ဒီတစ်ကြိမ်မှာလဲ ချူရွှမ်ကပဲ မိုးပျံဘုတ်ပြားကို ဆက်လက်မောင်းနှင်လာသည်။ ကျန်းကျားတို့ (၃)ယောက်ကတော့ ကြိုးများကို ကိုင်ပြီး တွဲလောင်းလိုက်ပါလာကြသည်။
ကျန်းကျားက မိုးပျံဘုတ်ပြား ကို သူကိုယ်တိုင်မောင်းချင်သော်လည်း ချူရွှမ်က …
“မင်းက စိတ်လိုက်မာန်ပါ လုပ်လွန်းတယ် … ငါတို့အားလုံးကို အန္တရာယ်ဖြစ်စေလိမ့်မယ်”
ဟု ပြန်ပြောလိုက်သဖြင့် ကျန်းကျား ပါးစပ်ပိတ်သွား၏။ ကျန်းကျားအနေဖြင့် ချူရွှမ့်စကားကို လက်ခံရုံသာရှိတော့သည်။
မိုးပျံဘုတ်ပြားပေါ် မတက်မီ သူတို့၏ လက်နက်ကိရိယာများကို အသေသေချာချာ စစ်ဆေးခဲ့ကြသည်။ ဒိုင်နိုဆောများကို သုတ်သင်ရာတွင် အကောင်းဆုံးလက်နက်ဖြစ်သည့် EMP ရိုင်ဖယ်ကတော့ ဒီတစ်ကြိမ်တွင် တုတ်ချောင်းတစ်ချောင်းနှင့်မခြားတော့ချေ။ ဗုံးများ၊ မိုင်းများသာ ထိရောက်မှုရှိမည်ဆိုပါက ဝမ်ရှထံတွင် နောက်ဆုံးကျန်နေသည့် ဆွဲငင်အားမိုင်းသည် နဂါးကြီးကို သတ်ရန်အတွက် အဓိကလက်နက် ဖြစ်လာပေလိမ့်မည်။ တစ်ခုတည်းသော မေးခွန်းကတော့ ထိုနဂါးကြီးကို ဆွဲငင်အားမိုင်းပေါ် တက်နင်းမိအောင် ဘယ်လိုလုပ်ရမည်နည်း။
“ဒီကောင်ကြီးက ပုံပြင်ထဲက နဂါးတွေလိုပဲ အတောင်ပံတစ်စုံ ပါတယ် … နတ်ဘုရားကလဲ မှော်သားရဲလို့ ပြောထားတာဆိုတော့ ဒီကောင်ကြီး ပျံနိုင်မယ်လို့ ငါထင်တယ် … နဂါးကို မိုင်းပေါ် တက်နင်းမိအောင် လုပ်ဖို့က တကယ်မလွယ်ကြောပဲ”
ကျန်းကျားက သက်ပြင်းချရင်း ပြောလိုက်သည်။
ဝမ်ရှက အနက်ရောင်အလုံးလေးကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ပြီး …
“ငါတို့မှာ ၂၄ နာရီ အချိန်ရသေးတယ် မဟုတ်လား … ဒီအချိန်က နဂါးရဲ့ သွားလာလှုပ်ရှားမှုပုံစံကို ရှာဖွေဖို့ ပေးထားတာ မဖြစ်နိုင်ဘူးလား … ဥပမာ သူ နေ့တိုင်း ဘယ်ကိုသွားတတ်လဲ … ဘယ်မှာ သားကောင်ရှာလဲ … သူ့အသိုက်က ဘယ်မှာလဲ ဆိုတာမျိုးပေါ့ … သူ သွားတတ်တဲ့ တစ်နေရာရာမှာ မိုင်းကို ထောင်ထားလို့ ရတာပဲ”
ချူရွှမ်က ခေါင်းညိတ်ပြလိုက်သည်။
“ဖြစ်နိုင်တယ် … ဒါကြောင့်လဲ ဒီ ၂၄ နာရီကို ပေးထားတာ ဖြစ်လိမ့်မယ် … အဲ့ဒါကြောင့် ငါတို့ အခု နဂါးကို စောင့်ကြည့်ဖို့ လိုအပ်တယ် … ကျန်းကျား ... မင်း စောစောက သူနဲ့ ဘယ်လောက်အကွာမှာ ရှိနေတာလဲ … ဘာမှရေရေရာရာ မသိရသေးဘဲနဲ့ ငါတို့ အရမ်းကြီး အနားကပ်မသွားသင့်ဘူး”
ကျန်းကျား စဉ်းစားလိုက်ပြီး …
“နှစ်ကီလိုမီတာ ပတ်ဝန်းကျင်လောက်ပဲ … သူက တီ-ရက်စ် ကို အမဲလိုက်နေတာဆိုတော့ ငါ့ကို မြင်မမြင် မပြောတတ်ဘူး”
သူတို့ စကားပြောနေစဉ်မှာ နဂါးကြီး၏ ဟိန်းဟောက်သံကြီးကို ထပ်မံကြားလိုက်ရပြန်သည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချူရွှမ်က မိုးပျံဘုတ်ပြား ကို ထိုအသံထွက်ပေါ်ရာအရပ်သို့ ဦးတည်မောင်းနှင်လိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့၏ အောက်ဘက်တွင် အနက်ရောင် အရိပ်ကြီးတစ်ခုကို လှမ်းမြင်လိုက်ရ၏။
နဂါးကြီးသည် ခေါင်းကနေ အမြီးအထိ အလျား (၃၈) မီတာလောက်ရှိပြီး အမြင့်ကတော့ မီတာ (၂၀) ခန့် ရှိသည်။ နဂါးကြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်တစ်ခုလုံး တုန်ခါသွား၏။
ဒီနဂါးကြီးကို ကျန်းကျား ဒုတိယအကြိမ် မြင်ဖူးခြင်းပင်။ သူကတော့ အရင်လို သွေးပျက်မသွားတော့။ သို့သော်လည်း ကမ်ပါနှင့် ဝမ်ရှတို့ကတော့ ပါးစပ်အဟောင်းသားဖြင့် လုံးဝ မင်သက်သွားကြသည်။ အမှန်အတိုင်းပြောရလျှင် ကျန်းကျားသည် အခုအချိန်တွင် ချူရွှမ်၏ မျက်နှာအမူအရာကို ကြည့်ချင်နေမိသည်။ ဘယ်လောက်ပဲ သိပ္ပံနည်းကျ တွေးခေါ်တတ်တဲ့သူဖြစ်ပါစေ သိပ္ပံပညာနှင့် ရှင်းပြလို့မရတဲ့ အရာတစ်ခုကို မြင်လိုက်ရသည့်အခါ ထူးဆန်းသော ခံစားချက်မျိုးတော့ ရှိသင့်သည်မဟုတ်ပါလား။
“ဘယ်လိုလဲ ... မင်းတို့ဆီကို အသိပေးချက်တွေ တက်လာပြီလား”
ကျန်းကျားက အသံတိုးတိုးဖြင့် မေးလိုက်သည်။
ကမ်ပါနှင့် ဝမ်ရှတို့က ခေါင်းညိတ်ပြကြသည်။ သူတို့မျက်နှာတွေက သိပ်တော့ မကောင်းလှ။ ကျန်းကျား ဘာကြောင့် စာအုပ်နှစ်အုပ်ကို ထုတ်ပေးခဲ့သလဲဆိုတာကို သူတို့ အခုမှ နားလည်သွားတော့သည်။ အကယ်၍ ဆွဲငင်အားမိုင်းကသာ မထိရောက်ခဲ့လျှင် ဤဘောနပ်မစ်ရှင်သည် သူတို့အတွက် နောက်ဆုံးမစ်ရှင် ဖြစ်သွားနိုင်၏။
ချူရွှမ်က မိုးပျံဘုတ်ပြားကို ပြန်လှည့်၍ (၅) ကီလိုမီတာခန့် ပျံသန်းပြီးနောက် မြေပြင်သို့ ဆင်းသက်လိုက်သည်။ အတော်ကြီး ဝေးသွားသော်လည်း ဟိန်းဟောက်သံများကိုတော့ အတိုင်းသား ကြားနေရသည်။ နဂါးကြီးက အရွယ်အစား အလွန်ကြီးမားသော်လည်း ဘရွန်တိုဆောရပ်စ် ဒိုင်နိုဆောများလို နှေးကွေးမနေချေ။
ကျန်းကျားတို့အားလုံး မျက်နှာအပျက်ပျက် ဖြစ်နေကြသည်။ ချူရွှမ်သည်ပင် မျက်မှောင်ကြုတ်ထား၏။ အပြင်းအထန် စဉ်းစားနေခြင်းကြောင့်လား၊ စိတ်အခြေအနေ မကောင်းခြင်းကြောင့်လားတော့ ကျန်းကျားလဲ မပြောတတ်ချေ။ ချူရွှမ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး သစ်ကိုင်းတစ်ချောင်းဖြင့် မြေကြီးပေါ်တွင် ပုံဆွဲနေသည်။
“ဂိမ်းတွေ … ရုပ်ရှင်တွေ … အန်နီမေးရှင်းတွေနဲ့ ဝတ္ထုတွေထဲက နဂါးတွေအကြောင်း ဖော်ပြချက်တွေကို ပြန်စုစည်းကြည့်ရအောင် … အစွမ်းအထက်ဆုံး နဂါးက ဘယ်လိုမျိုးလဲ … ပြီးတော့ အားအနည်းဆုံး နဂါးကရော ဘယ်လိုမျိုးလဲ”
ချူရွှမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကမ်ပါက အရင်ဆုံး ပြောလိုက်သည်။
“ငါကတော့ Dungeons & Dragons စည်းမျဉ်းတွေအတိုင်း ရေးထားတဲ့ ဝတ္ထုတွေကို ဖတ်ရတာ ကြိုက်တယ် … နဂါးတွေက များသောအားဖြင့် နဂါးမှော်ပညာတွေကို တတ်ကြတယ် … သူတို့ရဲ့ အစွမ်းက အသက်အရွယ်နဲ့ တိုက်ရိုက်အချိုးကျတယ် … ဒါပေမယ့် ဒီတစ်ကောင်ကတော့ အရမ်းကြီးလွန်းတယ် … ဒီအရွယ်အစားရှိတဲ့ နဂါးဆိုရင် အနည်းဆုံးတော့ ဂရိတ်ဝမ်း အဆင့် ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုအသက်ကြီးနိုင်တယ် … စည်းမျဉ်းတွေအရဆိုရင် ဒီလိုနဂါးမျိုးက မြို့တစ်မြို့ကို မှော်ပညာနဲ့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ် … တစ်ချက်လောက် မီးမှုတ်လိုက်တာနဲ့ စစ်တပ်တစ်ခုလုံး ပြာကျသွားနိုင်တယ် … အဲ့ဒီစည်းမျဉ်းတွေအရဆိုရင် ငါတို့က အရွယ်ရောက်ခါစ နဂါးတစ်ကောင်ကိုတောင် အနီးကပ် မယှဉ်နိုင်ဘူး”
