သယ်ယူပို့ဆောင်ရေးသင်္ဘောကြီး ကျွန်းအနီးသို့ ရောက်ရှိချိန်တွင် ဖရီးဂိတ်သင်္ဘော နှစ်စီး ချဉ်းကပ်လာသည်။ ထို့နောက် ကျန်းကျားတို့ဆီသို့ ရေတပ်သားအချို့ ရောက်လာပြီး ကျွန်းပေါ်သို့ ပို့ဆောင်ပေးမည့် စက်တပ်လှေ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။
ကျန်းကျားတို့နှင့်အတူ လိုက်ပါလာသည့် ရေတပ်သားများထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပါဝင်ပြီး သူက လမ်းလျှောက်နေရင်း …
“မင်းတို့က မျိုးစိတ်ကျွမ်းကျင်သူတွေ မဟုတ်လား … သတ်မှတ်ထားတဲ့ ခြံစည်းရိုးတွေကို ကျော်မသွားဖို့ သတိထားကြ … ဒီမှာက ဒိုင်နိုဆောတွေတင်မကဘူး … အင်းဆက်မျိုးစိတ်အချို့ဆိုရင် တီ-ရက်စ် လောက်နီးနီး အန္တရာယ်များတယ် … ခြံစည်းရိုးတွေမှာ ပိုးသတ်ဆေးတွေ အများကြီး ဖြန်းထားရတယ်”
ကျန်းကျား ပြန်ပြောရန် ပြင်လိုက်စဉ် ချူရွှမ်က သူ့အင်္ကျီစကို ဆွဲ၍ဟန့်တားလိုက်ပြီး ကြားဖြတ်မေးလိုက်သည်။
“မင်းတို့က သူတို့ရဲ့ အရေအတွက်ကို ကြောက်တာလား ဒါမှမဟုတ် အရွယ်အစားကိုကြောက်တာလား … ငါသိသလောက်တော့ ရှေးဟောင်းအင်းဆက်တွေက ဧရာမအကောင်ကြီးတွေပဲ”
ဗိုလ်ကြီးက ခေါင်းညိတ်ပြရင်း …
“သိပ်ဟုတ်တာပေါ့ … လွန်ခဲ့တဲ့ လတွေအထိတော့ ဒီအင်းဆက်တွေက သာမန်ပါပဲ … ဒါပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကြီးထွားလာပြီး အရေအတွက်ကလဲ မြန်မြန်ဆန်ဆန် တိုးပွါးလာတယ် … ပြီးခဲ့တဲ့လက ငါ့လက်ဖျံလောက်ကြီးတဲ့ ခြင်တစ်ကောင်တောင် တွေ့ခဲ့ရသေးတယ် … ဒါပေမယ့် ဒီလထဲမှာတော့ အဲဒီအင်းဆက်တွေ အုပ်စုလိုက် သေကုန်ကြတယ် … အဲ့ဒါကြောင့် မင်းတို့ကို အင်းဆက်အလောင်းတွေ လာစုခိုင်းတာလား”
ချူရွှမ်က စဉ်းစားနေသဖြင့် ကျန်းကျား ဝင်ဖြေလိုက်သည်။
“ဟုတ်တယ် … ဒါပေမယ့် ငါတို့ကို အပင်တွေနဲ့ တိရစ္ဆာန် မစင်နမူနာတွေကိုပါ စုဆောင်းဖို့ အမိန့်ပေးထားတာ”
ဗိုလ်ကြီးက …
“အဲဒါတော့ ငါလဲ သိပ်မသိဘူး … ဘာပဲဖြစ်ဖြစ် ငါတို့ ရေတပ်သားတွေကတော့ ဒီကျွန်းပေါ်ကို ခြေမချချင်တော့တာ အမှန်ပဲ … ကမ်းခြေကို သိမ်းတုန်းကဆိုရင် သင်္ဘောပေါ်က အမြောက်တွေနဲ့ တစ်ကျွန်းလုံး ပြားပြားဝပ်သွားအောင် ပစ်ခဲ့ရတာ … အဲဒီလို လုပ်ခဲ့တာတောင် ကျွန်းပေါ်တက်တော့ ငါတို့လူတွေ အများကြီး သေခဲ့ရသေးတယ်”
ကျန်းကျားတို့အဖွဲ့ စက်တပ်လှေပေါ်သို့ တက်လိုက်ကြသည်။ အဝေးမှ လှမ်းကြည့်လျှင် ကျွန်းက ပန်းချီကားတစ်ချပ်လို လှပနေ၏။ ကျွန်းတစ်ခုလုံးကို ဆည်းဆာနေဝင်ချိန်၏ နီဖျော့ဖျော့ အလင်းရောင်များ ဖုံးလွှမ်းထားရာ ပုံပြင်ထဲက ကမ္ဘာတစ်ခုလိုဖြစ်နေ၏။
ဗိုလ်ကြီးက တီးတိုး ရေရွတ်လိုက်သည်။
“လှတယ်မလား … ဒီကျွန်းက အရင်ကတော့ ဘာမှမရှိတဲ့ မြေရိုင်းတစ်ခုပဲ … ဒါပေမယ့် ဒိုင်နိုဆောတွေနဲ့ အင်းဆက်တွေ ပေါ်လာပြီးတဲ့နောက်မှာ သစ်ပင်တွေက ပေပေါင်း ရာနဲ့ချီပြီး မြင့်လာခဲ့တယ် … အရင်က ဒီသစ်ပင်တွေက ဋရင်ကောက်ပင် လေးတွေ … သိပ္ပံပညာရှင်တွေဆိုရင် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ဒီကျွန်းက စားလို့ရတဲ့ အပင်တွေကို ယူသွားချင်နေကြတာ”
ထိုစဉ် (၅) မီတာခန့် ရှည်လျားပြီး အပြင်ဘက်တွင် သံချပ်ကာကဲ့သို့ အကြေးခွံများပါရှိသော ငါးကြီးတစ်ကောင် ပင်လယ်ရေပြင်ပေါ်သို့ ခုန်တက်လာသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းကျားတို့၏ စက်တပ်လှေကိုတော့ မတိုက်မိသွားချေ။
“ဒါကြောင့်ကိုး ...”
