တိုက်လေယာဉ်များ သူတို့အပေါ်မှ ဖြတ်ကျော်ပျံသန်းသွားသည်နှင့် ချူရွှမ်က မိုးပျံဘုတ်ပြား ကို ပင်လယ်ရေမျက်နှာပြင်ပေါ် မောင်းတက်လိုက်သည်။ ပိန်းပိတ်အောင် မှောင်နေသည့် ညအမှောင်ထုထဲတွင် မိုးပျံဘုတ်ပြားလို သေးငယ်သည့် အရာဝတ္ထုလေးတစ်ခုကို တိုက်လေယာဉ်များ သတိထားမိရန် မဖြစ်နိုင်သလောက်ပင်။ ထို့နောက် ချူရွှမ်က မိုးပျံဘုတ်ပြားကို အရှိန်မြှင့်၍ ဆက်လက်ပျံသန်းသွားသည်။
တိုက်လေယာဉ်များ အဝေးသို့ ရောက်သွားတော့မှ အားလုံး သက်ပြင်းချလိုက်ကြသည်။
ချူရွှမ်က …
“အားလုံး ခဏလောက် အနားယူလို့ရပြီ … လူလေးယောက်ရဲ့ အလေးချိန်ကြောင့် မိုးပျံဘုတ်ပြား ရဲ့ အရှိန်က ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိ ကျသွားတာမို့လို့ ကျွန်းကိုရောက်ဖို့ တစ်နာရီလောက် ကြာလိမ့်မယ် … ကျွန်းက ကီလိုမီတာ ၆၀ဝ ကျော် ဝေးတာဆိုတော့ နောက်တစ်နာရီလောက်ဆိုရင် မြင်ရတော့မှာပါ”
စိတ်လက်ပေါ့ပါးသွားသည်နှင့် ပင်ပန်းနွမ်းနယ်မှုများက ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၏။ ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ရေအောက်မှ ပြင်းထန်သော ရေစီးကြောင်းများကြောင့် ကျန်းကျားတို့ ကိုယ်ရောစိတ်ပါ တင်းကျပ်နေလေပြီ။ သူတို့ အထိအခိုက်မရှိ လွတ်မြောက်လာခြင်း၏ အဓိကအကြောင်းရင်းမှာ ချူရွှမ်၏ ကျွမ်းကျင်လှသော မောင်းနှင်မှုကြောင့်ဖြစ်သည်။ ချူရွှမ့်ကြောင့်သာ မဟုတ်ပါက ကျည်ဆန်မိုးများနှင့် ဒုံးကျည်များကြားတွင် ကားခနဲ ပစ်ချခံနေရလောက်ပေပြီ။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့၏ အစွမ်းထက်လက်နက်များလဲ ဘာမှလုပ်မရချေ။
မိနစ်အနည်းငယ်ကြာ အနားယူပြီးနောက် ချူရွှမ်က တည်ငြိမ်စွာဖြင့် …
“လက်ရှိ အခြေအနေနဲ့ ရထားတဲ့ ဆုလာဘ်တွေကို ငါ ခဏလောက် တွက်ကြည့်လိုက်ဦးမယ်”
ကျန်းကျားနှင့် ကျန်နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ပြည့်နှက်နေ၏။ ဒီစွန့်စားမှုတွေက အလွန်အန္တရာယ်များလှပြီး သူတို့အားလုံးကို မျှော်လင့်ချက်မဲ့လုနီးပါး အခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့သည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ပျားအုပ်ကြီးအကြောင်းကို ပြန်တွေးမိတိုင်း သူတို့ကျောထဲမှာ စိမ့်တက်သွား၏။
“ဘောနပ်မစ်ရှင်ကနေ ရတဲ့ဆုက အမှတ် ၄၀၀၀ နဲ့ အဆင့် စီ ဆု နှစ်ခု … သင်္ဘောနှစ်စီးကို မြှုပ်လိုက်တာက အမှတ် ၂၀၀၀ … လမ်းမှာ သတ်ခဲ့တဲ့ ဒိုင်နိုဆောတွေကို ထည့်မတွက်ရင်တောင် ငါတို့တစ်ယောက်ကို အမှတ် ၆၀၀၀ နဲ့ အဆင့် စီ ဆုတွေ ရထားတာ … ဒါပေမယ့် ... ငါတို့ဆီကနေ အမှတ် ၄၀၀၀ ပြန်အနှုတ်ခံလိုက်ရတော့ အမှတ် ၂၀၀၀ ပဲ ကျန်တယ်”
စိတ်လှုပ်ရှားနေသည့် ကျန်းကျားတို့ သုံးယောက်လုံး ချူရွှမ့်နောက်ဆုံးစကားကြောင့် ဆွံ့အသွားကြသည်။ ချူရွှမ်က ဆက်ပြောလိုက်သည်။
“တိုက်ပွဲဖြစ်နေတုန်းက အသိပေးချက်တွေကို မင်းတို့ သတိမထားမိလိုက်ဘူး ထင်တယ် … ငါတို့ကြောင့် အစ္စလာ ဆိုနာ ကျွန်းပေါ်က အင်းဆက်ပိုးမွှားတွေ အချိန်မတိုင်ခင် အပြင်ကို ထွက်ပြေးကုန်လို့ ပြစ်ဒဏ်အနေနဲ့ အမှတ် ၄၀၀၀ အနှုတ်ခံလိုက်ရတာ … နတ်ဘုရားက အမှတ်တွေပဲ နုတ်ပြီး ဆုတွေမနုတ်လို့ တော်သေးတာပေါ့ … အဲ့ဒါက ငါတို့ အခုဆွေးနွေးရမယ့် အချက်ပဲ”
“ဇာတ်လမ်းကို ပြောင်းလဲပစ်လိုက်တိုင်း ဆုလာဘ်နဲ့ပဲ အဆုံးသတ်တာ မဟုတ်ဘူး … အပြန်အလှန်အားဖြင့် တချို့ အပြောင်းအလဲတွေက ကွင်းဆက်တုံ့ပြန်မှုတွေကို ဖြစ်စေပြီး ပြစ်ဒဏ် ခံရနိုင်တယ် … ဒါတင်မကသေးဘူး … အဲ့ဒီအသိပေးချက်အရဆိုရင် တရုတ်အသင်း တစ်ခုလုံး အမှတ်နုတ်ခံရတာ … လူသစ်သုံးယောက်ကတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူး”
ထိုသတင်းကြောင့် ကျန်းကျားတို့ ဘာပြန်ပြောရမှန်း မသိဖြစ်သွားကြသည်။
အတန်ကြာမှ ကျန်းကျားက …
“ဘောနပ်မစ်ရှင် နှစ်ခု ကျန်သေးတယ် မဟုတ်လား … သူတို့ကို အစ္စလာ နက်ဗြူလာ ကို ခေါ်သွားလို့မရပေမယ့် တတိယမြောက် မစ်ရှင်မှာတော့ ပါဝင်ခွင့်ရသင့်တယ် … ငါစဉ်းစားထားတာ …”
