ကိုထိပ်ပြောင်က သတိအနေအထားဖြင့် မေးလိုက်သည်။
“ကိုယ့်လူ ... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ … ငါက အန်သိုနီဂိုဏ်းကပဲ … ကြောင်တောင်တောင် လာမလုပ်နဲ့ ... ဟုတ်ပြီလား”
ကမ်ပါ အူလှိုက်သည်းလှိုက် ရယ်လိုက်၏။ ထို့နောက် သူ့ကိုယ်နှင့်ကွယ်၍ ကျန်းကျားဆီမှာ လက်ဖြန့်လိုက်သည်။ ကျန်းကျားက ရွှေတုံးတစ်တုံး ထုတ်၍ အပိုင်းလေးတစ်ခု ချိုးလိုက်ပြီး ကမ်ပါ့လက်ထဲ ထည့်ပေးလိုက်သည်။
ကမ်ပါက သူ့အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်ယူလိုက်သည့်ဟန်ဖြင့် ထိုရွှေတုံးလေးကို ကိုထိပ်ပြောင်ဆီသို့ ပစ်ပေးလိုက်၏။ ကိုထိပ်ပြောင် အံ့အားသင့်သွားပြီး ရွှေတုံးလေးကိုရော ကျန်းကျားတို့ကိုပါ အပြန်ပြန်အလှန်လှန် အကဲခတ်လိုက်သည်။
ကမ်ပါက သူ့အနား တိုးကပ်သွားပြီး လေသံခပ်တိုးတိုးဖြင့် …
“ညီကို ... ငါတို့က နိုင်ငံတကာ ကြေးစားစစ်သားတွေပါ … စိတ်မပူပါနဲ့ … ဒီကို အပန်းဖြေခရီးထွက်လာတာ ခရီးဆောင်အိတ်တွေ ပျောက်သွားလို့ … အိတ်ထဲမှာ ဒီရွှေတွေပဲ ကျန်တော့တယ် … ဒီရွှေတွေကို ငွေသားနဲ့ လဲပေးနိုင်မယ့် ဂိုဏ်းတစ်ခု ရှာနေတာ … ရွှေတုံး ၁၅ တုံးကို ပေါက်ဈေးရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ရောင်းပေးမယ် … မင်းတို့ဂိုဏ်းက စိတ်ဝင်စားလား”
ရွှေတုံး (၁၅) တုံး၏ (၃၀) ရာခိုင်နှုန်းဆိုသည်မှာ ဂိုဏ်းငယ်လေးများအတွက် အတော်လေးများပြားသော ပမာဏဖြစ်သည်။ ကိုထိပ်ပြောင် မင်သက်သွားပြီး လျှာထွက်နေသည့် လော်ဂန်ဒိုကို ကျော်၍ ကျန်းကျားနှင့် ချူရွှမ်ကို အကဲခတ်လိုက်သည်။ ကျန်းကျားတို့ နှစ်ယောက်စလုံးမှာ ခေါင်းဆောင်တစ်ယောက်၏ အသွင်အပြင်မျိုး ရှိနေကြသည်။ ကျန်းကျားက ခေါင်းဆောင်နေရာတွင် ရှိနေသည်မှာ ကြာပြီဖြစ်ရာ ခေါင်းဆောင်အရှိန်အဝါရှိသည်။ ထို့အပြင် ချူရွှမ်ကလဲ သူ့ကိုယ်သူ ယုံကြည်မှုရှိနေသည့်ပုံက အထင်းသား။ ခဏအကြာတွင် ကိုထိပ်ပြောင်က ဖုန်းကိုထုတ်ပြီး တစ်စုံတစ်ယောက်ကို ဆက်သွယ်လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ထိုလူက ကမ်ပါ့ကို ပြောလိုက်သည်။
“ငါ့သူဌေးက အရှေ့ပိုင်းရပ်ကွက်မှာ တွေ့ချင်တယ်တဲ့ … သွားမသွားကတော့ မင်းတို့ သဘောပဲ”
ကမ်ပါက ခပ်တိုးတိုးရယ်လိုက်ရင်း …
“သွားမှာပေါ့ ... ဘာလို့မသွားရမှာလဲ … ငါတို့က ရွှေတွေကို ရောင်းချင်နေတဲ့ ဥစ္စာ … ကားစက်နှိုးလိုက်တော့”
ပြောပြောဆိုဆို ကမ်ပါက ရှေ့ခန်းသို့ ဝင်ထိုင်လိုက်သည်။
ကျန်းကျားနှင့် ချူရွှမ်တို့က နောက်ခန်းတွင် နေရာယူကြ၏။ လော်ဂန်ဒိုက ကားထဲကို မဝင်ချင်ဝင်ချင် ဝင်လာပြီး ချူရွှမ့်ကို မေးလိုက်၏။
“ခင်ဗျားတို့ မကြောက်ကြဘူးလား … သူတို့က မာဖီးယား တွေနော် … ခင်ဗျားတို့ဆီမှာ ရွှေတုံးတွေ ရှိနေမှတော့ သူတို့က စည်းကမ်းအတိုင်း လုပ်မှာမဟုတ်ဘူး … ပြီးတော့ ကျွန်တော်တို့က သူတို့ဌာနချုပ်ကို သွားနေတာ ... ကျွန်တော်တို့ကို လွယ်လွယ်လေး သတ်ပစ်လိုက်လိမ့်မယ်”
ချူရွှမ်က တည်ငြိမ်စွာပင် …
“ငါနဲ့ ကမ်ပါကတော့ သေနတ်ဒဏ်ကို မခံနိုင်သေးဘူး ဒါပေမယ့် ကျန်းကျားကတော့ အသက်အန္တရာယ်ရှိတဲ့ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ပြီးပြီ … အဲဒီတိုက်ပွဲတွေကြောင့်ပဲ သူအစွမ်းထက်လာတာ … ခဏနေရင် မင်းကိုယ်တိုင် မြင်ပါလိမ့်မယ်”
(ငါကိုယ်တိုင် မြင်ရမယ် ဟုတ်လား … ဒါဆို ငါတို့ တကယ်တိုက်ရတော့မှာပေါ့ ...)