ချူရွှမ် တီးတိုး ရေရွတ်လိုက်သည်။
ကျန်းကျားက …
“ဘာဖြစ်လို့လဲ”
ဟု လေသံတိုးတိုးဖြင့် ပြန်မေးလိုက်၏။
ချူရွှမ်က ခေါင်းညိတ်ပြရင်း …
“အထောက်အထား မလုံလောက်သေးပေမယ့် ခန့်မှန်းရသလောက်တော့ ရှေးဟောင်းမျိုးစိတ်တွေ ဒီလောက်ကြီးထွားလာတာ လေထုထဲမှာ အောက်ဆီဂျင် ပမာဏ ပိုများလာလို့ပဲ ဖြစ်ရမယ် … ဒီကိစ္စမှာ အင်းဆက်တွေက တွားသွားသတ္တဝါတွေထက် ပိုပြီး ထိခိုက်လွယ်တယ် … လက်ရှိ ကမ္ဘာ့အောက်ဆီဂျင် ပမာဏနဲ့ဆိုရင် တွားသွားသတ္တဝါတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကြီးထွားလာတာနဲ့အမျှ တိဗက်ကုန်းပြင်မြင့်ပေါ် ရုတ်တရက် ရောက်သွားသလို ခံစားရပြီး အသက်ရှူရတာ ခက်ခဲလာလိမ့်မယ် … သူတို့ အသားကျဖို့ အချိန်အများကြီး လိုတယ် … အင်းဆက်တွေကတော့ သူတို့ရဲ့ အရွယ်အစားက အတိုင်းအတာတစ်ခုအထိ ရောက်သွားရင် ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး”
“ငါထင်တာကတော့ အဲဒီရူးနေတဲ့ သိပ္ပံပညာရှင်က မျိုးစိတ်တွေကို ပြောင်းလဲစေတဲ့ ဓာတ်ပစ္စည်းတစ်ခုခုကို ဖန်တီးခဲ့တာပဲ ဖြစ်ရမယ် … ခုနက ငါတို့မြင်လိုက်တဲ့ ငါးကလဲ ရှေးဟောင်းမျိုးစိတ်ပဲ … တခြား အပြောင်းအလဲတွေ ရှိနိုင်သေးပေမယ့် နောက်ဆုံးမှာတော့ ငါတို့ ကံကောင်းတယ်လို့ ပြောရမှာပဲ”
ကျန်းကျား မနေနိုင်ဘဲ ပြန်မေးလိုက်သည်။
“ကံကောင်းတယ် ဟုတ်လား ... ဘာလို့လဲ”
ချူရွှမ်က ပြန်ရှင်းပြလိုက်သည်။
“ဒိုင်နိုဆောတွေကို သေနတ်နဲ့ပစ်လို့ရပေမယ့် အင်းဆက်တွေက ပိုပြီး ခြိမ်းခြောက်မှုကြီးတယ်ဆိုတာ မင်းသိလား … ဒီအင်းဆက်တွေက ဒိုင်နိုဆောကြီးတွေအတွက် အန္တရာယ်သိပ်မရှိမယ့် အရေအတွက်နဲ့ ဝိုင်းတိုက်မယ်ဆိုရင် ငါတို့ကို လွယ်လွယ်လေး ဝါးမြိုသွားနိုင်တယ် … အဲဒါဆိုရင် အခက်အခဲအဆင့်က မြင့်တက်သွားလိမ့်မယ်”
ကျန်းကျား ခေါင်းညိတ်လိုက်မိသည်။ ထို့နောက် စက်တပ်လှေက ကမ်းခြေတွင် ဆိုက်ကပ်လိုက်၏။ ဗိုလ်ကြီးက လှေပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်ပြီး သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း …
“တော်သေးတာပေါ့ … ပင်လယ်ထဲမှာ ထူးဆန်းတဲ့ သတ္တဝါတွေ အများကြီးပဲ … လူတစ်ကိုယ်စာလောက်ရှိတဲ့ ခရုကြီးတွေဆိုရင် လှေပေါ်က ပြုတ်ကျတာနဲ့ မင်းကို စွပ်ခနဲ စုပ်ယူသွားလိမ့်မယ် … ကမ်းပေါ်ကို ဘေးကင်းကင်း ရောက်လာတာ ဘုရားမ, တာပဲ … ဘာလို့ ဒီကျွန်းကို ဒုံးပျံတွေနဲ့ပစ်ပြီး မဖျက်ဆီးလိုက်ကြတာလဲ မသိဘူး … ဒါဆို ငါတို့လဲ ဒီနေရာမှာ စောင့်နေစရာ မလိုတော့ဘူးပေါ့”
ဘန်ကာထဲမှ စစ်သားနှစ်ယောက် ထွက်လာပြီး လှေကို ကမ်းပေါ်သို့ ဆွဲတင်လိုက်ကြသည်။ ဗိုလ်ကြီးက …
“ငါ့နောက်က လိုက်ခဲ့ကြ … တောင်ကုန်းပေါ်မှာ မင်းတို့အတွက် အခန်းတွေ ပြင်ထားတယ်”
ကမ်းခြေမှ ကျွန်းအတွင်းပိုင်းသို့ (၁) ကီလိုမီတာခန့် ကွာဝေးသည်။ ကမ်းခြေမှ တောင်ကုန်းပေါ်သို့ တက်သွားရပြီး ထိုတောင်ကုန်း၏ အခြားတစ်ဖက်တွင် သံဆူးကြိုးများဖြင့် ကာရံထားသည်။ သံဆူးကြိုးများပေါ်တွင် ပုပ်ပွနေသည့် အသားစများနှင့် အင်းဆက်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ တွဲလောင်းကျနေသည်။ မြင်ကွင်းက စက်ဆုပ်ရွံရှာဖွယ်ရာအတိ။
ကျန်းကျားတို့အဖွဲ့ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ပြီး ဗိုလ်ကြီးနောက်သို့ လိုက်သွားကြသည်။ တောင်ကုန်းထိပ်တွင် အသစ်ဆောက်ထားသော အဆောက်အဦးတစ်ခု ရှိနေ၏။ အပြင်ပန်းကြည့်ရသည်မှာ သိပ်အထင်ကြီးစရာ မကောင်းသော်လည်း အတွင်းဘက်မှာတော့ ကျယ်ဝန်းပြီး ပရိဘောဂ အပြည့်အစုံ ရှိနေသည်။ လျှပ်စစ်ပစ္စည်းများနှင့် ကွန်ပျူတာများပင် ရှိသေးသည်။
စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် တစ်ယောက်တည်း အပြင်မထွက်ရအစချီသည့် စည်းကမ်းအချို့ကို ပြောကြားကာ ရေတပ်သားများက ကျန်းကျားတို့ကို အစားအသောက်များ လာပို့ပေးကြသည်။ အပြင်ဘက်က ပတ်ဝန်းကျင်ကို ထည့်မတွက်ပါက ဤနေရာရှိ နေထိုင်မှုအခြေအနေမှာ အပန်းဖြေစခန်းအချို့လောက်နီးနီး ကောင်းမွန်လှသည်။
ကျန်းကျားတို့လေးယောက် ညစာကို အမြန်စားလိုက်ကြသည်။ ည (၁၀) နာရီတွင် မီးများအားလုံး ပိတ်သွားပြီး ကျန်းကျားက လက်စွပ်ထဲမှ လက်နက်များနှင့် ပစ္စည်းများကို ထုတ်ယူလိုက်၏။
ကျန်းကျား၏ လက်တစ်ဖက်တွင် ဆုံလည်စက်သေနတ် ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် အိုဆိုင်းရစ်လှံကို ကိုင်ထားသည်။ ဆုံလည်စက်သေနတ်တစ်ဖက်၊ လှံတစ်ဖက်ကိုင်ထားသည့် ကျန်းကျား၏ ပုံစံက ထူးဆန်းနေသော်လည်း ထိုလက်နက်နှစ်ခုမှာ သူ့လက်ထဲတွင် အလွန်အစွမ်းထက်လှသည်။ အိုဆိုင်းရစ်လှံ သည် တီ-ရက်စ် နှစ်ကောင်လောက်ကို တစ်ချက်တည်းဖြင့် အသက်ထွက်သွားအောင် သတ်ဖြတ်နိုင်၏။
ဝမ်ရှကတော့ ဗယ်လိုစီရပ်တာများကို ခုခံရန် သာမန်ရိုင်ဖယ်တစ်လက်ကို ကိုင်ထားသည်။ သူ့အဓိကတာဝန်မှာ မိုင်းများနှင့် ချိန်ကိုက်ဗုံးများ ထောင်ရန်ဖြစ်သည်။ ဒိုင်နိုဆောကြီးတွေကိုတော့ ကျန်အဖွဲ့ဝင်များလက်ထဲ လွှဲထားလိုက်သည်။
ကမ်ပါကတော့ EMP ရိုင်ဖယ်ကြီး တကားကားနှင့် စတိုင်ထွားနေသည်။ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြသဖြင့် ကျေနပ်နေပုံရ၏။
ချူရွှမ်ကတော့ လက်နက်ကို အပြင်ထုတ်မထားချေ။ ဂေါက်စ် ပစ္စတိုများကို သူ့အင်္ကျီလက်ထဲတွင် ဝှက်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ရှိနေသည်။
ပြင်ဆင်မှုများ ပြီးဆုံးသွားသည့်အခါ ကျန်းကျားက မိုးပျံဘုတ်ပြားကို ထုတ်ယူလိုက်သည်။ မိုးပျံဘုတ်ပြားတွင် ကြိုးအချို့ ချည်နှောင်လိုက်၏။ ထို့နောက် ထွက်ပေါက်ဆီသို့ ဦးတည်လိုက်ကြသည်။
ကမ်ပါနှင့် ဝမ်ရှတို့က တံခါးစောင့် စစ်သားနှစ်ယောက်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး သူတို့၏လည်ပင်းကို လက်ဝါးစောင်းဖြင့်ရိုက်၍ သတိလစ်သွားအောင် လုပ်လိုက်ကြသည်။ ထို့နောက် ကျန်းကျားနှင့် ချူရွှမ်ကို ထွက်လာရန် အချက်ပြလိုက်၏။
“သွားကြစို့ ... တိုက်ပွဲ စပြီ”
ကျန်းကျားက မိုးပျံဘုတ်ပြား ပေါ်တက်လိုက်ပြီး ကျန်သုံးယောက်ကို ကြိုးဖြင့် ချည်၍ ဆွဲတင်လိုက်သည်။ ထို့နောက် တောနက်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ပျံသန်းဝင်ရောက်သွားကြ၏။ စခန်းခြံစည်းရိုးကို ဖြတ်ကျော်ပျံသန်းသွားချိန်တွင် လုံခြုံရေးအချက်ပြမီးများ လင်းမလာခဲ့ပေ။
“ဒါက ငါထင်ထားတဲ့အတိုင်း ဘော်လ်ဘစ်တစ် ဟျူးဒယ်လိုတီး မျိုးစိတ်ပဲ”
(TN - Bolbitis Heudelotii - အာဖရိကန် ရေမှော်ပင်ဟု လူသိများသည့် အပင်မျိုး)
ချူရွှမ်က သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ကို ထိကြည့်ရင်း ပြောလိုက်သည်။
တောထဲသို့ (၁)ကီလိုမီတာခန့် ဝင်ရောက်လာခဲ့ကြပြီးနောက် ချူရွှမ့်အကြံပေးချက်အရ မိုးပျံဘုတ်ပြား၏ စွမ်းအင်ကို ချွေတာရန်နှင့် လမ်းတွင်တွေ့သော ဒိုင်နိုဆောများကို သတ်ရန် ခြေလျင်ဆက်လျှောက်လာကြသည်။ ထို့အပြင် ဤကဲ့သို့ ထူထပ်လှသော တောအုပ်ထဲတွင် ပျံသန်းရသည်မှာ သိပ်ပြီး အဆင်မပြေလှချေ။
“ပြီးတော့ တဲရိုဆောတွေနဲ့တွေ့မှာလဲ ငါစိတ်ပူတယ် … ငါတို့မှာ သူတို့ကို ရှင်းပစ်နိုင်တဲ့ လက်နက်တွေ ရှိပေမယ့် လက်နက်တွေသုံးလိုက်ရင် ရေတပ်ကို ငါတို့ရှိနေကြောင်း အသိပေးသလို ဖြစ်သွားလိမ့်မယ် … သူတို့ရဲ့ လေတပ်ထောက်လှမ်းမှုတွေ … ပဲ့ထိန်းဒုံးကျည်တွေရဲ့ ရန်ကနေ ငါတို့ ရှောင်တိမ်းနိုင်မှာ မဟုတ်တော့ဘူး … အဲဒါကြောင့် သိပ္ပံပညာရှင်ကို ရှာမတွေ့မချင်း … ဘောနပ်မစ်ရှင် မပြီးမချင်း ရေတပ်နဲ့ ထိပ်တိုက်မတွေ့တာက အကောင်းဆုံးပဲ”
