နှစ်သန်းပေါင်းများစွာအကြာက ကမ္ဘာကြီးကို စိုးမိုးခဲ့သည့် မျိုးစိတ်တစ်ခုနှင့် လက်ရှိအချိန်တွင် ကမ္ဘာကြီးကို စိုးမိုးထားသည့် မျိုးစိတ်တစ်ခု ထိပ်တိုက်ရင်ဆိုင်မိကြရာတွင် လက်နက်ကြီးများ ကိုင်ဆောင်ထားသော လူသားများသည် ဒိုင်နိုဆောများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ လေ့ကျင့်ထားသည့် စစ်သားများသာဆိုလျှင် တီ-ရက်စ်ကိုပင် မှုစရာမလိုချေ။ သို့သော် ဧရာမအင်းဆက်ကြီးများကတော့ ဒိုင်နိုဆောများအတွက် သာမန်သာ ဖြစ်သော်ငြား လူသားများအတွက်တော့ ဒိုင်နိုဆောများထက်ပင် ပိုပြီးအန္တရာယ်များ၏။ အင်းဆက်များမှာ အရွယ်အစား ကြီးမားလာသည့်အပြင် အရေအတွက်ကလဲ များပြားလှရာ သေနတ်များဖြင့် ထိထိရောက်ရောက် မသတ်ဖြတ်နိုင်ပေ။
“တကယ်လို့ ကျွန်းရဲ့အလယ်ဗဟိုမှာ အင်းဆက်တွေ အများကြီး အသက်ရှင်နေသေးတယ်ဆိုရင် အဲဒါက ငါတို့အတွက် အကြီးမားဆုံး အန္တရာယ်ပဲ … အန္တရာယ်နဲ့ ဆုလာဘ်အကြောင်း မှတ်မိသေးလား … မင်း အဖွဲ့ဝင်လူဟောင်းတွေကို ပြန်အသက်သွင်းဖို့ အမှတ်တွေ လိုချင်လား ဒါမှမဟုတ် ဘေးကင်းကင်းပဲ ပြန်ချင်လား”
ချူရွှမ်က မေးလိုက်သည်။
ကျန်းကျားက တွေဝေမနေဘဲ ပြန်ဖြေလိုက်သည်။
“ငါတို့ ဒီအထိ ရောက်လာပြီးပြီပဲ … ဒီရုပ်ရှင်ကမ္ဘာတွေထဲမှာ ဘေးကင်းတဲ့နေရာဆိုတာ အစကတည်းက မရှိဘူး … နောက်ရုပ်ရှင်တွေမှာ အသက်ရှင်ဖို့ ကြိုးစားနေမယ့်အစား ငါလုပ်နိုင်သမျှ ဘောနပ်မစ်ရှင်တွေကို အောင်မြင်အောင်လုပ်ပြီး နတ်ဘုရားက ငါ့ကို ဘာတွေနဲ့ ရင်ဆိုင်ခိုင်းပါစေ ဂရုစိုက်စရာမလိုအောင် အစွမ်းထက်လာမယ့် လမ်းကိုပဲ ငါရွေးချယ်မယ် … ဒါက ငါ့ရဲ့ကိုယ်ပွါးရွေးချယ်ခဲ့တဲ့ လမ်းစဉ်နဲ့အတူတူပဲလို့ ငါထင်တယ်”
ချူရွှမ်က ခေါင်းညိတ်ပြရင်း …
“ကောင်းပြီလေ … ဒါဆို အဲဒီသိပ္ပံပညာရှင် ဘာတွေလုပ်ခဲ့လဲဆိုတာ သွားကြည့်ကြတာပေါ့”
လမ်းခရီးတွင် ဒိုင်နိုဆောအလောင်းများကို မကြာခဏဆိုသလို တွေ့ရသည်။ အနူဘစ်စစ်တပ်၏ လက်ချက်ပင်။ သာမန်သတ်ဖြတ်မှုများအတွက် သတိပေးချက်များ ထပ်ပြီး ပေါ်မလာတော့သဖြင့် အမှတ်ဘယ်လောက်ရရှိသည်ကို ကျန်းကျား အတိအကျမသိချေ။ သို့သော် သူတွေ့ခဲ့ရသော အလောင်းများအရ အနည်းဆုံး အမှတ် (၁၀၀၀) ခန့်တော့ရနိုင်၏။
ရုတ်တရက် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တဝုန်းဝုန်း တုန်ခါလာသည်။ ကျန်းကျားတို့၏ ခေါင်းထဲတွင် တီ-ရက်စ် ၏ ပုံရိပ် ဖျတ်ခနဲ ပေါ်လာ၏။
