ယောက္ခမအများစုရဲ့ ထုံးစံအတိုင်းပါပဲ... လင်းဖန်ရင်းရဲ့ ပထမဆုံး အတွေးက ချွေးမဖြစ်သူ ထုန်ယောင်အပေါ် အပြစ်ပုံချဖို့ပါပဲ။ ဖုန်းပြောတိုင်း ဆေးသွားစစ်ဖို့ တဖွဖွ မှာနေတော့တာပေါ့။
အရင်က ကလေးကိစ္စ သိပ်မလောခဲ့ပေမယ့် အခုတော့ ထုန်ယောင်လည်း စိတ်ပူလာမိတယ်။ သူ့ရဲ့ ဒုတိယအကြိမ် ပြန်ရလိုက်တဲ့ ဘဝက မိခင်ဖြစ်ခွင့် ဆုံးရှုံးရခြင်းနဲ့များ လဲလိုက်ရတာလား ဆိုပြီး တွေးပူမိလာတယ်။
လက်ထပ်ပြီး တစ်နှစ်ကြာတဲ့အထိ ကလေးမရသေးတဲ့ ကိစ္စကို လင်းဖန်ရင်းတင် ပူပန်နေတာ မဟုတ်ပါဘူး။ ထုန်ယောင်ဟွေးလည်း စိတ်ပူနေတာပါပဲ။ ဖခင်ဖြစ်သူက မိခင်ဝမ်ယွန်းကို ဖွင့်ပြောလာတာကြောင့် သူတို့နှစ်ယောက် တိုင်ပင်ပြီး ထုန်ယောင်ကို ဆေးရုံခေါ်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဆေးရုံမှာ သတင်းအမှားတွေ ပြန့်သွားမှာစိုးတာကြောင့် ဝမ်ယွန်းက စုံစမ်းမှုတချို့ ပြုလုပ်ပြီး တခြားဆေးရုံက သားဖွားမီးယပ် အထူးကုကို ချိန်းဆိုလိုက်တယ်။ ပြီးမှ ထုန်ယောင်ကို ဖွင့်ပြောတယ်။
ထုန်ယောင် ငြင်းမှာစိုးတာကြောင့် ဝမ်ယွန်းက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။
"ယောင်ယောင်... သမီးနဲ့ ရှောင်ချန်က ငယ်ပါသေးတယ်။ တကယ်လို့ ပြဿနာရှိရင်တောင် စောစောစီးစီး သိရတာ ပိုကောင်းတာပေါ့။ အခုခေတ် ဆေးပညာတွေက တိုးတက်နေပြီ။ တကယ်လို့ ကျန်းမာရေးပြဿနာ ရှိနေရင်တောင် ကုသပျောက်ကင်းနိုင်ခြေ များပါတယ်။ ဒါကြောင့် အရင်ဆုံး သမီးကို စစ်ဆေးကြည့်ရအောင်။ သမီးကြောင့် မဟုတ်ရင် ရှောင်ချန်ကို ဆက်စစ်ကြတာပေါ့။ ဘယ်သူ့မှာပဲ ပြဿနာရှိရှိ ပူးပေါင်းဆောင်ရွက်ကြရမှာပဲလေ။ ပိုက်ဆံကိစ္စ ပူစရာမလိုပါဘူး။ အမေတို့ မိသားစုက တတ်နိုင်ပါတယ်"
မိဘတိုင်းက သားသမီး အိမ်ထောင်ကျရင် မြေးချီချင်ကြတာ ဓမ္မတာပါပဲ။ သူတို့က ထုန်ယောင်နဲ့ ဆစ်ချန်ကို ဖိအားပေးချင်တာ မဟုတ်ပေမယ့် ကျန်းမာရေးပြဿနာ ရှိခဲ့ရင် စောစောသိပြီး ကုသနိုင်အောင် အခုလို စီစဉ်ရခြင်း ဖြစ်တယ်။
ထုန်ယောင်ကိုယ်တိုင်လည်း ဒီကိစ္စအတွက် စိတ်သောကရောက်နေချိန်မို့ အမေဖြစ်သူက အထူးကုနဲ့ ချိန်းထားပြီးပြီ ဆိုတာနဲ့ ချက်ချင်းပဲ သဘောတူလိုက်တယ်။
