ပျားများ၏ တုံ့ပြန်မှုက စက္ကန့်အနည်းငယ် နောက်ကျနေသော်လည်း ထို့နောက်တွင်တော့ တဒီးဒီးနှင့် ကြောက်မက်ဖွယ်ရာ အသံကြီး ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ပျားများ၏ တောင်ပံခတ်သံပင်တည်း။ ထိုအချိန်မှာပင် အဆောက်အဦး အပြင်ဘက်နံရံပေါ်တွင် နားနေသည့် ပျားများက ကျန်းကျားတို့ဆီသို့ တဝုန်းဝုန်း ပျံသန်းလာကြ၏။
ကျန်းကျား အော်ဟစ်အမိန့်ပေးလိုက်သည်။
“ဖောက်ခွဲလိုက်တော့”
ဝမ်ရှသည် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ဖန်တီးရာတွင် အမှန်တကယ် ပါရမီရှိလှသည်။ အချိန်တိုလေးအတွင်းတွင် မီးခိုးဗုံးများကို ဖန်တီးခဲ့သည့်အပြင် ချိန်ကိုက်ဗုံးများကိုလဲ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်ရန် ပြုပြင်နိုင်ခဲ့သည်။ မီးခိုးဗုံးများ ပျက်စီးမသွားစေရန် ချိန်ကိုက်ဗုံးထဲမှ ယမ်းမှုန့်အချို့ကိုပင် ဖယ်ထုတ်ထားသေးသည်။ ထိုအရာအားလုံးကိုပြုလုပ်ရန် အချိန် (၁)နာရီပင် မကြာခဲ့ချေ။ ကျန်းကျားက ဝမ်ရှကို အထင်ကြီးသွားသော်လည်း ကမ်ပါနှင့် ချူရွှမ်တို့ကတော့ သာမန်ကိစ္စတစ်ခုလိုပဲ သဘောထားကြသည်။ အထူးတပ်ဖွဲ့ဝင်များကြားတွင် ဒီလိုအရည်အချင်းမှာ သာမန်မျှသာ ဖြစ်ပုံရ၏။
ကျန်းကျား အော်လိုက်သည်နှင့် ဝမ်ရှက ဖောက်ခွဲရေးခလုတ်ကို နှိပ်လိုက်သည်။ နေရာအနှံ့တွင် ထောင်ထားသည့်ဗုံးများ တဝုန်းဝုန်း ပေါက်ကွဲသွားကြပြီး မည်းနက်နေသော မီးခိုးလုံးကြီးများ တက်လာသည်။ တလိမ့်လိမ့်တက်လာသည့် မီးခိုးလုံးကြီးများက သုတေသနဌာနတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
အဆောက်အဦးအတွင်းမှ အနက်ရောင် လှိုင်းလုံးကြီးတစ်ခု ပျံထွက်လာသည်။ အစပိုင်းပျံထွက်လာသည့် ပျားများက လက်ဝါးအရွယ်ခန့်သာ ရှိသော်လည်း နောက်ပိုင်းထွက်လာသည့် ပျားများက တဖြည်းဖြည်း ကြီးမားလာသည်။ နောက်ဆုံးထွက်လာသည့် ပျားများမှာ လူကြီးလက်မောင်းလောက် ရှိ၏။ အဆောက်အဦးထဲသို့ မီးခိုးမည်းမည်းများ လုံးခနဲ ဝင်သွားသည်နှင့် ကျန်းကျား အသက်ဝအောင်ရှူပြီး ချူရွှမ့်ကို ကျောပိုး၍ အဆောက်အဦးထဲသို့ ပြေးဝင်သွားသည်။
မီးခိုးများထဲသို့ ဝင်လိုက်သည်နှင့် ပျားအကောင် (၁၀၀)ကျော်က ကျန်းကျားတို့ထံ ဘက်ပေါင်းစုံမှ ပျံသန်းလာသည်။ ချူရွှမ်က ဂေါက်စ်ပစ္စတိုများကို ထုတ်၍ ဘေးဘယ်ညာနှင့် အနောက်ဘက်သို့ ဆက်တိုက် ပစ်ခတ်လိုက်သည်။ ပျားအရေအတွက်က မနည်းလှသော်လည်း တစ်ကောင်မှ သူတို့အနားသို့ မကပ်နိုင်ပေ။
ကျန်းကျားက မီးခိုးများကြားထဲမှာပင် မျိုးဗီဇချိုးဖျက်သည့် အခြေအနေသို့ ဝင်ရောက်လိုက်ပြီး ကိုယ်ဖော့ပညာကို အသုံးပြုလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်း အဆောက်အဦး၏ အဝင်ဝသို့ ရောက်ရှိသွားပြီး အတွင်းသို့ ခုန်ဝင်လိုက်သည်။
အဆောက်အဦးအထဲမှာ မီးခိုးမည်းမည်းများ ပြည့်နှက်နေသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဘာကိုမှ မြင်နိုင်မည်မဟုတ်။ နံရံများပေါ်တွင် စေးကပ်ကပ် အရည်အထူကြီးများ ဖုံးလွှမ်းနေသည်။ ထိုအရည်မှာ ပျားရည်နှင့် လုံးဝမတူဘဲ သွေးညှီနံ့များ ထွက်နေ၏။ အနီးကပ်ကြည့်လိုက်ပါက ထိုအရည်များမှာ သွေးများဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
ကျန်းကျားကတော့ ထိုအရာများကို ဂရုစိုက်မနေအားဘဲ အမြန်ဆုံးနှုန်းဖြင့် ပြေးဝင်သွားသည်။ ပြေးသည်ဆိုတာထက် နံရံများနှင့် တိုင်များကို ခြေဖြင့်ကန်ကာ ခုန်ကူးသွားနေခြင်းဖြစ်သည်။ စက္ကန့် (၂၀) အတွင်းမှာ အဆောက်အဦး၏ ပင်မခန်းမကြီးသို့ ရောက်ရှိသွား၏။