လော်ဂန်ဒိုခမျာ သူထိုင်နေသည့် ကားထိုင်ခုံအိအိကြီးက ရုတ်တရက် သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ရသည်။ ကားမောင်းနေသည့် ကိုထိပ်ပြောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကမ်ပါ၊ ချူရွှမ်နှင့် အေးအေးဆေးဆေး ပြုံးနေသော ကျန်းကျားကို ကြည့်လိုက်သည်။ သူတို့သုံးယောက်စလုံး အနည်းငယ်မျှပင် စိုးရိမ်နေပုံမရ။ လော်ဂန်ဒို ဒူးတဆတ်ဆတ်တုန်လာ၏။
ကားက တံတားပေါ် မောင်းတက်သွားသည်။ တံတား၏ အခြားတစ်ဖက်မှာတော့ မြို့ကြီးတစ်မြို့ ရှိနေသည်။ မြစ်က ပင်လယ်နှင့် ဆက်စပ်နေပြီး ဒီမြို့တွင် ဆိပ်ကမ်းတစ်ခု ရှိသည်။ ဆိပ်ကမ်းအတွင်းဝယ် ကုန်တင်သင်္ဘောကြီးများ အဝင်အထွက် ပြုလုပ်နေကြ၏။
လမ်းခရီးတွင် ကိုထိပ်ပြောင်က ကမ်ပါနှင့် စကားစမြည် ပြောနေသည်။ ကိုထိပ်ပြောင်သည် ယခင်က စစ်တပ်ထဲတွင် နေခဲ့ပုံရပြီး ကြေးစားစစ်သားများအကြောင်းကိုလဲ အနည်းငယ် သိရှိထားသည်။ ကမ်ပါကိုယ်တိုင်ကလဲ တကယ့်ကြေးစားစစ်သား တစ်ယောက်ဖြစ်ရာ သူမေးသမျှ မေးခွန်းအားလုံးကို အေးအေးဆေးဆေး ပြန်လည်ဖြေကြားနိုင်သည်။ မိနစ် (၂၀) အကြာတွင် ကားကအဆောက်အဦးမြင့်ကြီးတစ်ခုသို့ ရောက်ရှိလာ၏။ သို့သော် ကိုထိပ်ပြောင်သည် တစ်လမ်းလုံး ကွေ့ပတ်မောင်းနေခဲ့ခြင်းဖြစ်ကြောင်း ကျန်းကျားတို့လေးယောက်စလုံး သိကြပါသည်။ ကြေးစားစစ်သားများအကြောင်း မေးမြန်းခြင်းမှာလဲ စမ်းသပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ကိုထိပ်ပြောင် ကားပေါ်မှဆင်းလိုက်ပြီး အားနာသလိုလေသံဖြင့် ပြောလိုက်သည်။
“စိတ်မရှိပါနဲ့ … မင်းတို့က တကယ့်ကြေးစားတွေလားဆိုတာ ငါ့သူဌေးက အတည်ပြုခိုင်းလို့ပါ … အခုလောလောဆယ် တခြားဂိုဏ်းတစ်ခုနဲ့ ပြဿနာတက်နေတာဆိုတော့ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်လို့ပါ … ကဲ ... လက်ကလေးတွေ မြှောက်ပေးကြပါဦး”
လူအချို့က ကားကို ဝိုင်းထားလိုက်ကြသည်။ သူတို့၏ ပစ္စတိုသေနတ်ပြောင်းဝများက ကားပြတင်းပေါက်မှတစ်ဆင့် ကျန်းကျားတို့ကို အသင့်ချိန်ရွယ်ထားကြသည်။
ကျန်းကျားက လက်မမြှောက်မီ ရွှေတုံးသုံးတုံးကို သူ့အင်္ကျီအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် လက်မြှောက်လိုက်ရာ မြေပြင်ပေါ်သို့ ရွှေတုံးများ ပြုတ်ကျသွားသည်။ ထိုမြင်ကွင်းကြောင့် သေနတ်ကိုင်ထားသူများ မျက်လုံးပြူးသွား၏။ ကျန်းကျားတို့လေးယောက် ကားပေါ်မှ ဆင်းပြီးချိန်တွင် ကိုထိပ်ပြောင်က ရွှေတုံးများကို ပြုံးပြုံးရယ်ရယ်နှင့် ကောက်ယူလိုက်သည်။ သို့သော် နောက်သို့ ပြန်လှည့်ကြည့်လိုက်တော့ သူ့ အပြုံးများ အေးခဲသွားသည်။ သူ့လူများမှာ မြေပြင်ပေါ်တွင် လဲကျနေကြပြီး ကျန်းကျားတို့အဖွဲ့ကတော့ ဘာဒဏ်ရာမှမရဘဲ ဒီအတိုင်း ရပ်နေကြသည်။
ကိုထိပ်ပြောင်က မပြုံးချင်ပြုံးချင်ပြုံးလိုက်ပြီး …
“အာ ... ညီကိုတို့ရာ … ငါတို့က ခိုင်းတဲ့အတိုင်း လုပ်ရတာပါ … သူဌေးက မင်းတို့ဆီမှာ လက်နက်ပါမပါ စစ်ခိုင်းလို့ပါ … ငါ့ကို အကျပ်ရိုက်အောင် မလုပ်ကြပါနဲ့လား … ပြီးတော့ ဒါက အန်သိုနီဂိုဏ်းရဲ့ ဌာနချုပ် … မင်းတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီကနေ ပြန်ထွက်ဖို့ ခက်လိမ့်မယ်”
လက်မြှောက်ထားဆဲဖြစ်သည့် ကျန်းကျားက ခပ်ပြုံးပြုံး ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ … ငါတို့ဆီမှာ ဘာလက်နက်မှ မပါပါဘူး … လူလွှတ်ပြီး ထပ်စစ်လို့ရတယ် … ဒါပေမယ့် သေနတ်နဲ့တော့ မချိန်နဲ့ … ငါတို့က သေနတ်နဲ့အချိန်ခံရရင် စိတ်လှုပ်ရှားလာတတ်တယ် … ကြေးစားစစ်သားတွေဆိုတော့ ငါတို့စိတ်လှုပ်ရှားလာရင် ဘာတွေဖြစ်ကုန်မလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မသိဘူး”
ကိုထိပ်ပြောင်၏ နှုတ်ခမ်းများ တုန်ခါသွားသည်။ အဆောက်အဦးအတွင်းမှ လူအချို့ ထပ်ပြေးထွက်လာ၏။ ထိုလူများက လက်နက်များကို ဆွဲထုတ်ရန် ပြင်လိုက်စဉ် ကိုထိပ်ပြောင် ကပျာကယာ တားမြစ်လိုက်သည်။
“မိန်းကလေးတွေ ခေါ်ပြီး မင်းတို့ကို စစ်ခိုင်းလိုက်မယ် … လက်နက်မပါဘူးဆိုရင်တော့ ငါ့သူဌေးနဲ့သွားတွေ့ကြတာပေါ့”
ထို့နောက် ကိုထိပ်ပြောင်က လက်ဗွေရာနှစ်ခု ထင်နေပြီး ကျိုးပဲ့နေသည့် ရွှေတုံးကို ကိုင်မြှောက်ပြရင်း အဆောက်အဦးထဲသို့ တစ်ယောက်တည်း ဝင်သွားတော့သည်။
