ထုန်ယောင်ဟွေးရဲ့ စိတ်ထဲမှာ လှုပ်ခတ်သွားပြီး သမီးဖြစ်သူရဲ့ စကားကို စိတ်ဝင်စားသွားတယ်။
"မြေဝယ်ပြီး ကိုယ့်ဘာသာ အိမ်ဆောက်မယ် ဟုတ်လား"
သူ့သမီးကို အထင်သေးတာတော့ မဟုတ်ပေမယ့် လက်တွေ့ကျတဲ့ ဒီလိုကိစ္စမျိုးတွေကို သူ့သမီးနဲ့ တလေးတနက် မဆွေးနွေးဖူးခဲ့တာတော့ အမှန်ပဲ။ ထုန်ယောင်ဟွေးရဲ့ မျက်လုံးထဲမှာ ထုန်ယောင်ဟာ မရင့်ကျက်သေးတဲ့ ကလေးလေး တစ်ယောက်ပါပဲ။ သမီးဖြစ်သူမှာ ဒီလောက် အမြော်အမြင်နဲ့ တွေးခေါ်နိုင်စွမ်း ရှိနေတာကို သူ အံ့သြမိတယ်။
သူ့ဉာဏ်ကို ဆက်ခံထားလို့လား၊ ဒါမှမဟုတ် ဆစ်ချန်ကပဲ သင်ပေးထားတာလား ဆိုတာ သူ မဝေခွဲတတ်ဘူး။
ဒါကြောင့် သူ မေးလိုက်တယ်။
"ယောင်ယောင်... ဒါ သမီး ကိုယ်ပိုင်အတွေးလား၊ ရှောင်ချန် သင်ပေးလိုက်တာလား"
"သမီးအတွေးပါ အဖေ" ထုန်ယောင်က စီးပွားရေးလုပ်ငန်းရှင်မ တစ်ယောက်လို လေးလေးနက်နက် သုံးသပ်ပြတယ်။ "တိုင်းပြည်ရဲ့ စီးပွားရေးက အရှိန်အဟုန်နဲ့ တက်နေတာ။ သမီးထင်တာတော့ အခုအချိန်က အကောင်းဆုံး အချိန်ပဲ။ လူတွေရဲ့ နေထိုင်မှုအဆင့်အတန်း မြင့်လာတာနဲ့အမျှ အိမ်ရာကိစ္စကို ဖြေရှင်းချင်ကြမှာ သဘာဝပဲလေ။ လောလောဆယ် လူအများစုက အိမ်ကျဉ်းကျဉ်းလေးတွေထဲမှာ ပြွတ်သိပ်နေနေရတာ ရေရှည်အဆင်မပြေဘူး။ လူတိုင်း ပိုက်ဆံရှိလာတာနဲ့ ပထမဆုံး စဉ်းစားမှာက နေစရာကိစ္စပဲ။ အဲဒီကျရင် အိမ်ဈေးတွေက သဘာဝကျကျ ထိုးတက်လာမှာပဲ"
"လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ ယှဉ်ရင် ကျိုတိုရဲ့ မြို့လယ်ခေါင် ဧရိယာက ပိုကျယ်လာတယ် မဟုတ်လား။ အခုလည်း မြို့လယ်ခေါင်က အပြင်ဘက်ကို ဆက်ပြီး ချဲ့ထွင်နေတုန်းပဲ။ ရှင်းတာလမ်းဘက်ကို နောက် ၅ နှစ်၊ ၆ နှစ်နေမှ ရောက်မယ်ဆိုတာ နှေးလွန်းပါတယ်။ သမီးထင်တာတော့ ၂ နှစ်၊ ၃ နှစ်လောက်ဆို ရောက်သွားမှာ။ အခုအချိန်က မြေဝယ်ပြီး အိမ်ဆောက်ဖို့ အခွင့်ကောင်းပဲ အဖေ"
သမီးဖြစ်သူရဲ့ ကိုယ်ပိုင်အတွေးမှန်း သိလိုက်ရတော့ ထုန်ယောင်ဟွေးရဲ့ မျက်လုံးတွေ အရောင်တောက်လာပြီး စိတ်ကြည်နူးသွားတယ်။
"ဒါဆို ဆောက်ပြီးရင် ကိုယ်တိုင်နေဖို့လား၊ တခြားတစ်ခုခု လုပ်မလို့လား"
