ခေတ်တိုင်းမှာ အချစ်အတွက်ဆိုရင် အရာရာကို ရင်းရဲတဲ့ လူစားမျိုးတွေ ရှိတတ်စမြဲပါပဲ။ ဒီတစ်ခါတော့ ဆစ်ရှောင်ဟွေးက သာဓက ဖြစ်သွားခဲ့ပြီ။ ဆောင်ယု (Song Yu) ပြောသမျှကို သူက ယုံကြည်နေတယ်။ ဆောင်ယုနဲ့သာ အတူရှိရရင် လမ်းဘေးမှာ အိပ်ရလည်း သူ ကျေနပ်နေမှာ။
ဆောင်ယုနဲ့အတူ ဒုက္ခခံရဲသရွေ့ ဆောင်ယုက သူ့ကို ရှာဖွေကျွေးမွေးနိုင်မှာ ဖြစ်ပြီး နောက်ဆုံးမှာတော့ သူတို့မှာ အိမ်ပိုင်၊ ငွေပိုင်တွေ ရှိလာလိမ့်မယ်လို့ သူ ယုံကြည်နေတယ်။ ဘဝက တဖြည်းဖြည်း ပိုကောင်းလာမှာ သေချာတယ်ပေါ့။
အတိုချုပ်ပြောရရင် သူက ဆောင်ယုနဲ့အတူ နေဖို့ ဆုံးဖြတ်ချက် ခိုင်မာနေပြီ။ ဘယ်သူမှ သူ့ကို တားဖို့ မကြိုးစားနဲ့။
ဆောင်ယုကလည်း သူ့သဘောထားကို ထုတ်ပြောတယ်။
"အစ်ကိုကြီး၊ မရီး... စိတ်ချပါ။ ကျွန်တော် ရှောင်ဟွေးကို နောင်ကျရင် သေချာပေါက် ကောင်းကောင်းထားပါ့မယ်။ တစ်သက်လုံး ရှောင်ဟွေးကိုပဲ ချစ်ပြီး မြတ်နိုးသွားပါ့မယ်။ ရှောင်ဟွေးကို ဘယ်တော့မှ စိတ်ဆင်းရဲမခံပါဘူး။ ပင်လယ်ရေခမ်းပြီး ကျောက်ဆောင်တွေ ကြေမွသွားရင်တောင် ကျွန်တော်က ရှောင်ဟွေးကိုပဲ ချစ်နေမှာပါ။ ရှောင်ဟွေးအတွက် သေပေးရမယ် ဆိုရင်တောင်၊ သူ့ခြေဆေးရေကို ဒူးထောက်ပြီး သောက်ရမယ် ဆိုရင်တောင် ကျွန်တော် ကြည်ကြည်ဖြူဖြူ လုပ်ပါ့မယ်။ အစ်ကိုကြီးနဲ့ မရီး... ကျွန်တော်တို့ကို သဘောတူပေးပါဗျာ။ ကျွန်တော် ရှောင်ဟွေးကို တကယ်ချစ်တာပါ"
ဆောင်ယုက ဒီလိုအခြေအနေမျိုးနဲ့ မကြုံဖူးတော့ ဆစ်ချန်ရဲ့ သဘောတူညီချက်ရအောင် ဘယ်လို ပြောရမလဲ မသိဘူး။ ဒါပေမဲ့ ရှောင်ဟွေးအပေါ်ထားတဲ့ သူ့မေတ္တာစစ်ကို ဖွင့်ပြောပြလိုက်ရင် မမှားလောက်ပါဘူးလို့ သူ တွေးတယ်။
ဆစ်ချန်ရဲ့ ယောက်ဖလောင်း သတ်မှတ်ချက်က ရှောင်ဟွေးကို ချစ်တဲ့သူ ဖြစ်ရမယ် ဆိုတာ မဟုတ်ဘူးလား။