ကျန်းကျားတို့၏ လက်နက်အားလုံးကို နာလက်စွပ်ထဲမှာ ထည့်ထားသဖြင့် စစ်ဆေးမှုက အဆင်ပြေပါသည်။ ကမ်ပါသာ သူ့ EMP ရိုင်ဖယ်ကြီး တကားကားကိုင်ထားပါက လမ်းပေါ်တွင် ပုံမှန်အတိုင်းပင် လမ်းလျှောက်နိုင်မည်မဟုတ်ချေ။ ဆွဲဆောင်မှုရှိသော မိန်းကလေးအချို့က သူတို့ခန္ဓာကိုယ်ကို စစ်ဆေးနေစဉ် လော်ဂန်ဒို၏ မျက်နှာက နီမြန်းနေသော်လည်း ကျန်းကျားတို့ (၃) ယောက်ကတော့ ဘာတုံ့ပြန်မှုမှ မရှိကြ။ မိန်းကလေးများက နံရံဘက်သို့ အချက်ပြလိုက်သည့်အခါ စပီကာမှတစ်ဆင့် အသံထွက်ပေါ်လာသည်။
“ဧည့်သည်တော်တို့ ... မိန်းကလေးတွေနောက်ကို လိုက်ခဲ့ပေးပါ … ဧည့်ခန်းမှာ ငါစောင့်နေမယ်”
အသံက လူငယ်တစ်ယောက်၏ အသံ။ မိန်းကလေးများနောက်သို့ ကျန်းကျားတို့ လိုက်သွားရာ ခမ်းနားထည်ဝါသော အခန်းတစ်ခုထဲသို့ ရောက်သွားကြသည်။ အသားဖြူဖြူ၊ ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ဆိုဖာပေါ်တွင် ထိုင်နေပြီး ကိုထိပ်ပြောင်က သူ့နောက်တွင် ရပ်နေသည်။ ကျန်းကျားတို့ယူလာသော ရွှေတုံးသုံးတုံးကို သူတို့ ရှေ့ရှိ စားပွဲပေါ်တွင် တင်ထား၏။
လော်ဂန်ဒိုက အနည်းငယ် ကြောက်ရွံ့နေပုံရသော်လည်း ကျန်းကျားနှင့် ကျန်နှစ်ယောက်ကတော့ အတော်လေးကို ပေါ့ပေါ့ပါးပါး ရှိနေကြသည်။ ရွှေရောင်ဆံပင်ပိုင်ရှင် လူငယ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။
ထိုလူငယ်က အားပါးတရ ပြုံးလျက် ပြောလိုက်သည်။
“ထိုင်ကြပါ မိတ်ဆွေတို့ … သိပ်ပြီး စိတ်မလှုပ်ရှားကြပါနဲ့ … ဒီနေ့ ငါတို့တွေ ပျော်ပျော်ကြီး အရောင်းအဝယ် လုပ်ကြတာပေါ့”
ကျန်းကျားက ကမ်ပါကို ခေါင်းညိတ်ပြလိုက်သည်။
ကမ်ပါက …
“ဒီမှာ ရွှေတုံး သုံးတုံးပဲ ရှိသေးတယ် … ကျန်တာတွေကို တခြားတစ်နေရာမှာ ဝှက်ထားတယ် … စကားအပိုတွေ မပြောတော့ဘူး … ဈေးနှုန်းကိုပဲ တိုက်ရိုက်ပြောတော့”
ရွှေရောင်ဆံပင်နှင့် လူငယ်က …
“ရွှေရဲ့ သန့်စင်မှုက ၉၉ ရာခိုင်နှုန်း ကျော်တယ် … ဒါပေမယ့် မင်းတို့ မြင်တဲ့အတိုင်းပဲ ငါတို့ဂိုဏ်းက ငွေသိပ်မလိုဘူး … အာရွန် ကတော့ မင်းတို့က အပန်းဖြေဖို့လာတဲ့ ကြေးစားစစ်သားတွေလို့ ပြောတယ် … အခု ငါတို့မှာလဲ ပြဿနာ နည်းနည်းရှိနေတယ်ဆိုတော့ မင်းတို့ဆီမှာ အကူအညီတောင်းချင်တာ … နောက်တော့ ဒါကိုမြင်လိုက်ရတယ် …”
သူက ရွှေတုံးပေါ်ရှိ လက်ဗွေရာများကို ညွှန်ပြလိုက်သည်။
ရွှေရောင်ဆံပင်နှင့် လူငယ်က ပြောနေရင်း စိတ်လှုပ်ရှားလာပြီး …
“ဒါတကယ် အံ့ဩဖို့ကောင်းတယ် … ငါက အမြဲတမ်း တရုတ်ကွန်ဖူးကို အစစ်အမှန်လို့ ယုံကြည်ခဲ့တာ … မင်းတို့ထဲမှာ ဘယ်သူက ကွန်ဖူး တတ်တာလဲ … ငါ့ကို ဒေါ်လာ ၅ သန်းနဲ့ သင်ပေးလို့ရမလား … ၁၀ သန်းဆိုရင်ရော“
ကျန်းကျား အောင့်သီးအောင့်သက် ပြုံးလိုက်မိသည်။ သူက ရွှေတုံးများနှင့် အထင်ကြီးအောင် လုပ်ဖို့သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကောင်များနှင့် အချိန်ဖြုန်းဖို့ စိတ်မကူးချေ။ ထိုစဉ် ချူရွှမ်က ရုတ်တရက် ကြားဖြတ်မေးလိုက်သည်။
“မင်း အစ္စလာ ဆိုနာ ကျွန်းအကြောင်း သိလား … အဲဒီမှာ အခုတလော ဘာတွေ ဖြစ်ခဲ့သေးလဲ … ဆိပ်ကမ်းမှာ ဖျက်သင်္ဘောတွေ မြင်မိသလားလို့”
ရွှေရောင်ဆံပင်နှင့် လူငယ် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး …
“သိတာပေါ့ … အခု ရေတပ်က အဲဒီကျွန်းကို ဝိုင်းထားတယ် … ငါကြားတာတော့ ဒိုင်နိုဆောတွေအပြင် အပင်တွေကလဲ ရှေးဟောင်းမျိုးစိတ်တွေအဖြစ် သန္ဓေပြောင်းနေကြတယ်တဲ့ … အင်းဆက်တွေကလဲ အကောင်ကြီးကြီးတွေ ဖြစ်ကုန်ကြပြီဆိုပဲ … အဲဒါ ဘာဖြစ်လို့လဲ”
(ကွိုင်တော့တက်ပြီ)
ကျန်းကျားတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ကျန်းကျားက စိတ်ပျက်လက်ပျက်လေသံဖြင့် …
“အခက်အခဲအဆင့်က ထပ်တိုးပြန်ပြီလား … ချူရွှမ် ... မင်းပြောတော့ နတ်ဘုရားက ငါတို့ကို အခွင့်အရေးပေးလိုက်ပြီဆို”
ချူရွှမ်က သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး လူငယ်ကို မေးလိုက်သည်။
“မင်းမှာ ကွန်ပျူတာ ရှိလား … ငါ ခဏ သုံးချင်လို့”
ကျန်းကျားတို့၏ တုံ့ပြန်မှုကြောင့် ရွှေရောင်ဆံပင်နှင့် လူငယ်ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူ့နောက်က စားပွဲဆီသို့ ညွှန်ပြလိုက်ရာ ချူရွှမ်က လျှောက်သွားပြီး ကွန်ပျူတာကို ဖွင့်လိုက်၏။
