"ဟုတ်တယ်... ဦးလေးလေးပဲ။ သူ အခု တော်တော်လေး အဆင်ပြေနေပါတယ်။ အခွင့်အကြုံရင် မင်းတို့ဆီ လာလည်ပါလိမ့်မယ်"
"ဝမ်းသာစရာကြီးဗျာ... တကယ် ဝမ်းသာစရာကြီး။ ကျွန်တော် အမေ့ဆီ ဖုန်းဆက်ပြီး အသိပေးလိုက်မယ်၊ အမေ သေချာပေါက် ပျော်သွားမှာပဲ"
အမေဘက်က အမျိုးတွေနဲ့ အဆက်အသွယ် ပြတ်သလောက် ဖြစ်နေပြီ။ အဖေ့ဘက်ကကျတော့ ငယ်ငယ်ကတည်းက သူတို့ကို ကြင်နာခဲ့တဲ့ ဦးလေးလေးပဲ ကျန်တော့တာလေ။ ဆစ်ဘိုရီက ဦးလေးလေးကို အမြဲ သတိရနေခဲ့တာ။
"ကောင်းပြီလေ... ဒါဆို မင်း ဖုန်းဆက်လိုက်တော့။ တခြားကိစ္စ ရှိရင်လည်း ငါ့ဆီ ဖုန်းဆက်လိုက်နော်" ပြောစရာရှိတာ ပြောပြီးပြီမို့ ထုန်ယောင် ဖုန်းချလိုက်တယ်။
ဆစ်ရှောင်ဟွေးက ဒီနေရာမှာ သူစိမ်းဖြစ်နေတော့ ထုန်ယောင် ရထားဘူတာရုံကို သွားကြိုလိုက်တယ်။ ညနေ ၅ နာရီလောက်မှာ လူအုပ်ကြားထဲက ဆစ်ရှောင်ဟွေးကို တွေ့လိုက်ရတယ်။ သူ့ဘေးမှာ အပြာရောင် ဆွယ်တာအင်္ကျီ ဝတ်ထားတဲ့ အမျိုးသားတစ်ယောက် ပါလာတယ်။
မပြောလည်း သိပါတယ်... ဒါ ဆောင်ယု (Song Yu) ပေါ့။
ကြည့်ရတာ ရုပ်ရည်က သာမန်ပါပဲ၊ ထူးခြားမှု မရှိသလို ရုပ်ဆိုးလွန်းတာမျိုးလည်း မဟုတ်ဘူး။ အရပ်က သိပ်မရှည်ဘူး၊ ဆစ်ရှောင်ဟွေးလောက်ပဲ ရှိမယ်။ မျက်လုံးက တစ်ထပ်တည်းဖြစ်ပြီး အကြည့်တွေက ဂနာမငြိမ်ဘူး။ ကြည့်လိုက်တာနဲ့ ပါးစပ်ချိုပြီး ကောက်ကျစ်မယ့်ပုံ ပေါက်နေတယ်။
ထုန်ယောင်ကို မြင်တော့ အိမ်က ဖုန်းဆက်လိုက်မှန်း ဆစ်ရှောင်ဟွေး သိလိုက်တယ်။ သူက ပျော်လည်းပျော်၊ အပြစ်ရှိသလိုလည်း ခံစားနေရပြီး "မရီး... ဒါ ဆောင်ယုပါ" လို့ မိတ်ဆက်ပေးတယ်။
"မင်္ဂလာပါ မရီး" ဆောင်ယုက ချက်ချင်းပဲ ပြုံးဖြီးဖြီးနဲ့ နှုတ်ဆက်ပြီး မြှောက်ပင့်ပြောဆိုတော့တယ်။ "မရီးအကြီးက အငယ်မရီးထက် အများကြီး ပိုလှတာပဲဗျ"
ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုတော့ သူ့ကို ကြိုက်လား မကြိုက်လား ဆုံးဖြတ်ဖို့ ခက်ပေမယ့်၊ တစ်ယောက်ကို ချီးမွမ်းဖို့ နောက်တစ်ယောက်ကို နှိမ်ချပြီး ပြောတတ်တဲ့ သူ့ပုံစံကိုတော့ ထုန်ယောင် ဘယ်လိုမှ သဘောမကျဘူး။
ထုန်ယောင်က ခေါင်းငြိမ့်ပြပြီး အေးစက်စက်ပဲ ပြန်ပြောလိုက်တယ်။ "အိမ်ရောက်မှ ပြောကြတာပေါ့"