ချူရွှမ်က ခေါင်းခါပြလိုက်ရင်း ကျန်းကျားစကားကို ဖြတ်ပြောလိုက်သည်။
“ဒါက ငါပြောချင်တဲ့ အချက်ပဲ … ဒါပေမယ့် မပြောခင် ငါတို့ရထားတဲ့ ဘောနပ်မစ်ရှင်တွေနဲ့ သူတို့ရဲ့ ပုံစံတွေကို အရင်ပြန်ကြည့်ရအောင် … တစ် အချက်က ဘောနပ်မစ်ရှင်တွေက မူရင်းဇာတ်လမ်းကို ခန့်မှန်းရခက်တဲ့ နည်းလမ်းတွေနဲ့ ပြောင်းလဲပစ်တတ်တယ် … အပြောင်းအလဲ ကြီးလေလေ … ငါတို့ရမယ့် ဆုလာဘ်က ကြီးလေလေပဲ … အဲ့ဒီဆုလာဘ်က အပေါင်းလက္ခဏာ ဖြစ်နိုင်သလို အနုတ်လက္ခဏာလဲ ဖြစ်နိုင်တယ် … ဒါပေမယ့် ဘောနပ်မစ်ရှင်ကို အောင်မြင်အောင် လုပ်နိုင်ရင်တော့ ငါတို့ အပေါင်းလက္ခဏာ ဆုလာဘ်ကို ရလိမ့်မယ် … ဒါက ပထမဆုံးပုံစံပဲ”
“နှစ် အချက်က အခြေအနေက ပိုပြီး အန္တရာယ်များလေလေ ဆုလာဘ်က ပိုမြင့်လေလေပဲ … ဒါကို သုတေသနစခန်းမှာ ကြုံခဲ့ရပြီးပြီ … အင်းဆက်ပိုးမွှားတွေ အစုလိုက်အပြုံလိုက် သေနေတဲ့အချိန်မှာ အဲ့ဒီကို ရောက်သွားလို့ ငါတို့ ကံကောင်းသွားတာ … ပြီးတော့ ငါတို့မှာ မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးယာဉ် ရှိနေလို့ … ရဟတ်ယာဉ်တွေ လေယာဉ်တွေဆိုရင် ပျားတွေလက်က လွတ်မှာမဟုတ်ဘူး … ပြီးတော့ စာရွက်စာတမ်းတွေကို ချက်ချင်းခွဲခြားနိုင်တဲ့ ငါနဲ့ မစ်ရှင်ကို အဆုံးသတ်ပေးမယ့် ကျန်းကျား ရှိနေတာလဲပါတယ် … အဲ့ဒါတွေထဲက တစ်ခုခုသာ မရှိခဲ့ရင် အဲ့ဒီသုတေသနအဆောက်အဦးထဲမှာတင် ပျားထီးတွေနဲ့ ပျားဘုရင်မက ငါတို့ကို သတ်ပစ်လိုက်မှာ သေချာတယ်”
“သုံး အချက်က ဘောနပ်မစ်ရှင်အတွက် လူအရေအတွက် ပိုလိုအပ်လေလေ ဆုလာဘ်ရမယ့်သူ ပိုများလေလေပဲ … အစ္စလာ ဆိုနာ ကျွန်းက မစ်ရှင်ကို အောင်မြင်ချိန်မှာ ငါတို့လေးယောက်ပဲ ဆုရခဲ့တာ … ဒါပေမယ့် အမှတ် အနုတ်ခံရတဲ့အချိန်ကျတော့ အဖွဲ့သားအားလုံး အနုတ်ခံလိုက်ရတယ် … ကင်းမြီးကောက်ဘုရင် မစ်ရှင်ကို မင်း မှတ်မိသေးလား … အဲ့ဒီမှာ ငါလဲ ပါခဲ့ပေမယ့် မင်းတစ်ယောက်တည်းပဲ ဆုရခဲ့တယ် … ဆိုလိုတာက ပါဝင်သူဦးရေကို ဘောနပ်မစ်ရှင်ကပဲ ဆုံးဖြတ်တာ … ငါတို့က ဆုံးဖြတ်တာ မဟုတ်ဘူး … ဥပမာ ဘောနပ်မစ်ရှင်တစ်ခုက လူငါးယောက်ကိုပဲ ဆုပေးမယ်ဆိုရင် အဖွဲ့ဝင်အယောက် ၂၀ ပါခဲ့ရင်တောင် အလုပ်အများဆုံးလုပ်ခဲ့တဲ့ ငါးယောက်ပဲ ဆုရလိမ့်မယ်”
ချူရွှမ့် လေသံက အေးစက်တည်ငြိမ်နေဆဲ။
“ဒီစည်းမျဉ်း သုံးခုအရ ဆိုရင် တတိယမြောက် ဘောနပ်မစ်ရှင်က ဆုလာဘ် အရမ်းနည်းမယ့်ပုံရှိတယ် … လူတစ်ယောက်တည်းကိုပဲ ပေးရင်ပေးမှာ … ကယ်တင်ဖို့အတွက် လူသစ်တွေထဲက တစ်ယောက်ကို မင်းရွေးချယ်နိုင်တယ် … ဒါပေမယ့် အဲ့ဒါက အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကတော့ ရလာမယ့် ဆုလာဘ်အပေါ်မှာပဲ မူတည်လိမ့်မယ် … ငါ့အမြင်ကတော့ လော်ဂန်ဒိုကို ဦးစားပေးသင့်တယ်”
ကမ်ပါနှင့် ဝမ်ရှတို့ ကျန်းကျားကို လှည့်ကြည့်လိုက်ကြသည်။ ကျန်းကျားကတော့ ဘာစကားမှမဆိုဘဲ အံကိုသာ တင်းတင်းကြိတ်ထား၏။ သူ ခံစားနေရသည့် စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုကို အားလုံးက ရိပ်မိနေကြသည်။ လူသစ်တစ်ယောက်ကိုမှ လက်မလွှတ်ချင်သော်လည်း အခုအခြေအနေတွင် တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည် ဖြစ်သည်။
ကျန်းကျားက လေသံခပ်တိုးတိုးဖြင့် …
“တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား … သူတို့ထဲက တစ်ယောက်ပဲ အသက်ရှင်နိုင်မှာလား”
“ရှိတော့ ရှိတယ် ... ငါတို့ရဲ့ လက်ရှိအခြေအနေအပေါ် မူတည်တယ်”
ချူရွှမ်က သူ့ဆံပင်ကို လက်ဖြင့် သပ်လိုက်ရင်း ထွက်ပြူလာသည့် နေမင်းကြီးဘက်သို့ မျက်နှာမူလိုက်သည်။
“သူတို့ကို အခုသွားခေါ်ပြီး အစ္စလာ နက်ဗြူလာ ကို အတူတူသွားလို့ရတယ် … ပထမဆုံး ဘောနပ်မစ်ရှင်က လူလေးယောက်စာ ဆုပေးနိုင်တယ်ဆိုရင် ဒုတိယမစ်ရှင်က အဲ့ဒီထက်ပိုတဲ့လူတွေကို ဆုပေးနိုင်ခြေ များတယ် … ဒါပေမယ့် လူများရင် မိုးပျံဘုတ်ပြား ရဲ့ အမြန်နှုန်းက ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ ထပ်ကျသွားလိမ့်မယ် … ဒါက ပထမပြဿနာပဲ … ဒုတိယအချက်ကတော့ မစ်ရှင်လုပ်နေတုန်း တိုက်ခိုက်ခံရမယ်ဆိုရင် ဒီသာမန်လူတွေက အခြေအနေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မလား … ဒီလူတွေက ငါတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူးလို့ မင်း အာမခံနိုင်လား … မင်းကြိုက်တဲ့လမ်းရွေးလို့ရတယ်”