သူ့ရဲ့ ရင်ဖွင့်စကားကြောင့် အမှတ်တွေ တိုးသွားပြီလို့ သူ ထင်နေတယ်။ ဆစ်ရှောင်ဟွေးကတော့ သူ့စကားတွေကြောင့် ကြည်နူးပြီး မျက်ရည်တွေတောင် ဝဲလာတယ်။ သူ လူမှန်ကို ရွေးခဲ့မိပြီ၊ ကံကောင်းခြင်းတွေ ဆိုက်ရောက်လာပြီလို့ ယုံကြည်နေတော့တာ။
ထုန်ယောင်ကတော့ ရွံလွန်းလို့ ကြက်သီးတွေတောင် ထနေတယ်။ ဒီလောက် ရိုင်းစိုင်းပြီး ပေါ်တင်ဆန်တဲ့ ရင်ဖွင့်စကားမျိုးကို ကြားရတာ နေရခက်လိုက်တာ။ သူနဲ့ ဆစ်ချန် ရှေ့မှာတောင် ဒီစကားမျိုး ပြောထွက်တဲ့ ဆောင်ယုရဲ့ သတ္တိကို သူ နားမလည်နိုင်ဘူး။
အချစ်အတွက်နဲ့ ကိုယ့်သိက္ခာကို စွန့်လွှတ်ပြီး အရှက်မရှိတဲ့ ယောက်ျားတစ်ယောက်က အနာဂတ်မှာ ဘာများ ဖြစ်လာနိုင်မှာတဲ့လဲ။
စိတ်ရှည်သည်းခံနေပေမယ့် ထုန်ယောင် မနေနိုင်တော့ဘဲ ထေ့ငေါ့ပြီး ပြောလိုက်တယ်။
"အတူနေတာ တစ်ရက်ပဲ ရှိသေးတယ်၊ ထမင်းတစ်နပ်တောင် ကောင်းကောင်း မကျွေးနိုင်သေးဘဲနဲ့ ရှောင်ဟွေးကို ကောင်းကောင်းထားပါ့မယ်လို့ ပြောရဲတယ်ပေါ့"
"..." ဆောင်ယု မျက်နှာ ရှက်လို့ နီသွားတယ်။ သူက ဆစ်ချန်ကို ခိုးကြည့်ပြီး ထပ်ပြောဖို့ ကြိုးစားတယ်။
"မရီး... ကျွန်တော်က အခုမှ လောကထဲ ဝင်ကာစမို့ ဝင်ငွေမရှိသေးတာပါ။ ဒါပေမဲ့ စိတ်ချပါ၊ နောင်ကျရင် ပိုက်ဆံရအောင် ကြိုးစားရှာပါ့မယ်။ ရှောင်ဟွေးကို သက်တောင့်သက်သာ ထားနိုင်အောင် လုပ်ပေးမှာပါ။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ကျိုတိုမှာ အလုပ်ကောင်းကောင်း ရှာပေးနိုင်ရင် ရှောင်ဟွေးနဲ့ ကျွန်တော် ပိုပြီး အဆင်ပြေမှာပါ"
သူ့စကားက ရှင်းလွန်းလို့ နားကန်းနေတဲ့သူတောင် ကြားနိုင်တယ်။ ရှောင်ဟွေးကိုတောင် လက်မထပ်ရသေးဘူး၊ အစီအစဉ်တွေ ဆွဲနေပြီ။
ထုန်ယောင်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပက်လိုက်တယ်။
"တို့အိမ်က ရှောင်ဟွေးက သက်တောင့်သက်သာ နေနေရပြီးသားပါ။ အခု သူ့ဘဝကို မရေမရာ ဖြစ်အောင် လုပ်နေတာက ရှင်လေ"
"..."
