ချူရွှမ့်စကားကြောင့် အားလုံး စိတ်လက်ပေါ့ပါးစွာ သက်ပြင်းချလိုက်ကြသည်။ ဒါကတော့ ရဲဘော်ရဲဘက်အချင်းချင်းအပေါ် ထားရှိသည့် ယုံကြည်မှုပင်။ လောလောဆယ်တွင် ထိုယုံကြည်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားနိုင်သူများမှာ ကျန်းကျားနှင့် ချူရွှမ်တို့နှစ်ဦးသာ ရှိသည်။ တစ်ယောက်က ခွန်အားကြောင့်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဉာဏ်ပညာကြောင့် ဖြစ်သည်။ ကျန်းကျားသည် မည်သည့်အခြေအနေမျိုးမှာမဆို အဖွဲ့ဝင်များကို လက်မလျှော့စတမ်း ကာကွယ်ပေးတတ်သည့် စိတ်ဓာတ်ရှိသဖြင့် အားလုံးက သူတို့၏ နောက်ကျောကို ကျန်းကျားထံ ယုံကြည်စိတ်ချစွာ အပ်နှံထားရဲကြသည်။ ဒီလိုယုံကြည်မှုမျိုးသည် ရက်စက်ကြမ်းတမ်းသည့် ရုပ်ရှင်ကမ္ဘာများထဲတွင် နူးညံ့လွန်းသည်ဟု ထင်ရသော်လည်း ထိုအချက်ကပင် အဖွဲ့ဝင်အားလုံးကို တစ်သားတည်းဖြစ်အောင် စည်းရုံးပေးထားခြင်းဖြစ်၏။ ကျန်းကျားသာ မရှိလျှင် တရုတ်အသင်းဆိုသည်မှာ အပျော်တမ်းသာသာအသင်းတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ တရုတ်အသင်း၏ ဉာဏ်ကြီးရှင် ချူရွှမ်ပင်လျှင် အဖွဲ့ဝင်အားလုံးကို ဤမျှအထိ စည်းလုံးအောင် လုပ်နိုင်မည်မဟုတ်ပေ။
ချူရွှမ့်အပေါ် သူတို့ထားရှိသည့် ယုံကြည်မှုကတော့ တစ်မျိုးဖြစ်သည်။ ချူရွှမ့်ထံတွင် လူအများက သူတို့၏ နောက်ကျောကို စိတ်ချလက်ချ အပ်နှံထားချင်လောက်စရာ ဆွဲဆောင်မှုမျိုး မရှိသော်လည်း ထူးကဲလှသော ဉာဏ်ရည်နှင့် ပြီးပြည့်စုံသည့် အစီအစဉ်များက အဖွဲ့ဝင်များအား ဘယ်လိုအခက်အခဲမျိုးမဆို ဖြေရှင်းနိုင်သည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ကျန်းကျားနှင့် ချူရွှမ်တို့ ပူးပေါင်းလိုက်သည့်အခါ သူတို့နှစ်ဦးမှာ တရုတ်အသင်း၏ ထောက်တိုင်များ ဖြစ်လာတော့သည်။ ကျန်းကျားက တရုတ်အသင်း၏ ထက်မြက်သည့် ဓားတစ်လက်ဖြစ်လာပြီး ချူရွှမ့် ဉာဏ်ပညာကတော့ မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် အမာကျောဆုံး ဒိုင်း တစ်ခု ဖြစ်လာတော့သည်။
ကျန်းကျားက ရယ်မောရင်း ပြောလိုက်သည်။
“ဟုတ်ပြီလေ … ဒါဆို ရေတပ်ကို အလစ်တိုက်ခိုက်ပြီး ပျားအုပ်ကြီးကိုလဲ သူတို့ဆီ ဆွဲခေါ်သွားကြတာပေါ့ … ချူရွှမ် ... မိုးပျံဘုတ်ပြား က ရေစိုခံရဲ့လား”
ချူရွှမ် ခေတ္တငြိမ်သက်သွားပြီး ပြုံးလိုက်သည်။
“ပြဿနာမရှိဘူး … ဒီပစ္စည်းရဲ့ စွမ်းအင်စနစ်က မှော်စွမ်းအင်ပဲ … မူရင်းရုပ်ရှင်ထဲက စနစ်နဲ့ မတူဘူး … မင်းပြောချင်တာကို ငါသဘောပေါက်ပါတယ်”
ကျန်းကျားက …
“ဒါဆို ငါတို့ အစ္စလာ နက်ဗြူလာ ကျွန်းကို တန်းသွားကြတာပေါ့ … ဟားဟား ... အဲ့ဒီမှာ ဘောနပ်မစ်ရှင်ကို အရင်အပြီးသတ်မယ် … ပြီးမှ တတိယမြောက် ဘောနပ်မစ်ရှင်ကို ဆက်လုပ်ကြတာပေါ့ … အဲ့ဒါဆိုရင် ရုပ်ရှင်တစ်ကားတည်းနဲ့ ဆုလာဘ် သုံးခုတောင် ရမှာပဲ … ဒါက ငါ မျှော်လင့်ထားတာထက်တောင် ပိုနေသေးတယ် … ဟားဟား”
ချူရွှမ်က လေအေးလေးဖြင့် ပြန်မေးလိုက်သည်။
“မင်း သေမှာ မကြောက်ဘူးလား … အဆင့် စီ ဆု နှစ်ခု တန်တဲ့ မစ်ရှင်နဲ့တောင် မင်းသေလုမျောပါး ဖြစ်ခဲ့တယ်လေ … လေယာဉ်တင်သင်္ဘောအုပ်စု စောင့်ကြပ်နေတဲ့ ကျွန်းက ပိုလွယ်မယ်လို့ ထင်နေတာလား”
ကျန်းကျားက အလျှော့မပေးဘဲ ပြန်ပြောလိုက်သည်။
“ဒီရုပ်ရှင်ထဲမှာ အန္တရာယ်ကင်းကင်းနဲ့ အသက်ရှင်ချင်ရုံသက်သက်ဆိုရင် ငါတို့ ဒီကျွန်းကိုရောက်နေမယ် ထင်လို့လား … စိတ်မပူပါနဲ့ … ငါတို့ အဖွဲ့ဝင်တွေကို ပြန်အသက်သွင်းဖို့ ဆုံးဖြတ်လိုက်ကတည်းက ငါသေရမှာကို မမှုတော့ပါဘူး … အချိန်မရွေး သေဖို့အဆင်သင့်ဖြစ်နေတဲ့ စိတ်ဓာတ်မျိုးသာ ငါ့မှာ မရှိခဲ့ရင် ဒီကို ရောက်နေမှာတောင် မဟုတ်ဘူး”