ချူရွှမ့်စကားများက အမှန်တရားတွေဆိုတာ ကျန်းကျား သိပါသည်။ သို့သော် အမှန်တရားက ခါးသီးလွန်းလှသည်။
(တကယ်လို့ တစ်ယောက်ယောက်က မင်းနဲ့ နောက်ထပ် လူတစ်ယောက်နှစ်ယောက်ကြားမှာ တစ်ယောက်ပဲ အသက်ရှင်ရမယ်လို့ ပြောလာရင် အဲ့ဒီအခွင့်အရေးကို မင်း လက်လွှတ်မလား … ဘယ်လက်လွှတ်မလဲ ... မင်းလဲ ကိုယ့်အတွက် အဲ့ဒီမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားမှာပဲ … ဒါက လူ့သဘာဝပဲ … မင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး)
ချူရွှမ်က တည်ငြိမ်စွာဖြင့် …
“မင်း မဆုံးဖြတ်နိုင်ရင် ငါ ဆုံးဖြတ်ပေးမယ်”
“မလိုဘူး … ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ငါ နားလည်တယ် … ခေါင်းဆောင်တစ်ယောက်က အဖွဲ့ဝင်တွေရဲ့ အသက်နဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ် … ငါတို့အဖွဲ့ကို အခုမှ ပြန်တည်ဆောက်နေတုန်းပဲရှိသေးတယ် … မင်းတို့သုံးယောက်ကိုလဲ နောက်တစ်ကြိမ် ပြန်အသက်သွင်းလို့မရတော့ဘူး … လူသစ်သုံးယောက်လောက်အတွက်နဲ့ မင်းတို့ကို အန္တရာယ်နဲ့ ရင်မဆိုင်စေချင်ဘူး … ဆုံးဖြတ်ချက်က ရက်စက်ပေမယ့် ငါတို့ရဲ့ မူလအစီအစဉ်အတိုင်းပဲ ဆက်သွားမယ် … ပြီးတော့ တတိယမြောက် ဘောနပ်မစ်ရှင်ကို လော်ဂန်ဒိုကို ပေးမယ် … ဒါက တရုတ်အသင်းရဲ့ ခေါင်းဆောင်အနေနဲ့ ငါပေးတဲ့ အမိန့်ပဲ”
ကမ်ပါနှင့် ဝမ်ရှတို့နှစ်ယောက်စလုံး သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွားကြသည်။ ဆုံးဖြတ်ချက်က ရက်စက်သည်ဟု ထင်ရသော်လည်း သနားကြင်နာတတ်လွန်းသူတစ်ယောက်သည် စစ်တပ်တစ်ခုကို ဦးဆောင်နိုင်မည်မဟုတ်ပေ။ တစ်ခါတစ်ရံတွင် လူအများစု အသက်ရှင်သန်နိုင်ရေးအတွက် ပြတ်သားသည့် ခေါင်းဆောင်တစ်ဦးကို လိုအပ်၏။ ထို့ပြင် ထိုလူသစ်သုံးယောက်မှာ အဖွဲ့ဝင်အစစ်အမှန်များ မဖြစ်လာသေးချေ။
ကျန်းကျားက လေးနက်သောလေသံဖြင့် …
“ငါတို့က အင်အားနည်းနေသေးတယ် … လဲလှယ်ထားတဲ့ ပစ္စည်းတွေတင်မကဘူး … ကိုယ်ပိုင်စွမ်းအားတွေကို ဖန်တီးတဲ့နေရာမှာပါ အားနည်းနေသေးတယ် … အခုချိန်မှာ ပြောဖို့စောနေသေးတယ် ဆိုပေမယ့် နောင်အနာဂတ်မှာ ရုပ်ရှင်တွေကို ငါတို့အေးအေးဆေးဆေး ဖြတ်ကျော်နိုင်လာတဲ့နေ့ကျရင်တော့ အဲ့ဒီလူသစ်တွေကို ငါ ပြန်အသက်သွင်းပေးပြီး သူတို့ကို ဒုတိယအကြိမ် အခွင့်အရေး ပေးပါ့မယ် … ဟူး ... အဲ့ဒီနေ့ ရောက်လာပါစေလို့တော့ မျှော်လင့်ရတာပဲ”
ထိုစဉ် အပေါ်ဘက်မှ ချူရွှမ့်အသံ ထွက်ပေါ်လာသည်။
“ဟုတ်ပြီလေ ... မင်း ဆုံးဖြတ်ပြီးပြီဆိုရင် ဘောနပ်မစ်ရှင်တွေရဲ့ ခက်ခဲမှုအဆင့်တွေအကြောင်း ဆက်ရအောင် … နတ်ဘုရားရဲ့ စနစ်ထဲက တခြားအဆင့်သတ်မှတ်ချက်တွေအရ ဆိုရင်တော့ အနိမ့်ဆုံးအဆင့်က ဒီ … ပြီးရင် ဒီဒီ … ပြီးရင် စီ စသဖြင့် သွားတာ … ငါတို့ အခုလေးတင် ပြီးမြောက်ခဲ့တာက စီစီ အဆင့် ခက်ခဲမှုပဲ … ကျန်းကျား The Mummy ရုပ်ရှင်ထဲမှာ လုပ်ခဲ့တာကတော့ ဘီ အဆင့်ပေါ့ … မစ်ရှင်ကို အချိန်မတိုင်ခင် ကြိုလုပ်ခဲ့လို့သာ ဆုလာဘ်နှစ်ဆ ရခဲ့တာ … ငါတို့သာ အုပ်စုခွဲလိုက်မယ်ဆိုရင် စီ အဆင့်လောက်ကို ခက်ခဲတယ်လို့ သတ်မှတ်လို့ရတယ် … ဒါပေမယ့် နည်းလမ်းမှန်ရင်တော့ အဲ့လောက်ထိ အန္တရာယ်မများနိုင်ဘူး … ငါတို့ စောစောက သုတေသနအဆောက်အဦးထဲကို ဝင်ဖို့ မီးခိုးဗုံးသုံးခဲ့သလိုမျိုးပေါ့”
“အဆင့် ဘီ ခက်ခဲမှုဆိုတာ အသက်အန္တရာယ်ရှိတဲ့ အဆင့်ပဲ … ကင်းမြီးကောက်ဘုရင် မစ်ရှင်ကိုပဲကြည့် … တစ်သင်းလုံး သေကျေပျက်စီးသွားဖို့ အခွင့်အရေး ၈၀ ရာခိုင်နှုန်းလောက် ရှိတယ် … အဲ့ဒီတော့ ဘီဘီ အဆင့်ဆိုရင် ၉၀ ရာခိုင်နှုန်း ဖြစ်လိမ့်မယ် … အဆင့် အေ နဲ့ အဲ့ဒီထက်မြင့်တဲ့ မစ်ရှင်တွေဆိုရင် ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာ ငါလဲ မခန့်မှန်းနိုင်တော့ဘူး … အဲ့ဒီလို မစ်ရှင်မျိုးတွေက မစ်ရှင်မှာ မပါဝင်တဲ့လူတွေကိုတောင် သေစေနိုင်တယ် … ငါတို့ရဲ့ စွမ်းဆောင်ရည်အရ ငါတို့ ဘေးကင်းကင်းနဲ့ အပြီးသတ်နိုင်မယ့် အခက်ခဲဆုံးအဆင့်က စီစီ ပဲ … ဘီ အဆင့်နဲ့ အဲ့ဒီထက်မြင့်တဲ့ မစ်ရှင်တွေကိုတော့ ငါတို့ ရှောင်သင့်တယ်”
