ပါမောက္ခချူ (Professor Qu) ကိုယ်တိုင် ခေါ်ယူခန့်အပ်ထားတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် ဆစ်ချန်ရဲ့ နောက်ခံက ဝေးလံခေါင်ဖျားတဲ့ တောနယ်က ဖြစ်နေတယ်။ ဒါကြောင့် ပါမောက္ခချူရဲ့ ဆုံးဖြတ်ချက်ကို လူအများက နားမလည်နိုင်ကြဘူး။ ကျိုတိုမှာ တော်တဲ့ ဆရာဝန်တွေ အများကြီး ရှိပါလျက်နဲ့ ဘာလို့ ဆစ်ချန်ကိုမှ ဒီလောက် မျက်နှာသာပေးရတာလဲ ဆိုပြီး ကွယ်ရာမှာ မနာလို ဖြစ်နေကြတာပေါ့။
ဆစ်ချန်နဲ့ ထုန်ယောင်တို့က ကိုယ့်အေးဆေးကိုယ် နေတတ်ပြီး ကြွားဝါလေ့ မရှိပေမယ့် သူတို့ရဲ့ ရုပ်ရည်တွေကတော့ ထင်းနေတာပဲ။ ဒီလို ချောမောလှပတဲ့ စုံတွဲမျိုးက ရှားပါးတော့ သူတို့ ဘာလုပ်လုပ် လူတွေရဲ့ မျက်စိထဲမှာ ကြွားဝါနေသလို ဖြစ်နေတတ်တယ်။
ဆစ်ချန်မှာလည်း ကြီးကျယ်တဲ့ နောက်ခံ မရှိ၊ ထုန်ယောင်ရဲ့ အလုပ်ကလည်း ဂုဏ်ရှိတဲ့ အလုပ် မဟုတ်ပြန်တော့ သူတို့အကြောင်း ပြောရတာ ဘယ်သူ့ကိုမှ ထိခိုက်စရာ မရှိဘူးလေ။ ဒါကြောင့် သူတို့အကြောင်း အတင်းပြောကြတာ ပိုပြီး မြိုင်ဆိုင်တာပေါ့။
ထုန်ယောင်ရဲ့ ဘေးခန်းမှာ နေပြီး ပိုရင်းနှီးတဲ့ လျိုချင်းကတော့ အတွင်းသိအစင်းသိပေါ့။ ထုန်ယောင် အိမ်အတွက် ဘာပစ္စည်းဖြည့်လဲ ဆိုတာကအစ လိုက်ပြောတတ်တယ်။ ကျန်တဲ့သူတွေကလည်း လျိုချင်း ပြောသမျှကို စိတ်ဝင်တစား နားထောင်ကြတယ်။
လျိုချင်းက လူတွေရဲ့ အာရုံစိုက်မှုကို သဘောကျပြီး သူ့ရဲ့ လေပေါတတ်တဲ့ အကျင့်ကို မထိန်းချုပ်နိုင်တော့ဘူး။
"ငါ ပြောပြမယ်... သူတို့လစာက နည်းပေမယ့် ထုန်ယောင်က သုံးချင်တိုင်း သုံးနေတာ။ အိမ်အတွက် လိုချင်တာ အကုန်ဝယ်တယ်၊ နေ့တိုင်း ငါးတို့၊ အသားတို့ စားတယ်၊ အဝတ်အစားဆိုလည်း ထပ်မဝတ်ဘူး။ အကုန်လုံးက အကောင်းစားတွေချည်းပဲ။ လစာကို ရေလို သုံးနေကြတာ"
အရိုးအထူးကု ဆရာဝန် ဒေါက်တာကျောက်ရဲ့ ဇနီးက အရိပ်အမြွက် ပြောလာတယ်။
"ကြားတာတော့ တို့ဆေးရုံက ဆရာဝန်တစ်ယောက်က လူနာရှင်ဆီက စာအိတ်နီ (လာဘ်ငွေ) လက်ခံတယ်ဆိုလားပဲ။ ဆေးရုံက စုံစမ်းနေတယ်တဲ့"
လျိုချင်းက ချက်ချင်းပဲ ငြင်းတယ်။
"အဲဒါတော့ ငါမသိဘူး။ ငါက ထုန်ယောင်တို့ ဇိမ်ကျကျ နေတတ်တဲ့အကြောင်းပဲ ပြောတာ၊ ကျန်တာ မပြောဘူးနော်"