ကျန်းကျားက ပြောပြောဆိုဆို ဆုံလည်စက်သေနတ်ဖြင့် အရှေ့သို့ ချိန်ရွယ်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် တောင်ကုန်းတစ်ခုနောက်မှ စစ်တပ်သုံး ရဟတ်ယာဉ်နှစ်စင်း ပျံသန်းထွက်ပေါ်လာသည်။ မှောင်မည်းနေသော ပတ်ဝန်းကျင်ကို မီးမောင်းများထိုး၍ ဟိုဟိုဒီဒီ လှည့်ပတ်ရှာဖွေနေကြသည်။ မိုးပျံဘုတ်ပြား ရှိရာဘက်သို့ ရဟတ်ယာဉ်များ လှည့်လာချိန်တွင် ကျန်းကျားက အံတင်းတင်းကြိတ်၍ မောင်းခလုတ်ကို ဆွဲညှစ်လိုက်သည်။
ကျည်ဆန်များတရစပ် ပျံသန်းသွားသည်။ ပထမဆုံး ရဟတ်ယာဉ်ကို ကျည်ဆန်ထိမှန်သည့် အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်း ရဟတ်ယာဉ်၏ ဘေးတစ်ခြမ်းလုံး ဇကာပေါက်ဖြစ်သွားသည်။ ရဟတ်ယာဉ်မောင်းသူ ပွဲချင်းပြီး သေဆုံးသွားကာ ရဟတ်ယာဉ်လဲ မြေပြင်သို့ ထိုးကျသွားပြီး ပေါက်ကွဲသွားလေတော့သည်။
ကမ်ပါကလဲ တဟားဟား ရယ်မောရင်း ကျန်နေသည့် ရဟတ်ယာဉ်တစ်စင်းကို EMP ရိုင်ဖယ်ဖြင့် ချိန်ရွယ်ပစ်ခတ်လိုက်သည်။ ထိုရဟတ်ယာဉ်က သူတို့ဆီသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်သော်လည်း EMP ရိုင်ဖယ်မှ ထွက်ပေါ်လာသည့် ကျည်ဆန်များက ထိုဒုံးကျည်ကိုရော ရဟတ်ယာဉ်ကိုပါ တပါတည်း ဖောက်ထွက်သွား၏။ ဆုံလည်စက်သေနတ်က ရဟတ်ယာဉ်ကို ပစ်ချနိုင်ရုံသာ ဖြစ်သော်လည်း EMP ရိုင်ဖယ်ကတော့ ရဟတ်ယာဉ်ကို လေထဲမှာတင် တစ်စစီ ပေါက်ကွဲသွားစေ၏။ လက်နက်နှစ်ခုကြားရှိ အဖျက်စွမ်းအားက ကွာခြားချက် ကြီးမားလွန်းလှသည်။
“ဟားဟား ... လုပ်လိုက်ကြစို့ … ဘာကိုမှ ချန်မထားနဲ့ … ဘာကိုမှလဲ ထည့်မစဉ်းစားနဲ့တော့ … ရေတပ်သင်္ဘောအုပ်စုကို သွားတိုက်ပြီး သင်္ဘောတစ်စီးလောက် သွားမြှုပ်ကြမယ် … ချူရွှမ်ရေ ... ကျန်တာတွေကို ငါတို့လက်ထဲသာ အပ်ထားလိုက်တော့”
ကျန်းကျားအော်ပြောလိုက်သည်။
မိုးပျံဘုတ်ပြားက ကမ်းခြေဆီသို့ ချဉ်းကပ်လာနေသည်။ ပျားအုပ်ကြီးက လမ်းတစ်လျှောက်မှာရှိသမျှကို တိုက်ခိုက်ရှင်းလင်းရင်း သူတို့နောက်ကနေ တကောက်ကောက် လိုက်ပါလာဆဲ။ အချိန်မီ မပြေးနိုင်သည့် ဒိုင်နိုဆောမှန်သမျှ ထိုပျားအုပ်ကြီး၏ ဝိုင်းအမဲဖျက်ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း အရိုးကျသွားကြသည်။ တီ-ရက်စ် ဖြစ်စေ၊ ဘရွန်တိုဆောရပ်စ် ဖြစ်စေ သန်းပေါင်းများစွာသော ပျားအုပ်ကြီးရှေ့တွင်တော့ အသေခံရုံသာရှိ၏။
ရုတ်တရက် မိုးပျံဘုတ်ပြား ထံမှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာသည်။
ချူရွှမ်က …
“ငါတို့ကို ရေဒါမှာမိသွားပြီ … ဂြိုဟ်တုကနေ ဖမ်းမိသွားတာ … ငါတို့ဆီကို ဒုံးကျည်တွေ လာနေပြီ … မိုးပျံဘုတ်ပြား ရဲ့ ကိုယ်ပျောက်စနစ်က မပြည့်စုံသေးဘူးထင်တယ် … ပြန်ရောက်ရင် အဆင့်မြှင့်တင်ဦးမှပဲ … ကိုယ်ပျောက်စနစ်နဲ့ နှောင့်ယှက်ရေးစနစ် ကို ပေါင်းစပ်လိုက်ရင် အကောင်းဆုံးပဲ”
(TN - ကိုယ်ပျောက်စနစ်ဆိုသည်မှာ မိမိလေယာဉ်ကို ရန်သူ့ ရေဒါထဲတွင်မပေါ်အောင် ပြုလုပ်ပေးသည့်စနစ်ဖြစ်သည်။ မျက်စိဖြင့်မမြင်နိုင်သည့် ကိုယ်ပျောက်ခြင်းမျိုးမဟုတ်ပါ။ နှောင့်ယှက်ရေးစနစ်သည် ရန်သူ့ရေဒါ သို့မဟုတ် ဆက်သွယ်ရေးစနစ်ကို နှောင့်ယှက်ပေး (Jamming) လုပ်သည့် စနစ်ဖြစ်သည်။)
ကျန်းကျားက အောက်ကနေ လှမ်းအော်လိုက်သည်။
“အခုက အဲ့ဒီစနစ်တွေအကြောင်း ဆွေးနွေးရမယ့် အချိန်လားဟ … ဘယ်လိုဒုံးကျည်တွေလဲ … ရိုးရိုးဒုံးကျည်တွေလား … ဘာတွေလဲ … မင်းဆိုရင်ကော ဘာကို သုံးမလဲ”
ချူရွှမ်က ပြန်ဖြေလိုက်သည်။
“စောစောက ရဟတ်ယာဉ်က ငါတို့နဲ့ ဒီပျားအုပ်ကြီးရဲ့ ပုံရိပ်တွေကို အခြေစိုက်စခန်းဆီကို ပို့လိုက်ပုံရတယ် … ငါတို့ကိုပဲ သတ်ချင်တာဆိုရင်တော့ ဘယ်ဒုံးကျည်ကိုမဆို သုံးလို့ရတယ် … ဒါပေမယ့် ဒီလောက်များတဲ့ ပျားအုပ်ကြီးကိုပါ အမြစ်ပြတ်ချေမှုန်းချင်တယ်ဆိုရင်တော့ လေဟာနယ်ဗုံးကို သုံးလောက်တယ် … အဲ့ဒီဗုံးက ၁၀ ကီလိုမီတာ ပတ်လည်လောက်အထိ ပြင်းထန်တဲ့ လေလှိုင်းတွေ ဖြစ်ပေါ်စေတဲ့အပြင် အဲ့ဒီပတ်ဝန်းကျင်ရဲ့ အပူချိန်ကို အမြင့်ဆုံးအထိ ရောက်သွားစေလိမ့်မယ်”
ကျန်းကျား ကျောချမ်းသွားပြီး ချက်ချင်း မျိုးဗီဇချိုးဖျက်မှု တတိယအဆင့်ထဲသို့ ဝင်လိုက်သည်။ ဇီးရိုး၏ပုံစံအား တုပလိုက်ပြီး ကမ်ပါ့ကို လှမ်းအော်ပြောလိုက်သည်။