ကျန်းကျား ခေတ္တစဉ်းစားလိုက်ပြီးမှ …
“မင်းပြောပုံအရဆို အစ္စလာ နက်ဗြူလာ ကျွန်းက မစ်ရှင်က အရမ်းခက်ခဲနေနိုင်တယ်ပေါ့”
“ဟုတ်တယ်လို့ ပြောရမှာပဲ … ဒီမှတ်တမ်းအရဆိုရင် ရူးနေတဲ့ သိပ္ပံပညာရှင်တစ်ယောက်က မျိုးဗီဇကို ပြုပြင်ပြောင်းလဲနိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ် … အစကတော့ သူက လူသားတွေကို ဆင့်ကဲပြောင်းလဲလာအောင် လုပ်ဖို့အတွက် ရည်ရွယ်ခဲ့တာ … ဒါက နတ်ဘုရား အခုလုပ်နေတာနဲ့ ဆင်တူပေမယ့် သူကတော့ ပြင်ပစွမ်းအားတွေကိုသုံးပြီး သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးလို ကစားဖို့ ကြိုးစားခဲ့တာပဲ … သူ့နည်းလမ်းက တချို့နေရာတွေမှာ အောင်မြင်ခဲ့တယ် … သူဖော်စပ်ထားတဲ့ ဓာတ်ပစ္စည်းက သက်ရှိတစ်ခုရဲ့ ငုပ်လျှိုးနေတဲ့ ရှေးဟောင်းမျိုးဗီဇပုံစံတွေကို နိုးထလာစေနိုင်တယ် … ဥပမာ အဲ့ဒီပျားကြီးတွေလိုမျိုးပေါ့”
“နောက်တစ်ချက်ကတော့ … အဲ့ဒီသက်ရှိတွေထဲက တစ်ကောင်က ဒီလိုအပြောင်းအလဲကို ကြုံတွေ့ရတဲ့အခါ သူ့ရဲ့ မျိုးဗီဇတွေက ဖောက်ပြန်ပြောင်းလဲသွားပြီး DNA တွေက ထူးဆန်းတဲ့အရာတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းသွားခဲ့တယ် … အဲ့ဒီသိပ္ပံပညာရှင်က အဲ့ဒီမျိုးစပ်သတ္တဝါလေးကို အစ္စလာ နက်ဗြူလာ ကျွန်းပေါ်မှာ ထားခဲ့တယ်လို့ မှတ်တမ်းစာအုပ်ထဲမှာ ရေးထားတယ် … အဲ့ဒီသတ္တဝါလေးကို သူနာမည်ပေးထားခဲ့တာ နဂါးတဲ့ … အဲ့ဒါကြောင့် ငါပိုစိုးရိမ်နေတာ”
“နဂါး ဟုတ်လား … ဒိုင်နိုဆောလား … ဂေါ်ဇီလာလောက်တော့မကြီးဘူးမလား”
ကမ်ပါက ရယ်မောရင်း ပြောလိုက်သည်။
ကျန်လူအားလုံးလဲ ပြုံးလိုက်ကြမိသည်။ ဒိုင်နိုဆောများနှင့်ပတ်သက်ပါက ဂေါ်ဇီလာပင် ဖြစ်နေပါစေ သူတို့ သိပ်ပြီး မကြောက်ကြချေ။ မိုးပျံဘုတ်ပြား ရှိနေသရွေ့တော့ ဘေးကင်းသည့် အကွာအဝေးမှာနေပြီး ဂေါ်ဇီလာကို ပစ်သတ်လို့ရသည်မဟုတ်ပါလား။ မပျံသန်းနိုင်သည့် သက်ရှိများအပေါ်မှာတော့ သူတို့က အပြတ်အသတ် အသာစီးရထားပြီးသား ဖြစ်သည်။
ကောင်းကင်ယံက မှိန်ပျပျရှိနေဆဲ။ မိုးကုတ်စက်ဝိုင်းမှာ နေထွက်လာမည့် အရိပ်အယောင်များ ပေါ်ပေါက်လာချိန်တွင်တော့ ရေတပ်သင်္ဘောအုပ်စုကို သူတို့ လှမ်းမြင်လိုက်ရသည်။ သင်္ဘောတိုင်းတွင် မီးများ ထိန်ထိန်လင်းနေ၏။ အစ္စလာ ဆိုနာ ကျွန်းမှာ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကြောင့် ရေတပ်သင်္ဘောအုပ်စုမှာ ထိုနေရာသို့ ဦးတည်ပြီးသွားနေခြင်း ဖြစ်ပုံရသည်။ ထိုလူတွေကို ပျားအုပ်ကြီး၏ နောက်ထပ်သားကောင်များ မဖြစ်ပါစေနဲ့ဟုသာ ကျန်းကျား ဆုတောင်းပေးနိုင်၏။
ရေတပ်သင်္ဘောအုပ်စုကို မြင်လိုက်ရသည်နှင့် ချူရွှမ်က မိုးပျံဘုတ်ပြား ကို ရေမျက်နှာပြင်နှင့် ကပ်၍ မောင်းနှင်လိုက်သည်။ အနည်းငယ် ဝေးကွာနေသေးသဖြင့် ရေတပ်က သူတို့ကို ရည်ရွယ်ချက်ရှိရှိ လိုက်မရှာသရွေ့တော့ ရေဒါမှာပေါ်မည်မဟုတ်ချေ။ မကြာမီ ကျန်းကျားတို့သည် ရေတပ်သင်္ဘောအုပ်စုကို ကျော်လွန်လာခဲ့ပြီး အစ္စလာ နက်ဗြူလာ ကျွန်းကြီးကို ဘွားခနဲ လှမ်းမြင်လိုက်ရ၏။
“ပထမဆုံးရုပ်ရှင်ထဲက ဖြစ်ရပ်တွေ ဖြစ်ခဲ့တဲ့ကျွန်း … ပြီးတော့ ငါတို့ရဲ့ ဒုတိယမြောက် ဘောနပ်မစ်ရှင် ရှိနေနိုင်တဲ့နေရာပဲ”
ချူရွှမ်က မိုးပျံဘုတ်ပြားကို ကမ်းခြေပေါ်သို့ ဆင်းသက်လိုက်သည်။ အချိန်အတော်ကြာအောင် တွဲလောင်းခိုလိုက်ပါလာခဲ့ရသဖြင့် ကျန်းကျားတို့၏ ခန္ဓာကိုယ်များ ညောင်းညာနေသလို မိုးပျံဘုတ်ပြားသည်လဲ မနိုင်ဝန်ထမ်းခဲ့ရသဖြင့် ပြန်လည် အအေးခံရန် လိုအပ်နေပေပြီ။
မိုးကောင်းကင်က လင်းချင်းနေပြီဖြစ်၏။ မိုးကုတ်စက်ဝိုင်းမှ ထွက်ပြူစပြုလာသည့် နေမင်းကြီး၏ နေရောင်ခြည်နုနုတို့က ညစ်ညမ်းမှုမရှိသေးသည့် ကမ်းခြေလေးပေါ်သို့ ဖြာကျနေသည်။ ဒိုင်နိုဆောများသာ မရှိလျှင် ဒီနေရာသည် အလွန်သာယာသည့် ကမ်းခြေလေးတစ်ခု ဖြစ်နေပေလိမ့်မည်။
