အံ့သြစရာကောင်းတာက ပုံမှန်ဆို အကျိုးအကြောင်း သိတတ်တဲ့ ဝမ်ယွန်းတောင်မှ ဒီအချိန်မှာတော့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ဂရုမစိုက်တော့ပါဘူး။ ဒါကြောင့် လင်းမန် ဒေါသထွက်လွန်းလို့ မျက်နှာတောင် စိမ်းသွားတယ်။ သူ့စိတ်ထဲမှာတော့ ဝမ်းကွဲညီမ ထုန်ယောင်ကို အထင်သေးနေတုန်းပါပဲ၊ ဒါပေမဲ့ သူ့အမှားကိုတော့ ဝန်မခံချင်ဘူး။
ဒါပေမဲ့ ဒီနေရာက ဆေးရုံဖြစ်နေတော့ ပြဿနာ မဖြစ်ချင်တာနဲ့ပဲ "နင့်ကို စကားစ မပြောခဲ့သင့်ပါဘူးဟာ" လို့ ပြောပြီး လှည့်ထွက်သွားတော့တယ်။
ထုန်ယောင်က မဲ့ပြုံးပြုံးပြီး ဝမ်ယွန်းနဲ့အတူ ထွက်လာခဲ့တယ်။
လင်းမန် ဘာတွေးနေလဲဆိုတာ သူ မသိဘဲ နေပါ့မလား။ ထုန်မိသားစုနဲ့ ဆယ်နှစ်ကျော် အတူနေလာပေမယ့် လင်းမန်က ထုန်ယောင်ကို အမြဲ အထင်သေးတယ်။ ထုန်ယောင်က မောက်မာပြီး ဘာအရည်အချင်းမှ မရှိဘူးလို့ သူ ထင်တာ။ အဖေထုန်ယောင်ဟွေးရဲ့ မျက်နှာသာ မရှိရင် ထုန်ယောင်ကို လူတောင် လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း သူက ထုန်ယောင်ကို ညီမဝမ်းကွဲလို့ မခေါ်ဘဲ အမြဲတမ်း ဆရာကြီးလုပ်ပြီး ဆုံးမနေတတ်တာပေါ့။
ဆေးရုံက ထွက်လာတော့ ဝမ်ယွန်းက စိတ်ပူလာတယ်။
"ယောင်ယောင်... ဒီမှာ ခဏစောင့်၊ အမေ ဆရာဝန်ကို သွားပြောလိုက်မယ်။ သမီးရဲ့ ဆေးစစ်ချက် အဖြေတွေကို လျှို့ဝှက်ထားပေးဖို့နဲ့ ဘယ်သူ့ကိုမှ ထုတ်မပြောဖို့ သွားမှာလိုက်ဦးမယ်"
ထုန်ရှန်းချောင်က ထုန်ယောင်ကို အထင်သေးတတ်တဲ့သူ။ တကယ်လို့ ဒီကိစ္စကိုသာ သိသွားရင် ကွယ်ရာမှာ အတင်းပြောပြီး လှောင်ပြောင်ကြမှာ သေချာတယ်။
ထုန်ယောင်က ပြန်လှည့်သွားမယ့် ဝမ်ယွန်းကို တားလိုက်တယ်။
"အမေ... ဆေးရုံက လူနာအချက်အလက်ကို လျှို့ဝှက်ပေးထားမှာပါ။ သွားပြီး သတိပေးနေစရာ မလိုပါဘူး"
လင်းမန် သိသွားရင်တောင် ထုန်ယောင် ဂရုမစိုက်ပါဘူး။ လက်ထပ်ပြီး တစ်နှစ်ကြာတဲ့အထိ ကလေးမရသေးတာက အမှန်တရားပဲလေ။ သူများတွေ ဘယ်လိုထင်ထင် သူ ဂရုမစိုက်ဘူး။