(TN - ဂရိတ်ဝမ်း - Great Wyrm - D&D (Dungeons & Dragons) ထဲတွင် နဂါးများကို အမျိုးအစား၊ အရောင် နှင့် အသက်အရွယ်အလိုက် ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။ အနီရောင်၊ အပြာရောင် အစရှိသည့် အရောင်များရှိသည့် နဂါးများသည် အများအားဖြင့် ဆိုးသွမ်းကြပြီး ရွှေနဂါး၊ ငွေနဂါး၊ ကြေးနဂါး စသည့် သတ္တုနဂါးများမှာ အများအားဖြင့် စိတ်ကောင်းရှိပြီး လူများကို ကူညီတတ်သည်။ အသက်အရွယ်အလိုက် ခွဲခြားခြင်းသည် D&D ထဲတွင် နဂါး၏ စွမ်းအားကို တိုင်းတာသည့် အဓိကစံနှုန်းဖြစ်သည်။ နဂါးတစ်ကောင် အသက်ကြီးလာလေလေ၊ အရွယ်အစား ကြီးမားလေလေ၊ စွမ်းအား (HP, Damage, Magic) ပိုတက်လေဖြစ်သည်။ အခုမှ ဥပေါက်ကာစ နဂါးပေါက်လေး (Wyrmling) မှ Great Wyrm အဆင့်အထိရှိသည်။ Great Wyrm သည် အထွတ်အထိပ်အဆင့်ဖြစ်ပြီး နဂါးတစ်ကောင်၏ အစွမ်းအထက်ဆုံး အဆင့်ဖြစ်သည်။)
ချူရွှမ်က မြေကြီးပေါ်တွင် ပုံများဆက်ဆွဲနေရင်း …
“အဆင့် ဘီ ဆု ပေးမယ့် ခက်ခဲမှုအရဆိုရင်တော့ ဒီနဂါးက မင်းပြောသလောက် အစွမ်းမထက်နိုင်ပါဘူး … သူ့ရဲ့ အရွယ်အစားကို ဖယ်ထားလိုက်ရင် ဒီနဂါးက မှော်ပညာတွေ များများစားစား သုံးနိုင်မယ်မထင်ဘူး … မဟုတ်ရင် ငါတို့ အလစ်တိုက်ခိုက်ရင်တောင် သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး”
ချူရွှမ်က ပြောနေရင်း ဝမ်ရှကို လှည့်ကြည့်လိုက်သည်။
ဝမ်ရှက …
“ငါကတော့ ဒီအကြောင်းတွေကို ဘာမှမသိဘူး … ငါ့အချိန်အများစုကို လေ့ကျင့်တာနဲ့ စစ်ဆင်ရေးတွေလုပ်နေရင်း ကုန်ဆုံးခဲ့တာ … ဒီလိုဝတ္ထုတွေ ရုပ်ရှင်တွေအတွက် အချိန်သိပ်မရှိခဲ့ဘူး … ဆောရီးပဲ”
“တောင်းပန်နေဖို့ မလိုပါဘူး”
ကျန်းကျားက ဝမ်ရှပုခုံးကို ပုတ်လိုက်ရင်း …
“လူတိုင်းမှာ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေ ရှိကြတာပဲ … ငါ့ရဲ့ အတိုက်အခိုက်ပညာ … မင်းရဲ့ ဖောက်ခွဲရေးပစ္စည်းတွေ … ကမ်ပါရဲ့ ပစ်အားနဲ့ ချူရွှမ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေလိုပေါ့ … ငါတို့က အဖွဲ့လေ … နဂါးတွေနဲ့ ပတ်သက်ရင်တော့ Eragon ရုပ်ရှင်ကို ငါကြည့်ထားတာ မကြာသေးဘူး … အဲ့ဒီထဲက နဂါးက မှော်ပညာတွေ မသုံးနိုင်ဘူး … ကိုယ်ထိလက်ရောက် တိုက်ခိုက်တာနဲ့ ပျံသန်းတာကလွဲရင် မီးမှုတ်တာ တစ်ခုပဲ လုပ်နိုင်တယ် … ဒါပေမယ့် သူ့ရဲ့ အရွယ်အစားကတော့ အခုနဂါးနဲ့ အများကြီး ကွာတယ် … ရုပ်ရှင်ထဲက နဂါးက ဒီလောက်မကြီးဘူး … ပျံနိုင်တဲ့ ဧရာမ ပုတ်သင်ညိုကြီးနဲ့ ပိုတူတယ်”
(TN - Eragon - ၂၀၀၆ ခုနှစ်ထုတ်ရုပ်ရှင်၊ အီရာဂွန်ဆိုသည့် လယ်သမားလူငယ်လေးတစ်ယောက်က တောထဲတွင် ထူးဆန်းသည့် အပြာရောင်ကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့ပြီး ထိုကျောက်တုံးမှ နဂါးမလေး ပေါက်ဖွားလာခဲ့သည်။ ထို့နောက် အီရာဂွန်သည် နဂါးစီးနင်းသူ ဖြစ်လာပြီး ကမ္ဘာကို အုပ်စိုးထားသည့် ရက်စက်ကြမ်းကြုတ်သည့် ဘုရင်ကြီးကို တော်လှန်တိုက်ခိုက်သည့်အကြောင်းရုပ်ရှင်။)
ချူရွှမ်က မြေကြီးပေါ်တွင် ပုံများထပ်ဆွဲလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“လိုရင်းပြောရရင် ဒီနဂါးက မှော်သားရဲဆိုတော့ သူ့ကို သိပ္ပံနည်းကျတွက်လို့မရဘူး … အကောင်ဘယ်လောက်ကြီးကြီး သေချာပေါက် ပျံနိုင်လိမ့်မယ် … နောက်တစ်ချက်ကတော့ ဒီကောင်က မီး … ရေခဲ … အက်စစ် … အဆိပ် … တစ်ခုခုကို မှုတ်ထုတ်ပြီးတိုက်ခိုက်နိုင်လိမ့်မယ် … ဒါတွေက မှော်နဂါးတွေရဲ့ အခြေခံ ဝိသေသလက္ခဏာတွေပဲ … တစ်နည်းအားဖြင့် ပြောရရင် မိုးပျံဘုတ်ပြား က သူ့ထက် မြန်နေရင်တောင် လုံးဝ ဘေးကင်းတယ်လို့ ပြောလို့မရဘူး … တတိယအချက်ကတော့ ဒီကောင်ကြီးက မှော်ပညာ သုံးတတ်ဖို့ အခွင့်အရေး ၁၀ ရာခိုင်နှုန်းလောက် ရှိတယ် … အဲ့ဒီလိုသာ ဆိုရင်တော့ ငါတို့ အားလုံး ဇာတ်သိမ်းပြီ … နောက်ဆုံးအချက်ကတော့ သူ့ရဲ့ အာရုံခံနိုင်စွမ်းပဲ … သိပ္ပံနည်းကျ ကျိုးကြောင်းဆင်ခြင်မှုထက် ကျော်လွန်တဲ့ ထူးခြားတဲ့ အစွမ်းတွေ ရှိနေမလား … ဥပမာ သူ့အနားကို ငါတို့ ကပ်သွားတာနဲ့ ချက်ချင်း သိသွားနိုင်လား … ငါတို့ထောင်ထားတဲ့ မိုင်းကိုရော ရိပ်မိသွားနိုင်လား … တခြား အဆင့်မြင့်နည်းပညာသုံး လက်နက်တွေကရော ဘယ်လောက်အထိ ထိရောက်မှု ရှိမလဲ”
ချူရွှမ်က မတ်တတ်ရပ်လိုက်ပြီး …
“ဒါက ငါတို့ရဲ့ လက်ရှိအခြေအနေပဲ …နဂါးကို ထိပ်တိုက်ရင်မဆိုင်ဖို့ ငါအကြံပြုချင်တယ် … အရင်ဆုံး မိုင်းနဲ့ တိုက်ခိုက်ကြည့်မယ် … အလုပ်ဖြစ်ရင်တော့ မစ်ရှင် ပြီးပြီ … မဟုတ်ရင်တော့ ဒုံးကျည်တွေနဲ့ စမ်းပစ်ကြည့်ပြီး လုံးဝ ခုခံနိုင်စွမ်း ရှိတာလား ဒါမှမဟုတ် နည်းနည်းပဲ ခုခံနိုင်တာလားဆိုတာ ကြည့်ရမယ် … ဒါက အရေးကြီးတယ် … တကယ်လို့ နည်းနည်းပဲ ခုခံနိုင်တာဆိုရင် ၂၄ နာရီအတွင်းမှာ အဲ့ဒီနဂါးကို လေယာဉ်တင်သင်္ဘောအုပ်စုဆီကို ဆွဲခေါ်သွားပြီး ရေတပ်ရဲ့ အင်အားနဲ့ တိုက်ခိုက်လို့ ရတယ် … ကဲ ... မိုင်းအရင်သွားထောင်ရအောင်”
ချူရွှမ်က မိုးပျံဘုတ်ပြား ကို အပေါ်သို့ မောင်းတက်လိုက်ပြီး ကျန်းကျားနှင့်အတူ မြေပြင်အနေအထားကို လေ့လာကြသည်။ နဂါးကြီးနင်းသွားသည့် လမ်းကြောင်းတစ်လျှောက် သစ်ပင်များ ကျိုးပဲ့ပြီး ကျန်ရစ်ခဲ့ရာ ခြေရာခံရတာလွယ်ပါသည်။ အချို့နေရာများတွင် အရိုးစုပုံကြီးများ ရှိနေသည်။ တစ်နေရာတွင်တော့ သစ်ပင်သစ်ကိုင်းများစွာ စုပုံနေ၏။ နဂါးကြီး၏ အသိုက်ဖြစ်ပုံရသည်။ နဂါးကြီးက အသိုက်နှင့် မလှမ်းမကမ်းတွင် ရှိနေသည်။