အတင်းပြောတာက ကိစ္စမရှိပေမယ့် ကျင့်ဝတ်နဲ့ဆိုင်တဲ့ ကိစ္စကျတော့ သူ မပြောရဲဘူး။ တော်ကြာ တစ်ခုခု ဖြစ်လာရင် သူက စပြောပါတယ် ဆိုပြီး စစ်ဆေးခံနေရမှာ။ မဟုတ်မှန်း သိသွားရင် ဘယ်သူက တာဝန်ယူမှာလဲ။
"ဟယ်... ကြောက်နေလိုက်တာ။ တို့တွေက ဒီအတိုင်း လျှောက်ပြောနေကြတာပဲလေ၊ ဘယ်သူက သွားတိုင်မှာလဲ" ဒေါက်တာကျောက်ရဲ့ ဇနီးက ပါးစပ်အုပ်ပြီး ရယ်မောလိုက်တယ်။
"ဘာကြောက်စရာ ရှိလို့လဲ။ ငါက ဘာမှ မပြောပါဘူး၊ သူတို့ နေတတ်ထိုင်တတ်တယ် ဆိုတဲ့အကြောင်းပဲ ပြောတာပါ" လျိုချင်းက အရူးမဟုတ်ပါဘူး၊ အခြေအနေကို သဘောပေါက်ပါတယ်။ အပေါ်ယံမှာ ညီအစ်မတွေလို ခင်ပြနေပေမယ့် ကွယ်ရာမှာ ဘာပြောမယ်မှန်း ဘယ်သူ သိမှာလဲ။
ဒီလိုလူတွေနဲ့ ပေါင်းသင်းရင် သတိထားရမယ်၊ မဟုတ်ရင် ကိုယ်ဘယ်လို ခံလိုက်ရမှန်းတောင် သိမှာ မဟုတ်ဘူး။
"ဟော... ဟိုနှစ်ယောက် ပြန်လာကြပြီ"
သားဖွားမီးယပ်ဌာနမှူးရဲ့ ဇနီးက အိမ်ရာဝင်းထဲ ဝင်လာတဲ့ လူနှစ်ယောက်ကို တွေ့ပြီး လှမ်းပြောလိုက်တယ်။
"ဘယ်သူတွေလဲ" ဒေါက်တာကျောက်ရဲ့ ဇနီးက စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။ ခုနက လက်ဗလာနဲ့ ပြန်သွားတဲ့ ထုန်ယောင်ဟွေးနဲ့ ဝမ်ယွန်းတို့က အခုတော့ ပစ္စည်းဘူးအကြီးကြီး သယ်လာတာကို မြင်လိုက်ရလို့ပါ။
သူတို့ နီးလာမှ အမျိုးသမီးတစ်သိုက် အံ့သြမှင်သက်သွားကြတယ်။ ထုန်ယောင်ဟွေး သယ်လာတာက ၁၈ လက်မ ရောင်စုံတီဗီကြီး ဖြစ်နေလို့ပါပဲ။ အဲဒီခေတ်တုန်းက ချမ်းသာတဲ့ အိမ်တွေမှာပဲ ရောင်စုံတီဗီ ရှိတာလေ။
သူတို့ အိမ်ရာဝင်းထဲမှာတောင် ရောင်စုံတီဗီက ၂ လုံးပဲ ရှိတာ။ ကျန်တဲ့အိမ်တွေမှာ အဖြူအမည်း တီဗီ ရှိရင်ရှိ၊ မရှိရင် ဘာမှ မရှိကြဘူး။
၁၈ လက်မ ရောင်စုံတီဗီ တစ်လုံးဆိုရင် ယွမ် ၁၅၀၀ ကျော်တယ်။ သာမန်လူတစ်ယောက် မစားမသောက်ဘဲ တစ်နှစ်ခွဲလောက် လုပ်မှ ရမယ့် ပိုက်ဆံလေ။ ဘယ်သူက ဝယ်နိုင်မှာလဲ။
ဒီလောက် ချမ်းသာတဲ့ ဆွေမျိုးတွေက ဘယ်သူတွေလဲ ဆိုပြီး အားလုံးက မနာလို ဖြစ်နေကြတယ်။
သူတို့ အနားရောက်လာတော့ လျိုချင်းက ပြုံးဖြီးဖြီးနဲ့ နှုတ်ဆက်လိုက်တယ်။
"ဘယ်သွားကြမလို့လဲရှင်"