“ငါ မင်းကို ပစ်မှတ်ချိန်ပေးမယ် … မင်းအာရုံရသလိုသာ ပစ်လိုက်တော့ … အတိအကျကြီး မှန်မယ်လို့ မပြောရဲပေမယ့် အဲ့ဒီဘက်ကနေ ဒုံးကျည် လာနေတာ သေချာတယ်”
ကျန်းကျားက အဝေးသို့ အာရုံစူးစိုက်၍ ကြည့်လိုက်သည်။ မိုးပျံဘုတ်ပြား က မြေပြင်အထက် မီတာ (၁၀၀) လောက်မှာ ပျံသန်းနေခြင်း ဖြစ်သည်။ ကမ်းခြေကို လှမ်းမြင်နေရပေပြီ။ ကျန်းကျားက ဇီးရိုး၏ အမြင်အာရုံနှင့် စနိုက်ပါသမားတစ်ယောက်၏ ဆဌမအာရုံကို အသုံးပြု၍ ထိုလေဟာနယ်ဗုံး၏ တည်နေရာကို ရှာဖွေရမည်ဖြစ်သည်။ မရှာနိုင်ပါက သူတို့ (၄)ယောက်စလုံး ဒီနေရာမှာတင် မီးသင်္ဂြိုလ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
အဝေးတစ်နေရာတွင် မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းလေးတစ်ခုကို ကျန်းကျား လှမ်းမြင်လိုက်ရသည်။ တောက်ပနေသည့် အစက်ကလေး သုံးစက်။ ကျန်းကျားက ကမ်ပါ့လက်ထဲမှ EMP ရိုင်ဖယ်ကို ထိုအစက်ကလေးများဘက်သို့ ချိန်ရွယ်ပေးလိုက်သည်။
“ဂေါက်စ် စနိုက်ပါရိုင်ဖယ်ရဲ့ ပစ်အားက ကီလိုမီတာ ၈၀ အထိ ရှိတယ် … ဒါကတော့ အော်တိုရိုင်ဖယ်ဆိုတော့ အကွာအဝေးက ပိုတိုလိမ့်မယ် … ဒါပေမယ့် ဒါက ဂေါက်စ်ရိုင်ဖယ်ထက် တစ်ဆင့်မြင့်တဲ့ လက်နက်ပဲ … ကံတရားကိုပဲ ပုံအပ်လိုက်ကြတာပေါ့ … ကဲ ... ကမ်ပါရေ အဲ့ဒီဘက်ကိုသာ ပစ်ပေတော့”
ကမ်ပါက အော်ဟစ်မာန်သွင်းပြီး ခလုတ်ကို ဆွဲညှစ်လိုက်သည်။ ထိုအလင်းစက်ကလေးများမှာ သူတို့နှင့် (၁၀) ကီလိုမီတာကျော် လောက် ကွာဝေး၏။ အနည်းငယ်မျှ တိမ်းစောင်းသွားရုံနှင့် ပစ်မှတ်ကို မီတာ ရာနှင့်ချီ၍ လွဲချော်သွားနိုင်သည်။ အရာအားလုံးက ကမ်ပါ၏ ပစ်ခတ်မှုစွမ်းရည်ပေါ်မှာ မူတည်နေ၏။
ကျန်းကျားက အိုဆိုင်းရစ်လှံကို ထုတ်ယူလိုက်ပြီး ချီစွမ်းအင် နှင့် သွေးစွမ်းအင်များထည့်သွင်းလိုက်သည်။ အားကုန်သုံးပြီး ပစ်ပေါက်လျှင်ပင် ထိုမျှဝေးသည့်နေရာကို ရောက်၊ မရောက် မသေချာသော်လည်း ကမ်ပါသာ ပစ်မှတ်လွဲချော်သွားခဲ့လျှင် သူ ကြိုးစားကြည့်ရပေမည်။
ကမ်ပါက အဆက်မပြတ် ပစ်ခတ်နေသည်။ ကမ်းခြေအနီးတွင် စူးရှတောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲသွားသည်။ နေအသေးစားလေးတစ်ခုအလား။ ထို့နောက် ပေါက်ကွဲသံ သုံးကြိမ် ဆက်တိုက် ထွက်ပေါ်လာသည်။ အလင်းရောင်က တဖြည်းဖြည်း ပိုတောက်ပလာပြီး ကျန်းကျားတို့ဆီသို့ အပူလှိုင်းကြီးတစ်ခု ရိုက်ခတ်လာ၏။ ဤမျှဝေးသည့် အကွာအဝေးမှပင် ထိုအပူရှိန်ကို သူတို့ သိသိသာသာ ခံစားရသည်။ ချူရွှမ်က မိုးပျံဘုတ်ပြား ကို ချက်ချင်းလှည့်လိုက်ပြီး နွေးထွေးနေသည့် ပင်လယ်ရေထဲသို့ ထိုးဆင်းလိုက်သည်။
မိုးပျံဘုတ်ပြား၏ အမြန်နှုန်းက မြင့်မားလှသဖြင့် ရေ၏ခုခံအားက အလွန်ပြင်းထန်လှသည်။ သူတို့အားလုံး မိုးပျံဘုတ်ပြား ပေါ်ကနေ လွင့်ထွက်သွားမတတ်ပင်။ ချူရွှမ်ကိုယ်တိုင် မိုးပျံဘုတ်ပြားပေါ် ဝပ်ချလိုက်ရသလို ကျန်းကျားတို့ (၃)ယောက်လဲ ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ကြသည်။
(၁)မိနစ်ခန့်အကြာတွင် ချူရွှမ်က မိုးပျံဘုတ်ပြားကို ရေထဲမှ ပြန်မောင်းထွက်လိုက်သည်။ လေထုကတော့ ပူနွေးနေဆဲ။ အဝေးတစ်နေရာတွင် အနီရောင် မီးတောက်များ လောင်ကျွမ်းနေသည်။ သို့သော်လည်း ပျားအုပ်ကြီးကတော့ ထိုနေရာမှာ ရပ်မနေချေ။ ကျန်းကျားတို့ မျှော်လင့်ထားသည့်အတိုင်း ရေတပ်သင်္ဘောအုပ်စုဆီသို့ တဟုန်ထိုး ထိုးဆင်းသွားကြသည်။ ကမ်းခြေအနီးရှိ အဆောက်အအုံများနှင့် အထဲက စစ်သားများက ပထမဆုံး သားကောင်ဖြစ်သွားကြသည်။ စစ်သားများက အော်ရင်းဟစ်ရင်း ပိုးသတ်ဆေးဖြန်းထားသော သံဆူးကြိုးတားထားသည့်နေရာဆီသို့ ပြေးလွှားနေကြသည်။
မိုးပျံဘုတ်ပြား ရေထဲက ထွက်လာသည်နှင့် ချူရွှမ်က အနီးဆုံးရှိ သင်္ဘောတစ်စီးဆီသို့ ဦးတည်မောင်းနှင်လိုက်သည်။ ရေဒါမိမည်ကို စိုးရိမ်သဖြင့် ရေမျက်နှာပြင်နှင့် ကပ်၍ ပျံသန်းရရာ ကြိုးဖြင့် တွဲလောင်းခိုနေရသည့် ကျန်းကျားတို့ သုံးယောက်မှာ ရေမျက်နှာပြင်ပေါ်တွင် တရွတ်တိုက် ပါလာ၏။ အချိန်က အရုဏ်တက်ခါနီး အမှောင်ဆုံးအချိန်မို့ ထူးထူးခြားခြား လှိုင်းထနေသည့် ရေပြင်ကို ဘယ်သူမှ သတိမထားမိကြပေ။