ထရိုင်စီရာတော့ပ်ကို တိုက်ခိုက်နေသည့် အနူဘစ်စစ်သည်တော်များအနီးတွင် အမြင့် (၁၀) မီတာခန့်ရှိသော တီ-ရက်စ် တစ်ကောင်ပေါ်လာသည်။ တီ-ရက်စ်က သူ့ လမ်းတွင်ရှိနေသည့် စစ်သည်တော်များကို ခြေထောက်ဖြင့် နင်းခြေပစ်လိုက်သည်။ ခေါင်းတစ်ခါငုံ့ပြီး ကိုက်လိုက်တိုင်း ဧရာမပါးစပ်ကြီးထဲတွင် စစ်သည်တော် နှစ်ဦး၊ သုံးဦးခန့် ပါသွားသည်။ ထို တီ-ရက်စ် ၏ လက်ချက်ဖြင့် ထရိုင်စီရာတော့ပ်ကို တိုက်ခိုက်နေသည့် အနူဘစ်စစ်သည်တော် ထက်ဝက်ခန့် တစ်စစီဖြစ်သွား၏။ ထို့နောက် တီ-ရက်စ်က ကျန်းကျားတို့ (၄)ယောက်ကို မြင်သွားပြီး သူတို့ရှိရာသို့ တည့်တည့်ကြီး ပြေးဝင်လာတော့သည်။
EMP ရိုင်ဖယ်ကြီးနှင့် ထိုးချိန်လိုက်သည့် ကမ်ပါ့ကို ကျန်းကျား တားဆီးလိုက်ပြီး အိုဆိုင်းရစ်လှံဖြင့် ပစ်ရန် ချိန်ရွယ်လိုက်သည်။ လှံထဲသို့ ချီ စွမ်းအင် နှင့် သွေးစွမ်းအင်များ စီးဝင်သွားပြီး လှံကရွှေရောင်တောက်ပလာသည်။ ထိုအချိန်တွင် တီ-ရက်စ် မှာ သူတို့နှင့် မီတာ (၁၀၀)ပင် မဝေးတော့ပေ။ ကျန်းကျားက တီ-ရက်စ်၏ ခေါင်းတည့်တည့်ကို လှံဖြင့်ပစ်လိုက်သည်။ အလင်းတန်းတစ်ခု ပျံသန်းသွားပြီး တီ-ရက်စ်၏ ဦးခေါင်း ပျောက်ကွယ်သွားသည်။ ဧရာမ ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွား၏။
အိုဆိုင်းရစ်လှံသည် ဒုံးကျည်အသေးစားလေးလိုပင် အဖျက်စွမ်းအားကြီးလှသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ချီ စွမ်းအင်နှင့် သွေးစွမ်းအင် နှစ်မျိုးလုံးကို ကုန်ခမ်းစေပြီး တစ်ကြိမ်သာ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ အသက်လုနေရသည့် တိုက်ပွဲအတွင်းတွင် လှံကို ပြန်သွားကောက်ရန် မဖြစ်နိုင်ချေ။
ကျန်းကျား ကိုယ်ဖော့ပညာနှင့် ပြေးသွားပြီး လှံကို ကောက်ယူလိုက်သည်။ ထိုစဉ် မြေပြင်တစ်ခုလုံး တစ်ဝုန်းဝုန်း ထပ်မံတုန်ခါလာပြီး တီ-ရက်စ် များ သူတို့ရှိရာသို့ ပြေးလာကြသည်။ ချူရွှမ်က ကမ်ပါနှင့် ဝမ်ရှတို့ကို တားဆီးလိုက်ပြီး …
“အချိန်မကျသေးဘူး … ကျန်းကျား ... မိုးပျံဘုတ်ပြားကို သုံးတော့ … အခက်အခဲအဆင့်က တိုးလာပြီဆိုတော့ ငါတို့ ဘောနပ်မစ်ရှင်နဲ့ နီးနေပြီနေမှာ … သုတေသနဌာနကို အရင်ဆုံး သွားကြည့်ကြရအောင် … အဲဒါဆိုရင် ရေတပ်က ငါတို့ကို တွေ့သွားမှာကို စိုးရိမ်စရာမလိုတော့ဘူး”