"ဒါဆိုရင်လည်း ပြီးတာပါပဲ" ဝမ်ယွန်းက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်တယ်။ "အမေ့အမှားပါ... ကြိုပြီး မစုံစမ်းခဲ့မိဘူး။ မန်မန် ဒီမှာ အလုပ်လုပ်မှန်း သိရင် တခြားဆေးရုံ ခေါ်သွားပါတယ်... မနက်ဖြန် အဖြေလာယူရင် သမီး လိုက်မလာနဲ့တော့၊ အမေပဲ လာယူလိုက်မယ်"
ကျိုတိုမှာ ဆေးရုံတွေ အများကြီး ရှိပါလျက်နဲ့မှ လင်းမန် လုပ်တဲ့ ဆေးရုံမှာ လာတိုးရတယ်လို့။ ထုန်ရှန်းချောင်ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် ဒီကိစ္စသိတာနဲ့ ထုန်ယောင်ကို လှောင်ပြောင်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။
ထုန်ယောင်ကတော့ ပေါ့ပါးစွာနဲ့ပဲ ပြောလိုက်တယ်။
"ရပါတယ် အမေရဲ့... လက်ထပ်ပြီးတာ တစ်နှစ်နီးပါး ရှိပြီ၊ ကလေးမရသေးဘူး ဆိုတာ လူတိုင်း သိတာပဲ။ အာချန်နဲ့ သမီး ဒီကိစ္စကြောင့် ရန်မဖြစ်သရွေ့တော့ ဒါက ရှက်စရာမှ မဟုတ်တာ။ ကွယ်ရာမှာ သူများတွေ ဘာပြောပြော ဘာဂရုစိုက်စရာ လိုလဲ"
သမီးဖြစ်သူက တကယ်ပဲ ဂရုမစိုက်တာ မြင်တော့မှ ဝမ်ယွန်း စိတ်သက်သာရာ ရသွားတယ်။ သမီးကျန်းမာရေးလည်း ကောင်းတယ်၊ ဆစ်ချန်ကလည်း ကျန်းမာပုံရတယ်၊ ပြီးတော့ ဆေးကျောင်းသားလည်း ဖြစ်နေတော့ ပြဿနာကြီးကြီးမားမား မရှိလောက်ပါဘူး။ နှစ်ယောက်စလုံးက ငယ်ပါသေးတယ်၊ အရမ်း စိတ်ပူနေစရာ မလိုပါဘူးလေ။
ဝမ်ယွန်းကို အိမ်ပြန်ပို့ပြီးနောက် အချိန်စောသေးတာကြောင့် ထုန်ယောင် နို့လက်ဖက်ရည်ဆိုင်ကို တန်းသွားလိုက်တယ်။
နေ့လယ်ခင်းမို့ ဆိုင်မှာ လူပါးနေတယ်။ ကျိုးလေ (Zhou Lei) နဲ့ တိန့်ဝမ်ဝမ် (Deng Wenwen) တို့ ထိုင်ပြီး စကားပြော ရယ်မောနေကြတယ်။ ထုန်ယောင်ကို မြင်တော့ တိန့်ဝမ်ဝမ်က လှမ်းနှုတ်ဆက်တယ်။
ကျိုးလေနဲ့ ဆက်ဆံရေး အဆင်ပြေသွားကတည်းက ထုန်ယောင်အပေါ် ရန်လိုတာမျိုး မရှိတော့ဘူး။ သူ့ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံတွေလည်း ပြောင်းလဲလာတယ်။ ဆိုင်မှာ လူရှုပ်ရင် ဝင်ကူလုပ်ပေးတတ်တာမို့ ထုန်ယောင်က သူ့ကို နို့လက်ဖက်ရည် ဖရီးသောက်ခွင့် ပေးထားတယ်။
ကူဟုန်ဝေကတော့ ငွေရှင်းကောင်တာမှာ ထိုင်ပြီး စာအုပ်တစ်အုပ်ကို အာရုံစိုက် ဖတ်နေတယ်။ စိတ်ဝင်စားလွန်းလို့ ထုန်ယောင် ဝင်လာတာကိုတောင် သတိမထားမိဘူး။ သူ အားတဲ့အချိန်ဆိုရင် သူ့ဘာသာရပ်နဲ့ မဆိုင်တဲ့ မွေးမြူရေး စာအုပ်တွေကို ဖတ်နေတတ်တာ ထုန်ယောင် သတိထားမိတယ်။