အိမ်ပြန်မယ်ဆိုတာ ကြားတော့ ဆစ်ရှောင်ဟွေး စိတ်လှုပ်ရှားသွားတယ်။ "မရီး... အစ်ကိုကြီး စိတ်ဆိုးနေလားဟင်"
ငယ်ငယ်ကတည်းက ဆစ်ရှောင်ဟွေးဟာ အမေနဲ့ အစ်ကိုလတ်ကို မကြောက်ပေမယ့် အစ်ကိုကြီးကိုတော့ သိပ်ကြောက်တာ။ ပုံမှန် အပြစ်မလုပ်ထားရင် စကားပြောရဲပေမယ့် အမှားလုပ်ထားရင်တော့ မျက်နှာချင်းတောင် မဆိုင်ရဲဘူး။
အခု အစ်ကိုကြီးနဲ့ တွေ့ရတော့မယ်ဆိုတော့ သူ နေမထိထိုင်မသာ ဖြစ်နေတယ်။
"နင့်အစ်ကိုကြီး မသိသေးပါဘူး"
ဆစ်ချန်က အလုပ်ရောက်နေတာမို့ သူတို့နှစ်ယောက် မတွေ့ရသေးသလို ထုန်ယောင်လည်း ဒီကိစ္စကို ဆွေးနွေးဖို့ အချိန်မရလိုက်ဘူး။
ရုတ်တရက်ကြီး သူ့ယောက်ဖလောင်းကို တွေ့လိုက်ရင် ဆစ်ချန် ဘယ်လို တုံ့ပြန်မလဲ မသိဘူး။
ဒါကို တွေးမိရင်း ဟိုကြည့်ဒီကြည့်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ ဆောင်ယုကို စောင်းငဲ့ကြည့်လိုက်မိတော့ ထုန်ယောင် မျက်မှောင်ကြုတ်သွားတယ်။
"မျက်နှာက စိတ်ရဲ့ ကြေးမုံ" ဆိုတဲ့ စကားအတိုင်းပဲ... ဆောင်ယုက လေလုံးထွားပြီး အားကိုးရမယ့်ပုံ မပေါ်ဘူး။
"မရီး... အစ်ကိုကြီး ဒေါသထွက်မယ် ထင်လား" ဆစ်ရှောင်ဟွေးက ထုန်ယောင်ဘေးကနေ စိုးရိမ်တကြီး လျှောက်လာရင်း မေးတယ်။ အစ်ကိုကြီးက မရီးကိုဆို အရမ်းချစ်တာ သိထားတော့ သူက ထုန်ယောင်ကို ကပ်ပြီး ချွဲတော့တာပဲ။
"မရီး... တော်ကြာ အစ်ကိုကြီးနဲ့ တွေ့လို့ သူ စိတ်ဆိုးရင် ဝိုင်းပြောပေးနော်။ တကယ်လို့ သူက ဆောင်ယုကို ရိုက်နှက်မယ်ဆိုရင် မရီး ဝင်တားပေးရမယ်နော်"
"လူကို ရိုက်မယ် ဟုတ်လား" ဒါကို ကြားတော့ ဆောင်ယု တစ်ယောက် မူမမှန်တော့ဘူး။
ဆစ်ရှောင်ဟွေး ပြောတုန်းကတော့ သူ့အစ်ကိုက ဆရာဝန်မို့ စိတ်သဘောထား ပြည့်ဝတယ်ဆို။ ဘာလို့ အကြမ်းဖက်မှာလဲ။
ပွင့်ပွင့်လင်းလင်း ပြောရရင် အနာဂတ် ယောက်ဖနဲ့ တွေ့ရမှာကို သူ စိုးရိမ်နေမိတယ်။ ဘာပဲဖြစ်ဖြစ် သူက သူများညီမကို ခိုးပြေးလာတာလေ။ မသင့်တော်တဲ့ ကိစ္စပဲ။
ထုန်ယောင်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ဆောင်ယု ပိုကြောက်သွားတယ်။ သူ ထုန်ယောင်နဲ့ အကြည့်ချင်း မဆုံရဲဘူး။ သူ့စိတ်ထဲမှာတော့ ဆစ်ရှောင်ဟွေးရဲ့ မရီးက သူတို့နဲ့ ရွယ်တူလောက်ပဲ ရှိပေမယ့် အရှိန်အဝါကတော့ အစ်မကြီးတစ်ယောက်လိုပဲမို့ လန့်စရာကောင်းနေတယ်။