ကျန်းကျားက ချူရွှမ်တို့ဆီသို့ ပြန်ပြေးလာရင်း မိုးပျံဘုတ်ပြားကို ထုတ်လိုက်သည်။ မိုးပျံဘုတ်ပြားတွင် ကြိုးများ ချည်နှောင်ထားဆဲဖြစ်သည်။ ချူရွှမ်တို့ (၃)ယောက်လုံး ကိုယ့်ကိုယ်ကိုယ် သေချာချည်နှောင်ပြီးချိန်တွင် ကျန်းကျားက မိုးပျံဘုတ်ပြား ကို မောင်းနှင် ပျံသန်းလိုက်သည်။
မိုးပျံဘုတ်ပြား တစ်ခုတည်းသာ ရှိသော်လည်း အလွန်အသုံးဝင်လှသည်။ ကျန်းကျားတို့ (၄)ယောက်ကို အေးအေးဆေးဆေး သယ်ဆောင်ပျံသန်းနိုင်၏။ ထို့ကြောင့်လဲ နောက်ပိုင်းတွင် အစ္စလာ နက်ဗြူလာ ကျွန်းသို့သွားရန် ကျန်းကျားတို့ စဉ်းစားနိုင်ခြင်းဖြစ်သည်။
ကျွန်း၏ အလယ်ဗဟိုသို့ နီးကပ်လာသည်နှင့်အမျှ အသားစားဒိုင်နိုဆော အရေအတွက် တိုးလာသည်။ တီ-ရက်စ် များအပြင် အခြားသော ဧရာမဒိုင်နိုဆောကြီးများကိုလဲ တွေ့လာရပြီး နောက်ဆုံးတွင် ပထမဆုံးသော တဲရိုဆော ကို တွေ့လိုက်ရသည်။
တဲရိုဆောသည် ဧရာမ လင်းနို့ကြီးတစ်ကောင်နှင့် တူပြီး အတောင်ပံများ ဖြန့်လိုက်ပါက (၁၂)မီတာခန့် ကျယ်သည်။ တဲရိုဆောက ကျန်းကျားတို့အဖွဲ့ကို သတိထားမိသွားပြီး စူးစူးဝါးဝါး အော်ဟစ်၍ ပျံသန်းလာ၏။ ချူရွှမ်က သူ့ပစ္စတိုများကို ချက်ချင်းဆွဲထုတ်ပြီး ပစ်ခတ်လိုက်သည်။ ဂေါက်စ်ပစ္စတို အသံက ခပ်သဲ့သဲ့သာ ဖြစ်သော်လည်း ကျည်ဆန်ထိမှန်သံများကိုတော့ အတိုင်းသား ကြားနေရသည်။
တဲရိုဆောသည် ကျန်းကျားတို့အနားသို့ မရောက်သေးခင် ဇကာပေါက်ဖြစ်သွားပြီး ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ မြေပြင်ပေါ်သို့ ချာချာလည်ပြီး ပြုတ်ကျသွားလေတော့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ကျန်းကျားတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ ချူရွှမ်က မြေပုံကို ထုတ်ယူပြီး သူတို့အောက်ဘက်ရှိ မြေမျက်နှာသွင်ပြင်နှင့် တိုက်ဆိုင်စစ်ဆေးနေ၏။ ထိုစဉ် စူးစူးဝါးဝါး အော်ဟစ်သံများ ထပ်မံပေါ်ထွက်လာပြီး အဝေးဆီမှ ဧရာမ အရိပ်မည်းကြီး (၁၀)ခုခန့် ကျန်းကျားတို့ဆီသို့ ပျံသန်းလာကြပြန်သည်။
ချူရွှမ်က မြေပုံအကြည့်မပျက်ဘဲ ပြောလိုက်သည်။
“ကမ်ပါ … ဝမ်ရှ ... မင်းတို့ စိတ်ကြိုက် တိုက်ခိုက်လို့ရပြီ … ငါတို့ မကြာခင် ရောက်တော့မယ် … ဒီနေရာ ရောက်ပြီဆိုရင် ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး”