“ဝမ်ရှ ... ဒီနေရာမှာ ချိန်ကိုက်ဗုံးတစ်လုံးကို ၅ မိနစ်အချိန်မှတ်ပြီး ထောင်လိုက် … နောက်တစ်လုံးကိုတော့ ၅ မိနစ်နဲ့ စက္ကန့် ၃၀ အချိန်မှတ်ပြီး အနောက်မှာ ထောင် … နောက်ထပ် တစ်လုံးကိုတော့ ဒီနေရာမှာ ၆ မိနစ် အချိန်မှတ်ပြီး ထောင်လိုက် … ၅ မိနစ် ၃၀ စက္ကန့်ဗုံးနဲ့ ၆ မိနစ်ဗုံးကြားထဲမှာ ဆွဲငင်အားမိုင်းကို ထည့်ထောင်ထားလိုက်”
ချူရွှမ်က ချောက်ကမ်းပါးတစ်ခုကို ညွှန်ပြ၍ ပြောလိုက်သည်။ ချောက်ကမ်းပါးမှာ နဂါးကြီးပင် ဝင်သွားနိုင်လောက်အောင် ကျယ်ဝန်း၏။ နဂါးကြီး ဝင်လိုက်ပါက ချောက်ကမ်းပါး တစ်ဝက်လောက် ပြည့်သွားနိုင်သည်။ နောက်ပြန်လှည့်လာနိုင်လျှင်ပင် ဆွဲငင်အားမိုင်း၏ သက်ရောက်မှု ဧရိယာထဲကိုတော့ သေချာပေါက် ရောက်သွားပေလိမ့်မည်။
“ဒါက ဆွဲငင်အားမိုင်းအတွက် အသင့်တော်ဆုံး နေရာပဲ … ဒီမိုင်းပေါ်ကို နဂါးတက်နင်းမိဖို့ ကံတရားကိုအားကိုးပြီး ထိုင်စောင့်နေမယ့်အစား သူ့ကို ဒီဘက်ရောက်အောင် မြှားခေါ်လာလို့ရတယ်”
ချူရွှမ် စကားဆုံးသည်နှင့် သက်ပြင်းချလိုက်သည်။ ကမ်ပါနှင့် ဝမ်ရှတို့အတွက်တော့ ဘာမှ မထူးခြားသော်လည်း ကျန်းကျားအတွက်တော့ ချူရွှမ့် သက်ပြင်းချသံကို ကြားလိုက်ရခြင်းက မယုံနိုင်စရာကောင်းလှသည်။
ကျန်းကျားက ချူရွှမ့် ပုခုံးကို ပုတ်လိုက်ပြီး …
“မင်း အဆင်ပြေရဲ့လား”
ဟု မေးလိုက်သည်။
ချူရွှမ်က ခေါင်းခါလိုက်ပြီး …
“ဘာမှမဖြစ်ပါဘူး … ဒီအကျပ်အတည်းကို အရင်ကျော်ဖြတ်ရအောင် … ဒီတစ်ခါ စွန့်စားရတာ အရမ်းအန္တရာယ်များလွန်းတယ် … ဒီဘောနပ်မစ်ရှင်က ငါတို့ ကိုင်တွယ်နိုင်စွမ်းထက် သိသိသာသာကို ကျော်လွန်နေတာ … အမှန်အတိုင်းပြောရရင် ကင်းမြီးကောက်ဘုရင် မစ်ရှင်ထက်တောင် အများကြီး ပိုခက်တယ် … အဲ့ဒီတုန်းက မင်းတစ်ယောက်တည်းပဲ ဆုရခဲ့ပေမယ့် အခုဟာကတော့ ပါဝင်တဲ့လူတိုင်းကို ဆုပေးမှာ … ငါ့တွက်ချက်မှုအရတော့ နဂါးက မိုင်းတက်နင်းမိဖို့ အခွင့်အရေး ၃၀ ရာခိုင်နှုန်းပဲ ရှိတယ် … ဒါကြောင့် ငါ သိပ်ပြီး မျှော်လင့်ချက် မထားဘူး”
ကျန်းကျားက သူ့လှံကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ချူရွှမ့်ပုခုံးကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။ ထို့နောက် ကမ်ပါနှင့် ဝမ်ရှဘက်သို့ လှည့်၍ …
“အများကြီး လျှောက်တွေးနေလဲ အပိုပဲ … မျက်စိရှေ့မှာရှိတာကိုပဲ အကောင်းဆုံးလုပ်ကြတာပေါ့ … အောင်မြင်မလား ကျရှုံးမလားဆိုတာကတော့ ငါတို့ရဲ့ ကံတရားပဲ … သွားကြစို့”
ကျန်းကျား၏ ပြတ်သားသော လေသံကြောင့် ကျန်သုံးယောက် အံ့အားသင့်သွားကြသလို တစ်ဖက်တွင်လဲ လုံခြုံစိတ်ချမှုကို ခံစားလိုက်ရသည်။
ကမ်ပါက တဟားဟား ရယ်မောရင်း ကျန်းကျား ပုခုံးကို လက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်သည်။ ဝမ်ရှကလဲ ကျန်းကျား ပုခုံးကို လှမ်းပုတ်လိုက်၏။ ချူရွှမ်က ကျန်းကျား အနားသို့ လျှောက်လာပြီး မျက်နှာတည်တည်နှင့် …
“မင်းလက်ချက်နဲ့ ငါ့ပုခုံး ရောင်သွားပြီ … အရိုးတော့ မထိသွားဘူး … ဒါကို ငါ မှတ်ထားမယ်”
စကားဆုံးသည်နှင့် မိုးပျံဘုတ်ပြား ပေါ်သို့ တက်သွားပြီး စောင့်နေသည်။
ကျန်းကျား ကြက်သီးတဖြန်းဖြန်းထသွားပြီး ကမ်ပါတို့ဘက်လှည့်၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဒီငနဲက တော်တော်ကြောက်ဖို့ကောင်းတယ်လို့ မင်းတို့မထင်ဘူးလား”
မိုးပျံဘုတ်ပြားက ချောက်ကမ်းပါးရှိရာသို့ ဦးတည်ပျံသန်းသွားသည်။
သူတို့မှာ အချိန် (၂၄) နာရီ ရထားသည်ဖြစ်ရာ အလောတကြီး လုပ်စရာမလိုပါ။ ကျန်းကျားတို့က အဖွဲ့(၂)ဖွဲ့ခွဲလိုက်ကြသည်။ ကမ်ပါနှင့် ဝမ်ရှတို့က ဗုံးများနှင့် မိုင်းများကို ထောင်ကြပြီး ကျန်းကျားနှင့် ချူရွှမ်တို့ကတော့ နဂါးကြီးကို စောင့်ကြည့်နေကြသည်။
နဂါးကြီးက တော်တော်လေး ပျင်းတတ်ပုံရ၏။ တီ-ရက်စ် ကို ပွဲတော်တည်ပြီးသည်နှင့် မြေကြီးပေါ်တွင် လူးလှိမ့်ပြီး သစ်ကိုင်းပုံကြီးပေါ်မှာ အိပ်ပျော်သွားသည်။ တဂူးဂူး ဟောက်သံကြီးကို အဝေးကြီးမှ ကြားနေရသည်။
ဗုံးများ၊ မိုင်းများ ထောင်ပြီးသွားသည်အထိ နဂါးကြီးက နိုးလာမည့်ပုံ မပေါ်ပေ။ ကျန်းကျားတို့ ဆွေးနွေးတိုင်ပင်ကြပြီးနောက် နဂါးကြီးအိပ်ပျော်နေစဉ် ဒုံးကျည်များကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဒုံးကျည်များက မထိရောက်လျှင်ပင် နဂါးကြီးကို ချောက်ကမ်းပါးဆီသို့ မြှားခေါ်နိုင်ပေလိမ့်မည်။ နိုးလာမည့်အချိန်ကို ထိုင်စောင့်နေစရာ မလိုချေ။
ကျန်းကျားက မိုးပျံဘုတ်ပြား ပေါ်တက်လိုက်ပြီး ချူရွှမ်တို့ (၃) ယောက်ကို လှမ်းပြောလိုက်သည်။
“မင်းတို့ ပုန်းလို့ကောင်းမယ့် နေရာတစ်ခုခုကို သွားရှာထားကြ … အဝေးပစ်လက်နက်တွေက အသုံးမဝင်ဘူး … နဂါးကို ချောက်ကမ်းပါးဆီ မြှားခေါ်သွားဖို့ပဲ လိုတာဆိုတော့ ငါတစ်ယောက်တည်း လုပ်မယ် … ငါ့မှာ လှံလဲ ရှိသေးတယ် … ဒီလှံက သူ့ကို ဒဏ်ရာရစေလောက်အောင် အစွမ်းထက်ချင်လဲ ထက်မှာပေါ့”
ကမ်ပါနှင့် ဝမ်ရှတို့ တုံ့ဆိုင်းသွားကြသည်။ သူတို့ကိုင်ထားသည့် လက်နက်များကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားကြ၏။ ချူရွှမ်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် … ငါတို့ရဲ့ လက်နက်တွေက နဂါးအပေါ်မှာ မထိရောက်ဘူး … လူများနေရင် မိုးပျံဘုတ်ပြား ရဲ့ အမြန်နှုန်းကို လျော့ကျစေလိမ့်မယ် … မင်းတစ်ယောက်တည်းပဲ သွားလိုက်ပါ … ဒါပေမယ့် အရမ်းမြင့်မြင့် မပျံမိဖို့ သတိထားဦး … တကယ်လို့ ဒီနဂါးက ပျံနိုင်တယ်ဆိုရင် မင်းရှိတဲ့ အမြင့်ကို ပျံတက်လာလိမ့်မယ် … အမြန်နှုန်းနဲ့ အကွာအဝေးအတွက်တော့ ကန့်သတ်ချက် မရှိဘူး … သူ့ရှေ့ကနေပြီး ချောက်ကမ်းပါးဆီကို မြှားခေါ်သွားလိုက်”