ရွှေရောင်ဆံပင်နှင့် လူငယ်သည် ချူရွှမ့်ကို တားဆီးရန် ပြင်နေသော ကိုထိပ်ပြောင်အား လက်ကာပြလိုက်ပြီး မျက်မှောင်ကြုတ်လျက် …
“ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား … ငါ့မိသားစုက ဒီမြို့မှာပဲ သြဇာရှိတာဆိုပေမယ့် မင်းတို့အတွက်တော့ တစ်ခုခု အကူအညီ ပေးနိုင်ပါတယ်”
ကျန်းကျား ခေါင်းခါလိုက်သည်။ ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့။ သူ ရောက်ခဲ့သမျှ ရုပ်ရှင်တိုင်း ဇာတ်လမ်းပြောင်းလဲမှုများနှင့် ကြုံခဲ့ရသော်လည်း ဒီတစ်ကြိမ်ကတော့ စိတ်ပျက်စရာအကောင်းဆုံးဖြစ်သည်။ ဒိုင်နိုဆောများပါတာကလွဲလို့ မူရင်းရုပ်ရှင်ဇာတ်လမ်းနှင့် ဘာဆိုဘာမှမဆိုင်တော့ချေ။ ဒီတစ်ကြိမ်တွင် အမှတ်တွေ အများကြီး ရှာပြီး အဖွဲ့ဝင်အချို့ကို ပြန်အသက်သွင်းနိုင်ရန် ကျန်းကျား အကြီးအကျယ် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
“ဝုန်း”
ကျန်းကျား စိတ်ပျက်လက်ပျက်ဖြင့် စားပွဲကို ထိုးချလိုက်ရာ စားပွဲမှာ ၉၀ ဒီဂရီ ကွေးညွတ်ထွက်သွားပြီး ရွှေတုံးသုံးတုံးလဲ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ စိတ်ပျက်လက်ပျက် ဖြစ်လွန်းလှသဖြင့် ခွန်အားကို ထိန်းချုပ်မနေတော့ချေ။
ကိုထိပ်ပြောင် လန့်ဖြန့်သွားပြီး အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သလို တံခါးဝမှ လူအချို့လဲ ပြေးဝင်လာကြသည်။ ရွှေရောင်ဆံပင်နှင့် လူငယ်က ကပျာကယာ အော်ဟစ်လိုက်သည်။
“ဘာလုပ်နေကြတာလဲ … အပြင်ထွက်ကြ … အားလုံး အပြင်ထွက်ကြစမ်း”
သူက ကိုထိပ်ပြောင်ကိုပါ လက်ညှိုးထိုး၍ အမိန့်ပေးလိုက်သည်။
“မင်းလဲ အပြင်ထွက်”
ကိုထိပ်ပြောင်က …
“ဒါပေမယ့် မင်းအဖေ …”
ရွှေရောင်ဆံပင်နှင့် လူငယ်က ပြန်အော်လိုက်သည်။
“ငါ ဂရုမစိုက်ဘူး … ဒီနေရာက ငါ့နေရာ … အပြင်ထွက်ဆို ထွက်စမ်း … ငါနောက်တစ်ခါထပ်မပြောချင်ဘူး … ဒီလို ကိုယ်ခံပညာမျိုးကို သေနတ်နဲ့ ကာကွယ်နိုင်မယ်ထင်လို့လား … ဝတ္ထုတွေထဲမှာဆိုရင် တရုတ်ကွန်ဖူးက လူတစ်ယောက်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ သတ်နိုင်သလို မိုင်ပေါင်းများစွာ ဝေးတဲ့နေရာက ပစ်မှတ်ကိုလဲ ဓားမြှောင်နဲ့ ထိအောင်ပစ်နိုင်တယ်ကွ”
ကိုထိပ်ပြောင်က ကျန်းကျားကို တစ်ချက်စိုက်ကြည့်ပြီး အပြင်သို့ ထွက်သွား၏။
အားလုံးထွက်သွားသည်နှင့် ရွှေရောင်ဆံပင်နှင့် လူငယ်က ချက်ချင်း ဒူးထောက်ပြီး ပြောချလိုက်သည်။
“ဆရာ … ဆရာ … ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ … ကျွန်တော် ဘယ်လိုဆင်းရဲဒုက္ခမျိုးကိုမဆို အောင့်အည်းသည်းခံနိုင်ပါတယ် … လူသတ်ခိုင်းတာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်တော် အကုန်လုပ်ပေးပါ့မယ်”
ကျန်းကျား ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ကမ်ပါနှင့် လော်ဂန်ဒိုတို့ကတော့ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြပြီးမှ တဟားဟား ရယ်မောလိုက်ကြ၏။ ကမ်ပါဆိုလျှင် ရယ်ရလွန်း၍ မျက်ရည်များပင် ထွက်လာသည်။ ရွှေရောင်ဆံပင်နှင့် လူငယ်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်ပြီး တစားဟားရယ်နေသည့် ကမ်ပါတို့ကို နည်းနည်းလေးမှ စိတ်ဆိုးပုံမရ။ ကျန်းကျားလဲ ဘာပြန်ပြောရမှန်း မသိတော့ချေ။
“ချီ စီးဆင်းပုံ လမ်းကြောင်းကို မင်းသိတယ်မဟုတ်လား … သူ့ကို သင်ပေးလိုက်လေ”
ချူရွှမ်က ရုတ်တရက် ဝင်ပြောလိုက်သည်။
ချူရွှမ်သည် အဓိပ္ပာယ်မရှိသည့်ကိစ္စကို ခိုင်းမည့်သူမဟုတ်ကြောင်း ကျန်းကျား သိသည်။ ထို့ကြောင့် ရွှေရောင်ဆံပင်နှင့် လူငယ်ကို အရင် ထူပေးလိုက်၏။ သို့သော် ထိုလူငယ်က တံခါးဝသို့ ပြေးသွားပြီး လက်ဖက်ရည် လာချပေးရန် အော်ဟစ်လိုက်သည်။
ထို့နောက် အခန်းထဲသို့ ပြန်ဝင်လာပြီး ကျန်းကျားကို …
“ကွန်ဖူးမသင်ခင် တပည့်တွေက ဆရာ့ကို လက်ဖက်ရည်တစ်ခွက်နဲ့ ဂါရဝပြုရတယ်ဆိုတာ ကျွန်တော်သိပါတယ် … အဲဒါကြောင့် ကျွန်တော်က အဆင့်မြင့်လက်ဖက်ခြောက်တွေကို တစ်နှစ်ပတ်လုံး အမြဲစုဆောင်းထားတာ … ဟားဟား”
ကမ်ပါနှင့် လော်ဂန်ဒိုတို့ တဝါးဝါးတဟားဟားနှင့် ထပ်မံရယ်မောလိုက်ကြပြန်သည်။ ကျန်းကျားကိုယ်တိုင်လဲ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ထိုလူငယ်၏ ရူးသွပ်မှုကို ကြည့်ပြီး အောင့်သီးအောင့်သက် ပြုံးလိုက်၏။