"အမေ... စိတ်မပူပါနဲ့၊ သမီး ခေါင်းမာတဲ့သူ မဟုတ်ပါဘူး။ အထူးကုနဲ့ ချိန်းပြီးမှတော့ မနက်ဖြန် သွားကြတာပေါ့။ ဒါပေမဲ့ အာချန်ကိုတော့ မပြောသေးနဲ့ဦး။ တကယ်လို့ သမီးရဲ့ ပြဿနာဆိုရင် သမီး ကုသမှု ခံယူပါ့မယ်။ သူ့ပြဿနာဆိုရင်တော့ သူ ဘွဲ့လွန်စာမေးပွဲ ဖြေပြီးမှပဲ ပြောကြတာပေါ့"
ဒီခေတ်မှာ ဘွဲ့လွန်တက်ခွင့်ရဖို့ဆိုတာ တစ်နိုင်ငံလုံးမှာ နေရာထောင်ဂဏန်းလောက်ပဲ ရှိတာမို့ ပြိုင်ဆိုင်မှုက အတော်ပြင်းထန်လှတယ်။ ကံကောင်းရုံနဲ့ မရဘဲ တကယ့်အရည်အချင်း ရှိမှ ဖြစ်မှာပါ။ ဒါကြောင့် သူ့ရည်မှန်းချက်ကို လေးစားတဲ့အနေနဲ့ ထုန်ယောင်က ကိုယ့်ဆိုင်ဖွင့်တုန်းက သူ ဝိုင်းကူညီခဲ့သလိုပဲ သူ့ကို ပြန်ပြီး ပံ့ပိုးပေးချင်မိတယ်။
ဝမ်းနည်းစရာ ကောင်းတာက အရင်ဘဝတုန်းက ဆစ်ချန်ရဲ့ အကြောင်းကို သိပ်ဂရုမစိုက်ခဲ့မိတာကြောင့် သူ့မှာ ကလေးရှိမရှိ၊ ရှိရင် ဘယ်နှယောက် ရှိလဲ ဆိုတာကို ထုန်ယောင် လုံးဝ မသိခဲ့ရဘူး။
တကယ်လို့သာ သိခဲ့ရင် အခုလို စိတ်ပူနေရမှာ မဟုတ်ဘူး။
ဝမ်ယွန်းက သမီးဖြစ်သူကို ညင်ညင်သာသာပဲ နှစ်သိမ့်ပေးတယ်။
"အရမ်း လျှောက်မတွေးပါနဲ့... သမီး ပြဿနာ ဟုတ်ချင်မှ ဟုတ်မှာပါ။ တချို့စုံတွဲတွေက ကျန်းမာရေး ကောင်းပေမယ့် လက်ထပ်ပြီး နှစ်အတော်ကြာမှ ကလေးရတတ်ကြတာပဲ။ ဒါပေမဲ့ ဆေးစစ်လိုက်ရင်တော့ စိတ်အေးရတာပေါ့"
ထုန်ယောင်က ညည်းညူလိုက်တယ်။
"သမီးတစ်ယောက်တည်း စိတ်ပူနေတာ မဟုတ်ဘူး။ ယောက္ခမကလည်း မြေးလိုချင်ကြောင်း အရိပ်အမြွက် ပြောဖို့ မကြာခဏ ဖုန်းဆက်နေတာ။ အချိန်ကြာလာတော့ ရွာထဲမှာလည်း ကောလာဟလတွေ ထွက်နေပြီ ထင်ပါရဲ့"
ကျေးလက်ဒေသတွေမှာတော့ လက်ထပ်ပြီးတာနဲ့ ကလေးယူဖို့ ပြင်ဆင်ကြတာများတယ်။ တစ်နှစ်လောက်နေလို့ ကလေးမရသေးရင် လူနည်းစု ဖြစ်သွားပြီး ကျန်းမာရေး မကောင်းလို့ပါဆိုပြီး ပြောဆိုကြတော့တာပဲ။
ဒီလိုအခြေအနေမျိုးမှာ တချို့က ကလေးမွေးစားဖို့ ရွေးချယ်တတ်ကြတယ်။ ထူးဆန်းတာက မွေးစားပြီး မကြာခင်မှာပဲ ကိုယ်ဝန်ရလာတတ်ကြတာပါပဲ။
တကယ်လို့သာ သူတို့မှာ ကလေးမရနိုင်တဲ့ ပြဿနာ ရှိနေခဲ့ရင် လင်းဖန်ရင်းက ဒီနည်းလမ်းကို စဉ်းစားလာနိုင်တယ်။
ဝမ်ယွန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး -
"ဘဝဆိုတာ ကိုယ့်အတွက် ကိုယ် ရှင်သန်ရတာပါ... သူများတွေ ဝေဖန်ဖို့ မဟုတ်ပါဘူး။ နောက်တစ်ခါ ယောက္ခမ ဖုန်းဆက်ရင် အမေ့ဖုန်းနံပါတ် ပေးလိုက်၊ အမေပဲ ရှင်းလိုက်မယ်"
ဝမ်ယွန်းက သဘောမကောင်းတဲ့သူ မဟုတ်ပေမယ့် လင်းဖန်ရင်းက သူ့သမီးအပေါ် ဖိအားတွေ ပုံချနေတာကိုတော့ မနှစ်သက်ဘူး။ မိဘဆိုတာ နားလည်ပေးရမယ်လေ၊ သားသမီးကို ဖိအားတွေ ပေးမနေသင့်ဘူး။
ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ သူတို့လင်မယားက ကလေးမယူချင်လို့ ငြင်းနေကြတာမှ မဟုတ်တာ၊ မရသေးတာပဲ ရှိတာလေ။
"အမေက အကောင်းဆုံးပဲ" ထုန်ယောင် ရယ်မောလိုက်ပြီး ဝမ်ယွန်းရဲ့ လက်မောင်းကို ချွဲနွဲ့ကာ ဖက်လိုက်တယ်။ ကိုယ့်ဘက်က ရပ်တည်ပေးမယ့်သူ ရှိတယ်ဆိုတာ သိရတာ ခံစားချက် ကောင်းလှတယ်။
နောက်တစ်နေ့ မနက်မှာ ဆစ်ချန် အလုပ်သွားတာနဲ့ ထုန်ယောင်နဲ့ ဝမ်ယွန်း ဆေးရုံကို ထွက်လာခဲ့ကြတယ်။ နောက်တစ်နေ့မှ ရမယ့် အဖြေနှစ်ခုကလွဲရင် ကျန်တဲ့ စစ်ဆေးချက်တွေ အားလုံး ပုံမှန်ပါပဲ။ ထုန်ယောင်ရဲ့ ကျန်းမာရေးက အထူးကောင်းမွန်နေတယ်။
ဆရာဝန်ပြောတာကတော့ ထုန်ယောင် ကျန်းမာရေး ကောင်းမွန်ဖို့ ရာခိုင်နှုန်းများတယ်တဲ့။ တကယ်လို့ နောက်ရက် အဖြေတွေသာ ပုံမှန်ဖြစ်နေရင် ဆစ်ချန်ကို စစ်ဆေးဖို့ လိုအပ်လာပြီ။
စစ်ဆေးရေးခန်းထဲက ထွက်လာတော့ ဝမ်ယွန်း သက်ပြင်းချနိုင်သွားပေမယ့် ချက်ချင်းပဲ ဆစ်ချန်အတွက် စိတ်ပူသွားတယ်။
"သမီး ခန္ဓာကိုယ်မှာ ပြဿနာမရှိရင် ရှောင်ချန် စာမေးပွဲ ဖြေပြီးတာနဲ့ သူ့ကို လာစစ်ခိုင်းရမယ်"
"အဒေါ်... ဒီမှာ ဘာလာလုပ်တာလဲ"
အနောက်ဘက်ဆီက အံ့သြသံတစ်သံ ထွက်ပေါ်လာတယ်။
ထုန်ယောင် လှည့်ကြည့်လိုက်တော့ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ လင်းမန် သူတို့ဆီ ခပ်သုတ်သုတ် လျှောက်လာတာကို တွေ့လိုက်ရတယ်။ ဝမ်ယွန်းက အလိုက်သင့် ပြုံးပြလိုက်တယ်။
"အဒေါ် နေမကောင်းလို့ ယောင်ယောင်က လိုက်ပို့ပေးတာလေ။ တူမက ဒီမှာ အလုပ်လုပ်တာလား"
လင်းမန်က ထုန်ယောင်ကို တစ်ချက်ဝေ့ကြည့်ပြီး အံ့သြသလို လေံသံနဲ့ ပြောတယ်။
"ယောင်ယောင်က တစ်နေ့တစ်ခြား ပိုလှလာပါလား"
ထုန်ယောင်ကို နာမည်တပ်ခေါ်ပြီး ပြောလိုက်တဲ့ လေသံက လူကြီးက ကလေးကို ပြောသလိုလို၊ ရွယ်တူချင်း ပြောသလိုလိုနဲ့ ရိုသေမှု မရှိလှဘူး။ သူစိမ်းတွေသာ ကြားရင် လင်းမန်က ထုန်ယောင်ထက် အများကြီး ကြီးတယ်လို့ ထင်သွားနိုင်တယ်။