ရုတ်တရက် ကျန်းကျားက ရေအောက်မှ ထွက်ပေါ်လာသည့် အန္တရာယ်အငွေ့အသက်နှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ခံစားလိုက်ရသည်။ ချူရွှမ့်ကို ချက်ချင်း အော်ပြောလိုက်သည်။
“အပေါ်ကို တက်”
ချူရွှမ်က မိုးပျံဘုတ်ပြား ကို အပေါ်သို့ မော့တင်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း (၁၀)မီတာခန့် မြင့်တက်သွား၏။ ထိုအချိန်မှာပင် ဝိုင်းစက်နေသည့် ဧရာမ ပါးစပ်ကြီးတစ်ခုက ရေအောက်မှ တိုးထွက်လာသည်။ ထိုပါးစပ်ကြီးထဲတွင် လက်ညှိုးအရွယ်ခန့် သွားပေါင်းများစွာ ပြည့်နှက်နေ၏။ ထို့နောက် ပါးစပ်ပိုင်ရှင် ရေပေါ်သို့ ပေါ်လာ၏။ ဧရာမကြယ်ငါးကြီး။
ကြိုးတွင် တွဲလောင်းခိုနေသည့် ကျန်းကျားတို့ ဂလုခနဲ တံတွေးမျိုချလိုက်မိပြီး တစ်ကိုယ်လုံး စိမ့်တက်သွား၏။ တိုက်ပွဲထဲမှာ သေနတ်မှန်ပြီး သေရတာကမှ တော်သေးသည်။ သူတို့ (၃)ယောက်စလုံး သေရမှာကို မကြောက်သော်လည်း ဧရာမပါးစပ်ကြီးထဲတွင် သွားပေါင်းများစွာဖြင့် ဝါးစားခံရမည်ကိုတော့ ကြောက်ကြ၏။
“ဒါဆို ငါတို့ ဒီအမြင့်ကနေပဲ ဆက်ပျံကြမယ် … ဒါပေမယ့် ဒါက နောက်ထပ် စွန့်စားမှုတစ်ခုပဲ”
မိုးပျံဘုတ်ပြားက အမြင့်ဆုံးအရှိန်သို့ ရောက်ရှိသွားရာ ကျန်းကျားတို့၏ ခန္ဓာကိုယ်ကို လေပြင်းများ တဟူးဟူးတိုးဝှေ့သွားသည်။ ထို့နောက်တွင်တော့ သင်္ဘောကြီးကို လှမ်းမြင်လိုက်ရသည်။
ကျန်းကျားက အချိန်နှင့် အကွာအဝေးကို စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေ၏။ မီတာ ၅၀၀ အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် ကျန်းကျားက …
“ပစ်တော့”
ဟု အော်ဟစ်လိုက်သည်။
စကားဆုံးသည်နှင့် လက်ထဲမှာ အသင့်ကိုင်ထားသည့် လက်ပစ်ဗုံးကို စနက်တံဆွဲဖြုတ်၍ ပစ်ပေါက်လိုက်သည်။ ဗုံးက သင်္ဘောကုန်းပတ်၏ အလယ်တည့်တည့်တွင် ကျရောက်ပေါက်ကွဲသွားရာ အနီးနားရှိ စစ်သား ဒါဇင်ပေါင်းများစွာ ထိမှန်သွားပြီး အနီးရှိ အမြောက်ကြီးလဲ ပျက်စီးသွား၏။ ဒုံးကျည်များတော့ ပေါက်ကွဲမသွားချေ။
EMP ရိုင်ဖယ်၏ ပစ်ခတ်သံကလဲ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အပေါ်စီးမှ ပစ်ခတ်ရခြင်းဖြစ်သဖြင့် သေနတ်၏ အဖျက်စွမ်းအား ကြောက်ခမန်းလိလိပင်။ အပ်ချောင်းသဖွယ် ကျည်ဆန်များက သံမဏိကုန်းပတ်ကို ထိမှန်သွားရာ သံချပ်ကာပြားကြီးကို ဆွဲဖြဲလိုက်သကဲ့သို့ တဂျစ်ဂျစ်အသံများ ထွက်ပေါ်လာသည်။ ကုန်းပတ်ပေါ်ရှိ လူအားလုံး အစအနမကျန်အောင် အပိုင်းပိုင်းပြတ်ကုန်သလို လက်နက်ခဲယမ်းအချို့လဲ ပေါက်ကွဲပျက်စီးသွားကြ၏။
ကျန်းကျားနှင့် ဝမ်ရှတို့ အံ့အားသင့်သွားကြသည်။ သေနတ်၏ စွမ်းအားက သိပ္ပံလက်နက်တစ်ခုအတွက်ပင် ပြင်းထန်လွန်းလှသည်။ ထို့ပြင် ကျည်ဆန်အကန့်အသတ်မဲ့ ဖြစ်သည်။ ကမ်ပါသာ ဒီအတိုင်း ဆက်ပစ်နေမည်ဆိုလျှင် သူတစ်ယောက်တည်းနှင့်ပင် စစ်သင်္ဘောတစ်စီးကို အနိုင်ယူနိုင်၏။
သင်္ဘောအပေါ်မှ မိုးပျံဘုတ်ပြား ပျံသန်းသွားစဉ် EMP ရိုင်ဖယ်က ကုန်းပတ်ပေါ်ရှိ နေရာအနှံ့သို့ ကျည်ဆန်မိုးများ ရွာချလိုက်သည်။ ဒုံးကျည်အချို့ ပေါက်ကွဲသွားကြသည်။ သင်္ဘောကို ကျော်သွားချိန်မှာတော့ နားကန်းလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ကျန်းကျားတို့ နောက်လှည့်ကြည့်လိုက်တော့ သင်္ဘောမှာ မီးပင်လယ်အတွင်း နစ်မြုပ်နေလေပြီ။ သင်္ဘောအတွင်းပိုင်းမှ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး မကြာမီမှာပင် ပင်လယ်ထဲသို့ တအိအိနစ်မြုပ်သွားတော့သည်။