ကျန်းကျား ခေါင်းညိတ်ပြပြီး ရယ်မောလိုက်သည်။ မိုးပျံဘုတ်ပြား က လေထဲသို့ ပျံတက်သွား၏။ ဝမ်ရှက ဗုံးများပေါ်ရှိ အချိန်မှတ်စက်ကို စတင်လိုက်သည်။ လူအားလုံး ဘေးကင်းရာသို့ ပြေးထွက်သွားကြပြီး ကျန်းကျားက မိုးပျံဘုတ်ပြားကို နဂါးကြီးရှိရာသို့ ဦးတည်မောင်းနှင်သွားသည်။ ခဏအကြာတွင် သစ်ကိုင်းပုံကြီးပေါ်မှာ အိပ်ပျော်နေသည့် နဂါးကြီးကို လှမ်းမြင်လိုက်ရသည်။
တဂူးဂူးအိပ်ပျော်နေသည့် နဂါးကြီးကို ကျန်းကျားက မိုးပျံဘုတ်ပြားမှ ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်သည်။ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည် သုံးစင်းက နဂါးကြီး၏ ဦးခေါင်းကို တည့်တည့်မှန်သွား၏။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးတောက်များက နဂါးကြီး၏ ဦးခေါင်းကို ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်ရှိ သစ်ကိုင်းသစ်ရွက်များပါ လောင်ကျွမ်းသွားသည်။ အိပ်ပျော်နေသည့် နဂါးကြီး ရုတ်တရက် ထလာသည်။ ဒုံးကျည် (၃) စင်း ထိမှန်ထားသည့်တိုင် ခေါင်းက အကောင်းပတိရှိနေဆဲ။ မီးကျွမ်းရာ အမည်းလေးပင် မထင်ချေ။
နဂါးကြီး ခေါင်းထောင်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ လေထဲတွင် ရှိနေသော ကျန်းကျားကို မြင်လိုက်ချိန်တွင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထိုအသံလှိုင်းကြောင့် ကျန်းကျား မိုးပျံဘုတ်ပြားပေါ်မှ ပြုတ်ကျတော့မလိုဖြစ်သွား၏။ ကျန်းကျား တုံ့ဆိုင်းမနေဘဲ ပထမအဆင့် မျိုးဗီဇချိုးဖျက်သည့် အခြေအနေသို့ ဝင်ရောက်လိုက်ပြီး နဂါးကြီးနှင့် ဝေးရာသို့ ပျံသန်းသွားသည်။
နဂါးကြီးက ကျန်းကျားနောက်သို့ တဟုန်ထိုး လိုက်ပါလာသည်။ နဂါးကြီး၏ ပြေးနှုန်းက တစ်နာရီလျှင် ကီလိုမီတာ (၁၂၀) မှ (၁၅၀) ခန့် အထိ ရှိသော်လည်း မိုးပျံဘုတ်ပြား ထက်တော့ နှေးနေဆဲပင်။ နဂါးကြီးကို စောင့်ဆိုင်းရန် ကျန်းကျား အရှိန်ကို လျှော့ချလိုက်ရသည်။ ကျန်းကျားကို မမိနိုင်သဖြင့် နဂါးကြီး စိတ်မရှည်တော့။ တဟူးဟူးတဟဲဟဲ အသံများထွက်လာပြီး နှာခေါင်းမှ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။
ကျန်းကျား အရှိန်ထပ်လျှော့ရန် ပြင်လိုက်စဉ် အလွန်တရာ ပြင်းထန်လှသည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူကြုံဖူးသမျှထဲတွင် အပြင်းထန်ဆုံးပင်။ ဘာမှစဉ်းစားမနေဘဲ မိုးပျံဘုတ်ပြားကို အရှိန်မြှင့်၍ ဘေးသို့ဆွဲချလိုက်သည်။ မိုးပျံဘုတ်ပြား၏ အမြန်နှုန်းက ကီလိုမီတာ (၁၀၀) မှ (၃၀၀) အထိ တစ်စက္ကန့်အတွင်း ထိုးတက်သွားသဖြင့် ကျန်းကျား ပြုတ်ကျမတတ်ဖြစ်သွားသည်။ ချက်ချင်း ဝပ်ချလိုက်ပြီး မိုးပျံဘုတ်ပြားကို တင်းတင်းကြပ်ကြပ် ကုတ်ကတ်တွယ်ထားလိုက်ရ၏။
နဂါးကြီးက ခေါင်း မော့လိုက်ပြီး လေကို အားပါးတရ ရှူသွင်းလိုက်သည်။ ဝမ်းဗိုက်ကြီး သိသိသာသာ ဖောင်းကားလာ၏။ ထို့နောက် နဂါး ပါးစပ်ထဲမှ ဧရာမ မီးတောက်ကြီး ပန်းထွက်လာသည်။ မီးတောက်က မိုးပျံဘုတ်ပြားကို မထိဘဲ မီတာတော်တော်များများ လွဲချော်သွားသော်လည်း ကျန်းကျား ယိမ်းထိုးသွားသည်။ တောအုပ်အတွင်းတွင် (၁၀)မီတာကျယ်ပြီး မီတာ (၁၀၀) ရှည်လျားသည့် မီးလောင်ပြင်လမ်းကြောင်းကြီး တစ်ခုပေါ်လာသည်။ ထိုလမ်းကြောင်းပေါ်ရှိ အရာအားလုံး ချက်ချင်းအငွေ့ပျံသွားပြီး တရှိန်ရှိန်တိုးထွက်နေသည့် အပူလှိုင်းများမှလွဲ၍ ဘာမှ မကျန်ရစ်ခဲ့ချေ။
(ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားပါလား … ထိသွားလို့ကတော့ အသေပဲ … မှော်စွမ်းအားဆိုတာ ဒါလား … ငါ့ကိုယ်ပွါးရဲ့အနက်ရောင်မီးတောက်နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ မသိဘူး)
ထိုတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကျန်းကျား တစိမ့်စိမ့် ခံစားမိနေသည်။ သူ့ဘက်သို့ နဂါးခေါင်း လှည့်လာသည်ကို မြင်သောအခါ မိုးပျံဘုတ်ပြား ကို ချက်ချင်းလမ်းကြောင်းပြောင်း၍ အရှိန်မြှင့်လိုက်၏။ ဒီတစ်ကြိမ်တွင်တော့ နဂါးကြီးနှင့် မီတာ (၃၀၀) ခန့်သို့ ရောက်တော့မှ အရှိန်ပြန်လျှော့လိုက်သည်။ သို့သော် သတိကိုတော့ နည်းနည်းလေးမှ မလျှော့ရဲချေ။ နဂါးကြီး၏ အသွင်အပြင်က ကြီးကျယ်ခမ်းနားလှသလို သူပြလိုက်သည့် စွမ်းအားကလဲ ကြီးကျယ်ခမ်းနားလှသည်။
နဂါးကြီးကို ချောက်ကမ်းပါး အဝင်ဝသို့ ကျန်းကျား တဖြည်းဖြည်း မြှားခေါ်လာသည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ ချောက်ထဲသို့ အရင်ဝင်လိုက်သည်။ နဂါးကြီးကလဲ ကျန်းကျား နောက်မှ ထပ်ကြပ်မကွာ လိုက်လာ၏။ နဂါးကြီး ချောက်ထဲကို ခြေချပြီး (၁၀)စက္ကန့်အတွင်းမှာပင် ၎င်း အရှေ့တည့်တည့်၌ ဗုံးတစ်လုံး ဝုန်းခနဲ ပေါက်ကွဲသွားပြီး နဂါးကြီး တစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းသွားသည်။ ကျန်းကျား နောက်လှည့်ကြည့်လိုက်ချိန်တွင် ထိုပေါက်ကွဲမှုအတွင်းမှ နောက်ထပ် မီးတန်းကြီး တစ်ခု ပန်းထွက်လာသည်။ ကျန်းကျား အရှေ့သို့ ကပျာကယာ ပျံထွက်လိုက်ရသည်။
မီးတောက်မီးလျှံများကြားထဲမှ နဂါးကြီးအကောင်းပကတိအတိုင်း ပြန်ထွက်လာသည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရမသွားသော်လည်း ခန္ဓာကိုယ်ပေါ်တွင် မီးကျွမ်းရာအချို့ ကျန်ရစ်ခဲ့သည်။
နဂါးကြီးက ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာစဉ် နောက်ထပ် ပေါက်ကွဲမှုတစ်ခုက ၎င်းကို ဝါးမြိုသွားပြန်သည်။ မီးတောက်များကြားမှ ပြန်ထွက်လာချိန်တွင် နဂါးကြီးမှာ ရူးသွပ်လုခမန်း ဖြစ်နေလေပြီ။ ဒီတစ်ကြိမ်တွင်တော့ မီးဖြင့်မမှုတ်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ပြေးနေရင်း အတောင်ပံကြီးများကို တဖျတ်ဖျတ်ခတ်လိုက်သည်။ ဆွဲငင်အားမိုင်းနှင့် တဖြည်းဖြည်း နီးလာ၏။
(၅၀) မီတာ ... (၃၀) မီတာ ... (၁၀) မီတာ ...
