လော်ဂန်ဒိုက ရယ်မောရင်း …
“ကျွန်တော့်ရဲ့ အကဲခတ်နိုင်စွမ်းကို ကျွန်တော် ယုံကြည်မှုရှိပါတယ် … ခင်ဗျားတို့က လူကောင်းလား လူဆိုးလား ဆိုတာ မသိပေမယ့် ခင်ဗျားတို့ အစွမ်းထက်တယ်ဆိုတာတော့ သိတယ် … ဒီနှစ်ယောက်ကတော့ သေချာပေါက် စစ်တပ်ကပဲ … ဒါပေမယ့် ခင်ဗျားက သူတို့ထက်တောင် ပိုပြီး အစွမ်းထက်နေသလို ခံစားရတယ် … ဒါက ကျွန်တော့်ရဲ့ အလိုလိုသိစိတ်ပဲ”
ကျန်းကျား ရယ်မောလိုက်ပြီး ဂိုဒေါင်အပြင်သို့ ထွက်သွားသည်။
“အလိုလိုသိစိတ် ဟုတ်လား … အစွမ်းထက်တဲ့လူတွေကို အာရုံခံနိုင်တဲ့ ဆဌမအာရုံ လား … မင်းရဲ့ အလိုလိုသိစိတ်တွေက အမြဲမှန်လေ့ရှိလား”
လော်ဂန်ဒိုက သူတို့နောက်သို့ လိုက်လာရင်း …
“ဆဌမအာရုံတော့ မဟုတ်ပါဘူး … အလိုလိုသိစိတ် သက်သက်ပါပဲ … ယာဉ်မောင်းတဲ့အခါ တစ်ခါတလေမှာ အလိုလိုသိစိတ်က ကျွမ်းကျင်မှုထက် ပိုအရေးကြီးတယ် … အဲ့ဒီအလိုလိုသိစိတ်တွေကြောင့်ပဲ ကျွန်တော့်ထက် ပိုကျွမ်းကျင်တဲ့လူတွေကို ကျွန်တော် အကြိမ်ကြိမ် အနိုင်ယူခဲ့ဖူးတာ”
ကျန်းကျား စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာပြီး မေးလိုက်သည်။
“မင်း ဘယ်လိုယာဉ်မျိုးတွေ မောင်းနိုင်လဲ … လေယာဉ်တွေ ဘာတွေ မောင်းတတ်လား”
လော်ဂန်ဒို မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး …
“ကျွန်တော်က ဆင်းရဲတဲ့ ကျောင်းသားလေးဗျ … ကျွန်တော် သိသမျှ အကုန်လုံးက ဂိမ်းဆိုင်တွေထဲကပဲ … ဆိုင်ကယ် … ပြိုင်ကားနဲ့ ရဟတ်ယာဉ်ဆိုရင် ကောင်းကောင်းမောင်းတတ်ပေမယ့် ကျန်တာတွေတော့ မသိဘူး”
ကျန်းကျား သက်ပြင်းချလိုက်ရင်း …
“သိပ်တော့ ပြဿနာမရှိပါဘူး … နတ်ဘုရားနယ်မြေကို ရောက်ရင် လေ့ကျင့်ရေးအခန်းထဲမှာ တကယ့်လက်တွေ့ မောင်းနှင်မှုကို လေ့ကျင့်လို့ရတယ် … ချူရွှမ် ... ကမ်ပါ ... မင်းတို့ရော ယာဉ်မောင်းတာ ကျွမ်းကျင်လား”
“ငါက သေနတ်သမားဟ … ချေမှုန်းရေးသေနတ်သမား တစ်ယောက်က ယာဉ်မောင်း ကျွမ်းကျင်မယ်လို့ မင်းဘာလို့ ထင်ရတာတုန်း”
“မသိရင် မသိဘူးလို့ ဝန်ခံလိုက်တာမဟုတ်ဘူး … မလုပ်တတ်တာကိုပဲ ဂုဏ်ယူနေတဲ့ ပုံနဲ့ … ချူရွှမ် … မင်းရော စက်တွေနဲ့ ပတ်သက်ပြီး ဘာများ စဉ်းစားမိလဲ”
ချူရွှမ်က ကျန်းကျား မမေးခင်ကတည်းက စဉ်းစားနေခြင်းဖြစ်သည်။ သူကခေါင်းညိတ်ပြလိုက်သည်။
“တကယ်လို့ သူက ယာဉ်မောင်းနှင်တဲ့နေရာမှာ အလိုလိုသိစိတ် အားကောင်းတယ်ဆိုရင် သူ့အတွက် သင့်တော်မယ့် သိပ္ပံပစ္စည်း တစ်ခု ရှိတယ် … ဈေးကြီးပေမယ့် သူသာအဆင့်တွေကို တစ်ခုပြီးတစ်ခု တက်လာနိုင်မယ်ဆိုရင် မင်းလိုပဲ အစွမ်းထက်တဲ့လူတစ်ယောက် ဖြစ်လာနိုင်တယ် … အခု လက်ရှိအခြေအနေအရ ၇၀ ရာခိုင်နှုန်းလောက် သေချာတယ်”
“အိုး ...”
