ထုန်ယောင် - "..."
ဆောင်ယု - "..."
ဆစ်ရှောင်ဟွေး - "..."
ဆစ်ချန်ရဲ့ တုံ့ပြန်မှုကြောင့် သူတို့သုံးယောက်လုံး လုံးဝ အံ့သြမှင်သက်သွားပြီး တိတ်ဆိတ်ငြိမ်သက်မှုကြီးထဲမှာ စကားတစ်ခွန်းမှတောင် မဟနိုင်တော့ဘူး။
အတန်ကြာမှ ပထမဆုံး သတိပြန်ဝင်လာတဲ့ ဆစ်ရှောင်ဟွေးက ကြောက်လွန်းလို့ မျက်ရည်တွေတောင် ကျလာတယ်။ သူက ဆစ်ချန်ရှေ့မှာ ဒူးထောက်ချလိုက်ပြီး ငိုယိုတောင်းပန်တော့တယ်။
"အစ်ကိုကြီး... ညီမလေးကို ညီမအဖြစ်က စွန့်လွှတ်တော့မလို့လား။ ညီမက အစ်ကိုကြီးရဲ့ အချစ်ရဆုံး ညီမလေးလေ ဟုတ်တယ်မလား။ အစ်ကိုကြီးက တကယ်ပဲ ဒီလောက် ရက်စက်မှာလား။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေသာ ဒါကို သိရင် ရင်ကွဲနာကျမှာ သေချာတယ်"
သူ ဆောင်ယုကို ရဲရဲဝံ့ဝံ့ လက်ထပ်ခဲ့တာက ကျိုတိုမှာရှိတဲ့ အစ်ကိုဖြစ်သူကို အားကိုးလို့ရမယ်လို့ တွက်ထားလို့လေ။ အစ်ကို့ဆီကနေ ပိုက်ဆံနည်းနည်း ချေးပြီး နို့လက်ဖက်ရည်ဆိုင် ဖွင့်မယ်လို့ သူ တွေးထားခဲ့တာ။ ပိုက်ဆံတွေ ဝင်လာပြီဆိုရင် သူတို့ဘဝလည်း တိုးတက်လာမှာပဲ မဟုတ်လား။
တကယ်လို့ ပိုက်ဆံချေးလို့ မရရင်တောင် ဒီမှာ အလုပ်ရှာလုပ်ပြီး တစ်နှစ်၊ နှစ်နှစ်လောက် ပိုက်ဆံစုမယ်၊ ပြီးရင် နို့လက်ဖက်ရည်ဆိုင် ဖွင့်ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု တည်ဆောက်မယ်ပေါ့။
သူ့အစ်ကိုဆီက ဒီလောက် ရက်စက်တဲ့ စကားတွေ ထွက်လာမယ်လို့ သူ တစ်ခါမှ မထင်ထားခဲ့ဘူး။
လီစီးတီးမှာတော့ ဆောင်ယုမှာ ပိုက်ဆံ သိပ်မရှိဘူး။ ရှောင်ဟွေး စုထားတဲ့ ယွမ် ၁၀၀ နဲ့ သူတို့ အတန်ကြာ ရပ်တည်လို့ ရနိုင်ပေမယ့် ကျိုတိုမှာတော့ အဲဒီပိုက်ဆံက ဘယ်လောက်မှ ခံမှာ မဟုတ်ဘူးလေ။
သူ့အစ်ကိုက တကယ်ကြီး သူ့ကို လျစ်လျူရှုလိုက်ရင် သူ ဘာဆက်လုပ်ရမလဲ။
ဆောင်ယုလည်း ကြောင်အသွားတယ်။ သူလည်း ရှောင်ဟွေးလိုပဲ ဒူးထောက်ချင်ပေမယ့် ဆစ်ချန်ရဲ့ အကြည့်ကြောင့် အေးခဲသွားတယ်။ ဒါက သူ့ကို စမ်းသပ်တာများလားလို့ တွေးမိပြီး သူက သွားကြိတ်ကာ ပြောလိုက်တယ်။
"အစ်ကိုကြီး... တကယ်တော့ ရှောင်ဟွေးနဲ့ ကျွန်တော် လုပ်ရပ်က မှားပါတယ်။ အစ်ကိုကြီး ဒေါသထွက်တာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါ ကျွန်တော့်အမှားပါ၊ သူ့အမှား မဟုတ်ပါဘူး။ အပြစ်တင်ချင်ရင် ကျွန်တော့်ကိုပဲ အပြစ်တင်ပါ။ စိတ်ချပါ၊ ကျွန်တော်တို့က အစ်ကိုကြီးဆီက အကူအညီတောင်းဖို့၊ မှီခိုဖို့ လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရှောင်ဟွေးအတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ဖန်တီးပေးနိုင်တယ်ဆိုတာကို အစ်ကိုကြီး မြင်အောင် သက်သေပြပါ့မယ်"
ထုန်ယောင် - အင်း... အခုမှပဲ စကားပြောတာ နည်းနည်း နားထောင်လို့ ကောင်းသွားတယ်။
"ဆောင်ယု..."