ချူရွှမ်က ပြောလိုက်သည်။
သူတို့၏ လက်နက်များထဲတွင် အိုဆိုင်းရစ်လှံ နှင့် ဂေါ့က်စ် ပစ္စတိုများကသာ အသံတိတ် တိုက်ခိုက်နိုင်သည်။ ချူရွှမ် ထိုပစ္စတိုများကို အသုံးပြုသည်ကို ဘယ်သူမှ မမြင်ဖူးကြသေးသော်လည်း အားနည်းမည့်ပုံမပေါ်ပေ။
ချူရွှမ်ကကျွန်း၏ မြေပုံကို ဒေါင်းလုဒ်ဆွဲယူထား၏။ ကျွန်း၏ ပုံသဏ္ဌာန်မှာ ပန်းကန်လုံးတစ်လုံးနှင့် တူပြီး အလယ်ပိုင်းသို့ ရောက်လေလေ မြေမျက်နှာသွင်ပြင်က နိမ့်ဆင်းသွားလေလေ ဖြစ်သည်။ ကျွန်းအလယ်တွင် စွန့်ပစ်ထားသော သုတေသနဌာနတစ်ခု ရှိပြီး ထိုနေရာမှာ သူတို့၏ ပန်းတိုင်ဖြစ်၏။ တောထဲတွင် ခြေဦးတည့်ရာ လျှောက်ရှာနေမည့်အစား ထိုနေရာကို သွားခြင်းက သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုပင်။ ထို့အပြင် ရူးသွပ်နေသည့် သိပ္ပံပညာရှင်မှာလဲ ကျွန်းပေါ်သို့ တစ်ကိုယ်တည်း လာခဲ့ခြင်းဖြစ်သဖြင့် ထိုသုတေသနဌာနကို အသုံးပြုနိုင်ခြေ အလွန်များသည်။
“ငါတို့က မြေမျက်နှာသွင်ပြင် သုံးမျိုးကို ဖြတ်ကျော်ရမယ် … ကျွန်းရဲ့ အပြင်ဘက်က ထူထပ်တဲ့ တောအုပ် … အဲဒါကို ကျော်ရင် မြက်ခင်းပြင် … ပြီးတော့ သုတေသနဌာန အနီးတစ်ဝိုက်က ရွှံ့နွံတောပဲ … အားလုံး အစီအစဉ်အတိုင်း ဖြစ်မယ်ဆိုရင် နေမထွက်ခင် အဲဒီကို ရောက်လိမ့်မယ်”
ချူရွှမ်က မြေပုံကိုကြည့်ရင်း ပြောလိုက်သည်။
ကမ်ပါက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မေးလိုက်သည်။
“ဘာလို့ အခုထိ ဒိုင်နိုဆော တစ်ကောင်မှ မတွေ့သေးတာလဲ … ဒီနေရာမှာ ဒိုင်နိုဆောတွေ ပြည့်နေတာဆို”
မြေပုံကြည့်နေသည့် ချူရွှမ်က ခေါင်းမဖော်ဘဲ ပြန်ဖြေလိုက်၏။
“တောထဲမှာနေတဲ့ ဒိုင်နိုဆော အများစုက အပင်စားသတ္တဝါတွေပဲ … ညဘက် အပြင်မထွက်ကြဘူး … အသားစားသတ္တဝါတွေကတော့ မြက်ခင်းပြင်တွေမှာပဲ အနေများတယ် … ဒိုင်နိုဆောတွေကို တွေ့ချင်တယ်ဆိုရင်တော့ မြက်ခင်းပြင်ကို သွားမှရမယ် … ဒါပေမယ့် မင်းရဲ့ ရိုင်ဖယ်က အစွမ်းထက်တဲ့အပြင် အသံလဲ ကျယ်လွန်းတယ် … အဲဒါကြောင့် အရေးပေါ် အခြေအနေ မဟုတ်ရင် EMP ရိုင်ဖယ် ကို မသုံးတာ အကောင်းဆုံးပဲ … ငါတို့ရဲ့ ပန်းတိုင်က ဘောနပ်မစ်ရှင်ကို တိတ်တိတ်လေး ပြီးအောင်လုပ်ပြီးမှ ရေတပ်ကို အလစ် တိုက်ခိုက်ဖို့ပဲ”
ကမ်ပါက ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်ရင်း …
“ပြီးရင် အစ္စလာ နက်ဗြူလာ ကျွန်းကို သွားမယ် မဟုတ်လား … နားလည်ပြီဟေ့ ... ဟားဟား … မင်းတို့ ပစ်အား အကြီးအကျယ် လိုအပ်တဲ့အချိန်ကျမှပဲ ငါ တိုက်ခိုက်တော့မယ်”
ကမ်ပါက ရိုင်ဖယ်ကို ပုခုံးပေါ် ထမ်းတင်လိုက်ရင်း ရယ်မောလိုက်သည်။
ကျန်းကျားက သူတို့ စကားပြောနေသည်ကို နားထောင်နေရင်း ရုတ်တရက် လေသံတိုးတိုးဖြင့် …
“ရှူး ... ကြားကြလား”
ချူရွှမ်တို့ (၃)ယောက်စလုံး ပတ်ဝန်းကျင်ကို သတိဖြင့် ရှာဖွေလိုက်ကြသော်လည်း အမှောင်ထုနှင့် တိတ်ဆိတ်မှုကသာ ကြီးစိုးထားသည်။ ကျန်းကျားကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြစဉ် ကျန်းကျားက သစ်ပင်တစ်ပင်ဆီသို့ ပြေးသွားပြီး သစ်ပင်ဘေးကို လှံဖြင့် ထိုးချလိုက်၏။ ကျန်းကျား ပြန်ပြေးလာချိန်တွင် လှံထိပ်တွင် လူကြီးလက်မောင်းလုံးခန့် ရှိသည့် ပိုးဟပ်ကြီးတစ်ကောင် တွဲလောင်းပါလာသည်။
“ဧရာမ အင်းဆက်တွေပဲ”
ကျန်းကျား မျက်မှောင်ကြုတ်လိုက်သည်။ လှံဆီမှ ပုပ်အဲ့အဲ့ အနံ့တစ်ခု ထွက်ပေါ်လာသည်။ ပိုးဟပ်ကြီးက မသေသေးဘဲ ရုန်းကန်နေ၏။
ချူရွှမ်ကတော့ အနံ့ကို ဂရုမစိုက်ဘဲ အနီးကပ် ကြည့်ရှုလိုက်သည်။