ချူရွှမ်က ကွန်ပျူတာရှေ့မှ ပြန်လာပြီး မျက်မှန်ကို ပင့်တင်လိုက်သည်။
“အခက်အခဲအဆင့် တိုးသွားတာ မဟုတ်ဘူး … တကယ်တော့ ငါတို့ ရောက်နေတာက The Lost World ရဲ့ အချိန်ကာလ မဟုတ်ဘူး … ဒါက ရုပ်ရှင်ပြီးသွားတဲ့နောက်ပိုင်းဖြစ်မယ် … ဒိုင်နိုဆောတွေ ရှိနေတဲ့အကြောင်း လူတွေကြားမှာ ပြန့်နှံ့နေပြီ … အင်တာနက်မှာလဲ ဒိုင်နိုဆောတွေအကြောင်း သတင်းတွေ အများကြီးပဲ … မကြာခင်က ရူးသွပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက် အစ္စလာ ဆိုနာ ကျွန်းပေါ်ကို ခိုးဝင်သွားပြီးတော့ ဘာမှန်းမသိရတဲ့ စမ်းသပ်မှုအချို့ လုပ်ခဲ့တယ်တဲ့ … အဲဒီနောက်ပိုင်းမှာ ဒိုင်နိုဆော အရေအတွက် သိသိသာသာ တိုးလာတယ် … အပင်တွေနဲ့ အင်းဆက်တွေကလဲ ဆင့်ကဲပြောင်းလဲနေကြတယ် … အဲဒါကြောင့် ရေတပ်က ကျွန်းကိုဝိုင်းထားတာ … ကျန်းကျား ... မင်း မှတ်မိသေးလား … ငါတို့ ရမယ့် ဆုလာဘ်တွေက ငါတို့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေနဲ့ ထပ်တူကျတယ်ဆိုတာလေ … အဲဒီရူးနေတဲ့ သိပ္ပံပညာရှင်ကို ရှာတာဖြစ်ဖြစ် … ဒိုင်နိုဆောတွေ ရုတ်တရက် တိုးပွါးလာတဲ့ လျှို့ဝှက်ချက်ကို ရှာတာဖြစ်ဖြစ် … အဲ့ဒီထဲက တစ်ခုခုက ဘောနပ်မစ်ရှင်ဖြစ်လိမ့်မယ်”
ကျန်းကျား စိတ်သက်သာရာရသွားသော်လည်း စိုးရိမ်နေဆဲပင်။
“ဆုလာဘ်တွေက အန္တရာယ်နဲ့ ထပ်တူကျတယ်ဆိုတာ မှန်ပေမယ့် ... ထားလိုက်ပါတော့ … ဘောနပ်မစ်ရှင် မှန်သမျှ ငါလက်မလွှတ်နိုင်ဘူး … တခြားရော ဘာရှိသေးလဲ”
ချူရွှမ်က …
“နောက်ထပ် ဖြစ်နိုင်တဲ့ ဘောနပ်မစ်ရှင်တစ်ခုကတော့ အစ္စလာ နက်ဗြူလာ ကျွန်းပေါ်က ဂျူရက်ဆစ်ပန်းခြံကို ပြန်သွားဖို့ပဲ … အဲဒီကျွန်းနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုမှ မတွေ့ရပေမယ့် ကျွန်းကို ရေတပ်သင်္ဘောအုပ်စုတစ်ခု ဝိုင်းထားတယ် … အစိုးရကလဲ သိပ္ပံပညာရှင်တွေကို လျှို့ဝှက်စုဆောင်းနေတယ် … ဒိုင်နိုဆော အရေအတွက် တိုးပွားလာတာထက် ပိုပြီး အန္တရာယ်ရှိတဲ့အရာ ဒါမှမဟုတ် ပိုပြီး အရေးကြီးတဲ့ အရာတစ်ခုခု ရှိနေနိုင်တယ် … ဒီဘောနပ်မစ်ရှင်ကနေ ရမယ့် ဆုတွေ မနည်းလောက်ဘူး”
ကျန်းကျား အသက်ပြင်းပြင်းရှူလိုက်ပြီး …
“လခွီးပဲ ... လုပ်မယ်ကွာ … ဘောနပ်မစ်ရှင် တစ်ခုလုပ်ဖြစ်ရင် နောက်တစ်ခုလဲ လုပ်ရမှာပဲ … ဒါနဲ့ ... မင်းပြောတော့ ဒီရုပ်ရှင်က လွယ်ပါတယ်ဆို”
ချူရွှမ် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် … တော်တော်လေး လွယ်တယ် … ရေတပ်ကနေ ငါရထားတဲ့ သတင်းအရ အစ္စလာ ဆိုနာ ကျွန်းမှာ တီ-ရက်စ် ဥ သုံးလုံး တွေ့ထားတယ် … အဲဒီဥတွေကို ဒီမြို့က ပြတိုက်တစ်ခုဆီ ပို့ဖို့ သင်္ဘောပေါ် တင်ပေးလိုက်မှာ … ဥတွေသွားယူတဲ့ သင်္ဘောက မနက်ဖြန် ဒီမြို့ကနေ ထွက်လိမ့်မယ်”
“အဓိကမစ်ရှင်တွေအတွက် လွယ်ကူတဲ့ ဖြေရှင်းနည်းတွေကတော့ အမြဲရှိနေတာပဲ … မင်း ရှာတတ်ဖို့ပဲ လိုတယ် … ဒါပေမယ့် သာမန်လူတွေကတော့ ဒီနည်းလမ်းတွေကို သတိထားမိမှာ မဟုတ်ဘူး … ငါအရင်က ပြောခဲ့သလိုပဲ မင်းရမယ့် ဆုလာဘ်တွေက မင်းရင်ဆိုင်ရတဲ့ အန္တရာယ်နဲ့ တိုက်ရိုက်အချိုးကျတယ် … အဖွဲ့ဝင်တွေကို မင်း ပြန်အသက်သွင်းချင်တယ်ဆိုရင် အစ္စလာ ဆိုနာ ကျွန်းပေါ်ကိုသွားပြီး လျှို့ဝှက်ချက်ကို ရှာဖွေရမယ် … အဲဒီရူးနေတဲ့ သိပ္ပံပညာရှင် ဒါမှမဟုတ် သူ့ရဲ့ အလောင်းကို ရှာတွေ့ရင် အကောင်းဆုံးပဲ … အဲဒါထက် ပိုလိုချင်သေးတယ်ဆိုရင်တော့ ပထမဆုံး ဂျူရက်ဆစ်ပန်းခြံရှိခဲ့တဲ့ အစ္စလာ နက်ဗြူလာကျွန်းဆီ ပြန်သွားပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ စုံစမ်းရမှာပဲ”
ကျန်းကျား အံကြိတ်ပြီး စဉ်းစားနေသည်။ ကမ်ပါကို တစ်ချက်ကြည့်၍ ချူရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
“ငါတို့ ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ပြီးပြီ … လက်နက်တွေလဲ ယူလာခဲ့ပြီးပြီ … အန္တရာယ်ကို မြင်ရုံနဲ့ ထွက်ပြေးမယ်ဆိုရင် ငါတို့က သောက်ကြောက်တွေ ဖြစ်ကုန်လိမ့်မယ် … အစ္စလာ ဆိုနာ ကျွန်းကို သွားပြီး ဘောနပ်မစ်ရှင်ကို အောင်မြင်အောင် လုပ်ကြမယ် … သိပ္ပံပညာရှင် ဒါမှမဟုတ် သူ့ရဲ့ လျှို့ဝှက်ချက်ကို ရှာကြတာပေါ့”
