ကိုယ့်မိသားစုလေးနဲ့ မဆိုင်ရင် ဝင်မပါချင်တဲ့ ထုန်ယောင်ရဲ့ စိတ်သဘောထားက ဒီလိုပါပဲ။ မလိုအပ်ဘဲ ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်နေမှာစိုးလို့ ဝင်မပါဘဲ နေလိုက်တာက ပိုကောင်းတယ်လို့ သူ ယူဆတယ်။
ပညာရှိတဲ့ အမျိုးသမီးဆိုတာ ယောကျ်ားဖြစ်သူရဲ့ မိသားစုကိစ္စတွေမှာ ဝင်ပါနေမယ့်အစား ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်သင့်တယ်လေ။ အဲဒီအချိန်မှာ ညစာ ဘာချက်စားရမလဲ စဉ်းစားနေတာကမှ ပိုအကျိုးရှိဦးမယ်။
ထုန်ယောင်ဟွေးက မျက်မှောင်ကြုတ်လိုက်တယ်။ ဆစ်ချန်က ရိုင်းပျတဲ့ ကလေးမဟုတ်ပေမယ့် ဆစ်ဝေမင်းနဲ့ ပတ်သက်ပြီး သူ ကိုင်တွယ်ပုံက နားလည်ရ ခက်နေတယ်။ ခဏလောက် စဉ်းစားပြီးမှ သူ ပြောလိုက်တယ်။
"ဒီည ရှောင်ချန်နဲ့ စကားပြောကြည့်ပါဦး... ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ။ ဒီအတိုင်း ထားလို့မဖြစ်ဘူးလေ။ သူ့ဦးလေးနဲ့ တွေ့နေတာ ဝက်ဝက်လောက် ရှိနေပြီကို မိသားစုကို အသိမပေးသေးဘူး။ နောက်မှ သူများဆီကနေ မိသားစုက ကြားရရင် မကောင်းဘူး"
လူကြီးတွေက လူငယ်တွေထက် ပိုပြီး တွေးပူတတ်ကြစမြဲပါပဲ။ သူ့အမြင်မှာတော့ ဆစ်ချန်ရဲ့ ဦးလေးကို ပြန်တွေ့တာက သတင်းကောင်းပဲ။ သူတို့မိသားစုက ဆစ်ဝေမင်းအတွက် စိတ်ပူနေခဲ့တာ ကြာပြီလေ။ တကယ်လို့ လျှို့ဝှက်ထားပြီးမှ နောက်ပိုင်း မိသားစုက သိသွားရင် သဘောထား မကြီးရာ ကျနေလိမ့်မယ်။
ထုန်ယောင်က ဒီအကြောင်းပြချက်တွေကို နားလည်ပေမယ့် ဆစ်ဝေမင်းနဲ့ ဆစ်ချန်ကြားက ဆက်ဆံရေး ပုံမမှန်တာကိုသာ သတိမထားမိရင် သူလည်း ရွာကို သတင်းပို့ပြီးလောက်ပြီ။
ဒါပေမဲ့ အဖေပြောတာ မှန်ပါတယ်။ ဒီကိစ္စကို ဒီတိုင်း အချိန်ဆွဲထားလို့တော့ မဖြစ်ဘူး။
ထုန်ယောင် မျက်လုံးတွေ အရောင်တောက်သွားပြီး ထိုင်ခုံပုလေးတစ်လုံးကို ဆွဲကာ ထုန်ယောင်ဟွေးရှေ့မှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။