ပြီးတော့ သူက တော်တော်လှတာပဲ။ ဆစ်ရှောင်ဟွေးနဲ့ ယှဉ်ရပ်လိုက်တော့ သခင်မလေးနဲ့ အစေခံမလေးလို ကွာခြားနေတယ်။
ဆစ်ရှောင်ဟွေးရဲ့ အစ်ကိုက ဘယ်လိုပုံစံလဲ မသိဘူး။ ဒီလောက်လှတဲ့ မိန်းမကို ရထားတာ ကံကောင်းလိုက်တာ။
ထုန်ယောင်က ဆစ်ရှောင်ဟွေးကို ကြည့်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။
"နင့်ရွေးချယ်မှုက ငါဝင်ပါလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ နင့်အစ်ကိုကြီး ဝင်ပါမလား ဆိုတာကတော့ သူ့အပိုင်းပဲ။ ဘာပြဿနာရှိရှိ သူနဲ့တွေ့မှ ရှင်းကြ"
ဆစ်ချန် အလုပ်က မပြန်သေးတာမို့ အိမ်ရောက်တာနဲ့ ထုန်ယောင် မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်တယ်။ ဆစ်ရှောင်ဟွေးက သူများအိမ်မှာ နေရမှာဆိုတော့ အားနာပြီး မျက်နှာလိုမျက်နှာရ ဝင်ကူတယ်။ သူတို့ မနက် ၉ နာရီကတည်းက ရထားစီးလာတာ လမ်းမှာ ဘာမှ မစားရသေးတော့ ဗိုက်စာနေပြီ။ ဟင်းနံ့တွေ ရတော့ သွားရည်တောင် ကျချင်လာတယ်။
ဧည့်ခန်းထဲက ဆောင်ယုလည်း အခြေအနေ မကောင်းဘူး။ သူ့အိမ်က မပြည့်စုံသလို လူကလည်း များတော့ တစ်နှစ်ပတ်လုံး အသားဟင်း ကောင်းကောင်း မစားရဘူး။ အခု ထုန်ယောင်က အသားပန်းကန်ကြီးကြီး ကြော်ထားတော့ အနံ့က သူ့ကို နှိပ်စက်နေတယ်။ ဗိုက်ထဲက တဂွီဂွီ အော်နေတာကို ရေတွေ ဆက်တိုက်သောက်ပြီး ဖြေရှင်းနေရတယ်။
ရေတစ်ငုံ ထပ်သောက်မလို့ လုပ်တုန်း တံခါးပွင့်လာတယ်။ ဆောင်ယု လှည့်ကြည့်လိုက်တော့ ရှပ်အင်္ကျီအဖြူနဲ့ ခန့်ညားပြီး အရှိန်အဝါ တစ်ခု ထွက်နေတဲ့ အမျိုးသားတစ်ယောက် ဝင်လာတယ်။ မပြောလည်း သိပါတယ်... ဒါ ဘယ်သူဖြစ်မလဲ။
ဆောင်ယုက ရုတ်တရက် တင်းမာသွားတဲ့ အခြေအနေကြောင့် ဘာလုပ်ရမှန်း မသိတော့ဘူး။ သူက မိန်းကလေးတွေကိုပဲ ပါးစပ်ချိုချိုနဲ့ ပြောတတ်တာ၊ လူကြီးလူကောင်းတွေနဲ့ စကားမပြောဖူးဘူး။
သူ ဆက်ဆံဖူးသမျှ အကြီးဆုံးလူက အထက်တန်းကျောင်းအုပ်ကြီးပဲ ရှိတာ။ အဲဒါတောင် သီးသန့် စကားမပြောဖူးဘူး။
အခန်းထဲမှာ သူစိမ်းယောက်ျားတစ်ယောက်ကို တွေ့လိုက်ရတော့ ဆစ်ချန် မျက်မှောင်ကြုတ်သွားပြီး မျက်နှာထား တင်းတင်းနဲ့ လျှောက်လာတယ်။ သူတို့အနား ရောက်ခါနီးမှာ ဆောင်ယုက အထစ်ထစ်အငေါ့ငေါ့နဲ့ နှုတ်ဆက်လိုက်တယ်။