ချူရွှမ်မှအပ ကျန်လူအားလုံးမှာ EMP ရိုင်ဖယ်၏ အစွမ်းကြောင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ သိပ္ပံစိတ်ကူးယဉ်လက်နက်တစ်ခုအနေဖြင့်ပင် EMP ရိုင်ဖယ်သည် သာမန်စွမ်းအင်သုံးလက်နက်များထက် အဖျက်စွမ်းအားပို၍ ကြီးမားလှသလို ပစ်ခတ်နိုင်သည့် အကွာအဝေးနှင့် ပစ်ခတ်နှုန်းကလဲ ကြောက်စရာကောင်းလှသည်။ ထို့အပြင် ကမ်ပါ့သေနတ်က ကျည်ဆန်အကန့်အသတ်မဲ့ ဗားရှင်းဖြစ်ရာ အဝေးပစ်တိုက်ပွဲများ၏ ဘုရင်ဟုပင်ဆိုနိုင်လောက်သည်။
ဝမ်ရှသည်လဲ ဗုံး၏ ပေါက်ကွဲအားကို မြင်ပြီး အံ့အားသင့်နေမိသည်။ ဗုံးအရွယ်အစားက လူရှိန်လောက်စရာမရှိသော်လည်း ပေါက်ကွဲအားက နျူကလီးယားဗုံးအသေးစားတစ်လုံး၏ ပြင်းအားနှင့်ပင် နှိုင်းယှဉ်နိုင်၏။ ထို့ပြင် သူ့လက်ထဲတွင် ချိန်ကိုက်ဗုံးများစွာ ရှိနေသေးသဖြင့် သူတစ်ယောက်တည်းနှင့်ပင် စစ်သင်္ဘောတစ်စီးကို နစ်မြုပ်ပစ်နိုင်သည်။
“ကမ်ပါ ... သေနတ်ပြောင်းဝ ပူနေပြီလား”
ကျန်းကျားတို့က EMP ရိုင်ဖယ်၏ သေနတ်ပြောင်းဝကို လှမ်းကြည့်လိုက်ရာ အဖြူရောင်အဖြစ် ပြောင်းလဲနေပေပြီ။ ထိုအပူချိန်မှာ နီရဲနေအောင် အပူပေးထားသည့် သတ္တုပျော့များထက်ပင် ပိုမိုမြင့်မားပုံရ၏။ သို့သော်လည်း သေနတ်တွင် အသုံးပြုထားသည့် သတ္တုစပ်က ကောင်းမွန်လွန်းလှသဖြင့် အရည်ပျော်သွားခြင်း မရှိချေ။
“ကမ်ပါ ... ဒီသေနတ်ကို ခဏလောက် အနားပေးထားလိုက်ဦး … ဒီသေနတ်က သုံးလေးစက္ကန့်လောက် ပစ်ခတ်ပြီးတိုင်း ကျည်ပြန်ဖြည့်ဖို့အတွက် အအေးခံချိန် ယူရတယ် … ဒါပေမယ့် ကျည်ဆန် အကန့်အသတ်မဲ့ ဗားရှင်းမှာတော့ အဲ့ဒီအအေးခံချိန် မရှိတော့ဘူး … အဆက်မပြတ်သုံးနေရင် သတ္တုရဲ့ခံနိုင်ရည် ကျဆင်းသွားလိမ့်မယ် … မင်း ဒီသေနတ်ကို မပျက်စီးစေချင်ရင် နာရီဝက်လောက် အနားပေးထားလိုက်ဦး”
ချူရွှမ်က တည်ငြိမ်စွာပြောရင်း နောက်ထပ်သင်္ဘောတစ်စီးဆီသို့ ဦးတည်လိုက်ပြန်သည်။
“နေပါဦး ... မင်းပဲ ခုနက သူ့ကို EMP ရိုင်ဖယ် မသုံးနဲ့တော့ဆို … အခု အဲ့ဒီဘက်ကို သွားပြီး ဘာလုပ်မလို့လဲ”
ကျန်းကျားက ချက်ချင်းလှမ်းအော်လိုက်သည်။
“မင်း နတ်ဘုရားဆီက အသိပေးချက်ကို မကြားလိုက်ဘူးလား … ငါတို့အားလုံး တစ်ယောက်ကို အမှတ် ၁၀၀၀ စီ ရလိုက်တယ် … နောက်ပြီး သင်္ဘောတစ်စီးတည်း နစ်သွားတာက ရေတပ်အတွက် မတော်တဆမှုလို့ ထင်စရာရှိတယ် … တစ်စီး နစ်ပြီးသားဆိုတော့ နောက်တစ်စီး ထပ်နစ်သွားလဲ ဘာမှမဖြစ်ပါဘူး”
သင်္ဘောကြီးထံမှ မီးမောင်းများ၏ အလင်းရောင်က ကျန်းကျားတို့ဘက်သို့ ကျရောက်လာသည်။ ရဟတ်ယာဉ်အချို့ ပျံတက်လာပြီး သူတို့ဆီသို့ ဦးတည်လာသလို အမြောက်ကြီးများကလဲ သူတို့ကို စတင်ပစ်ခတ်လိုက်သည်။ သို့သော် မိုးပျံဘုတ်ပြား က မြန်ဆန်လွန်းလှသည့်အပြင် ချူရွှမ်ကလဲ မျိုးဗီဇချိုးဖျက်သည့် အခြေအနေသို့ ဝင်ရောက်ထားရာ ဒုံးကျည်များအားလုံးကို ရှောင်ကွင်းပြီး သင်္ဘောဆီသို့ တဟုန်ထိုး ပျံသန်းသွား၏။
ကမ်ပါ ပစ်ခတ်ရန် ပြင်လိုက်သော်လည်း သေနတ်ပြောင်းဝ၏ ဖြူဖွေးနေသော အပူရှိန်ကြောင့် မပစ်မိတော့။ ထိုအချိန်မှာပင် သင်္ဘောပေါ်မှ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များနှင့် ရဟတ်ယာဉ်ပေါ်မှ ဝေဟင်ပစ်ဒုံးကျည်များ ပစ်လွှတ်လိုက်ကြသည်။ ထိုဒုံးကျည်များ၏ လမ်းညွှန်စနစ်များက သူတို့၏ မိုးပျံဘုတ်ပြားကို ပစ်မှတ် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ကျန်းကျားတို့နှင့် (၂)ကီလိုမီတာခန့်သာ ဝေး၏။
ကျန်းကျား၏ မျက်ဝန်းများ အသက်မဲ့သွားသည်။ ထို့နောက် ဒုံးကျည်များကို ဆုံလည်စက်သေနတ်ဖြင့် ချိန်ရွယ်လိုက်၏။ ထိုဒုံးကျည်များ ပျံသန်းလာသည့် လမ်းကြောင်းများ သူခေါင်းထဲတွင် ပေါ်ပေါက်လာသည်။ ကျန်းကျားက ဆုံလည်စက်သေနတ်၏ မောင်းခလုတ်ကို ဆွဲညှစ်လိုက်သည်။