နဂါးကြီး မိုင်းကို နင်းမိတော့မည့် ဆဲဆဲတွင် သူ့ခြေထောက်က လေထဲတွင် ရပ်တန့်သွားသည်။ သူ့ရှေ့မှာ မျက်စိနောက်လောက်အောင် ပျံသန်းနေသည့် ကျန်းကျားကို လျစ်လျူရှု၍ ခေါင်းငုံ့ပြီး ပတ်ဝန်းကျင်ကို နှာခေါင်းဖြင့် တရှုံ့ရှုံ့နမ်းရှုပ်ကြည့်နေသည်။ နောက်ဆုံး ချိန်ကိုက်ဗုံး ပေါက်ကွဲသွားချိန်တွင် ဖျတ်ခနဲ ခေါင်းထောင်လာသော်လည်း နောက်ဆုံးခြေလှမ်းကို မလှမ်းတော့ဘဲ ချောက်ကမ်းပါးထဲမှ သွေးရူးသွေးတန်း ပြန်ပြေးထွက်သွား၏။
ပြေးထွက်သွားသည့် နဂါးကြီးကို ကြည့်၍ ကျန်းကျား ကြောင်အမ်းအမ်းဖြစ်ပြီး ကျန်ရစ်ခဲ့သည်။ နဂါးနောက်သို့ ဒုံးကျည်များဖြင့် လိုက်ပစ်သေးသော်လည်း နဂါးက လုံးဝဂရုမစိုက်ချေ။ နဂါးကြီးက တဂါးဂါး အော်ဟစ်ရင်း တလိပ်လိပ်တက်လာသည့် ဖုန်မှုန့်များ ကြားထဲမှာပင် ချောက်ကမ်းပါးထဲမှ ထွက်သွားသည်။ ဧရာမ အတောင်ပံကြီးများအား ဖြည်းဖြည်းချင်း အပေါ်အောက်ခတ်လိုက်ရာ မီတာ (၃၀) ရှည်သည့် ခန္ဓာကိုယ်ကြီးက ရူပဗေဒနိယာမများကို ဆန့်ကျင်ပြီး မြေပြင်မှ မြောက်တက်လာ၏။ ထို့နောက် တစ်နာရီလျှင် ကီလိုမီတာ (၃၀၀) နှုန်းဖြင့် တစ်နေရာသို့ ဦးတည်ပျံသန်းသွားသည်။
ကျန်းကျား စိတ်ထဲတွင် ရုတ်တရက် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ချက်ချင်း နောက်ကပျံသန်းလိုက်ပါသွားသည်။ နောက်ဆုံးတွင် နဂါးကြီး၏ ပစ်မှတ်ကို မြင်လိုက်ရ၏။ တောင်ကုန်းတစ်ခုပေါ်တွင် ရှိနေသည့် ချူရွှမ်နှင့် ကျန်နှစ်ယောက်ပင်တည်း။ ချူရွှမ်တို့ တောင်ကုန်းပေါ်မှ ပြေးဆင်းနေကြသော်လည်း မလွတ်နိုင်တော့ချေ။ နဂါးကြီးက ခေါင်းကိုမော့၍ လေရှူသွင်းလိုက်သည်။ ထိုတိုက်ခိုက်မှုသည် ချူရွှမ်တို့ သုံးယောက်စလုံးကို ပြာကျသွားစေနိုင်၏။
“အားးး”
ကျန်းကျား ရူးမတတ် ဖြစ်သွားသည်။ ထိုသုံးယောက်သည် အခက်အခဲများစွာကြားက ပြန်အသက်သွင်းခဲ့ရသည့် အရေးကြီးသော မိတ်ဆွေသူငယ်ချင်းများဖြစ်သလို၊ တရုတ်အသင်း၏ အနာဂတ်လဲ ဖြစ်သည်။ သူတို့ထဲမှ ဘယ်သူ့ကိုမှ အစားထိုး၍ မရနိုင်ပေ။ သေရေးရှင်ရေး အခြေအနေများကို အတူတူ ဖြတ်ကျော်ခဲ့ကြပြီးနောက် သူတို့သည် သက်ဆုံးတိုင် လက်တွဲသွားကြမည့် ရဲဘော်ရဲဘက်များ၊ မိတ်ဆွေ သူငယ်ချင်းများ ဖြစ်လာခဲ့ကြလေပြီ။ ဒီလိုနေရာမျိုးတွင် သူတို့ကို ကျန်းကျား မည်သို့ အသေခံနိုင်မည်နည်း။
ကျန်းကျား တစ်စက္ကန့်မျှပင် တွေဝေမနေဘဲ အိုဆိုင်းရစ်လှံကို မြှောက်လိုက်သည်။ နဂါးကြီးက လေကို အားပါးတရ ရှူသွင်းပြီးနေပြီ ဖြစ်သဖြင့် လှံကို စွမ်းအားဖြည့်ရန် အချိန်မရှိတော့။ ချီစွမ်းအင် နှင့် သွေးစွမ်းအင် (၂၀ ) ရာခိုင်နှုန်းခန့်ကိုသာ လှံထဲသို့ အမြန်ဆုံး ပို့လွှတ်လိုက်သည်။ ရွှေရောင်အလင်းတန်း တစ်ချက် ဖျတ်ခနဲ ထွက်ပေါ်လာသည်နှင့် လှံကို အစွမ်းကုန် ပစ်လွှတ်လိုက်၏။ နဂါးကြီး၏ ပါးစပ်အတွင်းမှ မီးတောက်များ စတင်ပေါ်ထွက်လာချိန်မှာပင် အိုဆိုင်းရစ်လှံသည် နဂါးကြီး လည်ပင်းအနောက်ဘက်မှ ဖောက်ဝင်၍ ပါးစပ်ထဲသို့ ထိုးဖောက်သွားသည်။
လှံချက်က ပြင်းထန်လွန်းလှသဖြင့် နဂါးကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်လုနီးပါး ဖြစ်သွားပြီး ပါးစပ်ထဲမှ ပန်းထွက်တော့မည့် မီးတောက်များကို ဟန့်တားလိုက်သည်။ နဂါးကြီး၏ ပါးစပ်ထဲမှ မီးတောက်အချို့ လျှံထွက်လာပြီး လည်ပင်းအနောက်ဘက် လှံစိုက်ဝင်သွားသည့်နေရာမှ မီးတောက်အချို့ ပန်းထွက်လာ၏။ နဂါးကြီး နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားသည်။ မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားသည်။ နဂါးကြီး တကယ် သေ၊ မသေ စစ်ဆေးနေဖို့ ကျန်းကျား အချိန်မရှိ။ မိုးပျံဘုတ်ပြားကို အရှိန်ကုန်တင်၍ ချူရွှမ်တို့သုံးယောက်ရှိရာသို့ ဦးတည်ပျံသန်းသွားပြီး ကြိုးများကို အမြန်ချပေးလိုက်၏။
ကမ်ပါနှင့်ဝမ်ရှတို့၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့နေသည်။ နဂါးမီး၏ ဖျက်ဆီးနိုင်စွမ်းကို တောင်ကုန်းပေါ်မှနေ၍ မြင်တွေ့ခဲ့ကြပြီးပြီဖြစ်ရာ နဂါးကြီး တိုက်ခိုက်ဖို့ ပြင်ဆင်လာချိန်တွင် သူတို့အားလုံး သေဖို့ရာ အသင့်ပြင်ထားခဲ့ကြသည်။ နောက်ဆုံးအချိန်လေးတွင် ကျန်းကျားက သူတို့ကို ကယ်တင်နိုင်လိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်မထားကြပေ။ သေမင်းနှုတ်ခမ်းဝသို့ အလည်တစ်ခေါက်ရောက်သွားသည့် ခံစားချက်ကြောင့် ရင်တုန်ပန်းတုန် ဖြစ်နေကြသည်။ သို့သော်လည်း အခြေအနေက အလွန်အရေးကြီးနေသဖြင့် ချက်ချင်းသတိပြန်ဝင်လာကြပြီး ကြိုးများပေါ်သို့ တက်လိုက်ကြသည်။
အဖြစ်အပျက်အားလုံးမှာ (၁)မိနစ်လောက် အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်လုံး ဘယ်သူမှ စကားတစ်ခွန်း မဟနိုင်ကြ။ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အသက်ရှင်နိုင်ရန်သာ အစွမ်းကုန် အာရုံစိုက်နေကြ၏။ မိုးပျံဘုတ်ပြား လေထဲသို့ ပြန်တက်သွားချိန်အထိ နဂါးကြီးမှာ မြေပြင်ပေါ်၌ လူးလိမ့်နေဆဲဖြစ်သည်။ ကျန်းကျား၏ လှံချက်က အမှန်တကယ် ပြင်းထန်လှသော်လည်း နဂါးကြီး၏ ပါးစပ်မှ ဒဏ်ရာမှာ မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေသဖြင့် အကုန်လုံး မျက်လုံးပြူးသွားကြသည်။ ထိခိုက် ပေါက်ပြဲနေသည့် အသားစများက တလှုပ်လှုပ်ဖြင့် ပြန်လည်တွဲဆက်နေကြ၏။ မြေပြင်ပေါ်သို့ စီးကျလာသော အနက်ရောင်သွေးများနှင့် ထိတွေ့မိသည့် သစ်ပင်မှန်သမျှကို မီးစွဲလောင်သွားသည်။