ခန်းမကြီးမှာ ပင်မခန်းမကြီးဟုပင် မထင်ရတော့ချေ။ မှောင်မည်းနေပြီး နေရာအနှံ့တွင် နီကျင်ကျင် ပျားအုံများ ပြည့်နှက်နေ၏။ ပျားသလက်များအတွင်း၌ ကုလားအုတ်ငှက်ဥ အရွယ်အစားရှိသော ဥများနှင့် ဧရာမ ပျားလောင်းကောင်ကြီးများ ရှိနေသည်။ ပျားအုံများ ထူထပ်စွာရှိနေသဖြင့် ကျန်းကျား၏ ပြေးနှုန်း လျော့ကျသွားသည်။ ကြမ်းပြင်ပေါ်မှာပင် ပျားအုံများ ရှိနေလေရာ တစ်လှမ်း လှမ်းလိုက်တိုင်း ကျန်းကျား၏ခြေထောက်က ခဲပျစ်နေသော သွေးရောင်အရည်များထဲသို့ နစ်ဝင်သွား၏။ ဒီအခန်းသည် Alien အသိုက်ထက်ပင် ပို၍ ရွံစရာကောင်းသေးသည်။
မီးခိုးများကြောင့် ကျန်းကျားရော ချူရွှမ်ပါ စကားမပြောနိုင်ကြ။ ချူရွှမ်က ခန်းမ၏ ဘယ်ဘက်ခြမ်းသို့ ညွှန်ပြလိုက်သည်။ ကျန်းကျားက ကြမ်းပြင်ပေါ်ရှိ ပျားအုံတစ်ခုကို နင်းခြေလိုက်ပြီး အပေါ်ခုန်တက်လိုက်သည်။ လေထဲသို့ (၇)မီတာခန့် မြောက်တက်သွားပြီး နံရံကို ခြေဖြင့်ဆောင့်ကန်၍ ဖြိုချလိုက်သည်။ ပြိုကျသွားသည့် နံရံအပေါက်မှတဆင့် ခုန်ဝင်သွား၏။ နံရံ၏ အခြားတစ်ဖက်တွင် စာရွက်စာတမ်းများ သိမ်းဆည်းသည့် အခန်းတစ်ခု ရှိသည်။ သို့သော် ထိုအခန်းသည်လဲ ပျက်စီးနေပြီး ကြမ်းပြင်ပေါ်တွင် သွေးများ ဖုံးလွှမ်းနေသည်။ မီးခိုးများနှင့်အတူ ပုပ်အဲ့အဲ့ အနံ့ဆိုးတစ်ခု လွင့်ပျံနေသည်။
ကျန်းကျားက ပုဆိန်ကို ထုတ်၍ အခန်းထဲရှိ ပျားအုံများကို စတင်ရှင်းလင်းလိုက်သည်။ ရှင်းလင်းရင်း သတ္တုတစ်ခုနှင့် ထိခတ်မိသည့် ဒေါင်ခနဲ အသံထွက်ပေါ်လာသဖြင့် ကျန်းကျားရင်ခုန်သံ မြန်သွားသည်။ ပုဆိန်နှင့် ခုတ်မိသွားသည့် ပျားအုံထဲသို့ လက်ဖြင့်နှိုက်လိုက်ပြီး မီးခံသေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်သည်။
အချိန် (၁)မိနစ် ကုန်ဆုံးသွားလေပြီ။ ကျန်းကျားတို့မှာ အချိန်မရှိတော့။ ကျန်းကျားက မီးခံသေတ္တာကို ပုဆိန်ဖြင့် ထုခွဲလိုက်သည်။ ချူရွှမ်ကလဲ သူ့ကျောပေါ်မှ ဆင်းလိုက်သည်။ စကားတစ်ခွန်းမှ ပြောနေစရာ မလိုဘဲ ကျန်းကျားက တံခါးဆီသို့ ပြေးထွက်သွားပြီး ချူရွှမ်ကတော့ မီးခံသေတ္တာထဲမှ စာရွက်စာတမ်းပေါင်း သောင်းခြောက်ထောင်ကို စတင်ရှာဖွေလေတော့သည်။
သူတို့အတွက် အရေးကြီးတာက အချိန်ပင်။ ကျန်းကျားက (၅)မိနစ်လောက် အသက် အောင့်ထားနိုင်သော်လည်း ချူရွှမ်ကတော့ ထိုသို့မဟုတ်။ ပျားဘုရင်မကို တစ်မိနစ်အတွင်း ကျန်းကျား သတ်နိုင်မှ ဖြစ်မည်။ မသတ်နိုင်ပါက ချူရွှမ်မှာ အသက်ရှူကျပ်၍ မသေလျှင်ပင် ပျားအုပ်ကြီး ဝိုင်းတုပ် ခံရ၍ သေဆုံးသွားနိုင်၏။
ခန်းမကြီးက ဘောလုံးကွင်းတစ်ဝက်စာခန့် ကျယ်ဝန်းသည်။ အဆောက်အဦးမှာ ဒိုင်နိုဆောများကို သုတေသနပြုရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သဖြင့် ဤမျှကျယ်ဝန်းနေခြင်းဖြစ်သည်။ သို့သော် အခန်းကျယ်ကြီးထဲတွင် ပျားအုံများက နေရာအနှံ့ရှိနေလေရာ မြင်ကွင်းက ခြောက်ခြားဖွယ်ရာအတိပင်။ ကျန်းကျားသည် ဤပတ်ဝန်းကျင်တွင် ပျားဘုရင်မကို လိုက်လံရှာဖွေရမည်ဖြစ်၏။
တဝီဝီမြည်သံတစ်ခု ထွက်ပေါ်လာသဖြင့် ကျန်းကျား ချက်ချင်းခေါင်းမော့ကြည့်လိုက်သည်။ မျက်နှာကြက်ပေါ်မှ ဧရာမ ပျားကြီးအချို့ သူ့ထံသို့ ပျံသန်းလာနေသည်။ ပျားကြီးများမှာ ကျန်းကျား ခန္ဓာကိုယ်တစ်ဝက်လောက်ရှိပြီး မီးခိုးများကို မှုပုံမရချေ။ ထိုဧရာမပျားကြီးများက ကျန်းကျားကို အဝေးကပင် မြင်နိုင်ကြပြီး မယုံနိုင်လောက်စရာ အမြန်နှုန်းဖြင့် ချဉ်းကပ်လာကြသည်။
ချူရွှမ့်စကားကို ကျန်းကျား ရုတ်တရက် သတိရသွားသည်။ ပျားဘုရင်မများသည် ပုရွက်ဆိတ်ဘုရင်မများနှင့် မတူချေ။ သူတို့သည် မျိုးပွါးရန်သက်သက်သာမဟုတ်ဘဲ ပျားအားလုံးထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အမြင့်မားဆုံးဖြစ်၏။ ထို့အပြင် ဘုရင်မကို စောင့်ရှောက်နေသော ပျားထီး (၁၀) ကောင်ခန့်လဲ ရှိတတ်သည်။ ထိုပျားထီးများသည် ပျားဘုရင်များဖြစ်ကြပြီး သာမန်ပျားများထက် ပို၍ကြီးမားကြသည်။