"အဖေ... အာချန်ရဲ့ ဦးလေးလေးအကြောင်း ဘယ်လောက်သိလဲ။ သူက ဘယ်လိုလူမျိုးလဲ။ အဲဒီတုန်းက တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ။ အာချန်က ပြောတော့ သူ့အဖေ သေဆုံးတာက ကျွန်မတို့ မိသားစုနဲ့ မဆိုင်ဘူးတဲ့... ဒါပေမဲ့ သူ့မိသားစု ကျန်တဲ့သူတွေကကျတော့ ကျွန်မတို့ သွယ်ဝိုက်ပြီး ပတ်သက်နေတယ်လို့ ထင်နေကြတာ ဘာလို့လဲ"
ဘေးမှာ ထိုင်နေတဲ့ ဝမ်ယွန်းက စိုးရိမ်တကြီး မျက်မှောင်ကြုတ်ပြီး ဝင်မေးတယ်။
"ဒီကိစ္စကြောင့် သူတို့က သမီးကို အပြစ်တင်နေကြတာလား"
သူတို့အဖေ သေဆုံးရတာက ထုန်မိသားစုကြောင့်လို့ ဆစ်မိသားစုက ယုံကြည်နေတာလား။ တကယ်လို့ ဒါက အမှန်ဆိုရင် သူ့သမီးကို သူတို့ ဘယ်လို ဆက်ဆံကြမလဲ။
ထုန်ယောင်ဟွေးလည်း ဒီအချက်ကို တွေးမိပြီး စိုးရိမ်တဲ့ မျက်နှာထားနဲ့ ထုန်ယောင်ကို ကြည့်လိုက်တယ်။
"စိတ်မပူပါနဲ့... သူတို့ သမီးကို ဒုက္ခမပေးပါဘူး။ ဆစ်ရှောင်ဟွေး တစ်ယောက်ပဲ ရံဖန်ရံခါ ဒီကိစ္စကို ထုတ်ပြောတတ်တာပါ"
ဘယ်သူမှ သူ့ကို မျက်နှာချင်းဆိုင် ဗြောင်မပြောကြပေမယ့် ကွယ်ရာမှာတော့ ပြောဆိုနေကြတာ အများကြီးပါပဲ။ ထုန်ယောင်မှာ သတင်းရင်းမြစ်တွေ ရှိတာမို့ ဆစ်ရှောင်ဟွေး ပြောသမျှ အကုန်နီးပါး သူ သိနေတယ်။
ဒါကို ကြားတော့မှ ထုန်ယောင်ဟွေး သက်ပြင်းချနိုင်ပြီး လေးလေးနက်နက် ပြောပြတယ်။
"အဖေ ဆစ်ဝေမင်းကို ပထမဆုံး စတွေ့တုန်းက သူက အသက် ၂၀ ကျော်ပဲ ရှိသေးတယ်။ ရိုးသားဖြောင့်မတ်တဲ့ လူငယ်လေးပါ၊ အကျင့်စရိုက်က ဆစ်ဘိုရီနဲ့ တော်တော်တူတယ်"
"သမီးယောက္ခမက စက်ရုံမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်နေတုန်း ရွာက မိသားစုကို စောင့်ရှောက်ပေးခဲ့တာ ဆစ်ဝေမင်းပဲ။ ဆစ်ချန်အဖေ မတော်တဆ ဖြစ်တုန်းကလည်း အရာရာကို လိုက်လုပ်ပေးခဲ့တာ သူပဲ။ သူက လူကောင်းတစ်ယောက်ပါ"
အဲဒီတုန်းက ဆစ်ချန်အဖေက ဆစ်ဝေမင်းကို သူ့ဆီ တကူးတက ခေါ်လာပြီး မိတ်ဆက်ပေးခဲ့တာ။ စက်ရုံမှာ အလုပ်သွင်းပေးဖို့ အရိပ်အမြွက် ပြောချင်ပုံရတယ်။ ဆစ်ချန်အဖေနဲ့ ခင်မင်မှုရယ်၊ ဆစ်ဝေမင်းရဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်ရယ်ကြောင့် ထုန်ယောင်ဟွေးလည်း ခဏလောက်တော့ အဲဒီလို စိတ်ကူးမိခဲ့ပါသေးတယ်။
ဒါပေမဲ့ နောက်ပိုင်း ဖြစ်ရပ်တွေက ထင်ထားသလို ဖြစ်မလာခဲ့ဘူး။