နဂါးကြီးက ပါးစပ်ကို ဟ၍ ဟိန်းဟောက်လိုက်ပြီး လေကို ရှူသွင်းလိုက်ပြန်သည်။မိုးပျံဘုတ်ပြားကို ကျန်းကျား ချက်ချင်း အရှိန်မြှင့်၍ မောင်းနှင်လိုက်၏။ သူတို့ အစောက ရပ်နေခဲ့သည့် မြေပြင်တစ်ခုလုံး မီးလောင်ပြင်ကြီး ဖြစ်သွား၏။ နဂါးကြီးက အတောင်ပံများကို ခတ်လိုက်ပြီး ကျန်းကျားတို့နောက်သို့ တဟုန်ထိုး လိုက်ပါလာသည်။
ကျန်းကျား အော်ပြောလိုက်သည်။
“ငါတို့ ဘာဆက်လုပ်ကြမလဲ … လှံက ဘယ်ကို လွင့်သွားလဲ မသိဘူး … ပြန်ရှာဖို့လဲ အချိန်မရှိဘူး … ဒီနဂါးက အရမ်းမြန်တယ် … ငါတို့ သူ့ကို မျက်ခြေဖြတ်ဖို့ မလွယ်ဘူး”
နဂါးကြီးက တစ်နာရီလျှင် ကီလိုမီတာ (၆၀ဝ) နှုန်းဖြင့် ပျံသန်းနေခြင်း ဖြစ်သည်။ မိုးပျံဘုတ်ပြားပေါ်သည် လူလေးယောက်ကို သယ်ဆောင်ထားရသဖြင့် အမြန်နှုန်းက သိသိသာသာ လျော့ကျသွားရာ မီးလောင်မခံရအောင် ကျန်းကျား မနည်းရှောင်တိမ်းနေရသည်။
ချူရွှမ်က သူ့လက်ညှိုးကို သွေးထွက်လုနီးပါး ကိုက်လိုက်ပြီး …
“လေယာဉ်တင်သင်္ဘောအုပ်စုကို အမှီလိုက်ရမယ် … သူတို့တွေ နဂါးနဲ့ ရှုပ်ယှက်ခတ်နေတုန်း ငါတို့ လွတ်အောင်ပြေးလို့ရတယ် … အိုဆိုင်းရစ်လှံကိုလဲ ပြန်ရှာရမယ် … ကျန်းကျား ... လှံကို မင်းအချိန်ယူပြီး အားအပြည့်သွင်းလို့ရမယ်ဆိုရင် နဂါးကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်မလား”
ကျန်းကျား ခါးသက်သက် ပြုံးလိုက်ပြီး …
“ငါသာ လှံကို အားအပြည့်သွင်းလိုက်ရင် အဲ့ဒီနောက်ပိုင်းမှာ တိုက်ခိုက်ဖို့ အင်အား ကျန်တော့မှာ မဟုတ်ဘူး … ပြီးတော့ နဂါးကို အဲ့ဒီတစ်ချက်တည်းနဲ့ သတ်နိုင် မသတ်နိုင်ဆိုတာလဲ ငါ မသေချာဘူး … နတ်ဘုရားရဲ့ စနစ်ထဲမှာ ဘီလူးသွေးမျိုးဆက်ဆိုတာ ရှိတယ် … ခန္ဓာကိုယ်တစ်ဝက်လောက် ကျန်နေသရွေ့ ဦးနှောက်နဲ့ နှလုံး ပျက်စီးသွားရင်တောင် ပြန်ကောင်းလာနိုင်တဲ့ သွေးမျိုးဆက်ပဲ … ဒီနဂါးရဲ့ အသက်စွမ်းအားကလဲ အဲ့ဒီလိုမျိုးဆိုရင်တော့ တစ်ချက်တည်းနဲ့ သေလိမ့်မယ်လို့ ငါ အာမမခံနိုင်ဘူး”
ဝမ်ရှက ရုတ်တရက် ပြောလိုက်သည်။
“ဗုံးတစ်လုံးက အပြင်ဘက်မှာ ပေါက်ကွဲရင် ဗုံးဒဏ်ခံရတဲ့ အရာဝတ္ထုဟာ ပျက်စီးမှုရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ခံစားရတာ … ဗုံးရဲ့ တကယ့်အဖျက်စွမ်းအားက ဗုံးဆံအစအနတွေနဲ့ တုန်ခါမှုလှိုင်းတွေပဲ … ဒါပေမယ့် ဗုံးက အလုံပိတ်ထားတဲ့ နေရာကျဉ်းကျဉ်းလေးထဲမှာသာ ပေါက်ကွဲမယ်ဆိုရင်တော့ အဲ့ဒီအရာဝတ္ထုရဲ့ အပြင်ခွံက ဘယ်လောက်ပဲ မာမာ ပျက်စီးမှုဒဏ်ကို အပြည့်အဝ ခံရလိမ့်မယ်”
ကျန်းကျားက ခေါင်းခါပြရင်း …
“ဖျက်အားပြင်း လက်ပစ်ဗုံးတွေက အဲ့လောက်အထိ စွမ်းအားရှိပါ့မလား ငါမသေချာဘူး … ဆွဲငင်အားမိုင်းနဲ့ စမ်းကြည့်ရင်တော့ ဖြစ်နိုင်မလားပဲ … အရင်ဆုံး ရေတပ်သင်္ဘောအုပ်စုကို အမှီလိုက်ရအောင်”
နဂါးကြီးက သူတို့နောက်ကို တကောက်ကောက် လိုက်လာသဖြင့် ကျန်းကျားတို့ စိတ်ထဲတွင် နေလို့ထိုင်လို့ မကောင်းလှ။ နှစ်ဖက်စလုံးက အစွမ်းကုန် ပျံသန်းနေကြ၏။ ခဏအကြာတွင် လေယာဉ်တင်သင်္ဘောအုပ်စုကို လှမ်းမြင်လိုက်ရသည်။ တိုက်လေယာဉ် (၁၀)စီးကလဲ သူတို့ရှိရာသို့ ဦးတည်ပျံသန်းလာသည်။ ထိုလေယာဉ်များမှ ပစ်လွှတ်လိုက်သည့် ဝေဟင်ပစ် ဒုံးကျည် (၁၀) စင်းလဲ ပျံသန်းလာ၏။
ကျန်းကျား အော်ဟစ်လိုက်သည်။
“အားလုံး မြဲမြဲကိုင်ထားကြ”
ကျန်းကျားက မိုးပျံဘုတ်ပြားကို ပင်လယ်ထဲ ထိုးဆင်းလိုက်သည်။ နဂါးကြီးက ပင်လယ်ထဲ လိုက်ဆင်းရန် ပြင်လိုက်သော်လည်း ပထမဆုံး ဒုံးကျည်က သူ့အတ္တဘောကြီးကို ထိမှန်သွား၏။ ထို့နောက် ဒုံးကျည်များ တစ်ခုပြီးတစ်ခု နဂါးကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ကောင်းကင်ယံတွင် ဧရာမ မီးလုံးကြီး တစ်လုံး ပေါ်ထွက်လာသည်။
သို့သော် နဂါးကြီးက လုံးလုံးမမှုဘဲ ရေထဲသို့ ထိုးဆင်းလာသည်။ ဘယ်သူတွေ ဘယ်လောက်ပစ်ပစ် ကျန်းကျားတို့(၄)ယောက်ကို အသေအလဲလိုက်သတ်ရန် ဆုံးဖြတ်ထားပုံပင်။
ကျန်းကျား မိုးပျံဘုတ်ပြားပေါ်သို့ ဝပ်ချလိုက်သည်။ ရေ၏ ခုခံအားကြောင့် ရေထဲတွင် အရှိန်ပြင်းပြင်း သွားရသည်မှာ မလွယ်လှချေ။ ကျန်းကျား ရေထဲမှ ပြန်တက်လိုက်ပြီး ရေတပ်သင်္ဘောအုပ်စုဆီသို့ ဆက်လက်ပျံသန်းသွား၏။ နဂါးကြီးကလဲ ရေစက်လက်ဖြင့် ရေပေါ်ပြန်တက်လာ၏။ ပျံနေရင်းတန်းလန်း မီးဖြင့်မှုတ်လိုက်ရာ မီးမှုတ်လိုက်သည့် လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေများ အငွေ့ပျံသွားပြီး မိုးပျံဘုတ်ပြား၏ အနောက်ဘက် မီတာ (၅၀) အကွာတွင် မီးငြိမ်းသွားသည်။ အပူရှိန်က သူတို့၏ ကျောပြင်အထိ ရောက်ရှိလာသဖြင့် ကျန်းကျား လန့်သွား၏။
ကျန်းကျား ဘုရားတရင်း မိုးပျံဘုတ်ပြားကို ထပ်၍အရှိန်မြှင့်လိုက်သည်။
အောက်ဘက်မှ ချူရွှမ်၏ စိုးရိမ်တကြီး အသံထွက်ပေါ်လာသည်။
“မြန်မြန် … လေယာဉ်တင်သင်္ဘောဆီကို သွား … နဂါးရဲ့ အရှိန်က ငါတို့ထက် ပိုများနေတယ် … သင်္ဘောကို သူဝင်တိုက်မိလိမ့်မယ်”
ကျန်းကျား ပြန်အော်ပြောလိုက်သည်။
“ဟုတ်ပြီ … ဝမ်ရှ ... ငါ့ကို ငါးစက္ကန့် ချိန်ကိုက်ဗုံး တစ်လုံးပေး … ငါ ဖျက်ဆီးခြင်းစွမ်းရည် သုံးလိုက်တော့မယ်”
နဂါးကြီးနှင့် ရင်ဆိုင်နေသည့် ကျန်းကျားတို့ကို ကြည့်ပြီး ရေတပ်ဗိုလ်ချုပ်ကြီးများ အံ့အားသင့်နေကြသည်။ ထိုလူများသည် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်ကြသည်မို့ နဂါးကြီး ရှိနေခြင်းကို အစောကြီးကတည်းက သိထားကြ၏။