“အင်းဆက်တွေက တွားသွားသတ္တဝါတွေထက် ခွန်အားနဲ့ အမြန်နှုန်း ပိုမြင့်မားကြတယ် … ပုရွက်ဆိတ်တွေဆိုရင် သူတို့ ကိုယ်အလေးချိန်ရဲ့ အဆနှစ်ဆယ်လောက် လေးတဲ့ အလေးကို မ, နိုင်ကြတယ် … အဲ့ဒါတခြားဘယ်မျိုးစိတ်မှ မလုပ်နိုင်တဲ့အရာပဲ … သူတို့ ခန္ဓာကိုယ်ကြီးထွားလာရင် အဲဒီခွန်အားအချိုးအစားအတိုင်း ရှိမရှိ မသေချာပေမယ့် တွားသွားသတ္တဝါတွေကတော့ အရွယ်အစားတူညီရင် အင်းဆက်တွေရဲ့ ခွန်အားနဲ့ အမြန်နှုန်းကို ဘယ်တော့မှ မကျော်နိုင်ဘူး”
ကျန်းကျား ခေါင်းထဲတွင် ချူရွှမ့်စကားများ ဖျတ်ခနဲပေါ်လာ၏။ ထို့နောက် ပုဆိန်ကို သူ့အရှေ့မှာ မြှောက်ပြီး ကာလိုက်သည်။ ပျားထီးတစ်ကောင်က ပုဆိန်ကို အမြီးဖြင့် ထိုးလိုက်သည်။ အားပြင်းလွန်းလှသဖြင့် ကျန်းကျားလက်ထဲမှ ပုဆိန်ပင် လွတ်ကျမတတ် ဖြစ်သွား၏။ ကျန်းကျားသည် ထိုအချိန်တွင် မျိုးဗီဇချိုးဖျက်ခြင်း ပထမအဆင့်တွင် ရှိနေခြင်းဖြစ်ပြီး ချီ စွမ်းအင်ကို သုံးထားသဖြင့် သူ့ခွန်အားမှာ သာမန်လူထက် အဆပေါင်းများစွာ ပိုနေပြီဖြစ်သည်။ ထိုပျားထီး၏ ခွန်အားမှာ သာမန်လူတစ်ယောက်ထက် အနည်းဆုံး (၁၀)ဆ ခန့် ပိုနေသည်။
“အား”
ကျန်းကျား အနောက်သို့ လွင့်ထွက်သွားသည်။ ပျားထီးများ၏ ခွန်အားမှာ သူထင်ထားသည်ထက် များစွာ ကျော်လွန်နေသော်လည်း သူသည် အခက်အခဲများစွာကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်၏။ Alien များ၊ သရဲတစ္ဆေများ၊ ဖုတ်ကောင်များ၊ နမ်မီးဆစ် နှင့် များပြားလှသော အစွမ်းထက် တိုက်ခိုက်ရေးသမားများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးသည်။ ထိုရန်သူများ၏ အစွမ်းသည် ဤပျားထီးများထက် မနိမ့်ပါးချေ။ ကျန်းကျားက ဒုတိယအဆင့် မျိုးဗီဇချိုးဖျက်သည့် အခြေအနေသို့ ဝင်ရောက်လိုက်သည်။ သူ့ လက်မောင်းများ ကြီးထွားလာပြီး အမြန်နှုန်းလဲ မြင့်တက်လာ၏။ နောက်ထပ် ပျားထီးတစ်ကောင် သူ့ဆီပျံသန်းလာစဉ် ကျန်းကျားက ပုဆိန်ကို ဝှေ့ယမ်းလိုက်ရာ ပျားကြီး နှစ်ပိုင်းပြတ်သွားသည်။
ကြီးမားသော အန္တရာယ်သည် ကြီးမားသော ဆုလာဘ်လဲ ရရှိနိုင်သည်။ ထိုသို့ သေရေးရှင်ရေး အခြေအနေများနှင့် ရင်ဆိုင်ရင်း ကျန်းကျား တဖြည်းဖြည်း သန်မာလာခြင်းဖြစ်၏။ ပေါက်ကွဲခြင်း စွမ်းရည်ကို မသုံးဘဲနှင့် ဒီပျားများကို တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သူ့နေရာတွင် ကမ်ပါသာဆိုလျှင် EMP ရိုင်ဖယ်က အစွမ်းထက်သော်လည်း ဤပျားများ၏ လျင်မြန်မှုကို လိုက်မီလိမ့်မည်မဟုတ်ပေ။
သိပ္ပံလက်နက်များသည် အသုံးဝင်သည် ဆိုသော်လည်း ပြိုင်ဘက်ကင်းနေခြင်းမျိုးမဟုတ်။ ဆင့်ကဲတိုးတက်ပြောင်းလဲလာခြင်းနှင့် ကိုယ်တိုင် အစွမ်းထက်လာခြင်းသည်သာ အန္တရာယ်များကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
နောက်ထပ် ပျားထီးတစ်ကောင်ကို ကျန်းကျား ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်ပြီး ပျားထီးများ ထွက်ပေါ်လာရာဘက်သို့ အရှိန်ဖြင့် ပြေးဝင်သွား၏။
အင်းဆက်များသည် တွားသွားသတ္တဝါများထက် အမြန်နှုန်းနှင့် တုံ့ပြန်မှု ပိုကောင်းကြသည်။ ပျားထီးများက မျိုးဗီဇချိုးဖျက်ထားသည့် ကျန်းကျားထက် ၃၀ % ခန့် ပိုမြန်ကြသည်။ ခွန်အားကလဲ မယုံနိုင်လောက်စရာပင်။ အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသဖြင့် ကျန်းကျား ရှေ့သို့ ဝပ်ချလိုက်သည်။ သူ့နောက်ကျောမှ ပျားထီးတစ်ကောင် အလစ်ဝင်တိုက်ခြင်းဖြစ်၏။ ကျန်းကျားကို မထိသော်လည်း အရှိန်ဖြင့် ရှေ့သို့ (၁၀)မီတာခန့် တရွတ်တိုက်လျှောပါသွားရာ လမ်းတစ်လျှောက်ရှိ ပျားအုံများ တစ်စစီကြေမွသွားသည်။ ထို့နောက် သွေးရောင်အရည်များထဲမှ လူးလဲထပြီး ပျံတက်လာသည်။ ပျားကြီး၏ ခန္ဓာကိုယ်က တော်တော်လေး မာကျောလှသည်။
ကျန်းကျားက ပျားများနှင့် တိုက်ခိုက်ရင်း ရှေ့သို့ တရွေ့ရွေ့တိုးသွားကာ လက်ကျန်အချိန်ကို စိတ်ထဲမှ ရေတွက်နေသည်။ အချိန်မလောက်တော့ပါက ပေါက်ကွဲခြင်းစွမ်းရည် သို့မဟုတ် ဖျက်ဆီးခြင်းစွမ်းရည်ကို သုံး၍ ဤသုတေသနဌာနတစ်ခုလုံးကို မြေလှန်ပစ်ရပေလိမ့်မည်။