ချူရွှမ့်စကားကြောင့် ကမ်ပါ ပျော်သွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ ထို့နောက် မီတာ (၇၀၀၀)ခန့် ဝေးနေသေးသည့် တဲရိုဆောများကို EMP ရိုင်ဖယ်ဖြင့် ချိန်ရွယ်လိုက်သည်။ ထိုအကွာအဝေးမှာ ကျန်းကျား၏ ဆုံလည်စက်သေနတ်ပင် မမီနိုင်သော အကွာအဝေးဖြစ်သည်။ EMP ရိုင်ဖယ်မှ ကျည်ဆန်များ ဆက်တိုက်ပြေးထွက်သွားသည်။ ရှေ့ဆုံးမှ ပျံသန်းလာသော တဲရိုဆော တစ်စစီ ဖြစ်သွား၏။ သူ့ဘေးရှိ နောက်တစ်ကောင်ကတော့ အတောင်ပံများ ကြေမွသွားသည်။ ဤကျည်ဆန်များသည် ထိုမျှဝေးကွာသော အကွာအဝေးတွင်ပင် ဖောက်ထွင်းအား ပြင်းထန်နေဆဲဖြစ်ပြီး ထိမှန်သည့်နေရာတိုင်း ဇကာပေါက်ဖြစ်သွား၏။
ဝမ်ရှကလဲ သူ့စက်သေနတ်ဖြင့် မြေပြင်ဆီသို့ ချိန်ရွယ်ပစ်ခတ်လိုက်သည်။ သွားနေသည့် လမ်းတစ်လျှောက်တွင် တွေ့သမျှ ဗယ်လိုစီရပ်တာများကို ဝမ်ရှက မလွတ်တမ်း ပစ်ခတ်သတ်ဖြတ်ပစ်သည်။ EMP ရိုင်ဖယ်မှ ထွက်ပေါ်လာသော အသံက အလွန်ကျယ်လောင်လှသည်။ တိတ်ဆိတ်သော ညတွင် ထွက်ပေါ်လာသည့် သေနတ်သံက ကျွန်းအလယ်ဗဟိုမှတစ်ဆင့် အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ သင်္ဘောပေါ်ရှိ ရေတပ်သားများပင် ထိုအသံကို သဲ့သဲ့မျှ ကြားလိုက်ရသည်။
မိနစ်အနည်းငယ်ကြာအောင် ပျံသန်းပြီးနောက် မြေပြင်တွင် ဒိုင်နိုဆော အကောင်လိုက်ထက် ဒိုင်နိုဆော အရိုးစုများကိုသာ ပိုပြီးမြင်တွေ့လာရသည်။ မြေပြင်မှာလဲ မြေမာမဟုတ်တော့ဘဲ ရွှံ့နွံများ ဖြစ်လာ၏။ မြက်ခင်းများအစား ချုံပုတ်များနှင့် မှို များက နေရာယူလာသည်။ ဧရာမ အင်းဆက်များကိုလဲ ပိုမိုများပြားစွာ တွေ့လာရသည်။
ကျန်းကျားတို့၏ ပျော်ရွှင်စိတ်လှုပ်ရှားမှုများ အားလုံးကို အရိပ်မည်းကြီးတစ်ခု ဖုံးလွှမ်းသွားသည်။ ဧရာမ အင်းဆက်ကြီးများ ရှိနေခြင်းက ချူရွှမ့်သီအိုရီ မှန်ကန်ကြောင်း သက်သေပြနေသည်။ ဤအင်းဆက်များကို သတ်ရန်မလွယ်ကူသလို ဘောနပ်မစ်ရှင်ကလဲ လွယ်ကူလိမ့်မည်မဟုတ်ချေ။
“ရောက်ပြီ .. သုတေသနဌာနဆိုတာ အဲ့ဒါကြီးပဲ”
ချူရွှမ်က အရိပ်မည်းကြီးတစ်ခုကို ညွှန်ပြလိုက်သည်။ ကျန်းကျားက မိုးပျံဘုတ်ပြားကို ထိုအရိပ်မည်းကြီးဆီသို့ ဦးတည် မောင်းနှင်သွားသည်။ အနားသို့ နီးကပ်လာသည်နှင့်အမျှ အဆောက်အဦးအတွင်းမှ ထွက်ပေါ်လာသော တောင်ပံခတ်သံ တဝီဝီကို ကြားလာရသည်။
ထိုအသံကြောင့် ကျန်းကျားတို့သုံးယောက် ကြက်သီးထသွားသည်။ အနားသို့ ရောက်သွားချိန်တွင် အဆောက်အဦးတစ်ခုလုံး မြေကြီးအလွှာများ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရ၏။ အဆောက်အဦးတစ်ခုလုံးမှာ ပျားအုံကြီးတစ်ခုနှင့် တူနေပြီး လူကြီးလက်ဝါးအရွယ်အစားခန့်ရှိသော ပျားကြီးများ ဝင်လိုက်ထွက်လိုက် လုပ်နေကြသည်။