"အငှားတင်မှာ" ထုန်ယောင်က ပြတ်ပြတ်သားသား ဖြေတယ်။ "ပထမထပ်နဲ့ ဒုတိယထပ်ကို ဂိုဒေါင်အဖြစ် ငှားမယ်၊ တတိယထပ်နဲ့ စတုတ္ထထပ်ကို လူနေခန်းအဖြစ် ငှားမယ်။ အလုပ်လုပ်ဖို့ လူငယ်တွေ ပိုများလာသလို နောင်ကျရင် ကျိုတိုမှာ ရွှေ့ပြောင်းလုပ်သားတွေ အများကြီး ရောက်လာတော့မှာ။ သမီးတို့ တတ်နိုင်သလောက် မြေဝယ်ထားသင့်တယ်လို့ ထင်တယ်။ နို့လက်ဖက်ရည်ဆိုင် နှစ်ဆိုင်က တစ်နှစ်ကို ယွမ် ၃ သောင်းလောက် ဝင်တယ်။ ၂ နှစ်၊ ၃ နှစ်လောက်ဆို အိမ်ဆောက်ဖို့ လောက်ပါပြီ။ အရေးကြီးတာက မြေပိုင်ဆိုင်မှု ရထားဖို့ပဲ"
မြေပိုင်ဆိုင်ခွင့် ရထားသရွေ့ စီးပွားဖြစ် အဆောက်အဦး ဆောက်ဆောက်၊ နောင်ကျရင် ဖျက်သိမ်းပြီး လျော်ကြေးပဲယူယူ ဘယ်လိုမှ မရှုံးနိုင်ဘူး။ ဒါက သေချာပေါက် အမြတ်ထွက်မယ့် ကိစ္စပဲ။
ဒါပေမဲ့ ဒါတွေအားလုံး ဖြစ်လာဖို့ ထုန်ယောင်ဟွေးရဲ့ ပံ့ပိုးမှု လိုအပ်တယ်။ သူ့အကူအညီ မပါဘဲနဲ့တော့ ယွမ် ၃ သောင်းလောက်နဲ့ ရှင်းတာလမ်းမှာ မြေဝယ်လို့ မရနိုင်ဘူး။ နေရာက မြို့လယ်နဲ့ နီးလွန်းတော့ မြေဈေးက ခေါင်ခိုက်နေပြီလေ။ အမြော်အမြင်ရှိတဲ့ သူတိုင်းက မရောင်းချင်ကြဘူး၊ ရောင်းရင်လည်း ဈေးကြီးကြီး တောင်းကြမှာ။
ထုန်ယောင်ရဲ့ စကားကို ကြားပြီးနောက် ထုန်ယောင်ဟွေးက မျက်နှာထား တင်းထားဆဲ ဖြစ်ပေမယ့် ရင်ထဲမှာတော့ ကလေးတစ်ယောက်လို ပျော်ရွှင်နေမိတယ်။ သူ့မျက်ဝန်းထောင့်က အပြုံးရိပ်တွေက သူ့ရဲ့ ပီတိကို ဖော်ပြနေတယ်။
ဒါကိုမြင်တော့ ထုန်ယောင် ပြုံးဖြဲဖြဲနဲ့ ပြောလိုက်တယ်။
"အဖေ... ဒါက သမီးရဲ့ အတွေးပါ။ အကြံဉာဏ် ဘယ်လောက်ကောင်းကောင်း အဖေ မကူညီရင် သမီးက သဲသောင်ပြင်လိုပဲ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"
ထုန်ယောင်ရဲ့ မြှောက်ပင့်စကားက ထိရောက်သွားတယ်။ ထုန်ယောင်ဟွေး မျက်နှာပိုး မသတ်နိုင်တော့ဘဲ ရယ်မောလိုက်တော့တယ်။
"ငါ့သမီးက ဒီလောက် အမြော်အမြင်နဲ့ သတ္တိရှိနေမှတော့ ငါက မကူညီရင် အမြော်အမြင် မရှိတဲ့ လူကြီး ဖြစ်သွားမှာပေါ့"
ထုန်ယောင် မျက်လုံးတွေ အရောင်တောက်သွားတယ်။ "အဖေ သဘောတူတယ်ပေါ့"
ထုန်ယောင်ဟွေးက မူနေသေးတယ်။ "သမီးက ဆေးရုံမှာ ကျန်းမာရေး သေချာစစ်ဖို့ပဲ လိုတာ။ ကျန်တာတွေ ပူစရာမလိုဘူး"
ဒီစကားကို ကြားတော့ ထုန်ယောင် ဝမ်းသာအားရ ပြုံးလိုက်တယ်။ အဖေ့ရဲ့ စွမ်းဆောင်ရည်ကို သူ သံသယ မရှိပါဘူး။ စက်ရုံမှူးအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းလာတဲ့ ဝါရင့်တစ်ယောက်က သေချာပေါက် အစွမ်းအစ ရှိမှာပါ။ မြေဝယ်မယ့်ကိစ္စ သူ စိတ်ပူစရာ မလိုတော့ဘူး။ အဖေက သူ့ထက်တောင် နေရာရွေး တော်ဦးမှာ။