“၄၂ စက္ကန့် ကျန်သေးတယ် ... ပျားထီး ၇ ကောင်”
မျိုးဗီဇချိုးဖျက်ခြင်း ဒုတိယအဆင့်သို့ ကျန်းကျား ဝင်ရောက်လိုက်သည်။ သူ့အမြန်နှုန်းက ထိုပျားများထက် ပိုမြန်သွား၏။ သို့သော်လည်း ပျားများက သူ့နောက်လိုက်မတိုက်ခိုက်တော့ဘဲ ချူရွှမ့်ဘက် လှည့်သွားမှာစိုးသဖြင့် ပျားများ၏ အာရုံကို သူ့ဘက်သို့ အပြည့်အဝဆွဲဆောင်ထားပြီး ဆက်လက်တိုက်ခိုက်နေသည်။
ကျန်းကျားသည် ဒုတိယအဆင့် မျိုးဗီဇချိုးဖျက်ခြင်းကို အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးသဖြင့် ယခုအခါ အတော်လေး ကျွမ်းကျင်နေလေပြီ။ ပျားများ၏ တိုက်ခိုက်မှုကို ဗီဇစိတ်ဖြင့် အလွယ်တကူ ရှောင်တိမ်းနိုင်သည့်အပြင် ပျားများကို ပုဆိန်ဖြင့် ပြန်လည်ခုတ်ပိုင်းပစ်နိုင်သည်။ ကျန်းကျားလက်ချက်မိသည့် ပျားများ နှစ်ခြမ်းဖြစ်ကုန်၏။
အချိန် (၂၇) စက္ကန့်သာ ကျန်တော့ချိန်တွင် ပျားထီး နှစ်ကောင်သာ ကျန်တော့သည်။ ထိုပျားနှစ်ကောင်က ရုတ်တရက် အမြန်နှုန်းကို မြှင့်လိုက်ကြရာ ကျန်းကျား၏ ခေါင်းထဲတွင် အန္တရာယ်အချက်ပေးသံများ ဆူညံသွားသည်။ ချက်ချင်း နောက်ဆုတ်လိုက်သော်လည်း နောက်ကျသွား၏။ ကျန်းကျား၏ ဘယ်ဘက်ခြေထောက်တွင် စူးခနဲနာကျင်သွားပြီး ပျား၏ခန္ဓာကိုယ်လဲ နှစ်ပိုင်းပြတ်သွားသည်။ ပျား၏ ခန္ဓာကိုယ်အောက်ပိုင်းရှိ အဆိပ်ဆူးက သူ့ခြေထောက်ထဲတွင် ကျိုးပြီးကျန်ရစ်ခဲ့သည်။ သို့သော် နောက်တစ်ကောင်၏ အဆိပ်ဆူးကိုတော့ ကျန်းကျားရှောင်တိမ်း၍ ပုဆိန်ဖြင့် ခုတ်ချလိုက်ရာ အဆိပ်ဆူးပြတ်ထွက်သွားပြီး ကျန်းကျားဘေးရှိ ဧရာမပျားအုံကြီးပေါ် ဝုန်းခနဲ ပြုတ်ကျသွား၏။
ကျန်းကျားက သူ့ခြေထောက်မှာစိုက်ဝင်နေသည့် အဆိပ်ဆူးကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ အဆိပ်ဆူးက အဆိပ်အိတ်နှင့် ဆက်နေဆဲဖြစ်ပြီး သူ့ကိုယ်ထဲသို့ အဆိပ်များကို ထိုးသွင်းနေသည်။ မျက်စိတစ်မှိတ်အတွင်း ကျန်းကျား၏ ခြေထောက် ထုံကျင်လာသည်။ သူ့ကိုယ်ခံအား ကောင်းလွန်းနေသဖြင့်သာ မတ်မတ်ရပ်နေနိုင်ခြင်းဖြစ်၏။
ကျန်းကျား စိုးရိမ်စိတ်များ မြင့်တက်လာသည်။ ပျားထီးများ ထွက်ပေါ်လာရာဘက်သို့ အသည်းအသန် ပြေးသွား၏။ စက္ကန့်အနည်းငယ်အကြာတွင် သူ့ခန္ဓာကိုယ်ထက် အနည်းငယ်ပိုကြီးသည့် ဧရာမပျားကြီးတစ်ကောင် မျက်နှာကြက်တွင် တွဲလောင်းခိုနေသည်ကို မြင်လိုက်ရသည်။ ပျားဘုရင်မပင်တည်း။ မြင်မြင်ချင်းမှာပင် ပျားဘုရင်မက ကျန်းကျားကို ခုန်အုပ်လိုက်သည်။
“ဒေါင်”
ကျန်းကျား ပုဆိန်ကို သူ့ရှေ့မှာ ကပျာကယာ ကာလိုက်ရသည်။ ပျားဘုရင်မက ပုဆိန်ကို အဆိပ်ဆူးဖြင့် ထိုးလိုက်သည်။ တိုက်တေနီယမ်သတ္တုစပ်ဖြင့် ပြုလုပ်ထားသည့် ပုဆိန်ကို အဆိပ်ဆူးက ထုတ်ချင်းပေါက် ဖောက်ထွက်သွားသဖြင့် ကျန်းကျားလန့်သွားသည်။ ထိုအဆိပ်ဆူးက သူ့ခေါင်းနှင့် စင်တီမီတာ အနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။ အဆိပ်ဆူးထိပ်မှ အနက်ရောင် အဆိပ်ရည်များ တစ်စက်စက် ကျနေသည်ကိုပင် မြင်နေရ၏။ ပုဆိန်ဖြင့် အချိန်မီ မကာနိုင်ခဲ့ပါက ထိုအဆိပ်ဆူးက သူ့ခေါင်းကို ဖောက်ထွက်သွားနိုင်၏။
ကျန်းကျားက မီးတောက်နီကို ထုတ်လွှတ်လိုက်သော်လည်း ပျားဘုရင်မက ချက်ချင်း နောက်ဆုတ်သွားသည်။ ပျားဘုရင်မ၏အမြန်နှုန်းက ဒုတိယအဆင့် မျိုးဗီဇချိုးဖျက်ထားသည့် ကျန်းကျားထက်ပင် ပိုမြန်နေသေးသည်။ မီးတောက်နီက ပျားဘုရင်မကို ထိမသွားချေ။