ကျန်းကျားတို့ လမ်းခဏလျှောက်ပြီး အကြောလျှော့၍ သွေးပူလေ့ကျင့်ခန်းအချို့ လုပ်လိုက်ကြသည်။ ထို့နောက် ကျန်းကျားက ရေဆေးတောင့်နှင့် အဟာရဆေးတောင့်များ ထုတ်ပေးလိုက်သည်။ တစ်ညလုံး တိုက်ပွဲဝင်ခဲ့ရသဖြင့် ကုန်ဆုံးသွားသည့် အင်အားများကို ပြန်လည်ဖြည့်တင်းရန်နှင့် ရှေ့တွင် ကြုံလာနိုင်သည့် ပိုမိုပြင်းထန်သော တိုက်ပွဲများအတွက် အဆင်သင့်ဖြစ်နေရန် လိုအပ်သည်မဟုတ်ပါလား။
(၁၅)မိနစ်ခန့် အနားယူပြီးနောက် ကျန်းကျားက ချူရွှမ်ကို မေးလိုက်သည်။
“ဒီမစ်ရှင်က ဘာဖြစ်မလဲဆိုတာ မင်း ခန့်မှန်းနိုင်မလား”
ချူရွှမ်က ခေါင်းခါပြရင်း …
“ဟင့်အင်း … အခုချိန်မှာ ငါတို့ သိထားတာ နည်းလွန်းတယ် … အဲ့ဒီသတ္တဝါနဲ့ ဆက်စပ်နေမယ်ဆိုတာ သေချာပေမယ့် ဒီကျွန်းက အစ္စလာ ဆိုနာ ထက်တောင် ပိုကြီးသေးတယ် … သတ်မှတ်ထားတဲ့ သတ္တဝါတစ်ကောင်တည်းကို ရှာဖို့ဆိုတာ အရမ်းခက်လွန်းတယ် … ပြီးတော့ ဒီကျွန်းတစ်ခုလုံးမှာ အဲ့ဒီဓာတ်ပစ္စည်းတွေ ပျံ့နှံ့နေပြီလားဆိုတာလဲမသေချာဘူး … အင်းဆက်ပိုးမွှားအုပ်ကြီးတွေရဲ့ တိုက်ခိုက်မှုကို ထပ်ကြုံရဦးမလားဆိုတာလဲ မသေချာဘူး … ငါ့ကို အချက်အလက်အလုံအလောက် မပေးဘဲနဲ့တော့ ငါဘယ်လောက်ဉာဏ်ကောင်းကောင်း ဘာမှမသိနိုင်ဘူး”
ကမ်ပါနှင့် ဝမ်ရှတို့ကို ကျန်းကျား ကြည့်လိုက်သည်။ အခုလို ဘာမှန်းမသိသည့် အခြေအနေကြီးကြောင့် သူတို့စိတ်ထဲတွင် မသက်မသာဖြစ်နေကြသည်။ ချူရွှမ်တို့သုံးယောက်လုံးက အစွမ်းထက်သော်လည်း လက်နက်များမရှိလျှင် ဒိုင်နိုဆောများပြည့်နေသည့် ကျွန်းပေါ်တွင် သာမန်လူများနှင့် သိပ်မကွာလှပေ။ ဒိုင်နိုဆောများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းခံရလျှင် သေဆုံးသွားဖို့များသည်။
ကျန်းကျား ခဏစဉ်းစားလိုက်ပြီး …
“မိုးပျံဘုတ်ပြား အအေးခံဖို့ ဘယ်လောက်ကြာမလဲ … တစ်နာရီဆိုရင် လုံလောက်လား”
ချူရွှမ် ခေါင်းညိတ်ပြလိုက်သည်။
“အခု သုံးလို့ရတယ် … ဒါပေမယ့် ငါကိုယ်တိုင် မိုးပျံဘုတ်ပြားတစ်ခု မဖန်တီးနိုင်သေးခင်အထိတော့ ဒါက အစားထိုးလို့မရတဲ့ ပစ္စည်းပဲ … ဒါကြောင့် မိနစ်လေးဆယ်ကနေ တစ်နာရီလောက်အထိ အအေးခံထားစေချင်တယ်”
“အဲ့ဒါဆို ရပြီ … အဲ့ဒီအချိန်အတောအတွင်း ငါ ကျွန်းထဲကို သွားပြီး အခြေအနေ စုံစမ်းလိုက်မယ် … ကမ်ပါ ... ဒီနေရာကို မင်းစောင့်ကြည့်ထားလိုက် … လှုပ်လှုပ် လှုပ်လှုပ် မြင်ရင် ပစ်သာပစ်ချလိုက် … ဝမ်ရှ ... ဒီပတ်ဝန်းကျင်မှာ မိုင်းတွေ ထောင်ထား … ပေါက်ကွဲမယ့်အလေးချိန်ကို ၃၀၀ ကီလိုဂရမ်လို့ သတ်မှတ်ထားလိုက် … ဗယ်လိုစီရပ်တာလို အကောင်သေးလေးတွေအတွက် မိုင်းမဖြုန်းနဲ့”
ထို့နောက် အိုဆိုင်းရစ်လှံကို ကျန်းကျား ထုတ်ယူလိုက်သည်။ ပုဆိန်ကတော့ ပျားဘုရင်မနှင့်တိုက်ခိုက်စဉ်က ပျားဘုရင်မ၏ အဆိပ်ဆူးနှင့် ငြိ၍ ကျန်နေခဲ့ပြီဖြစ်၏။ ပုဆိန်ကို ပြန်ဖြုတ်ရန် အချိန်မရတော့သဖြင့် စွန့်လွှတ်ခဲ့ရသည်။ သူ့ဆီမှာ အနီးကပ်တိုက်ခိုက်ရေးလက်နက် မရှိတော့ချေ။ လောလောဆယ်တော့ အိုဆိုင်းရစ်လှံကိုပဲ အဆင်ပြေအောင် သုံးရတော့မည်။
အိုဆိုင်းရစ်လှံကို အသင့်ပြင်၍ တောအုပ်ထဲသို့ ကျန်းကျား ပြေးဝင်သွား၏။ ကမ်ပါက ချူရွှမ့်အနီးတွင် အသင့်အနေအထားဖြင့် စောင့်ကြည့်နေပြီး ဝမ်ရှက သူတို့နှင့် အချင်းဝက် မီတာ (၂၀၀) ပတ်လည်တွင် မိုင်းများထောင်နေသည်။
ဒီတောအုပ်ကို လူများစိုက်ပျိုးထားခြင်းဖြစ်သည်။ သစ်ပင်တစ်ပင်နှင့်တစ်ပင်ကြားအကွာအဝေးက အတူတူပင်။ ပန်းခြံကို စွန့်ပစ်ထားသည်မှာ ကြာလှပြီဖြစ်ရာ မြေပြင်ပေါ်တွင် သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေသည်။ သို့သော်လည်း ကျန်းကျား၏ ပြေးနှုန်းက နှေးမသွားချေ။ တောနက်ထဲသို့ လှစ်ခနဲ ပြေးဝင်သွားသည်။
ပတ်ဝန်းကျင်လေထုက ထူးဆန်းနေသည်။ သူပြေးလာသည့် လမ်းတစ်လျှောက်တွင် ဒိုင်နိုဆောတစ်ကောင်မှ မတွေ့ရသလို ဒိုင်နိုဆော အရိုးစုတစ်ခုတစ်လေမှပင် မမြင်ရပေ။ ဧရာမ အင်းဆက်ပိုးမွှားကြီးများလဲမရှိ။ တွေ့သည့် အင်းဆက်ပိုးမွှားလေးများက သာမန်အရွယ်အစားတွေသာ ဖြစ်သည်။ အစ္စလာ နက်ဗြူလာ ကျွန်းသည် ဓာတ်ပစ္စည်းများဖြင့် ညစ်ညမ်းခြင်း မရှိသေးချေ။