ဒီနဂါးသည် သူ့အား တိုက်ခိုက်သူမှန်သမျှကို အငြိုးအတေးထားတတ်သည့်အပြင် ပစ်မှတ်ကို မရပ်မနား လိုက်ဖျက်ဆီးတတ်သည်ဟု သတင်းကြီးသည်။ အဆိုးဆုံးကတော့ နဂါးကြီးသည် သေနတ်ကျည်ဆန်များနှင့် ဒုံးကျည်များကိုပါ ခုခံနိုင်စွမ်း ရှိနေခြင်းပင်။ သိပ္ပံပညာရှင်များက နဂါးကြီးကို တိုက်ခိုက်သည့် ဗီဒီယိုများအား လေ့လာကြည့်ကြရာ တိုက်ခိုက်မှုမှန်သမျှအား ဖောက်ထွင်းမြင်နိုင်သည့် အကာအကွယ်အတားအဆီးတစ်ခုက ကာကွယ်ပေးထားခြင်းကို တွေ့လိုက်ရသည်။ ထိုအချက်ကြောင့် အားလုံးတုန်လှုပ်သွားကြသလို အံ့ဩသွားကြသည်။ စွမ်းအင်အကာအကွယ်သည် သီအိုရီသက်သက်မဟုတ်ကြောင်း သက်သေပင်တည်း။ ထို့ကြောင့်လဲ အစိုးရက ဒီကျွန်းအပြင်ဘက်မှာ ရေတပ်သင်္ဘောများ တပ်စွဲထားခြင်း ဖြစ်သည်။
အခုတော့ တိုက်လေယာဉ်များသည် နဂါးကြီးကိုရော မိုးပျံဘုတ်ပြားကိုပါ ဒုံးကျည်များဖြင့် အဆက်မပြတ်ပစ်ခတ်နေကြပေပြီ။ သို့သော် မိုးပျံဘုတ်ပြား၏ အရွယ်အစားက သေးငယ်ပြီး လျင်မြန်လွန်းလှသဖြင့် ပစ်ခတ်သမျှ ဒုံးကျည်များ အကုန်လွဲချော်ပြီး ပင်လယ်ထဲသို့ ကျကုန်သည်။ နောက်ဆုံးတွင် တိုက်လေယာဉ်များသည် ပစ်မလွဲဖြစ်သည့် နဂါးကြီးကိုသာ စုပြုံပစ်ခတ်ကြလေတော့သည်။
ကျန်းကျား၏ မျက်လုံးများ အသက်မဲ့နေသည်။ မျိုးဗီဇချိုးဖျက်ခြင်း ပထမအဆင့်၏ အာရုံခံနိုင်စွမ်းကို အစွမ်းကုန်အသုံးချ၍ ဝင်လာသမျှ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေ၏။
ကျန်းကျားက လေယာဉ်တင်သင်္ဘောဆီသို့ ဦးတည်ပျံသန်းသွားရင်း ချူရွှမ်တို့ကြားအောင် အော်ပြောလိုက်သည်။
“ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး … အနီးကပ်တိုက်မှ ရတော့မယ် … ဒီအတိုင်းဆိုရင် လှံကို ပြန်မရှာနိုင်ခင် မိုးပျံဘုတ်ပြား စွမ်းအင်ကုန်သွားလိမ့်မယ် … မင်းတို့ မသေစေနဲ့ … မင်းတို့မှာ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး … ငါ့ရဲ့ မိတ်ဆွေတွေကို ထပ်ပြီး ဆုံးရှုံးရတဲ့ ဝေဒနာကို ထပ်မခံစားချင်တော့ဘူး … သေခြင်းစာအုပ် နဲ့ အမွန် ရာ စာအုပ်ကို သင်္ဘောပေါ် လွှင့်ပစ်ပေးခဲ့မယ် … အဲ့ဒီစာအုပ်နှစ်အုပ်ကို ကောက်ပြီး မိုးပျံဘုတ်ပြား နဲ့ အမြန်ပြေးကြတော့ … ငါ့ရဲ့ ဖျက်ဆီးခြင်းစွမ်းရည်နဲ့ ဒီနဂါးကို သတ်နိုင်မလားလို့ စမ်းကြည့်မယ်”
ကျန်းကျား စကားကို ခေတ္တရပ်လိုက်ပြီး …
“ဝမ်ရှ ... ငါ့ကို ဗုံးတွေပေး”
ဝမ်ရှဆီမှ တုံ့ပြန်မှုကရောက်မလာ။ ကျန်းကျား ဒေါပွပွနှင့် ထပ်အော်လိုက်တော့မှ ဝမ်ရှဆီမှ ချိန်ကိုက်ဗုံး (၂) လုံး မြောက်တက်လာသည်။
ဝမ်ရှက သတိပေးလိုက်သည်။
“အနီရောင်ခလုတ်ကို မြင်လား … အဲ့ဒါကို နှိပ်လိုက်ရင် အချိန် စမှတ်လိမ့်မယ် … သတိတော့ထား ... မင်း လွတ်အောင်ပြေးဖို့ ငါး စက္ကန့်ပဲ အချိန်ရမှာ”
ကျန်းကျားက ရယ်မောလိုက်ပြီး …
“အေးပါကွာ … အဲ့လောက်ကတော့ အေးဆေးပါ … ငါးစက္ကန့်အတွင်းမှာ နဂါးရဲ့ ပါးစပ်ထဲကို ဗုံး ထည့်လိုက်ရုံပဲဟာ … စိတ်မပူပါနဲ့ … ငါ မဆင်မခြင် မလုပ်ပါဘူး”
ထို့နောက် သူတို့ ဘာမှထပ်မပြောကြတော့။ တဟုန်ထိုး ပျံသန်းလာရင်း လေယာဉ်တင် သင်္ဘောနှင့် မီတာ (၂၀၀)ခန့်သာ ကွာဝေးတော့သည်။ နဂါးကြီးကတော့ သူတို့နောက် မီတာ (၁၅၀) အကွာလောက်မှ ကပ်လိုက်နေသည်။ မိုးပျံဘုတ်ပြား၏ အမြန်နှုန်းဖြင့်ဆိုလျှင် မီတာ (၂၀၀) ဆိုသည့် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်နိုင်၏။ ကျန်းကျားက အာရုံအားလုံးကို စုစည်းထားသည်။ သူ့မျက်လုံးထဲတွင် အရာအားလုံး နှေးကွေးနေသည်။ မိုးပျံဘုတ်ပြား၏ အမြန်နှုန်းနှင့် ဦးတည်ရာကို ထိန်းညှိလိုက်ပြီး သင်္ဘော၏ ထိန်းချုပ်မျှော်စင်ဆီသို့ တည့်တည့်ကြီး ပျံသန်းသွား၏။
မိုးပျံဘုတ်ပြားက မျှော်စင် အပေါ်ဘက် မီတာအနည်းငယ်အကွာမှ ကပ်၍ ပျံသန်းသွားသည်။ သို့သော် နောက်ကကပ်လိုက်လာသည့် နဂါးကြီးကတော့ မျှော်စင်ကို တန်းတန်းမတ်မတ်ကြီး ဝင်တိုက်မိသွားသည်။ ထိန်းချုပ်မျှော်စင် တစ်ခုလုံး ပျက်စီးသွားသည့်အပြင် သင်္ဘောကြီးပါ တစ်ဖက်သို့ အကြီးအကျယ် စောင်းသွား၏။ ထို့နောက်တွင်မှ ရေမျက်နှာပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျပြီး ပြန်တည့်သွားသည်။
ကျန်းကျားက သင်္ဘောပေါ်ရှိ အတော်အတန် ပြန့်ပြူးသည့် နေရာတစ်ခုတွင် မိုးပျံဘုတ်ပြားကို ရပ်လိုက်ပြီး စာအုပ်နှစ်အုပ်ကို ခပ်သွက်သွက်ဆွဲထုတ်လိုက်သည်။
“ချူရွှမ် ... ရော့ … အချိန်မရှိတော့ဘူး … မင်းတို့ အိုဆိုင်းရစ်လှံကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်ပြန်ယူချေ … အဲ့ဒီလက်နက်က ငါထင်ထားတာထက် အများကြီး ပိုအစွမ်းထက်တယ် … မြန်မြန်သွားကြ”
ကျန်းကျား၏ အမိန့်ပေးသံက ပြတ်သားလွန်းလှသည်။ ဒီနေရာမှာ အသေခံဖို့ သူ ဆုံးဖြတ်ပြီးသားဖြစ်၏။ ပထမဘောနပ်မစ်ရှင်မှ သူတို့ အမှတ်တော်တော်များများ ရရှိခဲ့ပြီးဖြစ်သော်လည်း ဒီဘောနပ်မစ်ရှင်ကို ဆက်လုပ်ရန် သူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်ပျက်ခဲ့သမျှ အားလုံးတွင် သူ့အမှားတစ်ဝက်ပါသည်ဟု ကျန်းကျားက ခံယူထားသည်။
ထို့အပြင် သူ့ကို အမွန် ရာ စာအုပ်ဖြင့် တစ်ခါမှ အသက်ပြန်မသွင်းရသေးချေ။ ချူရွှမ်တို့ သုံးယောက်သာ လွတ်သွားပါက သူ့ကို ပြန်အသက်သွင်းပေးနိုင်သည်။
နောက်ဆုံး ဆုံးဖြတ်ချက် ချပြီးသွားချိန်တွင် ကျန်းကျား၏စိတ်တို့ ထူးဆန်းစွာပင် တည်ငြိမ်သွား၏။ ပျံသန်းလာသည့် တိုက်လေယာဉ်များ၊ သင်္ဘောပေါ်ရှိ စစ်သားများ၊ မိုးပျံဘုတ်ပြားအောက်တွင် ကြိုးတွဲလောင်းဖြင့် ပါလာသည့် ချူရွှမ်တို့သုံးယောက်၊ လေကို အားရပါးရရှူသွင်းပြီး မီးမှုတ်တိုက်ခိုက်ရန် ပြင်နေသည့် နဂါးကြီး … အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ အာရုံခံမိနေသည်။