“ပိုးဟပ်ပဲ … ပိုးဟပ်တွေက အောက်ဆီဂျင် ပမာဏ နည်းပါးတဲ့ အခြေအနေမှာတောင် ရှင်သန်နိုင်တဲ့ အင်းဆက်မျိုးစိတ် အနည်းစုထဲက တစ်ခုပဲ … ပြီးတော့ ဒီပိုးဟပ်တွေက ဘာမဆို စားကြတယ် … သစ်သားကို စားပြီးတော့တောင် အသက်ရှင်နိုင်တယ် … ငါတို့ သွားမယ့်လမ်းအတွက်တော့ နည်းနည်း စိတ်ပူစရာ ဖြစ်လာပြီ”
ကျန်းကျားက မီးတောက်နီကို အသက်သွင်းလိုက်ရာ မီးတောက်က လှံထိပ်ဖျားအထိ ကူးစက်လောင်ကျွမ်းသွားသည်။ ပိုးဟပ်ကြီး ချက်ချင်း အငွေ့ပျံသွား၏။
“မင်းက အင်းဆက်တွေတိုက်ခိုက်မှာ စိုးရိမ်နေတာလား … ငါတော့ အရမ်းစိုးရိမ်နေစရာမလိုဘူးထင်တာပဲ … ဒီပိုးဟပ်တွေက ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး … ပြီးတော့ သူတို့ကို သတ်လို့လဲ အမှတ်မရဘူး … မြက်ခင်းပြင်ကို မြန်မြန်သွားပြီး ဒိုင်နိုဆောတွေကို အမဲလိုက်ရအောင်”
ချူရွှမ်က မတ်တတ်ရပ်လိုက်ပြီး …
“ဆက်သွားကြစို့ … အဖြေမှန်ကို ကောက်ချက်ချဖို့ ငါတို့မှာ အချက်အလက် မလုံလောက်သေးဘူး … မူလအစီအစဉ်အတိုင်းပဲ ဆက်လုပ်မယ်”
ကျန်းကျားတို့ (၃) ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။ အချိန်က ည (၁၀) နာရီ ကျော်သွားပြီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျနေပြီး တောရိုင်းထဲတွင် ရှိနေကျဖြစ်သော အင်းဆက်ပိုးမွှားကောင်လေးများ၏ အသံပင် တစိုးတစိမှ ထွက်ပေါ်မလာဘဲ တိတ်ဆိတ်နေသည်။ တစ်ခါတစ်ရံ အဝေးဆီမှ ဒိုင်နိုဆောများ၏ ဟိန်းဟောက်သံကို ကြားရသည်။ ကျန်သည့်အချိန်များတွင်တော့ အလွန်အမင်း တိတ်ဆိတ်လွန်းလှရာ ကျန်းကျားတို့သုံးယောက် စိတ်မသက်မသာ ဖြစ်လာကြသည်။
ကျန်းကျားတို့ တောအုပ်အတွင်းမှ ထွက်လာပြီး မြက်ခင်းပြင်ကို ရောက်တော့မှ ဒိုင်နိုဆောများကို စတင်တွေ့မြင်ရတော့သည်။ တောစပ်တွင် စတီဂိုဆောရပ်စ် အချို့ အိပ်ပျော်နေကြ၏။ စတီဂိုဆောရပ်စ်များ၏ ကျောပေါ်တွင် ၎င်းတို့၏ အမှတ်အသားဖြစ်သော ဆူးချွန်ချပ်များ ပါရှိသည်။ စတီဂိုဆောရပ်စ်များမှာ ကျန်းကျားတို့ ရောက်လာသည်ကိုပင် သတိမပြုမိဘဲ အေးအေးဆေးဆေး အိပ်မောကျနေကြသည်။
ကျန်းကျား၊ ကမ်ပါနှင့် ဝမ်ရှတို့မှာ တကယ့် ဒိုင်နိုဆောများကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သလို ရလာမည့် အမှတ်များအတွက် စိတ်လှုပ်ရှားနေကြသည်။ ကျန်းကျားက လှံကိုကိုင်ပြီး ရှေ့သို့ တက်ရန် ပြင်လိုက်စဉ် ချူရွှမ်က တားဆီးလိုက်သည်။
“နေဦး … ဒိုင်နိုဆောတွေကို အမဲမလိုက်ခင် ဘောနပ်မစ်ရှင်ကို အရင်ပြီးအောင်လုပ်ကြမယ် … အဲဒါဆိုရင် ရေတပ်က ငါတို့ကို တွေ့သွားရင်တောင် ငါတို့က မိုးပျံဘုတ်ပြား ပေါ်မှာဆိုတော့ သူတို့ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး … အပင်စားသတ္တဝါတွေက အမှတ်လဲ အရမ်းနည်းတယ် … ရှေ့ကို ဆက်သွားပြီး အသားစားသတ္တဝါတွေနဲ့ တွေ့မှ တိုက်ခိုက်ရအောင်”
ကျန်းကျားက ပုခုံးတွန့်ပြလိုက်ရင်း …
“ကောင်းပြီလေ ... ဒါဆို အခုပဲ စတိုက်လို့ရပြီ … ဗယ်လိုစီရပ်တာတွေက အသားစားသတ္တဝါတွေမဟုတ်လား”
ကျန်းကျားသည် အဖွဲ့ထဲတွင် ကိုယ်ခန္ဓာကြံ့ခိုင်မှု အကောင်းဆုံးဖြစ်ပြီး ပိန်းပိတ်အောင် မှောင်နေသည့် အမှောင်ထုထဲတွင် အဝေးဆုံးကို မြင်နိုင်သူဖြစ်သည်။ ဗယ်လိုစီရပ်တာ (၁၀)ကောင်ခန့် သူတို့ဘက်သို့ ပြေးလာနေကြသည်။ ဗယ်လိုစီရပ်တာများမှာ (၂)မီတာခန့် မြင့်ပြီး ခြေနှစ်ချောင်းဖြင့် ပြေးလွှားနေကြရာ တီ-ရက်စ် အသေးစားလေးများနှင့် တူလှသည်။ သူတို့၏ ကိုယ်ပေါ်တွင် ရောင်စုံအမွှေးအချို့ ကပ်ပါနေပြီး ထရိုင်စီရာတော့ပ်တစ်ကောင်ကို လိုက်လံဖမ်းဆီးနေကြသည်။