ပျားဘုရင်မကလဲ အခြေအနေကို ကောင်းကောင်းနားလည်ပုံရ၏။ ကျန်းကျား၏ကိုယ်ပေါ်တွင် မီးလျှံများဖုံးလွှမ်းလာသည်နှင့် နောက်သို့သာ တွင်တွင်ဆုတ်နေ၏။ ကျန်းကျား ဘာမှမတတ်နိုင်ဘဲ မီးတောက်နီကို ပြန်ပိတ်လိုက်ရသည်။ ပျားဘုရင်မ တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း တိုက်တေနီယမ်ပုဆိန်ပေါ်တွင် အပေါက်သစ်တစ်ခု တိုးလာသည်။ ထိုဖျက်ဆီးနိုင်စွမ်းကြောင့် ကျန်းကျားလဲ အတင်းရှေ့ဆက်မတိုးရဲချေ။ ရှေ့မတိုးသာနောက်မဆုတ်သာဖြင့် ထိုပုံစံအတိုင်း (၁၀)စက္ကန့်လောက် ကြာသွား၏။ ကျန်းကျားမှာ ပျားဘုရင်မ၏ အမြန်နှုန်းကို လိုက်မီဖို့နေနေသာသာ ခုခံကာကွယ်ဖို့ပင် အစွမ်းကုန် ကြိုးစားနေရသည်။ နောက်ဆုံးတွင် ပျားဘုရင်မက ကျန်းကျား၏ ဘယ်ဘက်ပုခုံးကို ထိုးနှက်နိုင်ခဲ့၏။ ပုခုံးတွင် အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး လက်တစ်ဖက်လုံး မည်းနက်လာသည်။ မီးတောက်နီကိုသာ ချက်ချင်းမဖွင့်လိုက်နိုင်ပါက ပျားကြီး၏ အစွယ်များက သူ့ခေါင်းတစ်ဝက်လောက်ကို ကိုက်ဖြတ်သွားနိုင်လောက်သည်။
ကျန်းကျားတို့အတွက် အချိန် (၁၀)စက္ကန့်ပင် မကျန်တော့။ ကျန်းကျား လုံးဝငြိမ်သက်သွား၏။ ပျားဘုရင်မက အရှိန်ဖြင့် ပျံသန်းလာသည်။ သူ့ အနားသို့ ရောက်လာသည်နှင့် ကျန်းကျားက ပေါက်ကွဲခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်။
အချိန်များ နှေးကွေးသွားသလို ခံစားလိုက်ရ၏။ အစက ပျားဘုရင်မ၏ လှုပ်ရှားမှုများကို အလွယ်တကူမမြင်နိုင်ခဲ့သော်လည်း အခုတော့ ထိုလှုပ်ရှားမှုများက သာမန်လူတစ်ယောက်ထက်ပင် နှေးကွေးနေသည်။ ထိုလှုပ်ရှားမှုများကို ကျန်းကျား ဗီဇစိတ်ဖြင့် ခံစားနိုင်သလို သာမန်မျက်စိဖြင့်လဲ မြင်နေရသည်။ ပုဆိန်ကို သူ့ရှေ့မှာကာလိုက်ရာ အဆိပ်ဆူးက ပုဆိန်ကို ဖောက်ထွက်သွား၏။ ထို့နောက် ချီစွမ်းအင်ကို လက်ထဲသို့ပို့လွှတ်၍ အဆိပ်ဆူးကို ဖမ်းဆုပ်ပြီး ချိုးပစ်လိုက်သည်။
ပေါက်ကွဲခြင်းစွမ်းရည် သုံးထားချိန်တွင် အချိန်က အသက်တမျှ တန်ဖိုးရှိ၏။ ပျားဘုရင်မ လှုပ်ရှားတာကို စောင့်မနေတော့ဘဲ ကျန်းကျားက ပျားဘုရင်မ၏ ကျောပေါ် ဖျတ်ခနဲ ခုန်တက်လိုက်ပြီး လက်သီးအစုံဖြင့် တဘုန်းဘုန်း ထိုးနှက်လိုက်သည်။
သူ့ခွန်အားက သာမန်ထက် (၁၀)ဆခန့် ပိုနေသဖြင့် ထိုလက်သီးချက်များသည် အမြောက်ဆန်များအလား ပြင်းထန်လှသည်။ ပျားဘုရင်မခမျာ လက်သီးနှစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်၍ ကြေမွသွားသည်။ ထို့နောက် ကျန်းကျားက ဖနောင့်ဖြင့် ပေါက်ချလိုက်ရာ ပျားဘုရင်မ၏ ခန္ဓာကိုယ်နှင့် အနီးတဝိုက်ရှိ ပျားအုံများ တစစီ ပျက်စီးသွားသည်။ သတ္တုကြမ်းပြင်သည်ပင် စင်တီမီတာအနည်းငယ် ချိုင့်ဝင်သွား၏။
ပေါက်ကွဲခြင်းစွမ်းရည် အသုံးပြုခြင်းကို ရပ်တန့်လိုက်သည်နှင့် ကျန်းကျားတစ်ကိုယ်လုံး နုံးချိသွားသည်။ ဒါတောင် ထိုစွမ်းရည်ကို (၃) စက္ကန့်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ အဆိပ်ဆူး အထိုးခံရသည့် ခြေထောက်နှင့် ဘယ်ဘက်ပုခုံးမှာ နာကျင်လွန်းလှသဖြင့် ကျန်းကျား အာခေါင်ခြစ်၍ အော်ဟစ်လိုက်ချင်စိတ်ပင် ပေါက်လာသည်။ သို့သော် ထိုခံစားချက်ကို အောင့်အီးသည်းခံပြီး ချူရွှမ်ရှိရာသို့ အစွမ်းကုန် ပြန်ပြေးသွား၏။
လမ်းကြောင်းကို ပြန်ရှာနေစရာ မလိုတော့သဖြင့် ချူရွှမ့်ကို ထားခဲ့သည့် အခန်းသို့ရောက်ရန် စက္ကန့်အနည်းငယ်သာ ကြာသည်။ ချူရွှမ့်ခန္ဓာကိုယ် တစ်ခုလုံး တုန်ရင်နေသော်လည်း မှတ်တမ်းစာအုပ်တစ်အုပ်ကို လက်ထဲတွင် မြဲမြဲဆုပ်ကိုင်ထား၏။ ကျန်းကျား ရိုက်ခွဲပြီး ဖွင့်ခဲ့သည့် မီးခံသေတ္တာဘေးတွင် ပို၍သေးငယ်သော မီးခံသေတ္တာ နှစ်လုံးရှိနေသည်။ ကြမ်းပြင်ပေါ်ရှိ ပျားအုံများမှာလဲ ဖရိုဖရဲဖြစ်နေသည်။ ချူရွှမ်သည် ပထမမီးခံသေတ္တာထဲတွင် လိုအပ်သည့် စာရွက်စာတမ်းကို မတွေ့သည့်အတွက် အခန်းကို နောက်တစ်ကြိမ် ထပ်မံရှာဖွေခဲ့ပုံရသည်။
ချူရွှမ်ဆက်ပြီး အသက်အောင့်မထားနိုင်တော့သဖြင့် သူ့လက်ထဲရှိ မှတ်တမ်းစာအုပ်မှာ သူတို့ရှာနေသော မှတ်တမ်းစာအုပ် ဟုတ်မဟုတ် အတည်ပြုရန် ကျန်းကျား အချိန်မရှိတော့။ တုန်ရင်နေသည့် ချူရွှမ့်ကို ဆွဲခေါ်ပြီး သူ့ကိုယ်ထဲသို့ ချီ စွမ်းအင်များ ပို့လွှတ်လိုက်သည်။ ထို့နောက် သူတို့ဝင်လာခဲ့သည့် လမ်းအတိုင်း ပြန်ပြေးထွက်လာသည်။