ချူရွှမ် ခေါင်းညိတ်ပြလိုက်၏။
ကမ်ပါကလဲ တဟားဟား ရယ်မောလိုက်ပြီး …
“ကောင်းပြီလေ ... ဒိုင်နိုဆောတွေက ငါ့ရဲ့ EMP ရိုင်ဖယ် ဒဏ်ကို ခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့ … ဟားဟား”
ထို့နောက် ချူရွှမ်က ရွှေရောင်ဆံပင်နှင့် လူငယ်ဘက်သို့ လှည့်လိုက်သည်။
“ကျန်းကျားက မင်းကို ကွန်ဖူးသင်ပေးဖို့ ငါပြောပေးနိုင်တယ် ဒါပေမယ့် မင်းဘက်က တစ်ခုတော့ လုပ်ပေးရမယ်”
ရွှေရောင်ဆံပင်နှင့် လူငယ်က သူတို့စကားများကို နားထောင်နေရင်း ချူရွှမ်ပြောမည့် စကားများကို ရိပ်မိနေလေပြီ။
“ဒီမြို့ထဲမှာ ဘာလိုအပ်လဲဆိုတာသာ ပြောပါ … ကျွန်တော့်အဖေက ဒီမှာ သြဇာအတော်ရှိပါတယ် … ခင်ဗျားတို့ကို သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ် တက်နိုင်အောင် ကူညီပေးရမလား”
ချူရွှမ်က လက်ဖျောက်တစ်ချက် တီးလိုက်ရင်း …
“အမှန်ပဲ မင်းတို့ မိသားစုနောက်ခံကို ငါရှာကြည့်ပြီးပြီ … အန်သိုနီ ဆိုတဲ့ အထက်လွှတ်တော်အမတ်တစ်ယောက်လဲ ရှိတယ်ဆိုတော့ မင်းအတွက် ဒါက လွယ်ပါလိမ့်မယ် … ငါတို့က သတ္တဝါမျိုးစိတ် ကျွမ်းကျင်သူတွေ ဖြစ်ပြီး ကျွန်းပေါ်က နမူနာတွေ စုဆောင်းချင်လို့ပါဆိုပြီး သူတို့ကို အကြောင်းကြားပေးရုံပဲ … မင်းက ရေတပ်အပေါ် ဩဇာမညောင်းပေမယ့် ပြတိုက်သေးသေးလေး တစ်ခုကိုတော့ ဩဇာညောင်းမှာပါ”
ရွှေရောင်ဆံပင်နှင့် လူငယ်က ဖုန်းထုတ်ပြီး ဆက်သွယ်လိုက်သည်။ အစပိုင်းတွင် ငြင်းပယ်ခံရပုံရသော်လည်း အတင်းအကျပ် တောင်းဆိုပြီးချိန်တွင်တော့ သူ့မျက်နှာပြုံးသွားသည်။ ဖုန်းချလိုက်ပြီး ရယ်မောလျက် …
“ပြဿနာမရှိပါဘူး … ကျွန်တော့်အဖေက ပြတိုက်မှူးဆီ ဖုန်းဆက်ပေးမယ်လို့ ပြောတယ် … ဒါဆို ဆရာ ... အခု ကျွန်တော့်ကို ကွန်ဖူးသင်ပေးလို့ ရပြီလား”
ဒါက နှုတ်ကတိဖြင့် ပြုလုပ်ထားသော သဘောတူညီချက် ဖြစ်သည်။ ကျန်းကျားအနေဖြင့် ငြင်းပယ်ရန် အကြောင်းမရှိချေ။ သူ့ခန္ဓာကိုယ်ကို ညွှန်ပြ၍ ချီ စီးဆင်းမှု လမ်းကြောင်းကို ရှင်းပြလိုက်သည်။ ထို့နောက် ချီ စွမ်းအင် အနည်းငယ်ကို ထိုလူငယ်၏ ကိုယ်ထဲသို့ ပို့လွှတ်လိုက်၏။ တိုက်ခိုက်ခြင်းမဟုတ်သဖြင့် သူထည့်သွင်းပေးလိုက်သည့် ချီ စွမ်းအင်သည် လူငယ်အတွက် အန္တရာယ် မရှိပေ။
ချီစွမ်းအင် စီးကြောင်းက ရွှေရောင်ဆံပင်နှင့် လူငယ်၏ ခန္ဓာကိုယ်အတွင်းတွင် နွေးထွေးသည့် ရေစီးကြောင်းလေးတစ်ခုလို လှည့်လည်သွားသည်။
ဆိုဖာပေါ်သို့ ကျန်းကျား ပြန်ထိုင်လိုက်သည်။ ရွှေရောင်ဆံပင်နှင့် လူငယ်က မျက်လုံးများ မှိတ်ထားပြီး ကျင့်စဉ်ကျင့်ကြံသည့် ပုံစံဖြင့် ဆက်၍ထိုင်နေဆဲ။ သူ့ဆံပင်အရောင်နှင့် နှာခေါင်းပုံစံက တရုတ်ကိုယ်ခံပညာရှင်များနှင့်မတူသော်လည်း ထိုင်နေပုံကတော့ ဟန်ကျပန်ကျပင်။
သူ့ပုံစံကိုကြည့်ပြီး ကမ်ပါနှင့် လော်ဂန်ဒိုတို့ တခွီးခွီး ရယ်နေကြသည်။ ချူရွှမ်က မျက်နှာသေဖြင့် …
“မနက်ဖြန် သင်္ဘောပေါ်တက်ဖို့ ပြင်ဆင်ရမယ် … မင်းတို့ကို ငါသတိပေးချင်တာ နှစ်ခုရှိတယ်”
“တစ် ... ငါတို့ရဲ့ အဓိကရည်မှန်းချက်က အဲဒီရူးနေတဲ့ သိပ္ပံပညာရှင်ကို ရှာဖို့ပဲ … ဒိုင်နိုဆောတွေကို သတ်ဖို့မဟုတ်ဘူး … ဒိုင်နိုဆောတွေကို ထောင်နဲ့ချီပြီး မသတ်ရင် ရမယ့် အမှတ်က အရမ်းနည်းတယ် … အစုလိုက်အပြုံလိုက် သတ်လိုက်ရင်လဲ ရေတပ်ရဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ် … အဲ့ဒါက ငါတို့ကို အန္တရာယ်ဖြစ်စေလိမ့်မယ်”
“နှစ် ... တကယ်လို့ ငါတို့ မဖြစ်မနေ တိုက်ခိုက်ရတော့မယ်ဆိုရင် ရန်သူက ဘယ်သူပဲဖြစ်ဖြစ် ညှာမနေနဲ့ … အပြစ်မဲ့တဲ့ ရေတပ်သားတွေ ဖြစ်နေရင်တောင် လက်မတွန့်နဲ့ … ရေတပ်က ငါတို့ရဲ့ ရန်သူဖြစ်လာခဲ့ရင် အားလုံးရှုပ်ထွေးသွားအောင် အနည်းဆုံး သူတို့ရဲ့ ဖျက်သင်္ဘော တစ်စီးကို မြုပ်ပစ်လိုက်ရမယ် … အဲဒါဆိုရင် သူတို့ရဲ့ လေယာဉ်တင်သင်္ဘောအုပ်စုက အဲဒီနေရာကို ရောက်လာလိမ့်မယ် … အဲဒီအချိန်ကျရင် ငါတို့က မိုးပျံဘုတ်ပြားကို သုံးပြီး အစ္စလာ နက်ဗြူလာ ကျွန်းထဲကို ခိုးဝင်ကြမယ်”
“ဒါကြောင့် မှတ်ထားပါ ... စတိုက်ပြီ ဆိုတာနဲ့ ဖျက်ဆီးနိုင်သမျှ အကုန်ဖျက်ဆီးပစ်ရမယ် … များများဖျက်ဆီးနိုင်လေလေ လေယာဉ်တင်သင်္ဘောအုပ်စုကို အဲ့ဒီဘက်ဆွဲခေါ်နိုင်ဖို့ အခွင့်အလမ်း ပိုများလေလေပဲ”