ထုန်ယောင်ရဲ့ စကားနာထိုးမှုကြောင့် ဆောင်ယု ရှက်ပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ်။ ဒါကို မြင်တော့ ရှောင်ဟွေးက မနေနိုင်ဘဲ ဝင်ပြောပြီး ညည်းတွားတော့တယ်။
"မရီး... မရီး အစ်ကိုကြီးနဲ့ ယူတုန်းကလည်း နိမ့်ရာကနေ မြင့်ရာကို ရောက်လာတာပဲလေ။ အစ်ကိုကြီးက ဆင်းရဲတယ်ဆိုပြီး မရီး ငြင်းခဲ့လို့လား။ အခု ကျွန်မအလှည့်ကျမှ ဘာလို့ အခြေအနေက ကွာသွားရတာလဲ။ ဆောင်ယုနဲ့ ကျွန်မက တကယ်ချစ်ကြတာပါ၊ ဘာလို့ ကျွန်မတို့ကို ခွဲဖို့ ကြိုးစားနေကြတာလဲ။ မရီးတို့က ရှေးရိုးစွဲနေတာလား၊ ကျွန်မတို့ကို နားလည်ပေးမယ်လို့ ထင်ထားတာ"
အမှန်အတိုင်း ပြောရရင် ဆစ်ရှောင်ဟွေးက ထုန်ယောင် ဝင်ရှုပ်နေတယ်လို့ ထင်နေတာ။ သူ့အတွက် ကောင်းတဲ့စကား တစ်ခွန်းမှ ဝင်မပြောပေးတဲ့အပြင် ဆောင်ယုကိုတောင် လှောင်ပြောင်နေသေးတယ်။ ထုန်ယောင် ကိုယ်တိုင် မင်္ဂလာဆောင်တုန်းကရော ဘယ်သူ ဝင်ရှုပ်ခဲ့လို့လဲ။ အခုကျမှ ဘာကိစ္စ သူ့ကို လာချုပ်ချယ်နေရတာလဲ။
"မရီး" လို့ ခေါ်လိုက်တာနဲ့ပဲ သူ့ကိုယ်သူ တော်တော် အရေးပါနေတယ်လို့ ထင်နေပုံရတယ်။
"အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးနဲ့ မရီးရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ပါ့မယ်။ ရှောင်ဟွေးနဲ့ ကျွန်တော် အတူနေဖို့ သဘောတူပေးပါဗျာ"
ဆောင်ယုက ရုတ်တရက် ထိုင်ခုံပေါ်ကနေ လျှောဆင်းပြီး ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်တယ်။ ဒီရုတ်တရက် အပြုအမူကြောင့် ထုန်ယောင် လန့်သွားပြီး ဘယ်လို တုံ့ပြန်ရမှန်းမသိ ကြောင်သွားတယ်။
သူ့တစ်သက်မှာ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ယောက်ျားတစ်ယောက်ရဲ့ ဒူးအောက်မှာ ရွှေတွေ ရှိတယ်လို့ ပြောကြတယ် မဟုတ်လား။
အခု အဲဒီရွှေတွေကို ငွေသားနဲ့ လဲတော့မလို့လား။
ဘာပဲဖြစ်ဖြစ် သူ ဒီအခြေအနေကနေ ဝေးဝေးနေမှ ဖြစ်မယ်။
ထုန်ယောင်က အသံမထွက်စေဘဲ ထိုင်ခုံကို ရွှေ့ပြီး ဆစ်ချန်ဘက်ကို တိုးကပ်လိုက်တယ်။
ဆောင်ယုရဲ့ လုပ်ရပ်ကြောင့် မျက်ရည်ဝဲနေတဲ့ ဆစ်ရှောင်ဟွေးကလည်း လိုက်ပြီး ဒူးထောက်တယ်။
"အစ်ကိုကြီး... ဆောင်ယုနဲ့ ညီမကို သဘောတူပေးပါ။ ညီမတို့ တကယ်ချစ်ကြတာပါ၊ ဒီဘဝမှာ နောက်ထပ် ဘယ်သူ့ကိုမှ မယူတော့ပါဘူး"
ထုန်ယောင် နှုတ်ခမ်းမဲ့လိုက်ပြီး အလိုအလျောက်ပဲ ဆစ်ချန်ကို လှမ်းကြည့်လိုက်တယ်။