ဆုံလည်စက်သေနတ် ပစ်ခတ်လိုက်သည်နှင့် ဒုံးကျည်များမှာ လေထဲတွင် တစ်စင်းပြီးတစ်စင်း ပေါက်ကွဲကုန်ကြသည်။ ချူရွှမ်ကလဲ ကျန်းကျား ထိုသို့ပစ်ခတ်မည်ကို ကြိုတင်သိနေသည့်အလား မိုးပျံဘုတ်ပြားကို သင်္ဘောဆီသို့ မရပ်မနား မောင်းချသွားသည်။ သင်္ဘောပေါ်ရှိ လူများမှာတော့ တစ်ခါမှမမြင်ဖူးသည့် ပျံသန်းရေးယာဉ်နှင့် မယုံနိုင်လောက်အောင် တိကျသည့် ပစ်ခတ်မှုစွမ်းရည်ကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ဘယ်လိုလေယာဉ်မှူးကမှ ဝေဟင်ပစ် ဒုံးကျည်များကို ပြန်လည်ပစ်ချရန် စဉ်းစားလိမ့်မည်မဟုတ်။ ဒါက တိကျမှုပြဿနာတင်မဟုတ်ဘဲ ဒုံးကျည်တစ်စင်းပြီးတစ်စင်းကို လျင်မြန်စွာ ချိန်ရွယ်ပစ်ခတ်နိုင်ရန်လဲ လိုအပ်၏။
သို့သော်လည်း ကျန်းကျားမှာ မျိုးဗီဇချိုးဖျက်မှုကြောင့် ရရှိလာသည့် မြင့်မားသော တုံ့ပြန်မှုအမြန်နှုန်းဖြင့် လုပ်ဆောင်နိုင်ခဲ့သည်။ သင်္ဘောပေါ်မှ လူများသည် ပေါက်ကွဲမှုများကြားထဲမှ အရှိန်ပြင်းပြင်း ပျံသန်းလာသည့် ယာဉ်ပျံကို ငေးကြည့်နေမိကြသည်။ ကျန်းကျား၏ ဆုံလည်စက်သေနတ်ကြီးက ကုန်းပတ်ပေါ်သို့ ထပ်မံချိန်ရွယ်လိုက်ပြန်သည်။
ဆုံလည်စက်သေနတ်မှ ဒုတိယအကြိမ် ကျည်ဆန်များ ထွက်ပေါ်လာချိန်တွင် ကျည်ဆန်များစွာက သင်္ဘောကုန်းပတ်ကို တဒိုင်းဒိုင်း ထိမှန်သွားကြသည်။ သို့သော်လည်း EMP ရိုင်ဖယ်၏ အဖျက်စွမ်းအားကို မမီချေ။ ကျည်ဆန်များက ကုန်းပတ်၏ သံချပ်ကာကိုပင် ဖောက်ထွင်းနိုင်ခြင်းမရှိဘဲ ကုန်းပတ်ပေါ်ရှိ စစ်သားများကိုသာ ထိမှန်သွားသည်။ ထိုအချိန်မှာပင် ဝမ်ရှက ချိန်ကိုက်ဗုံးတစ်လုံးနှင့် မိုင်းနှစ်လုံးကို ပစ်ချလိုက်သည်။ သင်္ဘောကို ကျန်းကျားတို့ ကျော်လွန်ပျံသန်းသွားချိန်တွင် ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကျန်းကျားတို့ပင် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အပူလှိုင်းများ ထိတော့မလို ဖြစ်သွား၏။ ဤပေါက်ကွဲမှုက စောစောက ပေါက်ကွဲခဲ့သည့် ဒုံးကျည်များထက် ပိုမိုပြင်းထန်လှသည်။ ကျန်းကျားတို့ အနောက်လှည့်ကြည့်လိုက်ရာ စစ်သင်္ဘောကုန်းပတ်တစ်ခုလုံး အပိုင်းပိုင်းပြတ်တောက်နေလေပြီ။ သို့သော်လည်း ပေါက်ကွဲမှုက ကုန်းပတ်၏ အပေါ်ယံကိုသာ သက်ရောက်မှုရှိခဲ့ခြင်းဖြစ်သည်။
“မလုံလောက်သေးဘူး … ဆုရတဲ့ အသိပေးချက် မရသေးဘူး … သင်္ဘောက နစ်မသွားသေးတဲ့ သဘောပဲ … ကျန်းကျား … ဝမ်ရှ ... ဆွဲငင်အားမိုင်းကို သုံးလိုက်တော့”
ကျန်းကျားတို့ ခေတ္တတုံ့ဆိုင်းသွားကြ၏။ ထို့နောက် ဝမ်ရှက အနက်ရောင် လုံးလုံးဝိုင်းဝိုင်း ပုံသဏ္ဍာန်ရှိသည့် ဆွဲငင်အားမိုင်းကို ထုတ်ယူလိုက်သည်။ ဒီအလုံးလေးသည် မီတာ(၂၀၀) အတွင်း ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်ဟု ဘယ်သူမှ ထင်မည်မဟုတ်ချေ။
ကျန်းကျားက ဝမ်ရှဆီမှ မိုင်းကို လှမ်းယူလိုက်သည်။ မိုင်းအသက်ဝင်စေမည့် အလေးချိန်ကို (၅) ကီလိုဂရမ်ဟု သတ်မှတ်လိုက်သည်။
ထို့နောက် ကျန်းကျားက …
“နောက်ပြန်လှည့်လိုက် … ငါ ပစ်လိုက်မယ်”
ချူရွှမ်က မိုးပျံဘုတ်ပြားကို ပျက်စီးနေသော သင်္ဘောပေါ်သို့ ပြန်လည်မောင်းနှင်သွားသည်။ ကျန်းကျားက ဆွဲငင်အားမိုင်းကို အောက်သို့ လွှတ်ချလိုက်ပြီး လက်ပစ်ဗုံးတစ်လုံးကို စနက်တံမဖြုတ်ဘဲ ပစ်ချလိုက်သည်။ မိုင်းက သင်္ဘောပေါ် ကျသွားသည်နှင့် လက်ပစ်ဗုံးက မိုင်းကို ထိမှန်သွား၏။ ထိုခဏမှာပင် ဧရာမ ဆွဲငင်အားကြီးတစ်ခုက အရာအားလုံးကို ထိုမိုင်းရှိရာဆီသို့ တဟုန်ထိုး ဆွဲငင်သွားတော့သည်။ လေထဲတွင် ရှိနေသည့် ကျန်းကျားတို့ပင် ထိုဆွဲအားကို ခံစားနေရ၏။ သို့သော် မိုးပျံဘုတ်ပြားက ထိုဆွဲအားထဲမှ လွတ်အောင် ရုန်းထွက်နိုင်ခဲ့သည်။ ထိုနေရာမှ ဝေးရာသို့ ပျံသန်းသွားလေလေ ဆွဲအားက လျော့ပါးသွားလေလေပင်။ သင်္ဘောနှင့် (၁) ကီလိုမီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ကျန်းကျားတို့ နောက်လှည့်ကြည့်လိုက်ကြပြီး မြင်တွေ့ရသည့် မြင်ကွင်းကြောင့် ကျောချမ်းသွားကြသည်။
သင်္ဘောကြီး၏ အစိတ်အပိုင်းအတော်များများမှာ ပုံပျက်ပန်းပျက် အလုံးကြီးတစ်ခုသဖွယ် လုံးထွေးသွားပြီး နေရာအနှံ့မှ ရေများ ဝင်ရောက်နေသည်။ ထိုအလုံးကြီးအတွင်း၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် မီးတောက်များမှာ အပြင်သို့ တိုးထွက်လာသော်လည်း ချက်ချင်းပင် အတွင်းသို့ ပြန်လည်စုပ်ယူခြင်း ခံလိုက်ရသည်။ မကြာမီမှာ ထိုအလုံးကြီးမှာ ပင်လယ်ထဲသို့ တအိအိ နစ်မြုပ်သွား၏။