ချူရွှမ် မျက်လုံးများ ပွင့်လာပြီး သူ့ လက်ထဲမှ စာအုပ်ကို ကြည့်လိုက်သည်။ ထို့နောက် သုတေသနဌာန၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ သူ့လက်ထဲသို့ ပစ္စတိုများ ဖျတ်ခနဲ ရောက်ရှိလာသော်လည်း အင်အားချိနဲ့နေသဖြင့် သူ့လက်တို့က တုန်ရင်နေ၏။
မီးခိုးများ တဖြည်းဖြည်း လွင့်ပြယ်နေပြီဖြစ်ပြီး အဆောက်အဦး အပြင်ဘက်မှ တဝီဝီမြည်သံများလဲ ထွက်ပေါ်နေသည်။ ထိုအသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်လှ၏။ ပျားထီးများနှင့် ပျားဘုရင်မတို့က အစွမ်းထက်ကြသည်မှန်သော်လည်း တကယ် ဒုက္ခပေးနိုင်တာက အဆောက်အဦးအပြင်ဘက်ရှိ ပျားအုပ်ကြီးဖြစ်သည်။
ချူရွှမ့်မျက်နှာ ပြာနှမ်းလာပြန်သည်။ ကျန်းကျားလဲ ရင်ထဲတွင် အောင့်စပြုလာ၏။ အောက်ဆီဂျင် ပြတ်လုနီးပါး ဖြစ်နေလေပြီ။ နောက်ဆုံးတွင်တော့ မီးခိုးများ အုံ့ဆိုင်းနေသည့် သုတေသနဌာနအတွင်းမှ ပြေးထွက်လာနိုင်သည်။
“ဘောနပ်မစ်ရှင် ပြီးဆုံးပါပြီ … ကျွန်းပေါ်ရှိ အဖွဲ့ဝင်တိုင်း အမှတ် ၄၀၀၀ နှင့် အဆင့် စီ ဆု ၂ ခု ရရှိပါတယ် … မစ်ရှင်ပစ္စည်းဖြစ်သည့် DNA ပြန်လည်တည်ဆောက်ခြင်း မှတ်တမ်း ကို ရရှိပါတယ်”
ကျန်းကျားနှင့် ချူရွှမ်တို့ အပြင်သို့ ရောက်သည်နှင့် အသက်ကို ဝဝရှူလိုက်ကြသည်။ နှစ်ယောက်စလုံး မျိုးဗီဇချိုးဖျက်ထားသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သဖြင့် လွင့်ပြယ်စပြုနေသည့် မီးခိုးများကြားမှ သူတို့ကို တိုက်ခိုက်ရန် ကြိုးစားနေသော ဧရာမ ပျားအုပ်ကြီးကို မြင်နေရသည်။ သို့သော် လက်ကျန် မီးခိုးများက ပျားများကို ခေတ္တမျှ တားဆီးပေးထားသည်။ ကမ်ပါနှင့် ဝမ်ရှတို့ကလဲ မလှမ်းမကမ်းမှနေ၍ ပျားများကို ပစ်ခတ်နေကြသည်။
ကျန်းကျားက သူတို့နှစ်ယောက်ဆီသို့ လေအဟုန်ဖြင့် ပြေးသွားသည်။ ထို့နောက် ချူရွှမ့်ကို အောက်ချပေးလိုက်ပြီး မိုးပျံဘုတ်ပြား ပေါ်တက်လိုက်၏။ သို့သော် သူ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရင်နေသည်။ အဆိပ်ဆူး အထိုးခံရသည့် ပုခုံးနှင့် ခြေထောက်တို့က ဖူးရောင် မည်းနက်နေသည်။
ကမ်ပါနှင့် ဝမ်ရှတို့ ဓားများကို အသီးသီး ထုတ်လိုက်ကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး ကမ်ပါက အနည်းငယ် နောက်ဆုတ်ပေးလိုက်သည်။ ဝမ်ရှက ကျန်းကျား၏ ပုခုံးပေါ်တွင် ကြက်ခြေခတ်ပုံစံ လှီးလိုက်၏။ အနက်ရောင် သွေးများနှင့်အတူ အယ်လ်မွန်နံ့ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။ ကမ်ပါနှင့် ဝမ်ရှတို့ကွက်ခနဲ မျက်နှာပျက်သွား၏။ ဝမ်ရှက အဆိပ်များကို စုပ်ထုတ်ရန် ကြိုးစားလိုက်ရာ ကျန်းကျားက တားလိုက်သည်။
“မလုပ်နဲ့ မလိုဘူး ... ငါ အဆိပ်ဖြေဆေးတွေ ယူလာတယ် … ဒါပေမယ့် မိုးပျံဘုတ်ပြား ကိုတော့ မမောင်းနိုင်တော့ဘူး”
ချူရွှမ်က ကျန်းကျားကို တွန်းဖယ်လိုက်ပြီး …
“ငါလဲ မျိုးဗီဇ ပထမအဆင့်ကို ချိုးဖျက်ထားတယ် ငါ မောင်းမယ်”
ဝမ်ရှက ကျန်းကျား၏ ဖူးရောင်နေသော နေရာများကို ဓားဖြင့် လှီး၍ ဒဏ်ရာများထဲသို့ အဆိပ်ဖြေဆေး ထိုးပေးလိုက်သည်။ သူတို့ သုံးယောက်စလုံးကို ကြိုးများဖြင့် သေချာချည်နှောင်ပြီးနောက် ချူရွှမ်က မိုးပျံဘုတ်ပြားပေါ်တက်၍ ပျံတက်လိုက်သည်။ ထို့နောက် ကြွင်းကျန်နေသေးသည့် မီးခိုးများကို အကာအကွယ်ယူ၍ ပျားအုပ်ကြီးကြားမှ ဖောက်ထွက်လာကြသည်။ ချူရွှမ်သည် မိုးပျံဘုတ်ပြား ကို ကျန်းကျားကဲ့သို့ပင် ကျွမ်းကျင်စွာ မောင်းနှင်နိုင်၏။ မိုးပျံဘုတ်ပြားက အရှိန်အဟုန်ဖြင့် တည်ငြိမ်စွာ ပျံသန်းနေသည်။
“ငါတို့ရဲ့ အရှိန်က သူတို့ထက် နည်းနည်းလေး ပိုနှေးနေတယ်”
ချူရွှမ်က တီးတိုး ရေရွတ်လိုက်၏။