ကျန်းကျားနှင့် ကမ်ပါ နှစ်ယောက်စလုံး အံ့အားသင့်သွားသည်။ ချူရွှမ်ကတော့ ထုံးစံအတိုင်း အေးစက်စက်မျက်နှာပေးနှင့် ဖြစ်နေသော်လည်း လော်ဂန်ဒိုကတော့ စိတ်လှုပ်ရှားသွား၏။ သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ရင်း …
“တကယ်လား ... ကျွန်တော် တကယ်ပဲ ခင်ဗျားတို့လို အစွမ်းထက်လာမှာလား … အဲဒါ ဘာလဲဟင် … တင့်ကားလား … ရဟတ်ယာဉ်လား … အဲဒါဆိုရင်တော့ အမိုက်စားပဲ”
ချူရွှမ်က တည်ငြိမ်စွာပင် …
“မဖြစ်နိုင်ဘူး … အနည်းဆုံးတော့ ငါတို့မှာ တင့်ကားတွေ ရဟတ်ယာဉ်တွေကို ရုပ်ရှင်ကမ္ဘာတွေထဲ သယ်လာဖို့ နည်းလမ်းမရှိဘူး … တယ်လီပို့ရောင်ခြည်တန်းက သတ်မှတ်ထားတဲ့ အချင်းဝက်ပဲရှိတာ … မင်းသယ်ချင်ရင် မောင်းနှင်တဲ့အခန်းကိုပဲ မင်းနဲ့အတူ သယ်လာလို့ရမယ် … ငါ အဆင့်မြှင့်တင်မှုတွေကို ရှာတုန်းက အဆင့် စီ ပစ္စည်း စက်ရုပ်ဝတ်စုံအသေးစားလေးတစ်ခုကို တွေ့ခဲ့တယ် … မတ်တတ်ရပ်နေတဲ့ ဝက်ဝံရုပ်နဲ့ တူပေမယ့် မင်းကိုယ်တိုင် မောင်းနှင်လို့ရတယ် … အမြင့်က ၁.၉ မီတာလောက်ပဲ ရှိတာဆိုတော့ အထဲမှာထိုင်ပြီး ရုပ်ရှင်ကမ္ဘာတွေထဲကို ဝင်လို့ရတယ် … အဆင့် ဘီ ကို မြှင့်တင်လိုက်တဲ့အချိန်ကျရင် Macross ထဲက VF-1 မျိုးဖြစ်လာပြီး အဆင့် အေ ဆိုရင် ဂန်ဒမ် စက်ရုပ် ဖြစ်လာလိမ့်မယ်”
(TN - Macross - ၁၉၈၂ ခုနှစ်တွင် စတင်ပြသခဲ့သည့် Anime ဇာတ်လမ်းတွဲနှင့် Anime ရုပ်ရှင် အမြောက်အမြားထွက်ရှိထားသည့် နာမည်ကျော် Anime ဖြစ်သည်။ ကမ္ဘာမြေကို ကျူးကျော်လာသည့် ဂြိုလ်သားများကို စက်ရုပ်ယာဉ်ပျံများဖြင့် ပြန်လည်ခုခံတိုက်ခိုက်ကြသည့်အကြောင်း Anime ရုပ်ရှင်။ VF-1 Valkyrie သည် Macross ဇာတ်လမ်းတွဲ၏ အထင်ကရအမှတ်တံဆိပ်ဖြစ်သည်။)
လော်ဂန်ဒို ဝမ်းသာအားရ အော်ဟစ်လိုက်ရင်း …
“တ … တ … တကယ်လား … နတ်ဘုရားနယ်မြေမှာ ဂန်ဒမ်တွေ တကယ်ရှိတာလား … ခင်ဗျား ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးမလား … ဂန်ဒမ်တွေက ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ ခင်ဗျားသိလား … တကယ်လို့ ကျွန်တော်သာ ဂန်ဒမ်စက်ရုပ်ကြီးမောင်းပြီး တိုက်ခိုက်လို့ရရင် ဘယ်ရုပ်ရှင်မဆို အေးဆေးပဲ”