ဒီစကားတွေက ဆစ်ချန်ကို မလှုပ်ခတ်စေနိုင်ပေမယ့် ရှောင်ဟွေးကိုတော့ ထိရှသွားစေပြီး သူ ရွေးချယ်မှု မှန်ကန်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုခိုင်မာသွားစေတယ်။
ဒါပေမဲ့ ဆစ်ချန်ကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး ခံစားချက်ကင်းမဲ့စွာနဲ့ ပြောလိုက်တယ်။ "မင်းက ဒီလောက်တောင် သတ္တိကောင်းနေမှတော့ ထမင်းစားပြီးတာနဲ့ ထွက်သွားကြပါ"
"..."
ဆစ်ချန်ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာထားကြောင့် ဆောင်ယုတစ်ယောက် သူ့ကိုယ်သူ လူပြက်တစ်ယောက်လို ခံစားလိုက်ရပြီး မျက်နှာတွေ ပူထူကာ ရှက်သွေးဖြာသွားတယ်။ ထပ်ပြီး ဒူးထောက်လိုက်ရင်လည်း သူ့ကိုယ်သူ ပိုပြီး အရှက်ခွဲရာ ကျလိမ့်မယ်၊ ဒါပေမဲ့ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုလည်း သူ မသိဘူး။
ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရတယ်။ ထုန်ယောင်က ရှောင်ဟွေးကို တစ်ချက်ကြည့်လိုက်ပြီး နေရာက ထကာ တံခါးကို အနည်းငယ်ဟဖွင့်လိုက်တော့ အပြင်ဘက်မှာ ရပ်နေတဲ့ လျိုချင်းကို တွေ့လိုက်ရတယ်။ သူက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး "ဘာကိစ္စများလဲ" လို့ မေးလိုက်တယ်။
လျိုချင်းက အထဲကို လှမ်းချောင်းကြည့်ရင်း မတ်တတ်ရပ်နေတဲ့ ရှောင်ဟွေးနဲ့ ဆောင်ယုတို့ကို အကဲခတ်မိသွားတယ်။ သူက ရယ်ကျဲကျဲနဲ့ "အို... ဧည့်သည်တွေ ရောက်နေတာလား။ အထဲကနေ အကျယ်ကြီး ငိုနေတဲ့ အသံတွေ ကြားရလို့ သူများတွေ အိပ်ရေးပျက်ကုန်ပြီလေ။ နင်တို့များ ရန်ဖြစ်နေကြလားဆိုပြီး လာဖျန်ဖြေပေးတာပါ"
ထုန်ယောင်က "ဆောရီးပဲ၊ ကျွန်မတို့ ရန်ဖြစ်နေတာ မဟုတ်ပါဘူး။ အသံကို တိုးလိုက်ပါ့မယ်၊ ရှင်လည်း စောစော နားလိုက်ပါတော့" လို့ ပြောလိုက်တယ်။
ပြောပြီးတာနဲ့ သူ တံခါးကို ပိတ်ပစ်လိုက်တယ်။
"... ဟွန့်၊ အနှောင့်အယှက်ပေးတဲ့ လူတွေ" လျိုချင်းက စိတ်ပျက်လက်ပျက် ပွစိပွစိ ပြောရင်း သူ့အခန်းဘက် ပြန်လှည့်သွားတယ်။
"ပြဿနာ မရှာကြနဲ့တော့။ နင်တို့တွေ လူကို အနှောင့်အယှက်ပေးလွန်းတယ်။ လာ... ထမင်းစားကြမယ်"
ထုန်ယောင် နေရာပြန်ထိုင်ပြီး ထမင်းစားတော့တယ်။ ဆစ်ချန်လည်း တူကိုင်ပြီး စားတာကို မြင်တော့မှ ဆစ်ရှောင်ဟွေးနဲ့ ဆောင်ယုတို့လည်း စိတ်အေးသွားကြတယ်။