ဆစ်ချန်က သူတို့နှစ်ယောက်ကို တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့တဲ့ မျက်နှာထားနဲ့ ကြည့်နေတယ်။ ပြီးတော့ အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။
"နင်တို့ရဲ့ အချစ်ကြီးကို ထိုင်ကြည့်နေဖို့ ငါ့မှာ အချိန်မရှိဘူး။ ရှောင်ဟွေးက ဒီည ဒီမှာနေပြီး နင့်မရီးနဲ့ အိပ်။ ဆောင်ယု... မင်းက ဟိုတယ်မှာ သွားတည်း။ မနက်ဖြန် မိုးလင်းတာနဲ့ လက်မှတ်ဝယ်ပြီး နှစ်ယောက်စလုံး အိမ်ပြန်ကြ။ တကယ်လို့ အတူနေချင်ရင် အိမ်ပြန်ရောက်မှ မိဘတွေကို တောင်းရမ်းပြီး မင်္ဂလာဆောင်ဖို့ စီစဉ်ကြ"
စာကြောင်းရေ အနည်းငယ်နဲ့တင် ဆစ်ရှောင်ဟွေးနဲ့ ဆောင်ယုတို့ ခေါင်းပေါ် ရေတစ်ပုံး လောင်းချလိုက်သလို ဖြစ်သွားတယ်။ ဆောင်ယုက ဘယ်နေရာမှာ မှားသွားလဲ နားမလည်နိုင်ဘူး။ အပြောရော အလုပ်ရော သူ တော်တော်လေး ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်လို့ ထင်ထားတာ။ ဆစ်ချန်က ဘာလို့ ဆွေးနွေးခွင့်တောင် မပေးဘဲ ငြင်းလိုက်တာလဲ။ သူ့မှာ ပိုက်ဆံမရှိလို့လား။
တကယ့် ငွေမက်တဲ့ ကောင်ပဲ။
ဆစ်ရှောင်ဟွေးလည်း ဇဝေဇဝါ ဖြစ်သွားတယ်။ သူ့အစ်ကိုက သူတို့ရဲ့ ခိုင်မြဲတဲ့ အချစ်ကို တွေ့ပြီး စိတ်လှုပ်ရှားသွားမယ် ထင်နေတာ။ အစ်ကိုကြီး ဒီလောက် သွေးအေးမယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားဘူး။
သူ ငိုချင်ပေမယ့် မျက်ရည်မထွက်ဘူး။ နှုတ်ခမ်းကို ကိုက်ပြီး အိတ်ကပ်ထဲက စာအိတ်အနီလေး တစ်ခုကို ထုတ်လိုက်တယ်။ ပြီးတော့ ဝန်လေးစွာနဲ့ ဝန်ခံလိုက်တယ်။
"အစ်ကိုကြီး... အမှန်အတိုင်း ပြောရရင် ဆောင်ယုနဲ့ ညီမ ဒီကို မလာခင်ကတည်းက လက်ထပ်စာချုပ် (Marriage Certificate) ယူပြီးသွားပြီ။ ညီမတို့က အခု တရားဝင် လင်မယားတွေ ဖြစ်နေပြီ၊ ညီမက သူ့မိန်းမ ဖြစ်နေပြီ။ အစ်ကိုကြီး သဘောတူတူ မတူတူ ညီမကတော့ ဒီတစ်သက် သူနဲ့ပဲ ပေါင်းတော့မှာ"
ဒီအဆင့်ရောက်မှတော့ ဆစ်ရှောင်ဟွေး စိတ်ပေါ့သွားတယ်။ တော်သေးတာပေါ့... မလာခင် ဆောင်ယုနဲ့ လက်မှတ်ထိုးခဲ့လို့။ မဟုတ်ရင် မနက်ဖြန် တကယ်ပဲ အိမ်ပြန်အပို့ခံရတော့မှာ။
အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ရွေးချယ်မှုပဲလို့ ပြောကြပြီးတော့၊ တကယ်တမ်း သူ့အလှည့်ကျတော့မှ ဒါတွေက လူကြီးတွေရဲ့ လှည့်ကွက်မှန်း သိလိုက်ရတယ်။ အပေါ်ယံမှာတော့ လွတ်လပ်ခွင့် ရှိတယ် ပြောပြီး တကယ်တမ်းကျတော့ သူတို့ သဘောမတူတဲ့ ယောက်ျားဆိုရင် ပေးမယူကြဘူး။ ဘယ်မှာလဲ လွတ်လပ်ခွင့်။