ကျန်းကျား၊ ကမ်ပါနှင့် လော်ဂန်ဒိုတို့ ဂလုခနဲ တံတွေး မျိုချလိုက်မိသည်။ ဘာပြန်ပြောလို့ ပြောရမှန်းမသိတော့။ ချူရွှမ့်အစီအစဉ်က တကယ် ရူးသွပ်လွန်းလှသည်။
“အစီအစဉ်က အရမ်းရူးသွပ်ရာကျနေလို့လား ... ဟင့်အင်း … ဒါက တွက်ချက်မှုတွေအရ အောင်မြင်နိုင်ခြေ အမြင့်ဆုံး ရလဒ်ပဲ … တကယ်လို့ သူတို့ကို ညဘက်မှာ အလစ်ဝင်တိုက်ခိုက်မယ်ဆိုရင် ကြီးကြီးမားမား ဖျက်ဆီးပစ်နိုင်တယ် … ငါတို့လက်ထဲမှာ ရှိတဲ့ မိုးပျံဘုတ်ပြား နဲ့ ဆွဲငင်အားမိုင်းတွေနဲ့ဆို သူတို့ရဲ့ လေယာဉ်တင်သင်္ဘောကို အလစ်တိုက်ပြီး မြှုပ်ပစ်လို့ရတယ်”
ချူရွှမ့် အပြုံးက စိတ်မမှန်သူတစ်ယောက်နှင့် တူလှသည်။
(ဒါက ငါမှတ်မိနေတဲ့ ချူရွှမ် အစစ်ပဲ … ဉာဏ်ကြီးရှင် သောက်ရူး)
ကျန်းကျားက …
“လုပ်မယ်ကွာ ... ဘာမှ ဂရုမစိုက်တော့ဘူး … ဘောနပ်မစ်ရှင်တွေကို လုပ်ဖို့ ဆုံးဖြတ်ပြီးမှတော့ နောက်ပြန်လှည့်စရာ မရှိတော့ဘူး … အစ္စလာ ဆိုနာ ကျွန်းမှာ သိပ္ပံပညာရှင် ဒါမှမဟုတ် လျှို့ဝှက်ချက်ကို ရှာမယ် ပြီးရင် အမေရိကန်ရေတပ်ကို တိုက်ခိုက်ကြတာပေါ့”
ကမ်ပါက အသက်ပြင်းပြင်းရှူလိုက်ရင်း …
“အမေရိကန်တွေနဲ့ တွေ့ပြန်ပြီပေါ့ … ငါ့ရဲ့ EMP ရိုင်ဖယ်က ရေတပ်သင်္ဘောတွေအပေါ်မှာ ဘယ်လောက် ထိရောက်မလဲဆိုတာ သိချင်နေပြီ … ဟားဟား”
လော်ဂန်ဒိုက ရွှေရောင်ဆံပင်နှင့် လူငယ်ဘက်သို့ လှည့်ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
“ခင်ဗျားတို့က သူ့ရှေ့မှာတင် ဒါတွေပြောနေတာ ဒီငနဲကို စကားလုံးတွေနဲ့တင် သတ်ဖို့ ကြံနေကြတာလား”
ကမ်ပါက ရယ်မောလိုက်ပြီး ရွှေရောင်ဆံပင်နှင့် လူငယ်ကို ခပ်ဖွဖွ တွန်းလိုက်ရာ ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားသည်။ ကျန်းကျားက ခေါင်းကို ကုတ်လိုက်ရင်း …
“သူ့ကို သတိလစ်အောင် လုပ်လိုက်တာကို မင်းတို့ ဘယ်အချိန်ကတည်းက သတိထားမိသွားတာလဲ”
“မင်း သူ့အနားကနေ မထွက်သွားခင် သူ့ရဲ့ လည်ပင်းသွေးကြောကို နှိပ်လိုက်တဲ့အချိန်ကတည်းက သိတာပေါ့ … ဒါက နာရီဝက်လောက် ကြာလိမ့်မယ်ဆိုတော့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့ ငါတို့မှာ အချိန်နည်းနည်း ကျန်သေးတယ် … သူနိုးလာတဲ့အထိ စောင့်ကြတာပေါ့”
ကျန်းကျားက ပြုံးလိုက်ရင်း …
“ဒါဆို ဒါပဲ … အရင်ဆုံး ဘောနပ်မစ်ရှင်ကို အောင်မြင်အောင် လုပ်မယ် … ပြီးရင် ရေတပ်ကို အလစ်ဝင်တိုက်ခိုက်မယ် … ပြီးရင် မိုးပျံဘုတ်ပြားကို သုံးပြီး အစ္စလာ နက်ဗြူလာ ကျွန်းကို ခိုးဝင်မယ် … လူသစ်သုံးယောက်ကို ဘယ်လိုထားခဲ့မလဲဆိုတာနဲ့ အလစ်ဝင်တိုက်ခိုက်တဲ့အခါ တစ်ယောက်ချင်းစီရဲ့ တာဝန်တွေကို ဆွေးနွေးရဦးမယ် … ရေတပ်ကို တိုက်ခိုက်မယ့် အစီအစဉ်က နည်းနည်းတော့ အန္တရာယ်များမယ့်ပုံပဲ … ဒါပေမယ့် အသက်နဲ့ ရင်းပြီး လုပ်ရမှာပဲ”
ချူရွှမ်က ခေါင်းညိတ်ပြလျက် …
“အမှန်တော့ ရေတပ်သင်္ဘောတစ်စီးကို မြုပ်ပစ်တာကလဲ ဘောနပ်မစ်ရှင် တစ်ခုဖြစ်မယ်လို့ ငါထင်တယ် … အမှတ်ဘယ်လောက်ရမလဲဆိုတာ မသေချာပေမယ့် ဆွဲငင်အားမိုင်းနဲ့ မှန်ကန်တဲ့နေရာကို တိုက်ခိုက်နိုင်ရင် သင်္ဘောတစ်စီးကို လွယ်လွယ်လေး မြုပ်ပစ်လို့ရတယ် … ပြီးရင် ရေဒါကနေ လွတ်အောင် ပင်လယ်ရေပြင်နဲ့ ကပ်ပြီး ပျံရမယ် … မိုးပျံဘုတ်ပြားမှာ ထောက်လှမ်းမှု ကာကွယ်တဲ့စနစ် ပါပြီးသားဆိုတော့ ညဘက်မှာ သိပ်စိုးရိမ်စရာ မလိုဘူး”
ထိုစဉ် ရွှေရောင်ဆံပင်နှင့် လူငယ်က တဝါးဝါး သမ်းဝေရင်း နိုးလာသည်။ နိုးနိုးချင်း ကျန်းကျားကို လက်သီးနှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်ပြီး …
“ဟားဟား ... အံ့ဩဖို့ကောင်းလိုက်တာ ဆရာရယ် … ကျင့်စဉ်ကျင့်နေတုန်း ကျွန်တော် အိပ်ပျော်သွားတာပဲ … ဆရာ့ရဲ့ ချီစွမ်းအင်က ကျွန်တော်ကြားဖူးတဲ့ ချီ စွမ်းအင်အတိုင်းပဲ”
ကျန်းကျားတို့က သူ့ကို အူကြောင်ကြောင် ပြန်ကြည့်လိုက်ကြသည်။ ချူရွှမ်က ပြုံးလိုက်ပြီး …
“အခု မင်းက ချီ စွမ်းအင်ကို သင်ယူနေပြီဆိုတော့ သူ့ရဲ့ တပည့်ဖြစ်သွားပြီပေါ့ … တပည့်တစ်ယောက်က သူ့ရဲ့ဆရာကို ဘယ်လို ဂါရဝပြုရမလဲဆိုတာ မင်းသိလား”
ရွှေရောင်ဆံပင်နှင့် လူငယ်က ခေါင်းညိတ်ပြရင်း …
“သိတာပေါ့ … ခင်ဗျားတို့ တစ်ယောက်ယောက်ကို သတ်ခိုင်းချင်လို့လား ...”