“The Lost World: Jurassic Park ဘောနပ်မစ်ရှင် … သုတေသနဌာနအတွင်းမှ သုတေသနမှတ်တမ်းစာအုပ်ကို တစ်နာရီအတွင်း ရှာဖွေရန်နှင့် ပျားဘုရင်မကို သတ်ဖြတ်ရန် … အောင်မြင်ပါက တစ်ဦးလျှင် အမှတ် ၄၀၀၀ နှင့် အဆင့် စီ ဆု ၂ ခု ရရှိမည် … မှတ်တမ်းစာအုပ် မရရှိပါက အမှတ် ၄၀၀၀ နှုတ်ယူမည် … ပျားဘုရင်မကို မသတ်နိုင်ပါက အဆင့် စီ ဆု ၂ ခု နှုတ်ယူမည်”
ဒီရုပ်ရှင်၏ ဘောနပ်မစ်ရှင်ပင်တည်း။
သူတို့၏ သီအိုရီ မှန်ကန်ပါသည်။ ရုပ်ရှင်ကမ္ဘာများထဲတွင် အခုလို ဘောနပ်မစ်ရှင်များ အများအပြားရှိပေလိမ့်မည်။ Resident Evil ရုပ်ရှင်ထဲမှ တီ-ဗိုင်းရပ်စ်ကိုရယူရန် မစ်ရှင်သည် အခက်အခဲအဆင့် မြင့်မားသည့် မစ်ရှင်များထဲမှ တစ်ခုသာဖြစ်ပေလိမ့်မည်။
သူ့တွက်ကိန်းမှန်ကန်ကြောင်း ကျန်းကျား သိလိုက်သည်။ ချူရွှမ်ပြောသလိုပင် အန္တရာယ်သည် ရရှိမည့်ဆုလာဘ်နှင့် တိုက်ရိုက်အချိုးကျနေသည်။ နတ်ဆိုးအသင်းသည်လဲ အခုလောက်ဆိုလျှင် ဘောနပ်မစ်ရှင်များကို လိုက်လံရှာဖွေနေလောက်ပေပြီ။ တရုတ်အသင်းအနေဖြင့် နတ်ဆိုးအသင်းနှင့် ရင်ဆိုင်နိုင်ရန်၊ အဖွဲ့ဝင်ဟောင်းများကို ပြန်လည်အသက်သွင်းရန်နှင့် ကျန်းကျားကိုယ်ပွါးကို ယှဉ်ပြိုင်နိုင်လောက်အောင် အစွမ်းထက်လာစေရန် ဤမစ်ရှင်များကို ဆက်တိုက်အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ကျန်းကျားက သုတေသနဌာနကို ကြည့်ရင်း …
“နတ်ဘုရားက အကြောင်းအရင်းမရှိဘဲ အချိန်ကန့်သတ်ချက် ပေးမှာမဟုတ်ဘူး … တစ်နာရီဆိုတာ ငါတို့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် အချိန်လုပြီး လုပ်ရမယ့် သဘောပဲ … အခြေအနေကတော့ မချောင်ဘူး … ဒါပေမယ့် ငါတို့ အောင်မြင်မှဖြစ်မယ် … ချူရွှမ် ... လက်ရှိအခြေအနေကို အကဲဖြတ်ပေးဦး”
ချူရွှမ်က ပတ်ဝန်းကျင်ကို ခေတ္တမျှ အကဲခတ်လိုက်ပြီး …
“ဒီအင်းဆက်တွေက ရှေးဟောင်းပျားမျိုးစိတ်တွေပဲ … သူတို့ရဲ့ အရေအတွက်နဲ့ အရွယ်အစားအရဆိုရင် သေနတ်တွေနဲ့ တိုက်ခိုက်ဖို့ မသင့်တော်ဘူး … ဒီနေရာကနေ လွယ်လွယ်နဲ့ ပြန်ထွက်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး … သတ်မှတ်ချိန် တစ်နာရီဆိုရင် ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်”