ကျန်းကျား သက်ပြင်းချလိုက်သည်။ အစ္စလာ ဆိုနာ ကျွန်းရှိ အင်းဆက်ပိုးမွှားများက သူ့ကို တော်တော်လေး စိတ်ဖိစီးမှု ပေးခဲ့၏။ အင်းဆက်ပိုးမွှားပြဿနာ မရှိတော့သော်လည်း တစ်ကျွန်းလုံးတိတ်ဆိတ်နေသည်။ ဒိုင်နိုဆောတစ်ကောင်မှ မရှိသည့်အလား။
သားရဲကြီးတစ်ကောင်၏ အသိုက်နားတွင် ရောက်နေသကဲ့သို့ ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်နေခြင်းဖြစ်၏။
ကျန်းကျား စိတ်တထင့်ထင့်ဖြင့် ရှေ့ဆက်သွားနေသည်။ တောနက်ပိုင်းထဲသို့ ရောက်လာသော်လည်း ဒိုင်နိုဆော တစ်ကောင်တစ်လေမှ မတွေ့ရသေးချေ။ ရေတပ်က အကုန်ရှင်းလင်းလိုက်ပြီလားမဆိုနိုင်။ သို့သော် အားလုံးရှင်းလင်းပြီးပါက ရေတပ်သင်္ဘောအုပ်စုသည် ကျွန်းအပြင်ဘက်မှာ ဘာလို့ တပ်စွဲထားရသနည်း။
ကျန်းကျား သိချင်စိတ်များ တဖွားဖွားပေါ်လာသလို စိုးရိမ်စိတ်များပါ တရိပ်ရိပ်တိုးလာသည်။ ကျွန်းအတွင်းပိုင်းသို့ ရောက်လာလေလေ သူခံစားနေရသည့် အန္တရာယ်အငွေ့အသက်က ပို၍ကြီးမားလာလေလေပင်။ သားရဲကြီးတစ်ကောင်ဆီသို့ လျှောက်သွားနေရသည့်အလား အန္တရာယ်အငွေ့အသက်က အလွန်အမင်း ပြင်းထန်လှသည်။
ကျန်းကျား နောက်ထပ် (၁၀)မိနစ်ခန့် ဆက်ပြေးလာသည်။ ထို့နောက် အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ ကမ်းခြေကို အခုပြန်လှည့်လျှင် မိုးပျံဘုတ်ပြား အအေးခံပြီးလောက်ပေပြီ။ ထို့ကြောင့် ခြေလှမ်းများ ရပ်တန့်လိုက်ပြီး ပြန်လှည့်ရန် ပြင်လိုက်စဉ် သွေးချင်းချင်းနီနေသည့် အရိုးတစ်ချောင်းကို လှမ်းမြင်လိုက်ရသည်။ အရိုးက လတ်လတ်ဆတ်ဆတ် ရှိနေပုံရသဖြင့် ကျန်းကျား အပြေးလေးသွားကြည့်လိုက်သည်။
အရိုးက သတ္တဝါကြီးတစ်ကောင်၏ ပုခုံးရိုးဖြစ်ပုံရ၏။ သွေးများ ခြောက်စပြုနေပြီဆိုသော်လည်း အနက်ရောင်အဖြစ်ပြောင်းမသွားဘဲ နီရဲနေဆဲဖြစ်ရာ သေဆုံးသွားသည်မှာ ကြာသေးပုံမပေါ်ချေ။ ကျန်းကျား၏ အကြည့်က ထိုအရိုးပေါ်ရှိ ဧရာမ အပေါက်ကြီးများဆီသို့ ရောက်သွားသည်။ အပေါက်ကြီးများက အရိုးကို ထုတ်ချင်းဖောက်ထွက်နေပြီး အကျယ်က သူ့လက်မောင်းလောက်ရှိ၏။ ဒီလောက်ကြီးမားသော သွားတွေရှိသည့် သားရဲကြီးသည် ဘယ်လောက်တောင် ကြီးမားလိုက်မည်နည်း။
ကျန်းကျား အသက်ရှူမှားသွားသည်။ အပေါက်များ၏ ပုံသဏ္ဌာန်အရ သွားများမှာ ဒီထက်ပင် ပိုကြီးနိုင်သေးသည်။ ဒါက သွား၏ ထိပ်ပိုင်းလောက်သာ ဖြစ်၏။ ထိုသို့ဆိုလျှင် ထိုသတ္တဝါ၏ အရွယ်အစားမှာ တီ-ရက်စ် ထက်ပင် အဆပေါင်းများစွာ ကြီးမားပေလိမ့်မည်။ ကမ္ဘာပေါ်တွင် ဒီလောက် ကြီးမားသည့် အသားစားသတ္တဝါမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။
ရုတ်တရက် တောအုပ်အပြင်ဘက်မှ ကျယ်လောင်သည့် ဟိန်းသံကြီး ထွက်ပေါ်လာသည်။ ကိုယ်ဖော့ပညာကိုသုံး၍ (၁၀) မီတာခန့်မြင့်သည့် သစ်ပင်တစ်ပင်ပေါ်သို့ ကျန်းကျား ဖျတ်ခနဲ ခုန်တက်လိုက်သည်။ ဧရာမ တီ-ရက်စ် ကြီးတစ်ကောင် မာန်ဖီဟိန်းဟောက်ရင်း ကျန်းကျားဘက်သို့ ပြေးလာနေသည်။ သူ့ပုံစံက သားကောင်ကို လိုက်ဖမ်းနေသည့်ပုံမရဘဲ ထွက်ပြေးနေသည့် ပုံစံမျိုး ဖြစ်နေသည်။ ကျန်းကျား ရှောင်ထွက်ရန် ပြင်လိုက်စဉ် ကြောင်အသွားသည်။ တီ-ရက်စ် ပြေးလာသည့်ဘက်ကို အကြောင်သား ငေးကြည့်နေမိ၏။
နဂါးကြီး … ဦးချိုတွေ … အကြေးခွံတွေ … ဧရာမ ခန္ဓာကိုယ်ကြီးနဲ့ အနောက်တိုင်းပုံပြင်တွေထဲက နဂါးကြီး။
နဂါးကြီးက အလျား မီတာ (၃၀) လောက်ရှိပြီး တီ-ရက်စ် နောက်ကို တဟုန်ထိုး လိုက်နေသည်။ အရွယ်အစားချင်း ကွာခြားလွန်းသည့်အတွက် တီ-ရက်စ်ကို ခဏတွင်းချင်း လိုက်မီသွား၏။ ထို့နောက် တီ-ရက်စ်၏ ဦးခေါင်းကို လှမ်းဟပ်လိုက်သည်။ ထိုကိုက်ချက်တစ်ချက်တည်းနဲ့တင် တီ-ရက်စ် ခေါင်းတစ်ခုလုံး ပြတ်ထွက်လုနီးပါး ဖြစ်သွား၏။ ခုနကတွေ့ခဲ့သည့် ပုခုံးရိုးပေါ်ရှိ အပေါက်ကြီးများ ဘယ်လိုဖြစ်လာသလဲဆိုတာ ကျန်းကျား အဖြေသိလိုက်ရပေပြီ။