ထုန်ယောင်လည်း လုပ်စရာ မရှိတာနဲ့ ခပ်ပေါ့ပေါ့ပဲ မေးလိုက်တယ်။
"နင် ဒီရက်ပိုင်း ဒီစာအုပ်တွေချည်း ဖတ်နေတာ... ဇာတိပြန်ပြီး မွေးမြူရေး လုပ်မလို့လား"
ကူဟုန်ဝေက စာအုပ်ထဲကနေ အာရုံပြန်ရောက်လာပြီး ခဏလောက် တွေဝေသွားတယ်။ ပြီးမှ လေးလေးနက်နက် ဖြေတယ်။
"ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက် ရှိတယ်"
ထုန်ယောင်က စနောက်သလို မေးလိုက်ပေမယ့် ကူဟုန်ဝေမှာ တကယ်ပဲ ဒီလို အကြံအစည်ရှိနေမှန်း သိလိုက်ရတော့ အံ့သြသွားတယ်။ အရင်ဘဝတုန်းက ကူဟုန်ဝေ ကြီးပွားလာတာက စည်သွပ်ဘူးလုပ်ငန်းနဲ့လေ။ ဘာလို့ အခု မွေးမြူရေး လုပ်ချင်နေရတာလဲ။
သူ့ကို စည်သွပ်ဘူးလုပ်ငန်းဘက် လှည့်အောင် လမ်းကြောင်းပေးလိုက်ရမလား။
ကူဟုန်ဝေရဲ့ အစီအစဉ်အသေးစိတ်ကို မသိရသေးတော့ ထုန်ယောင် တဲ့တိုးကြီး မပြောချင်ဘူး။ ဒါကြောင့် ပါးပါးနပ်နပ်ပဲ ထောက်ပြလိုက်တယ်။
"မွေးမြူရေးဆိုတာ အကြီးအကျယ် မလုပ်ရင် သိပ်အဓိပ္ပာယ် မရှိဘူး။ အရင်းအနှီးလည်း များတယ်၊ စွန့်စားရတာလည်း များတယ်။ တခြား လုပ်စရာတွေ အများကြီး ရှိတဲ့အထဲက ဘာလို့ မွေးမြူရေးကို စိတ်ဝင်စားတာလဲ"
ကူဟုန်ဝေက သူ့အကြံအစည်ကို အဆောင်က သူငယ်ချင်းတွေကို ပြောပြဖူးပေမယ့် သူတို့က ဝိုင်းဟားကြတယ်။ ရူးနေလားတဲ့။ တက္ကသိုလ်တက်တယ်ဆိုတာ တောင်ပေါ်ကနေ ထွက်ပြီး လူ့ဘောင်လောကထဲ ဝင်တိုးဖို့လေ။ အခုတော့ ရွာပြန်ပြီး ဝက်မွေး၊ ကြက်မွေး လုပ်မယ်ဆိုတော့ ဒီပညာတွေ သင်ထားတာ အလကား ဖြစ်ကုန်ပြီပေါ့။
သူငယ်ချင်းတွေ ဝိုင်းပြောကြတော့ သူတောင် ကိုယ့်အတွေးကိုယ် သံသယ ဝင်မိနေတာ။
အခုတော့ ထုန်ယောင်က လှောင်ပြောင်ခြင်း မရှိဘဲ သူ့အကြံအစည်ကို အလေးအနက်ထား ဆွေးနွေးပေးနေတယ်။ ကူဟုန်ဝေတစ်ယောက် ကိုယ်နဲ့ လှိုင်းနှုန်းတူတဲ့သူကို တွေ့လိုက်ရသလို ခံစားသွားရပြီး သူ့အကြံဉာဏ်တွေကို ဖွင့်ချပြတော့တယ်။
သူ စာအုပ်ကို ပိတ်လိုက်ပြီး လေးလေးနက်နက် သုံးသပ်ပြတယ်။