“မှိုတွေနဲ့ ချုံနွယ်တွေကို မီးရှို့လို့ ထွက်လာတဲ့ မီးခိုးတွေက ရှေးဟောင်းပျားတွေကို ပျားအုံထဲကနေ ခဏထွက်သွားအောင် မောင်းထုတ်နိုင်လိမ့်မယ် … အခုခေတ်မှာ ပျားဖွပ်ရင် လဲ ဒီနည်းလမ်းကို သုံးနေကြတာပဲဥစ္စာ … ဒါပေမယ့် မှတ်တမ်းစာအုပ်ယူဖို့ တစ်ယောက်ယောက်က အထဲဝင်သွားဖို့ လိုတယ် … ပျားအုံထဲမှာ မီးခိုးတွေပြည့်နေမှာ ဖြစ်တဲ့အတွက် အဲ့ဒီလူက အသက်ရှူတာကို သုံးမိနစ်လောက် အောင့်ထားနိုင်ရမယ်”
ချူရွှမ်က မီးစတင်ရှို့ရမည့် နေရာများကို ညွှန်ပြလိုက်သည်။ ကျန်းကျားက သက်ပြင်းချရင်း ရယ်မောလိုက်သည်။
“ပြဿနာမရှိဘူး … ချီ စွမ်းအင်ကြောင့် ငါကအသက်ကို ပိုကြာကြာ အောင့်ထားနိုင်တယ် … အရင်က မစမ်းဖူးပေမယ့် ငါးမိနစ်လောက်တော့ ရနိုင်မယ် ထင်တယ်”
ချူရွှမ်က ခပ်လှောင်လှောင်လေသံဖြင့် …
“အဆောက်အဦးထဲကို ဝင်ဖို့အတွက် သုံးမိနစ် အသက်အောင့်ထားရမယ်လို့ ငါပြောခဲ့တာ … တကယ့်ပြဿနာက ငါတို့ရှာနေတဲ့ မှတ်တမ်းစာအုပ်က ဘယ်ဟာလဲဆိုတာ မင်းသိမှာမဟုတ်ဘူး ... မင်းမှာ အချိန်တိုအတွင်း လိုအပ်တဲ့ စာအုပ်ကို ခွဲခြားနိုင်တဲ့ အသိပညာ မရှိဘူး … သုံးမိနစ်ဆိုတာ မင်း ဒီတိုင်းပြေးဝင်ပြီး ပြန်ပြေးထွက်လာဖို့အတွက်ပဲ အချိန်မီလိမ့်မယ် … အထဲမှာရှိသမျှ စာအုပ်အကုန်လုံးကို မင်းသယ်ထုတ်မလာနိုင်ဘူးဆိုရင် ငါ့ရဲ့ အကူအညီကို မင်းလိုလိမ့်မယ် … ငါကတော့ နှစ်မိနစ်အတွင်း စာအုပ်ကို ရှာနိုင်တယ် … ဒါပေမယ့် သုံးမိနစ်ပဲ အသက်အောင့်နိုင်တယ် … နှစ်မိနစ် နဲ့ စက္ကန့်သုံးဆယ် ရောက်တာနဲ့ ငါ့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း ကျဆင်းလာလိမ့်မယ် … မင်း ငါ့ကို တစ်မိနစ်အတွင်း အထဲရောက်အောင် ခေါ်သွားပေးရမယ့် သဘောပဲ … ငါက စာအုပ်ကို နှစ်မိနစ်အတွင်း ရှာမယ် … ပြီးရင် ငါမသေခင် ငါ့ကို မင်း အပြင်ပြန်ထုတ်ပေးရမယ် … ဒါပေမယ့် ဒါက အစပဲ ရှိသေးတယ်”
ကျန်းကျားက နဖူးကို လက်ဖြင့်အုပ်၍ ခေတ္တ စဉ်းစားလိုက်ပြီး …
“နေပါဦး … မင်းပြောတာကို ငါပြန်ပြောကြည့်မယ် … ငါက သုံးမိနစ်စာ လမ်းကြောင်းကို တစ်မိနစ်အတွင်း ပြေးရမယ်ပေါ့ … အဲဒါကြောင့် မင်းက ငါ့ကို ပေါက်ကွဲခြင်းစွမ်းရည် သုံးစေချင်တာလား … အဲဒါဆိုရင် အထဲရောက်တဲ့အခါ ငါ တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး … ပျားဘုရင်မကို ငါတို့ ဘယ်လိုသတ်ကြမလဲ”
ချူရွှမ်က ပြုံးလိုက်ပြီး …