ဆစ်ချန်အတွက် စာရေးထားခဲ့သူက လင်းမန်မှန်း သိကတည်းက ထုန်ယောင် သူ့ကို ဘယ်လိုမှ ကြည့်မရတော့ဘူး။
"နောက်တစ်ခါ ငါ့ကို တွေ့ရင် အစ်မဝမ်းကွဲလို့ မခေါ်ချင်ရင် နှုတ်မဆက်နဲ့" ထုန်ယောင်က လင်းမန်ကို အနှောင့်အယှက် တစ်ခုလို သဘောထားပြီး ပြောလိုက်တယ်။
ဆေးရုံမှာ အဒေါ်နဲ့ ညီမဝမ်းကွဲကို တွေ့လို့ လာနှုတ်ဆက်ကာမှ ဒီလို ရန်လိုတဲ့ တုံ့ပြန်မှု ရလိုက်မယ်လို့ လင်းမန် မထင်ထားခဲ့ဘူး။ သူ မျက်မှောင်ကြုတ်လိုက်ပြီး -
"နင်က ငါ့ထက် လပိုင်းလောက်ပဲ ကြီးတာကို ဘာလို့ ဒီလောက် ပြဿနာရှာနေရတာလဲ"
ထုန်ယောင်က မဲ့ပြုံးပြုံးလိုက်တယ်။
"နင့်မိဘတွေကလည်း ငါ့ထက် မျိုးဆက်တစ်ခုပဲ ကြီးတာလေ။ နောက်တစ်ခါ တွေ့ရင် ငါ သူတို့နာမည်တပ်ပြီး ခေါ်ရမလား"
"ဘာလို့ ငါ့မိဘတွေကို ထည့်ပြောနေတာလဲ" လင်းမန် စိတ်ဆိုးသွားတယ်။ "ငါက သူတို့ကို လူကြီးတွေမို့လို့ လေးစားတာ။ ဒီအခြေအနေနှစ်ခုက နှိုင်းယှဉ်လို့မှ မရတာ"
အိမ်ခန်းကိစ္စနဲ့ သူတို့မိသားစုချင်း ရန်ဖြစ်ခဲ့ဖူးပေမယ့် သူ့မိဘတွေက အိမ်ခန်းကို ရောင်းပြီးပြီမို့ ဒီကိစ္စ ပြီးသွားပြီလေ။ ထုန်ယောင်ကသာ အငြိုးအတေး မပြေနိုင် ဖြစ်နေတာ။ ထုန်ယောင်သာ ဒီလို ဆက်ဆက်ဆံနေရင် သာမန်ကိစ္စလေးနဲ့ပဲ သူတို့ မိသားစုချင်း အဆက်ဖြတ်ရတော့မလို ဖြစ်နေပြီ။
ထုန်ယောင်က လှောင်သလို ပြန်ပြောလိုက်တယ်။
"ငါ လေးစားရင် သူတို့က လူကြီးတွေပဲ... ငါ မလေးစားရင် သူတို့က ဘာမှ မဟုတ်ဘူး"
"နင် တော်တော်လွန်နေပြီနော်" လင်းမန် ဒေါသတကြီး ပြောပြီး ဝမ်ယွန်းဘက် လှည့်ကာ တိုင်တောတော့တယ်။ "အဒေါ် ကြည့်ပါဦး... ယောင်ယောင်က အိမ်ထောင်ကျပြီးတာတောင် ရိုင်းတုန်းပဲ။ အဒေါ် သူ့ကို ဆုံးမသင့်တယ်နော်"
ဝမ်ယွန်းက လူကြီးချင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေကို လင်းမန်အပေါ် ပုံမချချင်ပေမယ့် လင်းမန်က သူ့သမီးကို မလေးမစား ပြောတာကျတော့ သည်းမခံနိုင်ဘူး။
"ယောင်ယောင် ပြောတာ မှန်တယ်။ တူမက အစ်မဝမ်းကွဲကို ရိုသေမှု မရှိရင် နောက်နောင် စကားလာမပြောနဲ့တော့" ဝမ်ယွန်းက ပြတ်ပြတ်သားသားပဲ ပြန်ပြောလိုက်တယ်။
အပိုင်း (၂၇၁) ပြီးဆုံး
***