"မွေးမြူရေးက အရင်းအနှီးများပြီး အန္တရာယ်များတာ မှန်ပါတယ်။ ဒါပေမဲ့ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတစ်ခုလို့ ကျွန်တော် ယုံကြည်တယ်။ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးလာတာနဲ့အမျှ စားဝတ်နေရေး အဆင့်အတန်း မြင့်လာပြီး ဈေးကွက်မှာ အသားလိုအပ်ချက် များလာမယ်။ တာဝန်ယူမှုရှိရှိ လုပ်ကိုင်ရင် သေချာပေါက် အမြတ်ကျန်မှာပါ"
သူက ကြမ်းတမ်းစွာ ဆွဲထားတဲ့ မြေပုံတစ်ခုကို ထုတ်ပြပြီး တောင်ကုန်းတွေကို လက်ညှိုးထိုးပြတယ်။ သူ့မျက်လုံးတွေ အရောင်တောက်လာတယ်။
"ကျွန်တော်တို့ ရွာနောက်က တောင်ကုန်းတွေက စိုက်ပျိုးရေး လုပ်ဖို့ သင့်တော်တယ်။ အဲဒီမှာ ကြက်၊ ဘဲ၊ ငန်းတွေ မွေးလို့ရသလို သစ်သီးပင်တွေလည်း စိုက်လို့ရတယ်။ တိရစ္ဆာန်အညစ်အကြေးတွေကို သဘာဝမြေဩဇာ အဖြစ် သုံးမယ်။ ဒီက သစ်သီးတွေကို ကျွန်တော် စားဖူးတယ်၊ ကျွန်တော်တို့ ရွာကထွက်တာလောက် အရသာ မရှိဘူး။ တကယ်လို့ သစ်သီးတွေ မရောင်းရရင်တောင် စည်သွပ်ဘူး လုပ်ပြီး ရောင်းလို့ရတယ်။ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ လုပ်ရဲရင် သေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်တယ်"
"နိုင်ငံတော်ကလည်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းငယ်တွေကို ပံ့ပိုးပေးနေတယ်။ လုပ်ငန်းစဖို့ ချေးငွေ လျှောက်လို့ရတယ်။ ဒါကြောင့် ကျောင်းပြီးရင် စိုက်ပျိုးမွေးမြူရေး လုပ်ဖို့ စဉ်းစားထားတာပါ"
မွေးမြူရေး လမ်းကြောင်းကို ရွေးချယ်တာက သူ့အတန်းဖော်တွေရော၊ သူ့အဖေကပါ နားလည်ပေးမှာ မဟုတ်ဘူးဆိုတာ ကူဟုန်ဝေ သိပါတယ်။ သူ့မှာ ရွေးချယ်စရာတွေ ရှိသားပဲ။ နိုင်ငံတော်က ချပေးတဲ့ အလုပ်ကို ယူပြီး "သံမဏိထမင်းပန်းကန်" (အလုပ်အကိုင် ခိုင်မြဲမှု) ကို ဖက်တွယ်ကာ သာမန်ဘဝနဲ့ ဖြတ်သန်းသွားလို့ ရပါတယ်။ ဒါပေမဲ့ အဲဒါက သူ လိုချင်တဲ့ ဘဝ မဟုတ်ဘူး။
သူ့မှာသာ စွမ်းဆောင်နိုင်ရည် ရှိရင် ရွာတစ်ရွာလုံးကို ဦးဆောင်ပြီး ကြီးပွားချမ်းသာအောင် လုပ်ပေးချင်တယ်။
ဒါပေမဲ့ မအောင်မြင်ခင်မှာ ထုတ်ပြောရင် လူတွေက လှောင်ကြမှာမို့ သူ မျိုသိပ်ထားခဲ့တာ။
ဒါကို ကြားတော့မှ ထုန်ယောင် သဘောပေါက်သွားတယ်။ ဪ... ဒီလိုနဲ့ သူ ကြီးပွားသွားတာကိုး။ ထုန်ယောင် မျက်လုံးတွေ အရောင်တောက်သွားပြီး ခေါင်းငြိမ့်လိုက်တယ်။