ထုန်ယောင် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်။ အဖေပြောပုံအရဆိုရင် ဆစ်ဝေမင်းက အစ်ကိုဖြစ်သူရဲ့ မိသားစုကို ကောင်းကောင်း စောင့်ရှောက်တတ်တဲ့ လူကောင်းတစ်ယောက် ဖြစ်ပုံရတယ်။ ဒါက ဆစ်ရှောင်ဟွေး ပြောတာနဲ့ သိပ်မကွာခြားလှဘူး။ ဒါဆို သူပဲ လျှောက်တွေးနေမိတာလား။ ဆစ်ချန်က ဆစ်ဝေမင်း သူတို့ကို ပစ်သွားလို့ စိတ်နာပြီး အသိအမှတ် မပြုချင်တာများလား။
မဖြစ်နိုင်ဘူး... ဒါ ဆစ်ချန်ရဲ့ စရိုက် မဟုတ်ဘူး။
"ဆစ်ချန်အဖေသာ ဆေးရုံ ဒုတိယထပ်ကနေ မပြုတ်ကျခဲ့ရင် အခြေအနေတွေ ပိုကောင်းခဲ့မှာ" ဝမ်ယွန်းက ရုတ်တရက် သက်ပြင်းချရင်း ပြောလိုက်တယ်။
"အမေ... ဘာပြောလိုက်တယ်" ထုန်ယောင် အံ့သြတကြီးနဲ့ ဝမ်ယွန်းကို လှမ်းကြည့်လိုက်တယ်။ "စက်ရုံမှာ ထိခိုက်မိတာလို့ ပြောထားတာ မဟုတ်ဘူးလား"
ဘာလို့ အခု ဆေးရုံအကြောင်း ပါလာရတာလဲ။
ဆစ်ချန်အဖေ သေဆုံးမှုက ဒီကိစ္စနဲ့ အများကြီး ပတ်သက်နေမယ်လို့ ထုန်ယောင် အလိုလို ခံစားမိလိုက်တယ်။
"ဆစ်ချန် သမီးကို ဒီအကြောင်း မပြောပြဘူးလား" ထုန်ယောင် သိပြီးသားလို့ ထင်နေတဲ့ ဝမ်ယွန်းက ဆက်ပြောတယ်။ "သမီးအဖေကိုပဲ ပြောခိုင်းလိုက်တော့... သူက ပိုသိတယ်"
ထုန်ယောင်ဟွေးက အတိတ်ကို ပြန်တွေးရင်း သက်ပြင်းချလိုက်တယ်။ "ဇာတ်လမ်းက ရှည်ပါတယ်"
"ဆစ်ချန်အဖေက အဖေ့ကြောင့် ခြေထောက်ကျိုးသွားခဲ့တာ။ သူ့မိန်းမရယ်၊ ဆစ်ချန်ရယ်၊ ဆစ်ဝေမင်းရယ်က သူ့ကို လာပြုစုကြတယ်။ နောက်ပိုင်းကျတော့ ဆစ်ချန်အဖေက ဆေးရုံ ဒုတိယထပ်ကနေ ပြုတ်ကျသွားတယ်။ အသက်အန္တရာယ် မရှိပေမယ့် ခါးဆစ်ရိုး ကျိုးသွားတယ်။ ပြန်ကောင်းလာရင်တောင် အောက်ပိုင်းသေပြီး အိပ်ရာထဲပဲ လှဲနေရတော့မှာ။ သူက ဆေးရုံဆင်းခွင့်တောင်းပြီး မကြာခင်မှာပဲ ရွာပြန်သွားခဲ့တယ်"
ဆစ်ချန်အဖေ ဆေးရုံ ဒုတိယထပ်က ပြုတ်ကျတဲ့ကိစ္စကို ထုန်ယောင်ဟွေးလည်း ထူးဆန်းတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဆစ်ချန်အဖေက ဒီအကြောင်း ဆက်မပြောချင်တာနဲ့ သူလည်း ဆက်မမေးခဲ့ဘူး။ နောက်ပိုင်း နှစ်အနည်းငယ်ကြာလို့ သူ အချိန်ရပြီး သွားလည်တော့မှ ဆစ်ချန်အဖေ ဆုံးသွားပြီဆိုတာ သိလိုက်ရတာ။