ကျန်းကျားသည် အစီအစဉ်ဆွဲသည့်နေရာတွင် ချူရွှမ်လောက် မထူးချွန်သော်လည်း တိုက်ခိုက်ရာတွင်တော့ ခေါင်းဆောင်ပီသလှသည်။ သူက အခြေအနေကို အကဲခတ်လိုက်ပြီး …
“ချူရွှမ် ... ဗယ်လိုစီရပ်တာတွေကို မင်းရှင်းလိုက် … ထရိုင်စီရာတော့ပ်ကို ငါရှင်းလိုက်မယ်”
ထို့နောက် လှံထဲသို့ ချီ စွမ်းအင်နှင့် သွေးစွမ်းအင်များ ထည့်သွင်းလိုက်ရာ လှံတစ်ခုလုံး ရွှေရောင်အလင်းများ တောက်ပလာ၏။ ထို့နောက် မီတာ (၁၀၀)ခန့် အကွာတွင် ရှိနေသည့် ထရိုင်စီရာတော့ပ်ဆီသို့ လှံကို အားကုန်လွှဲပစ်လိုက်သည်။
ထရိုင်စီရာတော့ပ်ကြီးမှာ (၇)မီတာခန့် မြင့်ပြီး (၄) တန်ခန့် လေး၏။ တင့်ကားကြီးတစ်စီးကဲ့သို့ ပြေးလွှားနေခြင်းဖြစ်ပြီး ကြံ့များနှင့် နှိုင်းယှဉ်လျှင် ကြံ့များမှာ ကစားစရာအရုပ်လေးများသဖွယ် ဖြစ်နေပေလိမ့်မည်။ ကျန်းကျားက လှံကို ပစ်လွှတ်လိုက်ချိန်တွင် ချူရွှမ်ကလဲ မျိုးဗီဇချိုးဖျက်သည့် အခြေအနေသို့ ဝင်ရောက်သွားပြီး ဗယ်လိုစီရပ်တာများရှိရာသို့ ပြေးထွက်သွားသည်။
လှံက ထရိုင်စီရာတော့ပ်၏ ဦးခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားသည်။ ထရိုင်စီရာတော့ပ်မှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ လဲကျသွား၏။ ဧရာမ ခန္ဓာကိုယ်ကြီးမှာ အရှိန်ဖြင့် ဆက်လက် လျှောပါသွားရာ မြေကြီးပေါ်တွင် နှစ်မီတာခန့် နက်သည့် မြောင်းကြီးတစ်ခု ဖြစ်သွားသည်။
ဗယ်လိုစီရပ်တာများဆီသို့ ချူရွှမ် ပြေးဝင်သွားသည်။ အင်္ကျီလက်ထဲမှ ဂေါက်စ်ပစ္စတို နှစ်လက် လျှောခနဲ ထွက်ပေါ်လာပြီး သူ့ မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက် ချူရွှမ့်ပစ္စတိုများမှာ အရပ်မျက်နှာအနှံ့သို့ စတင်ပစ်ခတ်လေတော့သည်။ သူ့ လှုပ်ရှားမှုများမှာ ကကြိုးတစ်ခုအလား ကြည့်၍ကောင်းလှသည်။
ဗယ်လိုစီရပ်တာများကို အသိဉာဏ်မြင့်မားသည့် ဒိုင်နိုဆောများအဖြစ် သတ်မှတ်နိုင်သည်။ လူ (၄) ယောက်ကို မြင်လိုက်ရချိန်တွင် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း ချူရွှမ် တစ်ယောက်တည်း ပြေးလာသည်ကို မြင်တော့ သူ့ကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။
ချူရွှမ်သည် မျက်လုံးမှိတ်ထားရင်းနှင့်ပင် ပစ်ချက်တိုင်းကို ထိမှန်အောင် ပစ်ခတ်နိုင်ရာ ကျန်းကျားတို့ အံ့အားသင့်သွားကြသည်။ ဂေါက်စ်ပစ္စတို များမှာ အသံအလွန်တိုးသော်လည်း စွမ်းအားကတော့ အံ့မခန်းပင်။ ဗယ်လိုစီရပ်တာတစ်ကောင်၏ ဦးခေါင်း တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားသလို ခန္ဓာကိုယ်တွင်လဲ ပန်းကန်ပြား အရွယ်အစားခန့် အပေါက်ကြီးများ ဖြစ်သွားသည်။
ချူရွှမ့် ပစ်ခတ်မှု နည်းစနစ်မှာ အံ့ဩစရာကောင်းလှသည်။ သူ့ဆီသို့ ခုန်အုပ်လာသော မည်သည့် ဗယ်လိုစီရပ်တာမဆို ချက်ချင်း အသတ်ခံလိုက်ရသည်။ ချူရွှမ်က ဗယ်လိုစီရပ်တာများ၏ လှုပ်ရှားမှုကို ကြိုတင်သိမြင်နေခြင်းကြောင့်မဟုတ်။ သူက သတ်မှတ်ထားသော ပုံစံတစ်ခုအတိုင်း အရပ်မျက်နှာအနှံ့သို့ မနားတမ်း ပစ်ခတ်နေခြင်းဖြစ်ပြီး ဗယ်လိုစီရပ်တာ မရှိသည့် နေရာများကိုပါ ပစ်ခတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းကျားက ကမ်ပါနှင့် ဝမ်ရှတို့ကို မြေပြင်ပေါ်တွင် ဝပ်နေခိုင်းလိုက်ရသည်။ ချူရွှမ့်လက်ချက်ဖြင့် မတော်တဆ သေသွားလျှင် အတော်လေး ရင်နာစရာကောင်းပေလိမ့်မည်။
ဗယ်လိုစီရပ်တာ (၈)ကောင် သေဆုံးသွားပြီးနောက် ချူရွှမ့်မျက်လုံးများ ပြန်ပွင့်လာပြီး ကျန်နေသည့် အကောင်များကို အပြတ်ရှင်းလိုက်သည်။ ထို့နောက် ထိုနေရာမှာတင် ငြိမ်ကျသွားပြီး တစ်ခုခုကို စဉ်းစားနေသည်။
ကျန်းကျားက ထရိုင်စီရာတော့ပ် ကိုယ်ထဲမှ လှံကို ဆွဲထုတ်လိုက်ပြီး ချူရွှမ့်ဆီ လျှောက်သွားရင်း မေးလိုက်သည်။