ထိုဖျက်ဆီးနိုင်စွမ်းကြောင့် လေးယောက်သား မင်သက်သွားကြသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် ပျားအုပ်ကြီး၏ တဝီဝီမြည်သံများကြောင့် ချက်ချင်းသတိပြန်ဝင်လာကြသည်။ အနီးနားရှိ သင်္ဘောများဆီမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာနေသည်။ မရေမတွက်နိုင်သော ပျားအုပ်ကြီးမှာ ထိုသင်္ဘောများပေါ်သို့ အုပ်စုလိုက် ဆင်းသက်သွားကြသည်။ ရေတပ်စစ်သားများမှာ ပြေးလွှားနေကြသော်လည်း အချည်းနှီးသာ။ ပျားအုပ်၏ ဝိုင်းရံမှုကို ခံလိုက်ရတိုင်း ချက်ချင်း အရိုးစုများအဖြစ် ပြောင်းလဲသွား၏။
မူလက ချူရွှမ်၏ အစီအစဉ်မှာ သင်္ဘောနှစ်စင်းကို နစ်မြုပ်ပစ်ခြင်းဖြင့် ရေတပ်သင်္ဘောများကို ရှုပ်ထွေးသွားအောင်လုပ်ရန်ဖြစ်ပြီး ကျန်သင်္ဘောများ သူတို့ကို လိုက်မရှာနိုင်ခင် အစ္စလာ နက်ဗြူလာ ကျွန်းသို့ ခိုး၍ဝင်ရောက်ရန်ဖြစ်သည်။ သို့သော်လည်း အခုဖြစ်ပေါ်လာသည့် အကျိုးဆက်ကတော့ ရေတပ်သင်္ဘောအုပ်စုတစ်ခုလုံး ပျက်စီးသွားမည့်အခြေအနေသို့ ရောက်ရှိနေလေရာ ချူရွှမ့်အစီအစဉ်ထက်ပင် ကျော်လွန်သွားလေပြီ။
ကျန်းကျားနှင့် ကျန်နှစ်ယောက်မှာ ထိုမြင်ကွင်းကို ဆက်မကြည့်ရက်တော့။ ချူရွှမ်က မိုးပျံဘုတ်ပြားကို လှည့်၍ ပျံသန်းထွက်ခွါလာပြီး စောစောကကဲ့သို့ပင် ရေထဲသို့ ထိုးဆင်းလိုက်ပြန်သည်။ မိုးပျံဘုတ်ပြားက ရေအောက်တွင် (၂)မိနစ်ခန့် ပျံသန်းပြီးမှ ရေပေါ်သို့ ပြန်တက်လာသည်။ ကမ်ပါနှင့် ဝမ်ရှတို့ခမျာ အသက်ကို အလုအယက်ရှူရင်း ချောင်းများ တဟွတ်ဟွတ် ဆိုးနေကြ၏။
ကျန်းကျားက အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ချူရွှမ့်ကို မေးလိုက်သည်။
“မင်း ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ ကြိုတွက်ထားတာလား … ပျားတွေကို သုံးပြီး ရေတပ်ကို တိုက်ခိုက်ခိုင်းမယ် … သူတို့ အကုန်သေကျေပျက်စီးသွားတဲ့အချိန် ဒီရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး ကျွန်းထဲကို ငါတို့ ဝင်သွားမယ်လို့ စီစဉ်ထားတာလား”
ချူရွှမ့်အသံက မည်သည့်ခံစားချက်မျှ မပါဘဲ အေးစက်နေသည်။
“ဟင့်အင်း … အရာရာတိုင်းက ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတတ်ဘူးလေ … ငါက နတ်ဘုရားမှ မဟုတ်တာ … ဖြစ်နိုင်ခြေရှိသမျှ အရာအားလုံးကို ထည့်တွေးထားဖို့ဆိုတာ နတ်ဘုရားအဆင့်လောက်ဖြစ်နေပြီ”
“ဖြစ်နိုင်မယ်ဆိုရင် …”
ကျန်းကျားက ခေါင်းငုံ့၍ ပြောလိုက်သည်။
“ဒါက ကြားရတာ နည်းနည်းတော့ ဟန်ဆောင်သလို ဖြစ်နေလိမ့်မယ် … အစကတည်းက ရေတပ်ကို ငါတို့ တိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပေမယ့် ... ငါတို့ရဲ့ အသက်ရှင်သန်မှုကို အာမခံချက်ရှိနေသရွေ့ လူသေတာ နည်းနိုင်သမျှ နည်းအောင် ကြိုးစားပေးပါ … ရှင်သန်ဖို့အတွက် သတ်ဖြတ်ရတယ်ဆိုတာ နားလည်ပေးလို့ရပေမယ့် ဒီကမ္ဘာကလူတွေဟာ သူတို့ကိုယ်သူတို့ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေမှန်း သိကြတာမဟုတ်ဘူး … သူတို့လဲ အသက်ရှင်နေတဲ့ လူသားတွေပဲလေ … ဒီလိုမျိုး ကြေကွဲစရာ ဖြစ်ရပ်တွေ နောက်ထပ် မဖြစ်စေချင်တော့ဘူး”
ချူရွှမ်က ပြတ်ပြတ်သားသားပင် ကန့်ကွက်လိုက်သည်။
“မဖြစ်နိုင်ဘူး … ငါသာ ဒါကို ကြိုသိခဲ့မယ်ဆိုရင်လဲ ဒီပျားအုပ်ကြီးကို ရေတပ်သင်္ဘောအုပ်စုဆီကိုပဲ မြှားခေါ်လာမှာ သေချာတယ် … ဒါက ငါတို့အတွက် အကြီးမားဆုံး အခွင့်အရေးပဲလေ … ဒီရှုပ်ထွေးမှုကြောင့် လေယာဉ်တင်သင်္ဘောအုပ်စုက တုံ့ပြန်မှုတစ်ခုခုလုပ်လိမ့်မယ် … အဲ့ဒီအချိန်ကျမှ ငါတို့ ကျွန်းထဲကို ဝင်ဖို့ အခွင့်အရေးရမှာ … နောက်ပြီး ဒီအင်းဆက်ပိုးမွှားတွေရဲ့ အန္တရာယ်ကို လက်တွေ့မြင်လိုက်ရမှသာ အစိုးရတွေက ငါတို့ဆီက စာရွက်စာတမ်းတွေကို အာရုံစိုက်ကြလိမ့်မယ် … အဲ့ဒါက တတိယမြောက် ဘောနပ်မစ်ရှင်ကို အောင်မြင်ဖို့အတွက် သော့ချက်ပဲ … ဒါကြောင့် မင်းရဲ့ အကြံပြုချက်က ကျိုးကြောင်းဆီလျော်မှု မရှိဘူး … ငါ သဘောမတူနိုင်ဘူး ... တစ်ခုကလွဲလို့ပေါ့”