ဒီသတင်းကြောင့် သူ တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရတယ်။
ဆစ်ချန်အဖေက ဆေးရုံမှာ ဆေးကုနေရင်း ပြုတ်ကျတာမို့ လုပ်ငန်းခွင် ထိခိုက်မှုလို့ မသတ်မှတ်နိုင်ဘူး။ ခြေထောက်ကျိုးတဲ့ လျော်ကြေးကလည်း နည်းနည်းလေးမို့ ဆစ်မိသားစု ဘဝက တော်တော် ကျပ်တည်းသွားခဲ့တယ်။ အရင် သံယောဇဉ်တွေကြောင့်ရယ်၊ ဆစ်ချန်လို ထူးချွန်တဲ့ လူငယ်လေးတစ်ယောက် အရည်အချင်းတွေ အလဟဿ ဖြစ်သွားမှာ စိုးရိမ်တာကြောင့်ရယ် ထုန်ယောင်ဟွေးက ဆစ်မိသားစုကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာ။
သမီးဖြစ်သူကို ဆစ်ချန်နဲ့ ပေးစားဖို့ ဆုံးဖြတ်ခဲ့တာကလည်း ဆစ်ချန် ကျိုတိုဆေးတက္ကသိုလ် ဝင်ခွင့်ရပြီးမှပါ။ သူ ထူးချွန်ကြောင်း သက်သေပြနိုင်လေလေ၊ ထုန်ယောင်ဟွေးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ပိုသေချာလေလေ ဖြစ်ခဲ့တယ်။
သူ့သမီးက လှပတော့ လာကမ်းလှမ်းတဲ့သူတွေ အများကြီး ရှိပေမယ့် ဆစ်ချန်နဲ့ ယှဉ်လိုက်ရင် အားလုံးက မှေးမှိန်သွားကြတယ်။ သူ သမီးကို မမှားစေချင်ဘူး။ ဆစ်ချန်က နောက်ခံနိမ့်ပါးတာကလွဲရင် ကျန်တာ အားလုံးနီးပါး ပြည့်စုံတယ်။ ဒါကြောင့် သူ့သမီးကို ဆစ်ချန်လက်ထဲ ထည့်ပေးဖို့ စိတ်ချခဲ့တာ။
ထုန်ယောင်က နားမလည်နိုင်စွာ မေးလိုက်တယ်။
"ဆစ်ချန်အဖေက ဆေးရုံမှာ နားနေတာလေ၊ ဘယ်လိုလုပ် ဒုတိယထပ်ကနေ ပြုတ်ကျရတာလဲ"
ဒီကိစ္စက သံသယဖြစ်စရာ ကောင်းလွန်းတယ်လို့ သူ ခံစားရတယ်။ ဆစ်ချန်အဖေ သေဆုံးမှုက ဒီပြုတ်ကျမှုနဲ့ အကြီးအကျယ် ပတ်သက်နေတာပဲ။
တကယ်လို့သာ ဒုတိယထပ်က မပြုတ်ကျခဲ့ရင် ပြန်ကောင်းလာတဲ့အခါ စက်ရုံမှာ အလုပ်ပြန်လုပ်နိုင်မှာဖြစ်ပြီး သေမှာ မဟုတ်ဘူးလေ။
"နင့်ယောက္ခမ ပြောတာတော့ သူက အိပ်ရင်းလမ်းလျှောက်တတ်တယ်တဲ့"
ထုန်ယောင်ဟွေး ပြောပြတဲ့ အကြောင်းပြချက်ကို သူကိုယ်တိုင်လည်း မယုံကြည်တဲ့ပုံနဲ့ မျက်မှောင်ကြုတ်ထားတယ်။
"အိပ်ရင်းလမ်းလျှောက်တယ် ဟုတ်လား" ထုန်ယောင် မျက်ခုံးပင့်လိုက်တယ်။ "ယောက္ခမနဲ့ ဦးလေးလေးက အဲဒီအချိန် လူနာစောင့်နေကြတာ မဟုတ်ဘူးလား။ လူတစ်ယောက်လုံး အိပ်ရင်းလမ်းလျှောက်ပြီး တိုက်ပေါ်က ပြုတ်ကျတာကို ဒီတိုင်း ကြည့်နေကြတာလား"