“အခြေခံအားဖြင့်တော့ အဲဒီအတိုင်းပဲ … ဒါပေမယ့် ပြေးဖို့အတွက်တော့ ပေါက်ကွဲခြင်းစွမ်းရည်ကို သုံးဖို့မလိုပါဘူး … မင်းရဲ့ ကိုယ်ဖော့ပညာကို မျိုးဗီဇချိုးဖျက်တဲ့အခြေအနေနဲ့ ပေါင်းစပ်လိုက်ရင် ပြေးရမယ့်အချိန်ကို နှစ်ဆကနေ သုံးဆအထိ လျှော့ချနိုင်လိမ့်မယ် … ငါ မှတ်တမ်းစာအုပ်တွေ ရှာနေတုန်း မင်းက ပျားဘုရင်မကို သတ်ရမယ် … ငါပြောခဲ့သလိုပဲ ... ငါတို့ စာအုပ်ကိုယူပြီး အဆောက်အဦးထဲက ထွက်လာတော့မှ တကယ့်စိန်ခေါ်မှုက စမှာ”
ကျန်းကျား၊ ကမ်ပါနှင့် ဝမ်ရှတို့ အူကြောင်ကြောင်ဖြစ်သွားကြသည်။ မစ်ရှင်ပြီးသွားရင် နောက်ထပ် ဘာရှိသေးလို့လဲ။
“အင်းဆက်တွေရဲ့ တိုက်ခိုက်မှုလား”
သုံးယောက်စလုံး တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။
ချူရွှမ်က ခေါင်းညိတ်ပြလျက် …
“ဟုတ်တယ် … ထွက်ပြေးသွားတဲ့ ပျားတွေက သေသွားတာမဟုတ်ဘူး … အထဲကနေ အသက်ရှင်လျက် ထွက်လာဖို့က ပြဿနာမဟုတ်ဘူး … ပျားဘုရင်မကို သတ်ပြီးတဲ့နောက်မှာ ငါတို့ ရင်ဆိုင်ရမယ့်ကိစ္စကမှ တကယ့် ပြဿနာ”
“ဟားဟား ... ငါတို့က မိုးပျံဘုတ်ပြားနဲ့ ပျံပြေးမယ် … နောက်ကနေ ဧရာမပျားကြီးတွေက လိုက်လာဦးမယ် … ပြီးတော့ လမ်းမှာ ရေတပ်သင်္ဘောအုပ်စုကို တိုက်ရဦးမယ် … အစ္စလာ နက်ဗြူလာ ကျွန်းထဲကိုလဲ ခိုးဝင်ရဦးမယ် … ချမယ်ကွာ … သောက်ရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဟေ့”
ကမ်ပါက EMP ရိုင်ဖယ်ကြီး မြှောက်ပြီး အော်ဟစ်ရယ်မောလိုက်သည်။
ဝမ်ရှကလဲ တဟားဟားရယ်ရင်း …
“အချိန်ကန့်သတ်ချက်လဲ ပေးထားပြီးပြီဆိုတော့ လုပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး … ဟား ... အမေရိကန်သင်္ဘောတွေကို မြုပ်ပစ်မယ် … အစစ်အမှန်ကမ္ဘာမှာ မလုပ်နိုင်တာတွေကို ဒီမှာ လုပ်ကြတာပေါ့”
“ကောင်းပြီလေ … ချကြတာပေါ့”
ကျန်းကျား ခေါင်းညိတ်လိုက်သည်။
(၅)မိနစ်ခန့် အသေးစိတ် ဆွေးနွေးပြီးနောက် မှိုများနှင့် ချုံနွယ်များကို စုဆောင်းလိုက်ကြသည်။ ထိုမှိုနှင့် ချုံနွယ်များကို ကျန်းကျားက မီးတောက်နီဖြင့် ခြောက်သွေ့အောင်လုပ်ပြီး မီးခိုးဗုံးများအဖြစ် သုံးမည်ဖြစ်သည်။ အားလုံး အဆင်သင့်ဖြစ်ချိန်တွင် ကျန်းကျားတို့ထံတွင် အချိန် (၁၀) မိနစ်သာ ကျန်တော့သည်။
“မီးခိုးတွေ ဖုံးနေရင် ကောင်းကောင်းမြင်ရမှာမဟုတ်ဘူး … အဲဒါကြောင့် မီးခိုးထဲမှာ မြင်ရအောင် မျိုးဗီဇချိုးဖျက်တဲ့ အခြေအနေကို ဝင်ရမယ် … ဒါပေမယ့် ငါ့အဆင့်က မင်းလောက် မမြင့်ဘူး … ငါက နာကျင်မှုကို မခံစားရဘူးဆိုပေမယ့် အောက်ဆီဂျင်ပြတ်တာကြာရင် လှုပ်ရှားနိုင်မှာ မဟုတ်တော့ဘူး … ဒါကြောင့် ငါ့ကို မင်းနဲ့တွဲပြီး ကြိုးချည်ထားပေးရမယ်”