"အ... အစ်ကိုကြီး... ကျွန်တော်က ဆောင်ယုပါ"
အစ်ကိုကြီးလို့ ခေါ်လိုက်တော့ ဆစ်ချန် ကြောင်သွားတယ်။ ထုန်ယောင်ရဲ့ ဆွေမျိုးလားလို့ မေးမလို့ လုပ်တုန်း အသံကြားလို့ ဆစ်ရှောင်ဟွေး မီးဖိုချောင်ထဲက ထွက်လာတယ်။ "အစ်ကိုကြီး"
"နင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
ဆစ်ချန် မျက်မှောင်ကြုတ်သွားတယ်။ ဆစ်ရှောင်ဟွေးကို ကြည့်လိုက်၊ ပြီးတော့ ဆောင်ယုကို ကြည့်လိုက်နဲ့ သူ့မျက်နှာ ချက်ချင်း မည်းမှောင်သွားတယ်။
ဆစ်ရှောင်ဟွေး နောက်က ပါလာတဲ့ ထုန်ယောင်က ပခုံးတွန့်ပြတယ်။ "မြင်တဲ့အတိုင်းပါပဲ"
ဆစ်ချန်မျက်နှာ တည်သွားတာ မြင်တော့ ဆစ်ရှောင်ဟွေး ကြောက်လွန်းလို့ ဘာမှ မပြောရဲဘူး။ ဆောင်ယုက ပိုဆိုးတယ်၊ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ရှောင်ဟွေး နောက်ကျောမှာ ဝင်ပုန်းနေပြီး ကြောက်ဒူးတုန်နေတဲ့ ဇနီးသည်လေးလို ဖြစ်နေတယ်။ ဒါကိုမြင်တော့ ဆစ်ချန်မျက်နှာ ပိုဆိုးသွားတယ်။
"ထမင်းရပြီ... စားရင်းနဲ့ပဲ ပြောကြတာပေါ့" ထုန်ယောင်က တင်းမာနေတဲ့ အခြေအနေကို သူ့ရဲ့ နူးညံ့တဲ့ အသံနဲ့ ဖြိုခွင်းလိုက်တယ်။
လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလိုပဲ ဆစ်ရှောင်ဟွေးက ပန်းကန်နဲ့ တူတွေ သွားယူဖို့ မီးဖိုချောင်ထဲ ပြေးဝင်သွားတယ်။ အားလုံး ထိုင်လိုက်ကြပြီး ဗိုက်ဆာလွန်းလို့ ရှောင်ဟွေး တူကောက်ကိုင်လိုက်တော့ ဆစ်ချန် တားလိုက်တယ်။
"လူစုံမှ စားမယ်"
ရှောင်ဟွေး လန့်သွားပြီး တူပြန်ချလိုက်တယ်။ ဘေးက ဆောင်ယုကတော့ ကျောက်ရုပ်လို ဖြစ်နေပြီ။
အခြေအနေက ဒီလိုဖြစ်လာမှတော့ ဆစ်ရှောင်ဟွေးက သတ္တိမွေးပြီး ဗြောင်ဖွင့်ပြောလိုက်တယ်။
"အစ်ကိုကြီး... မြင်တဲ့အတိုင်းပါပဲ၊ ဆောင်ယုနဲ့ ညီမနဲ့က ချစ်သူတွေပါ။ အမေက ဆင်းရဲတာ မုန်းပြီး ချမ်းသာတာ မက်တော့ ဆောင်ယု မိသားစုကို အထင်သေးပြီး သဘောမတူဘူး။ ဒါကြောင့် ညီမတို့ ခိုးပြေးလာကြတာ။ ဆောင်ယုမှာ အခု ပိုက်ဆံမရှိတာ၊ သူ့အိမ်က မပြည့်စုံတာ မှန်ပါတယ်။ ဒါပေမဲ့ ညီမတို့နှစ်ယောက် ကြိုးစားရင် သေချာပေါက် အဆင်ပြေလာမယ်လို့ ယုံကြည်တယ်။ ဆောင်ယုက ကတိပေးထားတယ်... ပိုက်ဆံရရင် မြို့ပေါ်မှာ အိမ်ဝယ်ပြီး အမေ့ကိုပါ ခေါ်ထားမယ်တဲ့"
အပိုင်း (၂၇၈) ပြီးဆုံး
***