"တော်တော့..." ထုန်ယောင်ဟွေးရဲ့ လေသံက ရုတ်တရက် ပြောင်းလဲသွားပြီး မျက်နှာထား တည်သွားတယ်။ ထုန်ယောင်ကို ဆက်မမေးဖို့ တားဆီးလိုက်တယ်။
"နှစ်တွေ ဒီလောက် ကြာခဲ့ပြီပဲ... အတိတ်က ကိစ္စတွေကို ဘာလို့ ပြန်တူးဖော်နေမှာလဲ။ အဲဒီတုန်းက ဆစ်ချန်က ငယ်ပေမယ့် သူ အမှတ်ရနေမှာပါ။ သူ့အဖေ သေဆုံးမှုက ငါတို့ မိသားစုနဲ့ မဆိုင်ဘူးလို့ သူ ပြောတယ်ဆိုကတည်းက ဘာဖြစ်ခဲ့လဲဆိုတာ သူ သိတယ်ဆိုတဲ့ သဘောပဲ။ ဒီကိစ္စကို ထပ်မပြောကြနဲ့တော့။ အထူးသဖြင့် ဆစ်ချန်ရှေ့မှာ မပြောနဲ့။ သူ့အဖေအကြောင်း တွေးမိပြီး သူ စိတ်မကောင်း ဖြစ်လိမ့်မယ်"
ထုန်ယောင်ဟွေးက ပါးနပ်တဲ့ လူကြီးတစ်ယောက်ပဲ။ သမီးဖြစ်သူရဲ့ မေးခွန်းတွေနောက်က သံသယကို သူ မြင်တယ်။ သမီးတောင် ရိပ်မိရင် သူက ဘာလို့ မရိပ်မိဘဲ နေမလဲ။
ဒါပေမဲ့ ဒါတွေက ဆစ်မိသားစုရဲ့ အတိတ်က ကိစ္စတွေလေ။ အခုမှ ပြန်ဖော်ထုတ်လိုက်လို့ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ဘူး။ ကာယကံရှင်တွေကို ပိုပြီး နေရခက်စေရုံပဲ ရှိမှာ။ တစ်ခါတလေကျတော့ မသိချင်ယောင် ဆောင်နေလိုက်တာက ကောင်းချီးတစ်ခု ဖြစ်နိုင်ပါတယ်။
အဖေဖြစ်သူရဲ့ သဘောထားကို သိလိုက်ရတော့ ထုန်ယောင်သာ ဆက်ပြီး နားမလည်နိုင် ဖြစ်နေရင် ခေါင်းမသုံးတတ်တဲ့သူ ဖြစ်သွားမှာပေါ့။ သူ ရယ်ကျဲကျဲ လုပ်လိုက်ပြီး အဖေ့စကားကို လက်ခံလိုက်တယ်။
"အဖေကတော့ တကယ့်ကို အပူအပင်ကင်းကင်း နေတတ်တာပဲနော်။ အဖေ့ဆီကနေ အများကြီး သင်ယူရဦးမယ်"
"အလုပ်စလုပ်တာ မကြာသေးဘူး... စီးပွားရေးသမားတွေရဲ့ စကားတတ်တဲ့ အကွက်တွေ တတ်နေပြီပဲ"
ထုန်ယောင်ဟွေးက ရွံသလိုလို လုပ်ပြလိုက်ပေမယ့် နှုတ်ခမ်းထောင့်က အပြုံးရိပ်တွေက သူ့ရင်ထဲက ပီတိကို ဖော်ပြနေတယ်။
အသက်ကြီးလာတော့ သူလည်း မြှောက်ပင့်ခံရတာကို သဘောကျလာမိတယ်လေ။
သားအဖနှစ်ယောက်ရဲ့ နားလည်မှုရှိတဲ့ ပုံစံကို ကြည့်ပြီး ဝမ်ယွန်းက ပြုံးစစနဲ့ ဝင်ပြောလိုက်တယ်။
"နင်တို့ သားအဖတွေကတော့ စကားဝှက်တွေနဲ့ ပြောတတ်နေပြီပေါ့လေ"
အပိုင်း (၂၇၆) ပြီးဆုံး
***