ကျန်းကျားတို့သုံးယောက် နောက်လှည့်ကြည့်လိုက်ရာ သူတို့နောက်မှ တဝီဝီနှင့် လိုက်လာနေသည့် ပျားအုပ်ကြီးကို မြင်လိုက်ရသည်။
မြင်ကွင်းက သွေးပျက်လောက်စရာပင်။ ပျားအုပ်ကြီးက ကြီးမားလွန်းလှသဖြင့် နေရောင်ကိုပင် ဖုံးကွယ်သွား၏။ ဒိုင်နိုဆောများသည်ပင် ဒီပျားအုပ်ကြီးကို ယှဉ်နိုင်မည်မဟုတ်။
ကမ်ပါက အော်ဟစ်မာန်သွင်းလိုက်ပြီး ပျားအုပ်ကြီးကို EMP ရိုင်ဖယ်ဖြင့် ချိန်ရွယ်လိုက်သည်။ EMP ရိုင်ဖယ်သံက သာမန်သေနတ်များထက် ပို၍ ကျယ်လောင်နေသည့်အပြင် ကျည်ဆန်များက အသံထက်မြန်သောနှုန်းဖြင့် လေထုကို တိုးဝင်သွားသဖြင့် တဝုန်းဝုန်းအသံများ ထွက်ပေါ်လာသည်။ သေနတ်ပြောင်းဝရှေ့ရှိ လေထုမှာလဲ သိသိသာသာ တုန်ခါနေ၏။
ကျည်ဆန်များအောက်တွင် ပျားအုပ်ကြီးမှာ မိုးသီးမိုးပေါက်များသဖွယ် မြေပြင်ပေါ်သို့ တဖွဲဖွဲ ကျသွားသည်။ သို့သော်လည်း ပျားတစ်အုပ်လုံးနှင့် ယှဉ်လျှင်တော့ ထိုပမာဏက အလွန်ပင် နည်းပါးလှ၏။ ပျားအုပ်ကြီးက သူတို့ဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်။ ရှေ့ဆုံးရှိ ပျားအုပ်စုက (၁)ကီလိုမီတာ အကွာသို့ ရောက်လာချိန်တွင် ဝမ်ရှက ချိန်ကိုက်ဗုံးတစ်လုံး ထုတ်၍ စက္ကန့်ချိန်လိုက်ပြီး ပျားအုပ်ဆီ ပစ်ပေါက်လိုက်သည်။
ကျန်းကျားတို့ ခပ်လှမ်းလှမ်းသို့ ရောက်သွားချိန်တွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လေလှိုင်းများ ရိုက်ခတ်လာသဖြင့် မိုးပျံဘုတ်ပြား ဟန်ချက်ပျက်သွားရာ ချူရွှမ်က ချက်ချင်းပြန်ထိန်းလိုက်ရ၏။
ကျန်းကျား တအံ့တဩ မေးလိုက်သည်။
“ပေါက်ကွဲအားက ပြင်းလှချေလား … ဖျက်အားပြင်း လက်ပစ်ဗုံး သုံးလုံးစာလောက် ရှိတယ်ဟ”
လေထဲတွင် မှိုပွင့်ပုံစံ မီးခိုးလုံးလေးတစ်ခု ကျန်ရစ်ခဲ့သည်။ ပေါက်ကွဲမှုအတွင်း ရောက်သွားသည့် ပျားအားလုံး သေဆုံးသွားကြသလို အနီးနားရှိ ပျားများလဲ ပေါက်ကွဲမှုလှိုင်းဒဏ်ကြောင့် အပိုင်းပိုင်းပြတ်ကုန်ကြသည်။ ပေါက်ကွဲမှုကြောင့် သူတို့နှင့် အနီးဆုံးမှာရှိနေသည့် ပျားများအားလုံးရှင်းသွားသဖြင့် ပျားအုပ်ကြီးက သူတို့နားသို့ ချက်ချင်းပြန်မကပ်နိုင်တော့ချေ။
ဝမ်ရှက ရယ်မောရင်း ပြောလိုက်သည်။
“အမှန်ပဲ … ဒါက ဖျက်အားပြင်း လက်ပစ်ဗုံး သုံးလုံးစာ ပေါက်ကွဲအားပဲ … ဒါကို ခပ်ဝေးဝေးကို ပစ်နိုင်ရင်ပဲဖြစ်ဖြစ် … ငါတို့အခု သွားနေသလို အရှိန်အဟုန်နဲ့ သွားနေရင်ပဲဖြစ်ဖြစ် စိတ်ချလက်ချ သုံးလို့ရအောင် ငါနည်းနည်း ပြန်ပြုပြင်ထားတာ … မဟုတ်ရင်တော့ အဲ့ဒီ ပေါက်ကွဲမှုလှိုင်းဒဏ်နဲ့တင် ငါတို့ပါ သေသွားနိုင်တယ်”
ကျန်းကျား သက်ပြင်းချလိုက်ပြီး ဝမ်ရှ၏ ပုခုံးကို ပုတ်လိုက်သည်။ သူ့လက်နှင့် ခြေထောက်များ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည်။ အဆိပ်ဖြေဆေးက အလွန်အစွမ်းထက်သည့်အပြင် ကျန်းကျား၏ ပြန်လည်ကုသနိုင်စွမ်းနှင့် ကိုယ်ခံအားစနစ်ကြောင့် တိုက်ပွဲဝင်နိုင်သည့် အခြေအနေသို့ ပြန်ရောက်နေလေပြီ။
ထို့နောက် ကျန်းကျားက ချူရွှမ့်ကို စိတ်လှုပ်ရှားစွာဖြင့် လှမ်းပြောလိုက်သည်။
“အရမ်းမိုက်တယ် … ငါတို့ မစ်ရှင်ပစ္စည်း နောက်တစ်ခု ရလိုက်ပြီ ... ဒီ DNA ပြန်လည်တည်ဆောက်ခြင်း မှတ်တမ်းစာအုပ်က ဘာအတွက် သုံးတာလဲ … ငါတို့ရဲ့ DNA ကို မျိုးဗီဇချိုးဖျက်ခြင်း စတုတ္ထအဆင့် လိုမျိုး စိတ်ကြိုက် ပြောင်းလဲလို့ရပြီလား”
ချူရွှမ်က …
“ပေါက်ကရကွာ … ဒါက ဆင့်ကဲဖြစ်စဉ်ကို ပြောင်းပြန်လှန်ပေးတဲ့ ဆေးရည်ဖော်စပ်နည်းနဲ့ ရှေးဟောင်းမျိုးစိတ်တချို့ရဲ့ DNA ပုံစံငယ်တွေပဲ … ငါတို့အတွက်တော့ အသုံးမဝင်ဘူး … ဒါပေမယ့် ဒီရုပ်ရှင်ထဲက တတိယမြောက် ဘောနပ်မစ်ရှင် နဲ့တော့ ဆက်စပ်နေနိုင်တယ်”