နတ်ဘုရားနယ်မြေတွင် ခန္ဓာကိုယ်ကို အသေအလဲလေ့ကျင့်ခဲ့သဖြင့် သူ့ခန္ဓာကိုယ်သည် ဖျက်ဆီးခြင်းစွမ်းရည်ကို (၄)စက္ကန့်အထိ တောင့်ခံနိုင်ပြီဖြစ်၏။ ထို (၄)စက္ကန့်သည် သူခံနိုင်သည့် အဆုံးစွန်ဆုံးသော အတိုင်းအတာပင်။ ထိုစွမ်းရည်ကို အသုံးပြုပြီးသွားပါက သူ့ခန္ဓာကိုယ် တော်တော်ကြီး ထိခိုက်ပျက်စီးသွားမည်ဖြစ်ပြီး သွေးစွမ်းအင်၏ အလိုအလျောက်ကုသမှုနှင့်ပင် ပြန်ကောင်းမွန်ရန် (၅)ရက်၊ (၆)ရက်ခန့် ကြာပေလိမ့်မည်။
“ဟားဟားဟား”
ကျန်းကျား အော်ဟစ်ရယ်မောလိုက်သည်။ နဂါးကြီးက လေကို ရှူသွင်းနေချိန်မှာ သွေးစွမ်းအင်နှင့် ချီစွမ်းအင် နှစ်မျိုးစလုံးကို ကျန်းကျား အသက်သွင်းလိုက်သည်။ထို့နောက် ချိန်ကိုက်ဗုံးပေါ်မှ အနီရောင်ခလုတ်ကို နှိပ်လိုက်သည်။ ဦးခေါင်းမှ စုန်ဆင်းလာသည့် သွေးစွမ်းအင်နှင့် ချက်နေရာမှ ဆန်တက်လာသည့် ချီစွမ်းအင်တို့ ကျန်းကျား၏ နှလုံးသားနေရာတွင် ဆုံတွေ့သွားကြသည်။ စွမ်းအင်နှစ်မျိုးထိပ်တိုက်တွေ့ဆုံသွားသည့် ပေါက်ကွဲအားက ပြင်းထန်လွန်းလှသဖြင့် ကျန်းကျား သွေးတစ်လုပ်အန်ထွက်သွားသည်။ သို့သော် သူ့တစ်ကိုယ်လုံးမှာတော့ စွမ်းအင်များ ပြည့်လျှံသွား၏။
ကျန်းကျား မြင်နေရသည့် ကမ္ဘာကြီးတစ်ခုလုံး နှေးကွေးသွားသည်။ နဂါးကြီး၊ မိုးပျံဘုတ်ပြား ပေါ်ရှိ လူများ၊ တိုက်လေယာဉ်များ … အရာအားလုံးက သူ့မျက်စိထဲတွင် ရုပ်ရှင် အနှေးပြကွက်တစ်ခုအလား နှေးကွေးသွားကြသည်။ နဂါးကြီးဆီသို့ ကျန်းကျား တဟုန်ထိုး ပြေးဝင်သွားသည်။ လေထုသည် အရည်တစ်ခုအလား ပျစ်ခဲသွား၏။ လေထုကို ကျန်းကျား ခြေဖြင့်နင်းလိုက်တိုင်း လှိုင်းများထလာသည်။ ချူရွှမ်ပေးခဲ့သည့် သဲလွန်စများမှတဆင့် တီထွင်ခဲ့သည့် နည်းစနစ်တစ်ခုဖြစ်သော ဂက်ပို (သို့မဟုတ်) ကောင်းကင်ခြေလှမ်း။
ကျန်းကျားက မီတာ (၂၀) အကွာအဝေးကို ရိပ်ခနဲ ဖြတ်ကျော်သွားပြီး နဂါးကြီး၏ ပါးစပ်နားသို့ ရောက်သွားသည်။ နဂါးကြီး၏ ပါးစပ်ထဲတွင် မီးတောက်များ ပြည့်နှက်နေသည်။ ထိုအချိန်မှာ ကျန်းကျားက လေထုကို ပြတ်တောက်သွားစေနိုင်သည့် ခြေကန်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုခြေကန်ချက်မှ လေဟာနယ်ဓားသွားတစ်ခု ပြေးထွက်သွား၏။ နောက်ထပ် နည်းစနစ်တစ်ခုဖြစ်သည့် ရန်ကျာခု (သို့မဟုတ်) မုန်တိုင်းခြေကန်ချက်။
ထိုလေဟာနယ်ဓားသွားက နဂါးကြီး၏ မေးစေ့ကို ထိမှန်သွားသည်။ ဖတ်ခနဲ အသံခပ်သဲ့သဲ့ ထွက်ပေါ်လာပြီး နဂါးကြီး၏ မေးရိုးကပါးစပ်ထဲသို့ ကျွံဝင်သွားသည်။ ပါးစပ်ထဲရှိ မီးတောက်များ ငြိမ်းသေသွားပြီး မီးခိုးလုံးကြီးများ အလိပ်လိုက် ထွက်လာ၏။
ထိုအချိန်တွင် ကျန်းကျားက နဂါးကြီး၏ ရှေ့ခြေထောက်နားတွင် ရောက်နေလေပြီ။ နောက်ထပ် နည်းစနစ်တစ်ခုဖြစ်သည့် လျှပ်တပြက်ခြေလှမ်း (ဆိုရု) ကို အသုံးပြုလိုက်ရာ နဂါးရှေ့ခြေထောက်အနီးမှ နဂါးခေါင်းဆီသို့ ဖျတ်ခနဲ ရောက်သွားပြီး လက်ချောင်းသေနတ် (ရှီဂန်) နည်းစနစ်ကိုသုံး၍ နဂါးခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။ နဂါးကြီး၏ နားထင်မှာ လူကြီးလက်မောင်းလောက်ရှိသည့် အပေါက်ကြီးတစ်ခုပေါက်ထွက်သွားပြီး နဂါးကြီးက နာနာကျင်ကျင် အော်ဟစ်လိုက်သည်။
ထိုအပေါက်ကြီးထဲသို့ ဗုံးများ ပစ်ထည့်ရန် ကျန်းကျား ကြိုးစားလိုက်သည်။ သူ့မှာ အချိန် (၂) စက္ကန့် ကျန်သေးသည်။ ဗုံးမပေါက်ကွဲခင် လွတ်အောင်ပြေးရန် လုံလောက်၏။ သို့သော် ဖောက်ထွင်းမြင်နိုင်သည့် အကာအကွယ်တစ်ခုက ဗုံးများကိုပိတ်ဆို့တားဆီးထားသည်။ သို့သော် ကျန်းကျား၏ ခန္ဓာကိုယ်ကတော့ ထိုအကာအကွယ်ကို အတားအဆီးမရှိ ဖြတ်ကျော်နိုင်၏။
ကျန်းကျား သက်ပြင်းချလိုက်မိသည်။ ဆိုရုကို ထပ်သုံး၍ နဂါးကြီး၏ ပါးစပ်ဆီ ပြေးသွားပြီး အကြိမ်ကြိမ် ထိုးနှက်လိုက်သည်။ သူသုံးလိုက်သည့် ခွန်အားက သူ့ခန္ဓာကိုယ်၏ ကန့်သက်ချက်များကိုပင် ကျော်လွန်သွား၏။ ပြင်းထန်လှသည့် ထိုးနှက်ချက်များကြောင့် နဂါးကြီး၏ မေးရိုး အပိုင်းပိုင်း ကြေမွသွားပြီး ပါးစပ်ထဲမှ မီးကြွင်းမီးကျန်အချို့ ပန်းထွက်လာသည်။ မိန်းကလေးတစ်ယောက်၏ ပုံရိပ်နှင့် ရက်စက်ကြမ်းကြုတ်စွာ ပြုံးနေသော်လည်း ရင်ထဲမှာ အထီးကျန်နေသည့် သူ့ကိုယ်ပွါး၏ ပုံရိပ်တို့က ကျန်းကျား၏ စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာ၏။
ဆိုရုကို အသုံးပြုထားဆဲဖြစ်သည့် ကျန်းကျားက နဂါးကြီး၏ ပါးစပ်ထဲသို့ တဟုန်ထိုး ခုန်ဝင်လိုက်သည်။ လျင်မြန်လွန်းလှသဖြင့် နဂါး ပါးစပ်ထဲရှိ မီးတောက်အကြွင်းအကျန်များကို ဖောက်ထွက်၍ လည်ချောင်းထဲအထိ ရောက်ရှိသွားသည်။ ထိုအချိန်မှာပင် သူ့စိတ်တို့ ဗလာဖြစ်သွား၏။ ထို့နောက်တွင်တော့ ရုတ်တရက် အရာအားလုံး ဖြူဖွေးသွားပြီး အမှောင်ထုထဲသို့ ကျရောက်သွားတော့သည်။
အပြင်ဘက်ရှိ လူများကတော့ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အမြန်နှုန်းဖြင့် နဂါးကြီးကို တိုက်ခိုက်နေသည့် လူရိပ်သဏ္ဍာန်တစ်ခုကိုသာ မြင်လိုက်ရသည်။ ထိုလူရိပ်၏ တိုက်ခိုက်မှုကြောင့် နဂါးခေါင်းမှ အသားစများ ဖွာခနဲ လွင့်ထွက်လာပြီး မေးရိုးကြီး ကြေမွသွား၏။ ထို့နောက် ထိုပုံရိပ်က နဂါးပါးစပ်ထဲသို့ တိုးဝင်သွားသည်။ မေးရိုးမရှိတော့သည့် နဂါးကြီးခမျာ အော်ပင်မအော်နိုင်တော့ချေ။ ခဏအကြာတွင်တော့ နဂါးကြီး၏ ဝမ်းဗိုက်တစ်ခုလုံး ဧရာမမိုးပျံပူဖောင်းကြီးတစ်ခုလို ဖောင်းကားလာလေတော့သည်။
နောက်ဆုံးတွင်တော့ တဖြည်းဖြည်းဖောင်းကားလာသည့် နဂါးကြီး၏ ခန္ဓာကိုယ်ကြီးမှာ ပူဖောင်းတစ်လုံး ပေါက်ကွဲသလိုမျိုး အပိုင်းပိုင်းအစစ ကွဲထွက်သွားပြီး ဧရာမ ခေါင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။
End of Volume 12.