“ဒါက မင်းရဲ့ ပစ်ခတ်ခြင်းအနုပညာဆိုတဲ့ဟာလား … သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ပစ်နေတာနဲ့ တူပေမယ့် မျက်လုံးမှိတ်ထားဖို့တော့ မလိုဘူး ထင်တယ်”
ချူရွှမ်က အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဒါက တကယ့် ပစ်ခတ်ခြင်းအနုပညာစွမ်းရည် မဟုတ်သေးဘူး … အဲဒီစွမ်းရည်က အရမ်းဈေးကြီးလွန်းတယ် … ဒါပေမယ့် ငါက အဲဒီအခြေခံ သီအိုရီကို သိထားလို့ အခု တကယ် ဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်ကြည့်တာ … သီအိုရီကတော့ တကယ် အလုပ်ဖြစ်ပုံရတယ် … ပြင်ဆင်ရမယ့် နေရာတချို့တော့ ရှိသေးတာပေါ့”
ဒိုင်နိုဆော အလောင်းများကို ကြည့်ပြီး ကမ်ပါနှင့် ဝမ်ရှတို့ သက်ပြင်းချလိုက်ကြသည်။ သေနတ်သံ ထွက်မည်စိုးသဖြင့် သူတို့နှစ်ယောက်စလုံး လက်နက်များကို အသုံးမပြုနိုင်ကြပေ။ ကျန်းကျားနှင့် ချူရွှမ်တို့ ဒိုင်နိုဆောများကို သတ်၍ အမှတ်များ ယူနေတာကို ကြည့်ပြီး အားကျနေကြသည်။
ကျန်းကျားတို့ ရှေ့သို့ ဆက်လျှောက်လာကြစဉ် ချူရွှမ်က ရုတ်တရက် …
“ရုပ်ရှင်ဇာတ်ကောင်တစ်ယောက်ကို နတ်ဘုရားနယ်မြေကို ပြန်ခေါ်သွားလို့ရတဲ့ လက်ပတ်နာရီ တစ်လုံးအကြောင်း မင်း ပြောဖူးတာ ငါမှတ်မိတယ် … လူမဟုတ်တဲ့ သက်ရှိတွေဆိုရင်ရော ခေါ်လို့ရနိုင်မလား … တဲရိုဆောဖြစ်ဖြစ် ထရိုင်စီရာတော့ပ်ဖြစ်ဖြစ် ဒါမှမဟုတ်လဲ တီ-ရက်စ်တွေဖြစ်ဖြစ်ပေါ့”
ကျန်းကျား ကြောင်အမ်းအမ်းဖြစ်သွား၏။
“ငါလဲ သေချာမသိဘူး … ရှင်းလင်းချက်ထဲမှာတော့ ရုပ်ရှင်ဇာတ်ကောင်လို့ပဲ ပြောထားတာ … ပြန်ရောက်ရင်တော့ ထပ်စစ်ကြည့်ရမှာပဲ … ဒါပေမယ့် အဲဒါနဲ့ ဘာလုပ်မလို့လဲ … သိပ်ပြီး အသုံးဝင်မယ်မထင်ဘူး”
ချူရွှမ်က ခေါင်းခါလိုက်သည်။
“ရုပ်ရှင်တိုင်းမှာ အသုံးဝင်တဲ့ သက်ရှိအမျိုးအစားတွေ ရှိနိုင်တယ် … Starship Troopers ကို သိတယ်မလား … တကယ်လို့ ငါတို့က ပိုသန်မာတဲ့ အင်းဆက်တစ်ကောင်ကို ခေါ်လာနိုင်ပြီး အဲ့ဒီသတ္တဝါကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဘာတွေလုပ်လို့ရမယ်လို့ မင်းထင်လဲ … သူတို့ကို ခေါ်လာဖို့တော့ မလွယ်ဘူး … ပြီးတော့ တခြားကမ္ဘာတွေထဲကို ပြန်သယ်သွားလို့ ရမရဆိုတာကိုလဲ ငါမသေချာဘူး … သူတို့ရဲ့ ဧရာမခန္ဓာကိုယ်ကြီးတွေနဲ့ တယ်လီပို့အလင်းတန်းထဲကို ဘယ်လိုဝင်မလဲ … ဒီပြဿနာနှစ်ခုကို ဖြေရှင်းနိုင်ရင် ငါတို့မှာ ရွေးချယ်စရာတွေ အများကြီးရှိလာမယ် … ဥပမာ Lord of the Rings ထဲက နဂါးတွေ … လင်းယုန်ကြီးတွေ ဒါမှမဟုတ် မူမာကေးလ် ဆင်ကြီးတွေလိုမျိုးပေါ့ … နတ်ဘုရားနယ်မြေမှာ မင်းရှာမတွေ့သေးတဲ့ အဆုံးမဲ့ ဖြစ်နိုင်ခြေတွေ အများကြီးရှိတယ်”
(Lord of the Rings - ၂၀၀၁ ခုနှစ်ထုတ်၊ သုံးကားတွဲရုပ်ရှင်၊ အလယ်ကမ္ဘာဆိုသည့် စိတ်ကူးယဉ်ကမ္ဘာတွင် ဇာတ်အိမ်တည်ထားပြီး ဖရိုဒိုဘက်ဂင်ဆိုသည့် ဟော့ဘစ်လေးတစ်ယောက်နှင့် အဖော်များက မိစ္ဆာအရှင်သခင် ဆော်ရွန်ကို နှိမ်နင်းရန် ဆော်ရွန်ဖန်တီးထားသည့် ‘အားလုံးကို အုပ်စိုးမည့် လက်စွပ်’ ကို ဖျက်ဆီးရန် ကြိုးစားကြသည့်အကြောင်းရုပ်ရှင်)
ကျန်းကျား ခေါင်းညိတ်လိုက်စဉ် ချူရွှမ်က ဆက်မေးလိုက်သည်။
“မင်းရဲ့ သွေးစွမ်းအင် အကုန်ကုန်သွားရင် ပြန်ပြည့်ဖို့ ဘယ်လောက်ကြာမလဲ”
“ငါးနာရီကနေ ခြောက်နာရီလောက်ပဲ … ဘာလို့လဲ ... ငါ ပေါက်ကွဲခြင်းစွမ်းရည်ကို သုံးရတော့မှာလား”
ချူရွှမ်က မြေပုံ ထုတ်၍ နေရာအချို့ကို တိုင်းတာကြည့်ရင်း …