ဘာလို့ သူ့တစ်သက်လုံး ပေါင်းသင်းရမယ့် ယောက်ျားကို သူများတွေ ရွေးပေးတာ ခံရမှာလဲ။
သူ ကြိုက်တဲ့သူကို သူ ရွေးချယ်ချင်တယ်။
ဆောင်ယုက ဆစ်ချန် စိတ်ဆိုးမှာ ကြောက်လို့ ခေါင်းငုံ့ပြီး ငြိမ်နေတယ်။ သူ့လက်တွေ ချွေးပြန်နေပြီး အရိုက်ခံရရင် ခံလိုက်မယ်လို့တောင် ပြင်ဆင်ထားတယ်။ တကယ်လို့ အရိုက်ခံလိုက်ရလို့ ဆစ်ချန်ရဲ့ သဘောတူညီမှု ရမယ်ဆိုရင်တော့ မဆိုးပါဘူးလို့ သူ တွေးတယ်။
ထုန်ယောင် သူတို့နှစ်ယောက်ကို ဆက်မကြည့်ချင်တော့ဘူး။ ခွင့်မပြုခင် လက်ထပ်စာချုပ် အရင်ယူထားတယ်ပေါ့လေ။ ဆစ်ရှောင်ဟွေး တုံးတာလား၊ ရူးသွားတာလား မဝေခွဲတတ်တော့ဘူး။
အလုပ်အကိုင် မရှိ၊ ကိုယ့်ကိုယ်ကိုယ်တောင် မကျွေးမွေးနိုင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အချစ်စကား နည်းနည်းလောက်ကို အဟုတ်ကြီးမှတ်ပြီး လက်ထပ်ဖို့ သဘောတူလိုက်တာ၊ ကိုယ့်ဘဝကို ပုံအပ်လိုက်တာ... တကယ်ပါပဲ။
ဆစ်ရှောင်ဟွေးမှာ ဖဲချပ်ကောင်းတွေ ရှိလျက်နဲ့ ကစားကွက် မှားသွားခဲ့ပြီ။
လင်းဖန်ရင်းသာ သိသွားရင် ဒေါသထွက်ပြီး မူးမလဲသွားရင် ကံကောင်း။
ဆစ်ချန်ကို ကြည့်လိုက်တော့ ဒေါသပေါက်ကွဲတော့မယ့်ပုံ ပေါက်နေတယ်။
အမှန်အတိုင်း ပြောရရင် ဆစ်ချန် ဒေါသထွက်တာ ထုန်ယောင် တစ်ခါမှ မမြင်ဖူးဘူး။ သူ ဒေါသထွက်ရင် ဘယ်လိုနေမလဲ ဆိုတာ သိချင်နေမိတယ်။
ဒါပေမဲ့ ဘယ်သူ ထင်မှာလဲ... ဆစ်ချန်က သူတို့နှစ်ယောက်ကို မျက်နှာတည်တည်နဲ့ ခဏလောက် စိုက်ကြည့်နေပြီးမှ အေးစက်စက် အသံနဲ့ ပြောလိုက်တယ်။
"နင်က အခု ဆောင်မိသားစုဝင် ဖြစ်သွားပြီဆိုတော့ ငါနဲ့ ဘာမှ မဆိုင်တော့ဘူး။ ထမင်းစားပြီးတာနဲ့ ချက်ချင်း ထွက်သွားကြ။ လီစီးတီးကို ပြန်မလား၊ မပြန်ဘူးလား ဆိုတာ နင်တို့ဘာသာ ဆုံးဖြတ်။ ငါ ဝင်မပါသလို၊ ဘာအကူအညီမှလည်း ပေးမှာ မဟုတ်ဘူး"
ညီမအရင်း ဖြစ်ပေမယ့် ဆစ်ချန်က မျက်နှာမလိုက်ပါဘူး။ အားလုံးက အရွယ်ရောက်ပြီးသူတွေပဲ။ မိသားစု မပါဝင်စေချင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ခဲ့မှတော့ အကျိုးဆက်ကို ကိုယ်တိုင် ခံစားရမှာပေါ့။ ရှောင်ဟွေး သူ့ဘဝသူ လျှောက်လှမ်းရမှာ။ ပျော်မလား၊ ဆင်းရဲမလား ဆိုတာ သူကိုယ်တိုင်ပဲ သိလိမ့်မယ်။
အပိုင်း (၂၇၉) ပြီးဆုံး
***