“The Lost World: Jurassic Park ဘောနပ်မစ်ရှင် … မျိုးဗီဇဖောက်ပြန်နေသည့် ဒိုင်နိုဆောကို သုတ်သင်ပါ … သုတ်သင်နိုင်သူသည် အဆင့် ဘီ ဆု နှင့် အမှတ် ၅၀၀၀ ရရှိမည် … ကူညီပေးသည့် အဖွဲ့ဝင်များသည် အဆင့် စီ ဆု နှင့် အမှတ် ၄၀၀၀ စီ ရရှိမည် … ဤသက်ရှိသည် မှော်သားရဲ အမျိုးအစား ဖြစ်သည် … အဆင့်မြင့်နည်းပညာသုံး အဝေးပစ် လက်နက်များဖြင့် တိုက်ခိုက်ခြင်းသည် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ … ဤသတ္တဝါကို ၂၄ နာရီအတွင်း သုတ်သင်နိုင်ခြင်း မရှိပါက တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင်အားလုံးကို ဖျက်ဆီးပစ်မည်”
နတ်ဘုရား၏ အသိပေးချက်ကြောင့် ကျန်းကျား ဂလုခနဲ တံတွေးမျိုချလိုက်မိသည်။ သူ့မျက်စိရှေ့မှာတင် ထိုနဂါးကြီးက တီ-ရက်စ် ၏ ခန္ဓာကိုယ်အထက်ပိုင်းကို ကိုက်ပြီးဆွဲဖြဲပစ်လိုက်၏။ ခွန်အားက ကြောက်ခမန်းလိလိဖြစ်သလို အရွယ်အစားကလဲ တုန်လှုပ်စရာကောင်းလှသည်။ မီတာ (၃၀) ခန့်ရှည်လျားသည့် သတ္တဝါကြီးတစ်ကောင်ဆီက ထွက်ပေါ်လာသည့် ဖိအားကြောင့် ခပ်လှမ်းလှမ်းရှိ ကျန်းကျား၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရင်နေသည်။ သူ့ခန္ဓာကိုယ်က အန္တရာယ်ကို အလိုအလျောက် ခံစားမိနေခြင်းဖြစ်သည်။
ကျန်းကျား လုံးဝတွေဝေမနေဘဲ ချက်ချင်းလှည့်၍ ကမ်းခြေဆီသို့ အစွမ်းကုန် ပြေးသွား၏။ နဂါးကြီးက တီ-ရက်စ် ကို စားရန် အာရုံစိုက်နေသဖြင့် ထွက်ပြေးသွားသည့် လူသားသေးသေးလေးကို သတိမထားမိချေ။ (၁) ကီလိုမီတာခန့် ပြေးပြီးချိန်တွင် ကျန်းကျား၏ နောက်ဘက်ဆီမှ ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာသည်။ ဗိုက်ဝသွားသဖြင့် ကျေနပ်နေသည့် ဟိန်းဟောက်သံဖြစ်ပုံရ၏။ အသံက မိုးကြိုးပစ်သလို ကျယ်လောင်လှသဖြင့် အဝေးမှာရှိနေသည့် ကျန်းကျားပင် နားအူသွားသည်။ သို့သော် ရှိသမျှ ခွန်အားကို စုစည်း၍ ကမ်းခြေသို့ ဆက်ပြေးသွား၏။
ကမ်းခြေတွင် ချူရွှမ်တို့ (၃)ယောက် ဘေးမသီရန်မခရှိနေတာကို မြင်တော့မှ ကျန်းကျား သက်ပြင်းချနိုင်တော့သည်။ ကမ်းခြေပေါ်တွင် မိုင်းထောင်ထားသော်လည်း ဒိုင်နိုဆောများအတွက် ထောင်ထားခြင်းဖြစ်ရာ ဖုံးကွယ်ထားခြင်း မရှိပေ။ ကျန်းကျားက မိုင်းများကို အလွယ်တကူ ရှောင်ကွင်းပြီး ချူရွှမ်တို့ဆီသို့ ရောက်သွား၏။
ကမ်ပါနှင့် ဝမ်ရှတို့က တစ်ပြိုင်တည်း မေးလိုက်သည်။
“ခုနက ဘာသံကြီးလဲ”
ထို့နောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ကမ်ပါက …
“လခွီးပဲ … တကယ်ကြီး ဂေါ်ဇီလာလား … ဒိုင်နိုဆောတွေ မျိုးဗီဇဖောက်ပြန်ပြီး ဂေါ်ဇီလာတွေဖြစ်လာတာလား”
ကမ့်ပါ့ အမေးကြောင့် ကျန်းကျား ရယ်ရမလို ငိုရမလို ဖြစ်သွား၏။
“ဂေါ်ဇီလာထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ် … ငါ မြင်လာတာ နဂါးကြီး … တကယ့်နဂါးကြီး”
ချူရွှမ်တို့ (၃)ယောက်က ကျန်းကျားကို နဝေတိမ်တောင်ဖြင့် ကြည့်လိုက်သည်။
ချူရွှမ်က ခေါင်းညိတ်ပြကာ …
“ဒီဒိုင်နိုဆောတွေကို နဂါးတွေလို့ သတ်မှတ်လို့ရတယ် … သူတို့ရဲ့ အရွယ်အစားနဲ့ ယှဉ်လိုက်ရင် ငါတို့က ဘာမှမဟုတ်ဘူးလေ”
ကျန်းကျား ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်ပြီး လေထဲတွင် လက်နှစ်ဖက်ဖြင့် ပုံဖော်ပြလိုက်သည်။
“ဒိုင်နိုဆော မဟုတ်ဘူး … ပုံပြင်တွေထဲမှာ ပါတတ်တဲ့ နဂါးကြီး … လခွီးပဲ ... ဒီကျွန်းပေါ်မှာ နဂါးအစစ်ကြီး ရှိနေတာဟ … အဲ့ဒီကောင်ကြီးကို မြင်လိုက်ရတာနဲ့ နတ်ဘုရားဆီက အသိပေးချက် ချက်ချင်းတက်လာတယ် … ဒီမျိုးဗီဇဖောက်ပြန်နေတဲ့ ဒိုင်နိုဆောကို သတ်နိုင်ရင် သတ်တဲ့သူက အဆင့် ဘီ ဆုနဲ့ အမှတ် ၅၀၀၀ ရမယ် … ကူညီတဲ့လူတွေက အဆင့် စီ ဆုနဲ့ အမှတ် ၄၀၀၀ ရမယ် … ကြားရတာတော့ အနိပ်စားပဲ … ဒါပေမယ့် ဒီမှော်သားရဲအပေါ်မှာ အဆင့်မြင့်နည်းပညာသုံး အဝေးပစ် လက်နက်တွေက ထိရောက်မှု မရှိဘူးလို့ နတ်ဘုရားက ပြောထားတယ် … ငါတို့က အဲ့ဒီကောင်ကြီးကို အနီးကပ် တိုက်ရမယ့် သဘောပဲ … မင်းတို့က ကိုယ်တိုင်မမြင်ဖူးသေးလို့ … အဲ့ဒီကောင်ကြီးက တီ-ရက်စ် တစ်ကောင်ကို ထက်ပိုင်းပြတ်အောင် ကိုက်ပစ်လိုက်တာဟ … ငလူးကျလို့ ... နတ်ဘုရားက ဘာလို့ အဝေးပစ်လက်နက်တွေ သုံးခွင့်မပေးရတာလဲ”