"အကြံကောင်းပဲ... ဆက်လုပ်ပါ၊ ငါ နင့်ကို ထောက်ခံတယ်"
"ယောင်ယောင်... နင်ကပါ သူ့ကို ထောက်ခံနေတာလား" ဘေးက နားထောင်နေတဲ့ ကျိုးလေက အံ့သြသွားတယ်။ "ဟုန်ဝေရဲ့ အရည်အချင်းနဲ့ဆိုရင် အနာဂတ်မှာ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ဘာကိစ္စ တောပြန်ပြီး တောင်သူကြီး သွားလုပ်မှာလဲ။ နောင်တရရင် ပြန်လှည့်လို့ မရဘူးနော်"
ကြွေးမြီတွေနဲ့ လူ့လောကထဲ ဝင်တိုးရမှာ... တကယ်လို့ ကျရှုံးသွားရင် ဘာနဲ့ ပြန်ဆပ်မှာလဲ။
ကျိုးလေကတော့ ကူဟုန်ဝေ နောင်တရမှာကို မလိုလားဘူး။ သူ့အမြင်မှာတော့ ဒါက လမ်းမှားကို ရွေးနေတာပဲ။
မွေးမြူရေး ဆိုတာ ပြောတော့သာ အမြတ်များတာ၊ တကယ်တမ်း လုပ်ရတာ ဘယ်လောက်ခက်ခဲလဲ ဆိုတာ လုပ်ဖူးတဲ့သူမှ သိတာ။ သူ့အိမ်မှာ ဝက်နှစ်ကောင် မွေးတာတောင် မနိုင်မနင်း ဖြစ်နေတာ။ ဝက် အခိုးခံရမှာ ကြောက်ရ၊ ဖျားမှာ ကြောက်ရနဲ့။ တစ်နှစ်ပတ်လုံး ဖင်ပိတ်အောင် လုပ်ရပေမယ့် ပိုက်ဆံက ဘာမှ မရဘူး၊ လူသာ ပင်ပန်းတာ အဖတ်တင်တယ်။
"ငယ်တုန်းမှာ စွန့်စားရမယ်လေ" ကူဟုန်ဝေက ပြတ်သားတဲ့ မျက်လုံးတွေနဲ့ ပြောတယ်။ လက်ရှိ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန်အရ မွေးမြူရေးက ကြီးပွားဖို့ အခွင့်အလမ်းကောင်း တစ်ခုပဲလို့ သူ မြင်တယ်။ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူ ကြိုးစားကြည့်ချင်တယ်။
"နင်ကတော့လေ... ဟင်း..."
သူ့ကို ဆွဲဆောင်လို့ မရမှန်း သိတော့ ကျိုးလေ သက်ပြင်းသာ ချလိုက်နိုင်တယ်။ ဘွဲ့ရဖို့ အချိန်လိုပါသေးတယ်လေ။ အဲဒီအချိန်ကျရင် ကူဟုန်ဝေ စိတ်ပြောင်းသွားမလား ကြည့်ရသေးတာပေါ့။
ထုန်ယောင်ရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးရေးရေး ပေါ်လာတယ်။ အပေါ်ယံမှာ တည်ငြိမ်နေပေမယ့် သူ့စိတ်ထဲမှာတော့ လှုပ်ခတ်နေတယ်။ ကြည့်ရတာ အောင်မြင်တဲ့သူ တိုင်းမှာ ပါရမီရှင် ဦးနှောက်တစ်ခုတော့ ရှိကြစမြဲပဲ။ ကံတရား သက်သက်ကိုပဲ အားကိုးတာ မဟုတ်ဘဲ အခြေအနေကို သုံးသပ်နိုင်စွမ်း ရှိကြတာကိုး။
အပိုင်း (၂၇၂) ပြီးဆုံး
***