မြေဝယ်ဖို့ ဆုံးဖြတ်ပြီးကြပြီဆိုတော့ အလောတကြီး မလုပ်ဘဲ သေချာ လေ့လာရဦးမယ်။ ထုန်ယောင်ဟွေးက ထုန်ယောင်ကို စာကြည့်ခန်းထဲက မောင်းထုတ်ပြီး မနက်ခင်းတစ်ခုလုံး ကျိုတိုမြေပုံကို ထိုင်ကြည့်နေတော့တယ်။
နေ့လယ်စာ စားပြီးမှ ထုန်ယောင် အိမ်ပြန်လာခဲ့တယ်။ သူ့ရဲ့ ဆေးစစ်ချက် အဖြေက ကျန်းမာရေး ကောင်းမွန်ကြောင်း ပြနေတယ်။ ခန္ဓာကိုယ် အခြေအနေ အားလုံး ပုံမှန်ပဲ။
ဆစ်ချန်သာ ဒီဆေးစစ်ချက်ကို မြင်သွားရင် လျှောက်တွေးနေမှာစိုးတာကြောင့် အိမ်ရာဝင်းထဲက ထွက်တာနဲ့ ထုန်ယောင်က အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တယ်။ ဆစ်ချန်က ဘွဲ့လွန်စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ အရေးကြီးကာလမို့ ဒီကိစ္စတွေနဲ့ သူ့စာတွေကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။
နောက်ရက်တွေမှာ ထုန်ယောင် ဆိုင်မှာပဲ အလုပ်ရှုပ်နေတယ်။ ထုန်ယောင်ဟွေးကတော့ မြေကြည့်ဖို့ လျှောက်သွားနေတော့တယ်။ နေ့တိုင်း အိမ်ပြန် နောက်ကျပြီး မနားမနေပါပဲ။ အငြိမ်းစားယူပြီးကတည်းက လူပိုကြီးလို ဖြစ်နေတာ၊ အခု လုပ်စရာ တွေ့သွားတော့ အားအင်တွေ ပြည့်နေသလိုပဲ။
အရင်ကဆို သူ ဖုန်းဆက်လေ့ မရှိပေမယ့် အခုတော့ မြေကြည့်ပြီး ပြန်လာတိုင်း ထုန်ယောင်ကို ဖုန်းဆက်ပြီး နေ့တိုင်း နာရီဝက်လောက် စကားပြောနေတော့တယ်။ သားအဖ ဆက်ဆံရေး သိသိသာသာ ကောင်းမွန်လာတာမို့ ဝမ်ယွန်းတောင် မနာလို ဖြစ်ရတယ်။
နောက်ဆုံးတော့ ဇွန်လကုန်မှာ မြေဝယ်ဖို့ ကိစ္စ အဆင်ပြေသွားတယ်။ ထုန်ယောင်ဟွေးက ယွမ် ၁ သိန်း ၅ သောင်း ၈ ထောင် (158,000) နဲ့ မြေကွက်ကြီး နှစ်ကွက်ကို ဝယ်လိုက်တယ်။ သူ့ရဲ့ လက်ရဲဇက်ရဲနိုင်မှုကြောင့် ထုန်ယောင်တောင် လန့်သွားတယ်။ အဆောက်အဦး ဆောက်ဖို့တင် မကဘဲ ကားပါကင်အတွက်ပါ မြေကွက်ရလိုက်တယ်။
ကံကောင်းတာက ဒါ သူတို့ရဲ့ စုဆောင်းငွေ အကုန်ပါပဲ။ မဟုတ်ရင် ထုန်ယောင်ဟွေးရဲ့ စရိုက်နဲ့ဆို တစ်ရပ်ကွက်လုံး သိမ်းကျုံးဝယ်ပစ်မလား မသိဘူး။
မြေကိစ္စ ပြီးသွားတော့ ထုန်ယောင် ရင်ထဲက အလေးတုံးကြီး လျော့သွားသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုကို ကြာကြာ မခံစားလိုက်ရပါဘူး။ ဘယ်လိုဖြစ်ပြီး ပေါက်ကြားသွားလဲ မသိ၊ ဆစ်ချန် စာမေးပွဲဖြေဖို့ စာကျက်နေတဲ့အကြောင်း အိမ်ရာဝင်းထဲက လူတွေ သိကုန်ကြတယ်။ အတင်းအဖျင်း ပြောသံတွေ ထုန်ယောင် နားထဲ ရောက်လာတယ်။