တစ်နေ့ကုန် ငတ်လာကြတာမို့ သူတို့ ဆာလောင်မွတ်သိပ်နေပြီလေ။ ဘာမှ တုံ့ဆိုင်းမနေဘဲ စားလိုက်ကြတာ အစားအသောက် တော်တော် ဝင်သွားတယ်။ ဟင်းပန်းကန် အတော်များများကို မနားတမ်း စားပစ်လိုက်ကြပြီး ဆောင်ယုကတော့ ကျေနပ်စွာနဲ့ လေတောင် ချဉ်လိုက်သေးတယ်။
ဒါဟာ ဆောင်ယုရဲ့ ဘဝမှာ အကောင်းဆုံး စားဖူးတဲ့ အစားအစာပဲ။
သူ့အိမ်မှာက မောင်နှမတွေ များတော့ အသားဆိုရင် တစ်ယောက်ကို ဇွန်းနည်းနည်းစီပဲ ရတာ။ ဒီနေ့တော့ သူ စိတ်ကြိုက် အဝစားလိုက်ရတယ်။
သူ့အမေက ထုန်ယောင်လောက် ဟင်းချက်မကောင်းဘူး။
ဒီလို လှပပြီး အိမ်ထောင်မှုနိုင်နင်းတဲ့ ဇနီးမျိုး ရထားတဲ့ ဆစ်ချန်က တကယ်ကို ကံကောင်းတာပဲ။
ဒါပေမဲ့လည်း ဆစ်ချန်က ရုပ်ရည်သန့်ပြန့်ပြီး ထုန်ယောင်နဲ့ လိုက်ဖက်ပါတယ်။ တကယ်တော့ သူတို့က ပြီးပြည့်စုံတဲ့ စုံတွဲပဲ၊ ဆစ်ချန်နဲ့ ရှောင်ဟွေးတို့ကျတော့ မောင်နှမတွေနဲ့တောင် မတူဘူး။
ထမင်းစားပြီးတော့ ဆစ်ချန်က သူ့ကို နှင်မထုတ်တာ မြင်လို့ ရှောင်ဟွေးက တက်တက်ကြွကြွနဲ့ ထုန်ယောင်ကို ပန်းကန်တွေ ကူဆေးပေးတယ်။ ဒါပေမဲ့ ဆေးကြောပြီးလို့ မီးဖိုချောင်ထဲက ထွက်လာတာနဲ့ ဆစ်ချန်က သူတို့ ထွက်သွားရမယ့် အချိန်ရောက်ပြီလို့ ကြေညာလိုက်တယ်။ "မိုးချုပ်နေပြီ... မင်းတို့ တည်းဖို့ နေရာ သွားရှာကြတော့"
ရှောင်ဟွေး ဒေါသထွက်လွန်းလို့ လဲကျမတတ် ဖြစ်သွားတယ်။ နှင်ထုတ်ခံရဦးမယ်မှန်းသာ သိရင် သူ ဘယ်တော့မှ ကူပြီး ရှင်းလင်းပေးခဲ့မှာ မဟုတ်ဘူး။
သူတို့မှာ အဝတ်အစား နည်းနည်းပါတဲ့ အိတ်ငယ်လေး တစ်လုံးကလွဲပြီး ဘာမှ မပါလာဘူး။ ဆောင်ယုက အိတ်ကိုဆွဲပြီး ရှောင်ဟွေးနောက်ကနေ အိမ်အပြင်ကို စိတ်မသက်မသာနဲ့ လိုက်ထွက်လာတယ်။ ဒါက သူတို့အတွက် မြို့ကြီးကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပြီး အားကိုးစရာ တစ်ယောက်ယောက် ရှိမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ထင်ရှားစွာပဲ အဲဒီလို အခွင့်အရေး မရှိတော့ဘူးလေ။
ရှောင်ဟွေးက ဆစ်ချန် သူ့ကို ဘယ်လောက် အလိုလိုက်တဲ့အကြောင်း အမြဲ ကြွားတတ်ပြီး ဆောင်ယုကလည်း ယုံခဲ့တာပဲ။ ဒါပေမဲ့ အခုလိုမျိုး အရှက်တကွဲနဲ့ နှင်ထုတ်ခံရမယ်လို့တော့ သူ အိပ်မက်တောင် မမက်ဖူးဘူး။