ထုန်ယောင်ဟွေးက အေးစက်စက် နှာမှုတ်လိုက်ပြီး အပေါ်ထပ်ကို တန်းတက်သွားတယ်။ ဝမ်ယွန်းကလည်း လျိုချင်းကို တစ်ချက်စောင်းကြည့်ပြီး ဘာမှ မပြောဘဲ လိုက်သွားတယ်။ ခုနက သူတို့ အတင်းပြောနေတာကို ကြားခဲ့ရတယ်လေ။ လူကြီးတွေဆိုတော့ ကိုယ့်မာနနဲ့ကိုယ် ရှိကြတာပေါ့။
မမြင်ချင်တဲ့ လူတွေကို တစ်စက္ကန့်လေးတောင် အချိန်မပေးချင်ကြဘူး။
လျိုချင်းတစ်ယောက် အဖက်မလုပ်ခံရတော့ မျက်နှာပူပြီး ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ ဒေါက်တာကျောက် ဇနီးရဲ့ စကားကြောင့် အားလုံးရဲ့ အာရုံက ပြောင်းသွားတယ်။
"နေပါဦး... သူတို့ကို ကြည့်ရတာ ထုန်ယောင်နဲ့ တူသလိုပဲ။ ထုန်ယောင် မိဘတွေများလား"
လျိုချင်း ရင်ထိတ်သွားတယ်။ သူ သေချာ သတိမထားမိခဲ့ဘူး။ အခု ပြန်စဉ်းစားကြည့်မှ တကယ်ပဲ တူနေသလိုပဲ။
သားဖွားမီးယပ်ဌာနမှူးရဲ့ ဇနီးကလည်း ထောက်ခံတယ်။ "ဟုတ်တယ်... ထုန်ယောင်အဖေရဲ့ ပုံစံက စက်ရုံမှူးတစ်ယောက်ရဲ့ ဟန်ပန် အပြည့်ပဲ" သူတို့က ထုန်ယောင် မိဘတွေ ဖြစ်မယ်လို့ သေချာသလောက် ရှိသွားပြီ။
ခေါင်းဆောင်လုပ်တဲ့ သူတွေက သဘာဝကျကျ အရှိန်အဝါ တစ်ခု ရှိစမြဲလေ။ ထုန်ယောင်ဟွေးဆီမှာ အဲဒါကို အထင်းသား တွေ့နေရတယ်။
"သူတို့ ပထမတစ်ခေါက် လာတုန်းက ငါတို့ ပြောတာ ကြားသွားတယ် ထင်လား။ ဒါကြောင့် ပြန်လှည့်သွားပြီး တီဗီအကြီးကြီး ဝယ်လာတာများလား။ ငါ့စိတ်ထင်တော့ သူတို့ တမင်ကြွားပြချင်လို့ သယ်လာတာ နေမှာ" ဒေါက်တာကျောက်ရဲ့ ဇနီးက ပြောလိုက်တယ်။
"..."
အမျိုးသမီးတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း နေရခက်သွားကြတယ်။ ကိုယ်ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားကြည့်ရင်း အပြစ်ရှိသလို ခံစားနေရတယ်။ အတင်းပြောနေတုန်း လူမိသွားသလိုမျိုးပေါ့။
အဆိုးဆုံးကတော့ လျိုချင်းပါပဲ။ ပြန်စဉ်းစားစရာတောင် မလိုပါဘူး၊ သူ အများဆုံး ပြောခဲ့တာလေ။ ကျန်တဲ့သူတွေက ကြားဖြတ်ဝင်ပြောရုံလောက်ပဲ ရှိတာ။
အခုတော့ လျိုချင်းတစ်ယောက် သူတို့ မှားပြီး ထင်ကြေးပေးနေတာ ဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်။
မိဘတွေ လာမယ်ဆိုတာ သိထားလို့ ထုန်ယောင် အလုပ်မသွားဘဲ အိမ်မှာ ဟင်းချက်ရင်း စောင့်နေခဲ့တယ်။ သူတို့ ဒီလောက် နောက်ကျမှ ရောက်လာမယ်လို့ မထင်ထားသလို၊ ၁၈ လက်မ ရောင်စုံတီဗီကြီး ပါလာမယ်လို့ ပိုတောင် မထင်ထားဘူး။