ကျန်းကျားတို့သုံးယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့က ဘောနပ်မစ်ရှင်နှစ်ခုသာ ရှိသည်ဟုသာ သိထားကြခြင်းဖြစ်သည်။ ဒုတိယဘောနပ်မစ်ရှင်မှာ အစ္စလာ နက်ဗြူလာကျွန်းတွင် ဖြစ်သော်လည်း ထိုကျွန်းတွင် ဘာတွေဖြစ်ပျက်နေသည်ကို မသိရသေးချေ။ တတိယမြောက်ကျွန်းတစ်ကျွန်း ရှိနေသေးသည်လား။
ချူရွှမ်က သူ့စကားကို ဆက်သည်။
“ကျန်းကျား ... မင်း သတိထားမိလား … ငါတို့ ဒီကမ္ဘာထဲ ရောက်လာတော့ အချိန်ကန့်သတ်ချက် မရှိခဲ့ဘူး … ဆိုလိုတာက ငါတို့သာ အစ္စလာ ဆိုနာ ကျွန်းမှာ မစ်ရှင်ကို သွားပြီး အဆုံးမသတ်ဘူးဆိုရင် ဒီကမ္ဘာထဲမှာ ဆယ်နှစ် ဒါမှမဟုတ် အဲ့ဒီထက်မက ကြာအောင် နေလို့ရတယ်”
ကျန်းကျား ခေတ္တ မင်သက်သွားပြီးမှ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။
“မင်းပြောတာ မှန်တယ် … ဒီတစ်ခါတော့ အချိန်ကန့်သတ်ချက် မရှိဘူးပဲ … ဒါဆို ငါတို့ ဒီမှာ အချိန်ယူပြီး လေ့ကျင့်လို့ရတယ်လား … ငါ့ရဲ့ ချီစွမ်းအင်နဲ့ သွေးစွမ်းအင်က လေ့ကျင့်ရင်း ဖြည်းဖြည်းချင်း တိုးတက်လာနေတာဆိုတော့ အချိန်သာ အများကြီး ရမယ်ဆိုရင် …”
“အဲ့လို လုပ်ဖို့ မဖြစ်နိုင်ဘူး … ငါလဲ အဲ့ဒီအချက်ကို ထည့်စဉ်းစားခဲ့ဖူးတယ် … ငါ ဘာလို့ ဒီကျွန်းကို ဒီလောက်စောစော လာဖို့ ဆုံးဖြတ်ခဲ့လဲ သိလား … နတ်ဘုရား က ဘာဖြစ်လို့ ဒီလောက်ကြီးမားတဲ့ ဟာကွက်ကို ချန်ထားပေးရတာလဲဆိုတာ ငါ သံသယဝင်ခဲ့လို့ပဲ … ငါတို့ မစ်ရှင်က ပြတိုက်ထဲက တီ-ရက်စ် ဥတွေကို ခိုးယူဖို့ပဲလေ … အဲ့ဒါက ရိုးရိုးလေးပဲဥစ္စာ ဘာလို့ အချိန်ကန့်သတ်ချက် မပေးထားတာလဲ … တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ ငါတို့သာ ဒီမြို့ထဲမှာ ဒါမှမဟုတ် ဒီကမ္ဘာထဲမှာ အချိန်အကြာကြီး နေမယ်ဆိုရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံရမှာမို့လို့ပဲ”
ချူရွှမ်က အေးအေးဆေးဆေးပင် ဆက်ရှင်းပြသည်။
“ကျွန်းရဲ့ အလယ်ဗဟိုနဲ့ နီးလာလေလေ အင်းဆက်ပိုးမွှားတွေ ပိုများလာလေလေပဲဆိုတာ မင်း သတိထားမိလား … ပျားတွေတင် မဟုတ်ဘူး … တခြား အင်းဆက်ပိုးမွှားမျိုးစိတ်တွေ အများကြီး ရှိသေးသလို တချို့ဆိုရင် ပျားတွေထက် အရေအတွက်ရော ခန္ဓာကိုယ်ပါ ပိုကြီးကြတယ် … အဲ့ဒါ ဘာအဓိပ္ပာယ်လဲ သိလား … သူတို့က ဒီကမ္ဘာရဲ့ အောက်စီဂျင်ပမာဏနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆင့်ကဲပြောင်းလဲနေကြသေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ … ပျားတွေကတော့ သိသိသာသာကို အသားကျသွားပြီ … တခြားမျိုးစိတ်တွေပါ အသားကျသွားပြီး မျိုးပွားလာကြပြီဆိုရင်တော့ နောက်ဆုံးရလဒ်က လူသားမျိုးနွယ် တစ်ခုလုံး ပျက်စီးသွားဖို့ပဲ ရှိတော့တယ် … ဒါကြောင့် ငါတို့ ဒီမှာ ကြာကြာနေလေလေ အသက်ရှင်ဖို့ အခွင့်အရေး နည်းပါးလေလေပဲ … နောက်ငါးနှစ်လောက်ဆိုရင် ဒီအင်းဆက်ပိုးမွှားတွေက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားလိမ့်မယ် … အဲ့ဒီကျရင် ငါတို့လဲ တီ-ရက်စ် ဥတွေကို ရနိုင်တော့မှာ မဟုတ်ဘူး … အေးအေးဆေးဆေး နေခဲ့မိတဲ့အတွက် အဲ့ဒီအကျိုးဆက်ကို ခံစားရမှာပဲ … အန္တရာယ်ရှိမှ ဆုလာဘ်ရှိမယ် … ဒီရုပ်ရှင်ထဲမှာ အဲ့ဒီဆုလာဘ်က အချိန်ပဲ”
ကျန်းကျား နောက်ဆုံးတွင် သဘောပေါက်သွားသည်။
“ဒါဆို တတိယဘောနပ်မစ်ရှင်က ပထမမစ်ရှင် ပြီးသွားမှ ပေါ်လာတာပေါ့ … ငါတို့က ဒီအင်းဆက်တွေရဲ့ အန္တရာယ်ကို သေချာနားလည်ဖို့ လိုသလို ဒီမှတ်တမ်းရဲ့ အရေးပါပုံကို သိမှပဲ အဲ့ဒီမစ်ရှင်ကို အောင်မြင်မယ့်သဘောလား”
“ဟုတ်တယ် … ဒီမှတ်တမ်းကို ဒီကမ္ဘာက အစိုးရလက်ထဲ အပ်နှံပြီး လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးလိုက်တာက တတိယ ဘောနပ်မစ်ရှင်ပဲဖြစ်ရမယ် … ပြီးတော့ ဒါက မူရင်းဇာတ်လမ်းကိုလဲ ပြောင်းလဲသွားစေလိမ့်မယ်”
ချူရွှမ်က သူ့မျက်မှန်ကို ပင့်တင်လိုက်ရင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
***