“တစ်ခုကလွဲလို့ ဟုတ်လား”
ကျန်းကျားကိုယ်တိုင်လဲ သူ့တောင်းဆိုချက်မှာ ကျိုးကြောင်းဆီလျော်မှု မရှိမှန်း သိသဖြင့် ချူရွှမ်ဆီက အခုလို တုံ့ပြန်မှုမျိုးကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် ‘တစ်ခုကလွဲလို့’ ဆိုသည့် စကားကြောင့် အံ့အားသင့်သွား၏။
“ငါတို့ အခုလို လုပ်နေရတာက ငါတို့အင်အားနဲ့တင် ဒီမစ်ရှင်တွေကို အောင်မြင်အောင် မလုပ်နိုင်လို့ပဲ … မင်းသာ ခွန်အားအလုံအလောက် ရှိမယ်ဆိုရင် ဒါမှမဟုတ် ငါတို့အဖွဲ့က ဒီလို လှည့်ကွက်တွေ သုံးစရာမလိုအောင် အစွမ်းထက်နေမယ်ဆိုရင် ဒီလောက် လူအများကြီးကို ဆွဲထည့်စရာ မလိုတော့ဘူး … မင်းသာ မင်းပြောတဲ့ မင်းရဲ့ကိုယ်ပွားလောက် အစွမ်းထက်ခဲ့မယ်ဆိုရင် အခုဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ရှောင်လွှဲနိုင်မှာ သေချာတယ်”
နောက်ဆုံးတော့လဲ ဒီဘူတာကိုပဲ ပြန်ဆိုက်လာသည်။ ကျန်းကျား စိတ်ဓာတ်ကျသွားသော်လည်း ခွန်အားဆိုသည်မှာ သူ အစဉ်တစိုက် ရှာဖွေနေသည့်အရာ ဖြစ်မှန်း သတိရလိုက်သည်။ ခွန်အားသည် ဘောနပ်မစ်ရှင်များကို အောင်မြင်ရန်၊ အဖွဲ့သားများကို ပြန်လည်အသက်သွင်းရန်နှင့် သူ့ကိုယ်ပွားကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အခြေခံအုတ်မြစ်ပင် မဟုတ်ပါလား။ ရုပ်ရှင်ထဲက လူများကို အစုလိုက်အပြုံလိုက် အသတ်ခံရတာမျိုးတွေ မဖြစ်စေချင်ဘူးဆိုလျှင် သူ လုပ်နိုင်တာတစ်ခုပဲ ရှိသည်။ အရာအားလုံးကို လျစ်လျူရှုနိုင်လောက်သည့်အထိ အစွမ်းထက်လာဖို့ပင်တည်း။
တိုက်ပွဲက ဝမ်းနည်းစရာ ကောင်းလောက်အောင် ပြီးဆုံးသွားသော်လည်း ကျန်းကျားတို့ (၄)ယောက်စလုံးမှာ စိတ်ဓာတ်ကြံ့ခိုင်သူများ ဖြစ်ကြသည်။ (၁)မိနစ်ခန့် ငြိမ်သက်သွားပြီးနောက် ကမ်ပါနှင့် ဝမ်ရှတို့မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြပြီး သူတို့၏ လက်နက်များအကြောင်းကို ဆွေးနွေးနေကြသည်။ ကမ်ပါက EMP ရိုင်ဖယ်၏ အားနည်းချက်ကို ထပ်တလဲလဲ ပြောဆိုနေပြီး ထိုအားနည်းချက်အတွက် တစ်ခုခုလုပ်ပေးရန် ချူရွှမ်ကို တတွတ်တွတ်ပြောနေသည်။
“ဒါက ငါ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီ … ဒီသေနတ်က အစကတည်းက သိပ္ပံစိတ်ကူးယဉ်လက်နက်တစ်ခုပဲ … ဒီထဲမှာပါတဲ့ နည်းပညာက အပြင်ကမ္ဘာထက် နှစ်ပေါင်း ၁၅၀ လောက် ရှေ့ပြေးနေပြီး ဂေါက်စ်လက်နက်တွေထက်တောင် တစ်ဆင့်မြင့်တယ် … EMP ဆိုတာက လေဆာလက်နက်တွေနဲ့ အဆင့်တူပဲဥစ္စာ … သူ့ရဲ့ အကြီးမားဆုံး အားနည်းချက်က ကျည်ပြန်ဖြည့်ရတဲ့အချိန် ဖြစ်သင့်တယ် … ဒါပေမယ့် မင်းရဲ့လက်နက်မှာ အဲ့ဒီအားနည်းချက် မရှိတော့ဘူးလေ … အဲ့ဒီကို မင်းက အနားမပေးတမ်း အဆက်မပြတ် ပစ်ချင်နေသေးတာလား … အဲ့ဒီလိုသာဆိုရင် ဒီလက်နက်ရဲ့ တန်ဖိုးက အဆင့် ဘီ ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုမြင့်သွားလိမ့်မယ်”
ချူရွှမ်က ရှင်းပြလိုက်သည်။
အမှန်တကယ်လဲ ထိုသို့ပင်ဖြစ်၏။ EMP ရိုင်ဖယ်ကို ကိုင်ထားသည့် လူတစ်ယောက်တည်းနှင့်ပင် သင်္ဘောတစ်စီးကို နစ်မြုပ်ပစ်နိုင်သည်မဟုတ်ပါလား။ ထို့ကြောင့် ကမ်ပါက ခဏလောက် ဗြစ်တောက်ဗြစ်တောက် လုပ်နေပြီး ဘာမှ ထပ်မပြောတော့။ ဝမ်ရှကလဲ သူ့ဗုံးများနှင့် ပတ်သက်ပြီး အားမရဖြစ်နေဆဲ။ သူက ပစ်မှတ်အတွင်းပိုင်းထဲအထိ ဗုံးများကို ဖောက်ဝင်စေပြီး ပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ချူရွှမ့်အား မေးရန်ပြင်နေစဉ် သူတို့ခေါင်းပေါ်မှ တိုက်လေယာဉ် (၁၀) စီး ဝေါခနဲ ဝေါခနဲ ပျံသန်းသွားကြသည်။ တိုက်လေယာဉ်များမှာ ပျက်စီးလုနီးပါး ဖြစ်နေသည့် ရေတပ်သင်္ဘောအုပ်စုရှိရာဆီသို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။
***