“အနူဘစ် စစ်တပ်ကို ဆင့်ခေါ်လိုက် … သူတို့ကို အပင်စား ဒိုင်နိုဆောတွေနဲ့ အကောင်သေးတွေကို အမဲလိုက်ခိုင်းမယ် … ကျွန်းရဲ့ အလယ်ဗဟိုကို ရောက်ဖို့ လေးနာရီကျော် ကြာဦးမှာ … အဲဒီအချိန်ကျရင် မင်းရဲ့ သွေးစွမ်းအင် အကုန်ပြန်မပြည့်သေးရင်တောင် ပေါက်ကွဲခြင်းစွမ်းရည် ကိုတော့ သုံးနိုင်ဦးမှာပဲ … အသုံးဝင်တဲ့ အရင်းအမြစ်တွေကို အလဟဿ အဖြစ်မခံဘဲ အမှတ်တွေ စုရမယ်”
ချူရွှမ့်အကြံက ကောင်းလှသည်။ အနူဘစ်စစ်သည်တော်များသည် သူတို့၏ ဦးခေါင်း မပျက်စီးမချင်း မသေနိုင်ကြချေ။ အရပ်အမြင့် (၃) မီတာလောက် ရှိသည့်အတွက် ဗယ်လိုစီရပ်တာများထက်လဲ အကောင်ပိုကြီး၏။
‘သာမန်’ အခက်အခဲအဆင့်အကြောင်း တွေးမိပြီး ကျန်းကျား သက်ပြင်းချလိုက်သည်။ ဒီကမ္ဘာထဲသို့ သူ ရောက်လာကတည်းက ကြုံခဲ့ရသမျှ ရုပ်ရှင်တိုင်းမှာ တစ်ဖွဲ့လုံး သေကျေပျက်စီးနိုင်လောက်သည့် အခက်အခဲတွေချည်း ဖြစ်ခဲ့သည်။ အသက်ရှင်ဖို့တောင် ကံတရားအပေါ် ပုံအပ်ထားရချိန်တွင် အမှတ်များရရန် ဘောနပ်မစ်ရှင်များ လိုက်ရှာရန် မဖြစ်နိုင်ချေ။ ဒီရုပ်ရှင်ကမ္ဘာထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း ဘာအန္တရာယ်မှမရှိဘဲ အမှတ်တွေ ရနေတာက တကယ်နေလို့ထိုင်လို့ ကောင်းလှသည်။
အနူဘစ်လက်ဝတ်တန်ဆာကို ကျန်းကျား ထုတ်ယူလိုက်သည်။ ကင်းမြီးကောက်ဘုရင်ကို သတ်ပြီးတော့မှ ထိုလက်ပတ်က ကျန်းကျားလက်မှ ပြန်ပြုတ်ထွက်လာခြင်းဖြစ်ပြီး သုံးချင်လျှင် ပြန်ဝတ်လိုက်ရုံသာရှိ၏။ ကျန်းကျား၏ သွေးစွမ်းအင်များ လျော့နည်းသွားပြီး မြေကြီးထဲမှ အနူဘစ်စစ်သည်တော် (၃၀၀) တိုးထွက်လာသည်။
ကျန်းကျားက ဒိုင်နိုဆောများကို အမဲလိုက်ရန် အမိန့်ပေးလိုက်ရာ အနူဘစ်စစ်သည်တော်များသည် လူ (၅၀) စီပါသော အဖွဲ့ (၆) ဖွဲ့အဖြစ် ခွဲထွက်သွားကြသည်။ ထို့နောက် အပင်စား ဒိုင်နိုဆောများရှိရာသို့ ချီတက်သွားကြတော့သည်။ အနူဘစ်စစ်သည်တော်များ လက်ချက်ဖြင့် စတီဂိုဆောရပ်စ် တစ်ကောင်လဲကျသွားသဖြင့် ကျန်းကျား စိတ်လှုပ်ရှားသွားသည်။ ဒိုင်နိုဆောများက ကြီးမားကြသော်လည်း အနူဘစ်စစ်တပ်က လူပိုများ၏။ အပင်စား ဒိုင်နိုဆောများမှာ အနူဘစ်စစ်တပ်၏ တိုက်ခိုက်မှုအောက်တွင် အများအပြား လဲကျသေဆုံးနေကြပြီး အချို့အကောင်များကသာ ပြန်လည်တိုက်ခိုက်နိုင်ကြသည်။
ကျန်းကျား၊ ကမ်ပါနှင့် ဝမ်ရှတို့မှာ ရှေ့သို့ဆက်လျှောက်ရင်း တဖြည်းဖြည်း စိတ်ဓာတ်တက်ကြွလာကြသော်လည်း ချူရွှမ်ကတော့ မျက်မှောင်ကြုတ်နေ၏။ (၁)နာရီခန့်အကြာတွင် ကျန်းကျား မနေနိုင်တော့ဘဲ မေးလိုက်သည်။
“ဒီရုပ်ရှင်က မလွယ်လွန်းဘူးလား … ငါတို့ တီ-ရက်စ် နဲ့ မတွေ့ရသေးဘူးဆိုပေမယ့် ငါတို့ဆီမှာရှိတဲ့ ပစ်အားတွေနဲ့ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး … မင်း ဘာကို စိုးရိမ်နေတာလဲ”
မျက်မှောင်ကြုတ်ထားဆဲဖြစ်သည့် ချူရွှမ်က …
“လွယ်လွန်းနေမှာကို ကြောက်တာ … ဒိုင်နိုဆောတွေက သာမန်လူတွေနဲ့ စစ်သားတွေအတွက် အန္တရာယ်ရှိနိုင်ပေမယ့် လက်နက်အပြည့်အစုံရှိပြီး အနူဘစ်စစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ ငါတို့အတွက်တော့ အရမ်းလွယ်ကူလွန်းနေတယ် … ဒါက လူ ၇ ယောက်ပါတဲ့ အခက်အခဲအဆင့်နဲ့ ကိုက်ညီနေပေမယ့် ဘောနပ်မစ်ရှင်ကတော့ ဒီလောက်လွယ်မှာမဟုတ်ဘူးလို့ ငါထင်တယ် … တကယ်လို့ ငါတို့က ဒီအတိုင်းပဲ အသက်ရှင်လျက် ပြန်ဖို့ ဒါမှမဟုတ် ဒိုင်နိုဆော တွေကိုပဲ အမဲလိုက်ဖို့ ရွေးချယ်မယ်ဆိုရင် ဒီရုပ်ရှင်က ငါတို့တစ်ယောက်ချင်းစီကို အမှတ် ၃၀၀၀ စီ အလကားပေးနေတာပဲ … ဒါပေမယ့် ဘောနပ်မစ်ရှင် နှစ်ခုစလုံးကတော့ အရမ်း ခက်ခဲမှာဖြစ်သလို ငါတို့တစ်ဖွဲ့လုံးကိုတောင် အပြတ်ရှင်းပစ်နိုင်စွမ်း ရှိလိမ့်မယ် … လမ်းတစ်လျှောက်မှာ ငါတွေ့ခဲ့ရတဲ့ သဲလွန်စတွေအရ ငါတို့ရဲ့ ပထမဆုံး ဘောနပ်မစ်ရှင် ဖြစ်နိုင်တာက … ရှေးဟောင်းအင်းဆက်တွေပဲ”
***