ထုန်ယောင်ကတော့ အေးစက်စက် ပြုံးပြီး လစ်လျူရှုထားလိုက်တယ်။ ခဏလောက် ပြောပြီးရင် ပြီးသွားမှာပါလေလို့ တွေးထားတာ။ ဒါပေမဲ့ မရပ်သွားတဲ့အပြင် ပိုတောင် ဆိုးလာတယ်။
တစ်နေ့မှာ ထုန်ယောင်ဟွေးနဲ့ ဇနီးသည်တို့ သမီးဆီ လာလည်ကြတော့ အောက်ထပ်မှာ အတင်းပြောနေတဲ့ အမျိုးသမီး တစ်သိုက်နဲ့ တိုးတော့တာပဲ။ သူတို့က ထုန်ယောင်ဟွေးတို့ကို မသိတော့ အားရပါးရ ပြောနေကြတယ်။
"တစ်နိုင်ငံလုံးမှာမှ လူ ၃၊ ၄ ထောင်လောက်ပဲ ရွေးတာဟဲ့။ အိမ်မှာနေပြီး ၂၄ နာရီလုံး စာကျက်နေတဲ့ သူတွေတောင် မပါချင်ဘူး။ ဒေါက်တာဆစ်က အလုပ်တစ်ဖက်နဲ့ စာမေးပွဲ ဖြေမယ်ဆိုတော့ နည်းနည်း ယုံကြည်မှု လွန်ကဲမနေဘူးလား"
"တောကလာတဲ့သူဆိုတော့ စာကြိုးစားပြီး ကိုယ့်အဆင့်ကိုယ် မမြှင့်ရင် ဘာအနာဂတ် ရှိမှာလဲ။ တို့ဆေးရုံက တောက ဆေးခန်းလေးမှ မဟုတ်တာ၊ တော်တဲ့ ဆရာဝန်တွေ အများကြီးပဲ"
"ထုန်ယောင် မိဘတွေက တော်တော် အရှိန်အဝါ ကြီးတယ်ဆို၊ ဘာလို့ ဒေါက်တာဆစ်ကို စက်ရုံမှူး နေရာ မပေးဘဲ ဆရာဝန် လုပ်ခိုင်းထားရတာလဲ"
"ငါ့အဖေက သန်းကြွယ်သူဌေးလို့ ငါပြောရင်ရော နင်တို့ ယုံကြမလား"
သူတို့စကားတွေကို ကြားတော့ ထုန်ယောင်ဟွေး မျက်နှာ မည်းမှောင်သွားတယ်။ အိမ်ရာဝင်း ပတ်ဝန်းကျင်က ဒီလောက် ဆိုးရွားလိမ့်မယ်လို့ သူ မထင်ထားဘူး။ သူများတွေက ဆစ်ချန်ရဲ့ နောက်ခံကို အထင်သေးနေကြတာကိုး။ ကြည့်ရတာ သူ့သမက်နဲ့ သမီး ဒီမှာ နေရတာ တော်တော် စိတ်ဆင်းရဲစရာ ကောင်းပုံရတယ်။
ထုန်ယောင်ဟွေးက စိတ်တိုတတ်မှန်း သိတာကြောင့် ပြဿနာဖြစ်ပြီး ဆစ်ချန်ကို ထိခိုက်မှာစိုးလို့ ဝမ်ယွန်းက အမြန်ပဲ ဝင်တားရတယ်။ ထုန်ယောင်ဟွေးက နှာမှုတ်ပြီး လှည့်ထွက်သွားတော့ ဝမ်ယွန်းက သူ့ကို အပေါ်ထပ် ဆွဲခေါ်သွားရတယ်။
"ယောင်ဟွေး... လာပါ" ဝမ်ယွန်းက အနောက်ကနေ ကပ်လိုက်သွားတယ်။
"သူတို့က ဘယ်သူတွေလဲ" နောက်ဆုံးတော့ တစ်ယောက်က ထုန်ယောင်ဟွေးတို့ကို သတိထားမိသွားတယ်။
"မသိပါဘူး... တစ်အိမ်အိမ်က ဆွေမျိုးတွေ နေမှာပေါ့"
စကားပြောကောင်းနေကြတာနဲ့ သူတို့အားလုံး ထုန်ယောင်ဟွေးတို့ကို အာရုံမစိုက်မိလိုက်ကြဘူး။
ပူပြင်းတဲ့ နွေရာသီမို့ အိမ်ထဲမှာထက် အိမ်ရှေ့သစ်ပင်အောက်က ပိုအေးတယ်။ ဒီအမျိုးသမီးတွေက ထမင်းစားချိန် မရောက်မချင်း အပေါ်မတက်ကြဘဲ ကလေးထိန်းရင်း၊ အတင်းပြောရင်း အချိန်ကုန်နေကြတာ။ ခေါင်းစဉ်ကတော့ ထုန်ယောင်နဲ့ ဆစ်ချန် အကြောင်းကလွဲပြီး တခြား မရှိပါဘူး။
အပိုင်း (၂၇၄) ပြီးဆုံး
***