အလုပ်ရှုပ်နေတာကြောင့် ထုန်ယောင် တီဗီကြည့်ဖို့ အချိန်မရလို့ မဝယ်ဖြစ်ခဲ့တာ။ ဧည့်ခန်းထဲမှာ ရောင်စုံတီဗီကြီး ရောက်လာတာ မြင်တော့ သူ စိတ်လှုပ်ရှားသွားပြီး မိဘတွေကို ပြောလိုက်တယ်။
"အဖေတို့ စုထားတဲ့ ပိုက်ဆံတွေ သမီးတို့အတွက်ပဲ မသုံးပါနဲ့၊ ကိုယ့်ဘာသာ သုံးကြပါဦး"
"သမီးအဖေက အောက်ထပ်က လူတွေကို သက်သေပြချင်လို့လေ" ဝမ်ယွန်းက ခုနက ဖြစ်ခဲ့တဲ့ ကိစ္စကို ပြန်ပြောပြတယ်။ သူတို့ ပြောတဲ့ စကားလုံး ရိုင်းရိုင်းတွေကြောင့် သူ တော်တော် စိတ်ဆိုးနေတာ။
ဘယ်လိုလူတွေလဲ မသိပါဘူး။
အားနေရင် ကွယ်ရာမှာ အတင်းပြောဖို့ပဲ သိကြတယ်။
"သမီး လိုချင်တာရှိရင် ပြော။ ထုန်ယောင်ဟွေးရဲ့ သမီးနဲ့ သမက်ကို ဘယ်သူမှ အထင်သေးလို့ မရစေရဘူး" ထုန်ယောင်ဟွေးက မျက်နှာထား တင်းတင်းနဲ့ ပြောတယ်။
ထုန်ယောင် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး တစ်ဖက်က ဝမ်ယွန်းကို ဖက်၊ နောက်တစ်ဖက်က ထုန်ယောင်ဟွေး လက်မောင်းကို ချိတ်ကာ ချွဲလိုက်တယ်။
"ဒါကြောင့် မိဘမေတ္တာက အကြီးမားဆုံးပါလို့ ပြောကြတာပေါ့။ အဖေနဲ့ အမေကို အရမ်းချစ်တယ်"
ဆစ်ချန်က နေ့လယ်ဘက် ခွဲစိတ်မှု ရှိတာကြောင့် ထမင်းပြန်မစားဖြစ်ဘူး။ ဒါကြောင့် မိသားစု သုံးယောက်ပဲ စားလိုက်ကြတယ်။ ထမင်းစားပြီးတော့ ထုန်ယောင်ဟွေးက ဆစ်ချန်နဲ့ ဆစ်ဝေမင်းအကြောင်း မေးတယ်။
"လောလောဆယ် ရှောင်ချန်က အလုပ်ရှုပ်နေတော့ စကားမပြောဖြစ်သေးဘူး။ သူ့ဦးလေးကိစ္စကို သမီး ဘယ်လို သဘောရလဲ"
ဒီလ ဆစ်ဝေမင်းက ၃၊ ၄ ခေါက်လောက် လာပြီး ဆစ်ချန်နဲ့ ထမင်းစားဖို့ ကြိုးစားပေမယ့် ထုန်ယောင်ဟွေးက ဆစ်ချန် မအားဘူးဆိုပြီး အကြောင်းပြ ရှောင်လွှဲခဲ့ရတယ်။ ဒါပေမဲ့ ရေရှည်တော့ မဖြစ်ဘူးလေ။
"ရှောင်ချန်က သူ့ဦးလေးကို တွေ့ချင်ပုံ မရဘူး။ သမီးတို့လည်း ဟိုဘက်အိမ်ကို ဦးလေးတွေ့တဲ့အကြောင်း အသိမပေးရသေးဘူး"
နှစ်သစ်ကူးပြီးကတည်းက ထုန်ယောင်နဲ့ ဆစ်ချန် လင်းဖန်ရင်းဆီ ဖုန်းမဆက်ဖြစ်သလောက်ပဲ။ ဆစ်ဘိုရီဆီ ဆက်ပြီး စကားပါးတာလောက်ပဲ လုပ်ဖြစ်တယ်။ ဆစ်ချန်က သူ့ဦးလေးအကြောင်း မဟသလို ထုန်ယောင်လည်း ဝင်မပါခဲ့ဘူး။
ဘာပဲဖြစ်ဖြစ် ဒါက ဆစ်မိသားစု ကိစ္စပဲလေ။
အပိုင်း (၂၇၅) ပြီးဆုံး
***