ချူရွှမ်က ပြောလိုက်သည်။
ကမ်ပါက မိုးပျံဘုတ်ပြား ပေါ်တွင် အသင့်စောင့်နေသည်။ ဝမ်ရှက မှိုများနှင့် ချုံနွယ်များမှ ဖန်တီးထားသည့် မီးခိုးဗုံးများကို နေရာအနှံ့တွင် ထောင်ထားပြီး ချိန်ကိုက်ဗုံးများဖြင့် တစ်ပြိုင်နက် ဖောက်ခွဲရန် စီစဉ်ထားသည်။ ကျန်းကျားကတော့ လက်ထဲတွင် မီးခိုးဗုံးနှစ်လုံး ကိုင်ထား၏။ ထိုဗုံးများကို အဆောက်အဦးထဲသို့ ပစ်သွင်းရမည်ဖြစ်သည်။
သူတို့အဖွဲ့ သုတေသနဌာနနှင့် မီတာ (၁၀၀၀)ခန့် အကွာသို့ ရောက်လာကြသည်။ ပျားကဲ့သို့သော အင်းဆက်များသည် သူတို့အသိုက်နှင့် မီတာ (၅၀) အတွင်းရှိ ရန်သူများကိုသာ တိုက်ခိုက်တတ်ကြသည်ဖြစ်ရာ ကျန်းကျားတို့ကို သတိထားပုံမရချေ။ ထို့ကြောင့်လဲ ဗုံးများကို လွယ်လွယ်ကူကူ ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြသော်လည်း အမှားတစ်ခုခုလုပ်၍မဖြစ်မှန်း ကောင်းကောင်း နားလည်၏။ တစ်ချက်မှားသွားသည်နှင့် အသက်ဘယ်ကထွက်မှန်းမသိ ထွက်သွားနိုင်သည်။ ကျန်းကျားတို့ ကြည့်နေစဉ်မှာပင် စတီဂိုဆောရပ်စ် တစ်ကောင်ကို ပျားများက အဆောက်အဦးထဲသို့ သယ်သွားကြသည်။ ထို့နောက် ထောင်နှင့်ချီသည့် ပျားအုပ်ကြီးက ထိုဒိုင်နိုဆောကို အစိတ်စိတ်အမွှာမွှာ ထိုးနှက်ဖျက်ဆီး၍ အသားစများနှင့် မြေကြီးကို ရောပြီး အဆောက်အဦးနံရံများတွင် သုတ်လိမ်းလိုက်ကြသည်။
သုတေသနဌာန၏ အမည်းရောင် အပြင်ခွံမှာ တကယ်တော့ ဒိုင်နိုဆော အသားစများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ပျားတစ်ကောင်ကို လူလက်ဝါးလောက်ကြီးသည့် ပျားအုပ်ကြီးရှေ့တွင် ဒိုင်နိုဆောများလဲ ဘာမှမတတ်နိုင်။ လူသားများသည်လဲ ပျားများကို သတ်နိုင်မည့် ပိုးသတ်ဆေးတစ်မျိုး မတီထွင်နိုင်မချင်း ဘာမှတတ်နိုင်မည်မဟုတ်ပါချေ။
ဧရာမပျားကြီးများ တဝီဝီ ပျံသန်းနေသည်ကို ကြည့်ရင်း ကျန်းကျားတို့ ကြက်သီးတဖြန်းဖြန်းထနေကြသည်။ ကျန်းကျားက ချူရွှမ့်ကို ကျောပိုးလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
“လုပ်လိုက်ကြစို့”
စကားဆုံးသည်နှင့် တံခါးဆီသို့ ပြေးသွားပြီး အမည်းရောင်အပြင်ခွံကို ဆုံလည်စက်သေနတ်ဖြင့် ပစ်ခွဲလိုက်သည်။ ထို့နောက် လူလုပ်မီးခိုးဗုံးကို မီးရှို့ပြီး အတွင်းသို့ ပစ်သွင်းလိုက်၏။
***