ချူရွှမ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
“အဲဒီလိုမျိုး မဟုတ်ပါဘူး … ငါတို့ အနားယူဖို့ နေရာတစ်ခု ရှာပေးစေချင်တာ … ငါတို့အသင်းမှာ နောက်ထပ် အဖွဲ့ဝင် သုံးယောက် ကျန်သေးတယ် … ပြီးတော့ ငါတို့ ပြောထားတဲ့အတိုင်း မနက်ဖြန် သင်္ဘောပေါ်တက်နိုင်အောင် စီစဉ်ပေးပါ”
လူငယ်က သဘောတူကြောင်း ခေါင်းညိတ်ပြ၍ အခန်းထဲမှ ပြေးထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် ပြန်ရောက်လာသည်။
“ဆရာ ... ကျွန်တော် အခန်းတွေ စီစဉ်ထားပြီးပါပြီ … ဒီအဆောက်အဦးရဲ့ ၂၇ ထပ်မှာပါ … ဒီမှာ သော့တွေ … အဲဒီအထပ်က ကြိုက်တဲ့အခန်းကို ရွေးယူလို့ရတယ် … ချီ စွမ်းအင်ကို သင်ယူရတာ ခက်ခဲမှန်း ကျွန်တော်သိပါတယ် … စလေ့ကျင့်ကျင့်ချင်း ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူးဆိုတာလဲ သိပါတယ် … ဒါပေမယ့် ကျွန်တော် ဇွဲမလျှော့ဘဲ ကြိုးစားသွားမှာပါ … ဆရာ့မျက်နှာ မပျက်စေရပါဘူး … ဟဲဟဲ”
သူ့စကားကြောင့် ကျန်းကျား ဆင်ခြေပေးရမည့် အလုပ် သက်သာသွားသည်။ ဒီလူမှာ တရုတ်ကွန်ဖူးကို တကယ် ရူးသွပ်သူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျန်းကျား၏ နှုတ်ခမ်းများ တွန့်သွား၏။ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရင်း ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ဝမ်ရှကို ဆက်သွယ်လိုက်သည်။ ထို့နောက် ထိုလူငယ်၏ တပည့်များလွှတ်၍ ဝမ်ရှတို့ကို သွားကြိုခိုင်းလိုက်သည်။
ညစာစားပြီးနောက် လူငယ်က ပြတိုက်မှ ခွင့်ပြုမိန့်များကို ကျန်းကျားတို့အား ပေးလိုက်သည်။ ထို့နောက် ကျန်းကျားကို ချီ စွမ်းအင် ထပ်မံထည့်သွင်းပေးရန် တောင်းဆိုပြန်သဖြင့် ကျန်းကျား မတတ်သာဘဲ သူ့ကို နောက်တစ်ကြိမ် သတိလစ်သွားအောင် လုပ်လိုက်ရသည်။ ပြန်သတိရလာချိန်တွင် ချီ စွမ်းအင် ၏ အံ့ဖွယ်အာနိသင်ကို ချီးကျူးနေသဖြင့် ကျန်းကျားတို့အဖွဲ့ အူတက်မတတ် ရယ်ရပြန်သည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ဆိပ်ကမ်းသို့ ကျန်းကျားတို့ ထွက်လာကြသည်။ လူသစ်သုံးယောက်ကိုတော့ အဆောက်အဦးထဲမှာပဲ ထားရစ်ခဲ့၏။ ကျန်းကျားက လော်ဂန်ဒိုကို ဆက်သွယ်ရေးကိရိယာ တစ်ခုပေးခဲ့ပြီး တီ-ရက်စ် ဥများကို ရရှိသည်နှင့် လာကြိုမည်ဟု ကတိပေးခဲ့သည်။
သယ်ယူပို့ဆောင်ရေးသင်္ဘောက မွန်းလွဲ (၂) နာရီတွင် ဆိပ်ကမ်းမှ ထွက်ခွါလာသည်။ အစ္စလာ ဆိုနာ ကျွန်းနှင့် သိပ်မဝေးလှသဖြင့် ည (၈) နာရီခန့်တွင် ကျွန်းသို့ ရောက်ရှိသွားသည်။ ကျွန်းတစ်ခုလုံး ဒိုင်နိုဆောများ၊ ရှေးဟောင်းအပင်များ၊ အင်းဆက်မျိုးစိတ်များဖြင့် ပြည့်နှက်နေသည်။
ကျွန်းနှင့် နီးကပ်လာသည်နှင့်အမျှ သားရဲတိရစ္ဆာန်များ၏ ကျယ်လောင်သော ဟိန်းဟောက်သံများကို ကြားနေရသည်။ ကျွန်းကို ဝန်းရံထားသော ရေတပ်သင်္ဘောအုပ်စုကိုကျန်းကျား တွေ့လိုက်ရသည်။ ထိုအုပ်စုတွင် ခရူဇာတိုက်သင်္ဘောများ၊ ဖျက်သင်္ဘောကြီးများနှင့် ဖရီးဂိတ်သင်္ဘောများ ပါဝင်သည်။ သင်္ဘောအချို့က ကျွန်းထဲသို့ အဝင်အထွက် ပြုလုပ်နေကြပြီး သင်္ဘောပေါ်တွင် သိပ္ပံပညာရှင်များနှင့် စစ်သားများ ပါဝင်ပုံရ၏။
“အားလုံး အဆင်သင့်ဖြစ်ပြီလား … ဒိုင်နိုဆောကျွန်းပေါ်ကို တက်ကြစို့”
***