ချူရွှမ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ပထမပြဿနာက စွမ်းအင်အရင်းအမြစ်ပဲ … ဒီစက်ရုပ်တွေက အကန့်အသတ်မဲ့ စွမ်းအင်ရှိနေတာ မဟုတ်ဘူး … စွမ်းအင်ကုန်သွားလို့ နတ်ဘုရားနယ်မြေကို မပြန်ရသေးဘူးဆိုရင် အဲဒါ သံတိုသံစ သက်သက်ပဲ … ဒုတိယပြဿနာက လက်နက်တွေ … ဒီစက်ရုပ်တွေက အနီးကပ်ပဲ တိုက်ခိုက်နိုင်တယ် … ဒါပေမယ့် Star Wars လို ရုပ်ရှင်တွေမှာ ရန်သူနဲ့ အနီးကပ်ရှိနေရင် အန္တရာယ်များတယ် … နောက်ပြီး The Grudge ဒါမှမဟုတ် Final Destination လိုမျိုး မင်း ဘာမှလုပ်လို့မရတဲ့ ရုပ်ရှင်တွေလဲ ရှိသေးတယ် … ဂန်ဒမ်တွေက ဘယ်တော့မှ မရှုံးနိုင်တော့ဘူးလို့ မင်းထင်နေတာလား”
(TN - Star Wars - ၁၉၇၇ ခုနှစ်ထုတ်ရုပ်ရှင်။ ၁၉၇၇ ခုနှစ်တွင် ပထမဆုံးရုပ်ရှင်ကို ထုတ်ဝေခဲ့ပီး နောက်ဆက်တွဲရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ၊ အမြောက်အများရိုက်ကူးခဲ့သည့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းတွဲကြီး။)
ကျန်းကျား ခေါင်းညိတ်ပြလိုက်သည်။
“လွန်ခဲ့တဲ့ ရက်တွေတုန်းက ငါတို့ ဆွေးနွေးခဲ့သလိုပဲ … အစောပိုင်းနဲ့ အလယ်ပိုင်း အဆင့်တွေမှာ သိပ္ပံလက်နက်တွေကို အားကိုးလို့ရပေမယ့် နောက်ဆုံးမှာတော့ အဆင့်မြှင့်တင်မှုတွေနဲ့ ကိုယ်ပိုင်စွမ်းရည်တွေကိုပဲ အားကိုးရမှာ … တခြားအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စက်ရုပ်တွေ သိပ္ပံလက်နက်တွေပဲ အားကိုးနေမယ်ဆိုရင် မင်း ချက်ချင်း အသတ်ခံရလိမ့်မယ် … ဥပမာ စိတ်စွမ်းအင်ကိုပဲ ကြည့် … ကျန်းလန်ထက် နည်းနည်းပိုအစွမ်းထက်တဲ့လူဆိုရင် စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းတဲ့ မောင်းနှင်သူတွေကို ထိန်းချုပ်လိုက်လို့ရတယ် … Alien ရုပ်ရှင်ထဲက သွေးနှောမျိုးစိတ်တွေလိုပေါ့ … သူတို့ရဲ့ ခွန်အားက ငါ့ကို လွယ်လွယ်လေး သတ်နိုင်ပေမယ့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ အားနည်းလွန်းတယ် … အဲဒါကြောင့်ပဲ ငါတို့ အဲဒီရုပ်ရှင်မှာ အသက်ရှင်ခဲ့တာ … ဂန်ဒမ်တွေကလဲ အတူတူပဲ”
လော်ဂန်ဒိုက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သော်လည်း အတော်လေး စိတ်လှုပ်ရှားနေဆဲပင်။