ချူရွှမ်ကတော့ ကျန်းကျားကို တစ်ချိန်လုံး အေးဆေးတည်ငြိမ်စွာ ကြည့်နေသည်။ အကြောင်းစုံကို ကြားပြီးနောက် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ထို့နောက် ကျန်းကျားကို ဘောနပ်မစ်ရှင်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များဖြစ်သော အချိန်၊ နေရာနှင့် အခြားကန့်သတ်ချက်များကို မေးမြန်းလိုက်သည်။ (၂၄) နာရီ အချိန်ကန့်သတ်ချက်ကို ကြားလိုက်ရချိန်တော့ ဘာမှဆက်မပြောတော့ဘဲ အတွေးပင်လယ်ထဲသို့ နစ်မြုပ်သွားပြန်သည်။
“မင်းရဲ့ အိုဆိုင်းရစ်လှံက အဆင့်မြင့်နည်းပညာသုံး အဝေးပစ် လက်နက်မဟုတ်ဘူး … ဆွဲငင်အားမိုင်းတွေက အဆင့်မြင့်နည်းပညာသုံး လက်နက်တွေ ဖြစ်ပေမယ့် အနီးကပ်တိုက်ခိုက်ရေး အမျိုးအစားထဲမှာ ပါဝင်တယ် … ငါတို့မှာ အခွင့်အရေးကောင်း ရှိနေသေးတဲ့ သဘောပဲ … ဒုံးကျည်တွေရဲ့ ပေါက်ကွဲမှုက အနီးကပ်ဖြစ်ပေမယ့် အဝေးကနေ ပစ်တာဆိုတော့ အကျုံးဝင် မဝင် ငါမသိဘူး … အဲ့ဒါကို ငါတို့ စမ်းသပ်ကြည့်ရမယ်”
ချူရွှမ်က တီးတိုးရေရွတ်လိုက်သည်။
မိနစ်အနည်းငယ် အကြာတွင် ချူရွှမ်က …
“ဒါဆို အဲ့ဒီနဂါးကို အရင်သွားကြည့်ရအောင် … ငါ မိုးပျံဘုတ်ပြား ပေါ်က ဒုံးကျည်တွေနဲ့ အရင်ပစ်ကြည့်မယ် … ဒုံးကျည်တွေက ထိရောက်မှုရှိမယ်ဆိုရင် သူ့ကို အလွယ်တကူ သတ်နိုင်လိမ့်မယ် … မဟုတ်ရင်တော့ မင်းရဲ့ အိုဆိုင်းရစ်လှံနဲ့ တိုက်ခိုက်ရမှာပဲ … အချိန်ဖြုန်းနေလို့ မဖြစ်ဘူး … လေယာဉ်တင်သင်္ဘောအုပ်စု အဝေးကြီး မရောက်သေးခင် သွားရအောင် … ဒုံးကျည်တွေကသာ ထိရောက်မယ်ဆိုရင် အဲ့ဒီကောင်ကို ရေတပ်သင်္ဘောအုပ်စုဆီကို ဆွဲခေါ်သွားလို့ရတယ်”
ကျန်းကျား ခဏစဉ်းစားပြီး ပြန်ပြောလိုက်သည်။
“ငါတစ်ယောက်တည်း သွားမယ် … မင်းတို့က နဂါးကို မမြင်ရသေးတော့ ဘောနပ်မစ်ရှင်က မင်းတို့အတွက် အသက်မဝင်သေးဘူး … မစ်ရှင်ကို မအောင်မြင်လို့ အတူတူသေကုန်မယ့်အစား ငါတစ်ယောက်တည်း တိုက်တာ ပိုကောင်းတယ် … ငါက မိုးပျံဘုတ်ပြားကို ကောင်းကောင်း မောင်းနိုင်သလို အိုဆိုင်းရစ်လှံကိုလဲ သုံးနိုင်တယ် … ငါ တကယ်သေသွားခဲ့ရင်တောင် မင်းတို့တွေ ပြန်သွားပြီး ငါ့ကို ပြန်အသက်သွင်းပေးလို့ရတာပဲ … ငါ့ကို အမွန် ရာ စာအုပ်နဲ့ တစ်ခါမှ ပြန်အသက်မသွင်းဖူးဘူးလေ”
ကျန်းကျားက သူ့လက်စွပ်ထဲမှ သေခြင်းစာအုပ် နှင့် အမွန် ရာ စာအုပ်တို့ကို ထုတ်ယူ၍ ချူရွှမ့်ကို ပေးလိုက်သည်။
သို့သော်လည်း ချူရွှမ်ရော ကမ်ပါတို့ရော ထိုစာအုပ်များကို ဘယ်သူမှ လှမ်းမယူကြပေ။ ကမ်ပါက အော်လိုက်သည်။
“လခွမ်းပဲ ... မင်းကိုယ်မင်း စူပါမန်းမှတ်နေလား … ပြီးတော့ ငါတို့ကရော ဘာကောင်တွေတုန်း … ငါက တရုတ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မင်းနဲ့အတူ တိုက်ပွဲဝင်လာခဲ့တာကွ … မင်းတစ်ယောက်တည်း အသက်နဲ့ရင်းပြီး တိုက်နေတာကို ငါတို့က ခွေးတစ်ကောင်လို အမြီးကုတ်ပြီး နတ်ဘုရားနယ်မြေထဲကို ပြန်ပြေးရမှာလား … ငါ့ဘဝမှာ အဲ့ဒီလောက် သောက်သုံးမကျတဲ့ အလုပ်တစ်ခါမှ မလုပ်ခဲ့ဖူးဘူးကွ”
ဝမ်ရှကလဲ လေးနက်တည်ငြိမ်သော လေသံဖြင့် …
“ကမ်ပါပြောတာ မှန်တယ် … ငါ့ရဲ့ဗုံးတွေက အဝေးပစ် အဆင့်မြင့်နည်းပညာသုံး လက်နက်တွေ မဟုတ်ဘူး … ဒါကြောင့် မင်းကို ငါ ကူညီနိုင်တယ် … ငါလဲ မင်းနဲ့အတူ လိုက်မယ်”
ကျန်းကျား ဘာမှ ပြန်မပြောတော့။ စာအုပ်နှစ်အုပ်ကို ကိုင်ထားပြီး ချူရွှမ့်ကို လှည့်ကြည့်လိုက်သည်။ ချူရွှမ်က ထိုစာအုပ်များကို ဥပေက္ခာပြုပြီး သူ့မျက်မှန်ကို ပင့်လိုက်ရင်း …
“မင်းပြောတာတွေက မှန်တယ်လို့ ထင်ရပေမယ့် ငါတို့သုံးယောက်စလုံးရဲ့ အမှတ်တွေပေါင်းလိုက်ရင်တောင် လူတစ်ယောက်ကို ပြန်အသက်သွင်းနိုင်ပါ့မလားဆိုတာ ငါ မသေချာဘူး … မရခဲ့ဘူးဆိုရင် ငါတို့ အနည်းဆုံး နောက်ထပ် ရုပ်ရှင်တစ်ခုကို ခေါင်းဆောင်မရှိဘဲ ရင်ဆိုင်ရလိမ့်မယ် … နောက်ထပ် ဘယ်လိုရုပ်ရှင်မျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ မသိဘဲနဲ့ မင်းကို ပြန်အသက်သွင်းဖို့ မဖြစ်နိုင်ဘူး … အစွမ်းအထက်ဆုံး အသင်း ခေါင်းဆောင်ကို အသေခံလိုက်မယ့်အစား ငါတို့ရဲ့ အသက်တွေကိုပဲ စတေးပြီး လောင်းကြေးထပ်လိုက်ရအောင်”
***