“ဘာပဲဖြစ်ဖြစ် စက်ရုပ်ကြီးတွေကို မောင်းနှင်ဖို့က ကျွန်တော့်ရဲ့ အိမ်မက်ပဲ … တစ်နေ့မှာ စက်ရုပ်ဝတ်စုံနဲ့ တိုက်ခိုက်ရမယ့်အချိန် ရောက်လာဖို့ မျှော်လင့်ပါတယ် … ဟားဟား ... မရယ်ပါနဲ့ဗျာ … လူတိုင်းမှာ အိပ်မက်ရှိကြတယ် … ဒါက ကျွန်တော့်အိမ်မက်ပဲ … ကျွန်တော် မသေခင်မှာ အဲဒီစက်ရုပ်ဝတ်စုံအသေးစားလေးပဲ ဖြစ်ဖြစ် စမ်းမောင်းကြည့်ချင်သေးတယ်”
ကျန်းကျားတို့ သုံးယောက် ဘာမှ ဆက်မပြောတော့။ သို့သော် လော်ဂန်ဒိုအပေါ် မျှော်လင့်ချက် အနည်းငယ် ရှိသွားသည်။ စက်ရုပ်မောင်းနှင်ခြင်းက အဓိပ္ပာယ်မရှိသလို ထင်ရသော်လည်း မြင့်မားလှသော ဈေးနှုန်းအရ အစွမ်းထက်မှာသေချာသည်။ ကျန်းကျားတို့ စိတ်သက်သာရာ ရသွားကြသည်။ ဘာပဲဖြစ်ဖြစ် လော်ဂန်ဒို၏ တိုးတက်မှုအပေါ် မျှော်လင့်စရာရှိသေးသည် မဟုတ်ပါလား။
ထို့နောက် ကျန်းကျားတို့ ကွင်းပြင်ကို ဖြတ်ကျော်ပြီး လမ်းမပေါ် ရောက်ရှိလာကြသည်။ လမ်းမ၏ အနောက်ဘက်တွင် တံတားတစ်စင်းရှိပြီး ထိုတံတားကို ဖြတ်ကျော်လိုက်လျှင် ခေတ်မီမြို့ကြီးတစ်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ကျန်းကျားက တံတားနှင့် အကွာအဝေးကို ခန့်မှန်းကြည့်ပြီး သက်ပြင်းချလိုက်သည်။
“မြန်မြန်လုပ်ရအောင် … မြို့ထဲကို အမြန်ဆုံး ရောက်အောင်သွားမယ် … ငါတို့မှာ ရွှေတွေရှိနေပြီး ငွေတစ်ပြားတစ်ချပ်မှ မရှိတာ စိတ်ပျက်စရာပဲ”
ကျန်းကျားတို့ ခပ်သုတ်သုတ် ပြေးသွားကြသည်။ လော်ဂန်ဒိုသည် ယာဉ်မောင်းနှင်ရာတွင် ပါရမီရှိနိုင်သော်လည်း သူ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကတော့ သိပ်မကောင်းလှ။ ခဏလေးပြေးရုံနှင့် လျှာထွက်နေလေပြီ။ ကမ်ပါက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထို့နောက် သူတို့ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးရှေ့သို့ ခုန်ဝင်လိုက်ရာ ကားသမားက ဘရိတ်ကို ကျွီခနဲ ဆောင့်အုပ်လိုက်ရသည်။ ထိပ်ပြောင်ပြောင်နှင့် လူဖြူတစ်ယောက် ကားပေါ်မှ ဒေါသတကြီး ဆင်းလာသော်လည်း ဝက်ဝံကြီးတစ်ကောင်လို ထွားကြိုင်းသည့် ကမ်ပါ့ကို မြင်လိုက်ရသည်နှင့် ချက်ချင်း ပါးစပ်ပိတ်သွား၏။
“ဘယ်လိုလဲ ညီကို … ပိုက်ဆံလေး ဘာလေး မလိုချင်ဘူးလား … ငါတို့ကို တံတားတစ်ဖက်ကမ်းအထိ ပို့ပေးပါ … ရွှေနဲ့ ရှင်းပေးမယ်”
***