ထုန်ယောင်နဲ့ ဆစ်ချန် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြတယ်။ ဆစ်ချန် ဘာမှ မပြောပေမယ့် ထုန်ယောင်က သူ့ရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်တယ်။ သူ အခန်းထဲ ဝင်ပြီး ပစ္စည်းတစ်ခု ယူကာ ရှောင်ဟွေးတို့ နောက်ကနေ လိုက်ထွက်သွားတယ်။ "ငါ လိုက်ပို့ပေးမယ်"
"မရီး လိုက်ပို့စရာ မလိုပါဘူး" ထုန်ယောင်က သူ့အတွက် ဝင်မပြောပေးလို့ စိတ်ခုနေတဲ့ ရှောင်ဟွေးက နှာမှုတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။
"မရီး... ရှောင်ဟွေးက ကလေးဆန်လို့ပါ၊ သူ့စကားတွေကို စိတ်ထဲ မထားပါနဲ့" ဆောင်ယုက နောက်ဆုံးကျန်နေတဲ့ မျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားချင်သေးတယ်။
ဆစ်ချန် စိတ်ပြောင်းသွားဖို့ဆိုရင် ထုန်ယောင်က အဓိကသော့ချက်ပဲ။ သူသာ သူတို့အတွက် ဝင်ပြောပေးမယ်ဆိုရင် ဘာပြဿနာ ရှိနိုင်တော့မှာလဲ။
သူ့မှာသာ ဒီလိုဇနီးမျိုး ရှိမယ်ဆိုရင် သူ့အသက်ကိုတောင် လိုလိုလားလား ပေးဝပ်မိမှာပဲ။
"သူ ငါ့ကို စိတ်တိုအောင် လုပ်လုပ်၊ မလုပ်လုပ် ငါကတော့ သူ့ကို အလိုလိုက်မှာ မဟုတ်ဘူး" ထုန်ယောင်က ခြေလှမ်းရပ်လိုက်ပြီး အိတ်ကပ်ထဲက စာရွက်လေး တစ်ရွက်ကို ထုတ်ပေးလိုက်တယ်။ "ရှောင်ဟွေးရဲ့ ဦးလေးလေးကို ရှာတွေ့သွားပြီ။ ဒါက သူ့လိပ်စာပဲ။ သူနဲ့ သွားမိတ်ဆက်မလား၊ မဆက်ဘူးလား ဆိုတာကတော့ နင်တို့အပိုင်းပဲ"
"ကျေးဇူးတင်ပါတယ် မရီး"
ဆောင်ယု ဝမ်းသာသွားပြီး စာရွက်လေးကို အမြန်ယူကာ ရှောင်ဟွေးနောက်ကို ပြေးလိုက်သွားတယ်။ ရှောင်ဟွေးဆီကနေ ဦးလေးအကြောင်း သူ တစ်ခါမှ မကြားဖူးပေမယ့် ကျိုတိုမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်က သူတို့ကို သေချာပေါက် ကူညီမှာပဲလို့ သူ ယုံကြည်နေတယ်။
"ငါ့ ဦးလေးလေး ဟုတ်လား။ သူ ပြောတာ ငါ့ဦးလေးလေးဆိုတာ သေချာရဲ့လား" ရှောင်ဟွေးက စာရွက်ပေါ်က လိပ်စာကို ကြည့်ပြီး ဒါ အမှန်ပဲဆိုတာကို ယုံကြည်ဖို့ ခက်ခဲနေတယ်။
သူ့ဦးလေးက ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာ ကြာပြီမို့ မိသားစုက သေပြီလို့ပဲ မှတ်ယူထားကြတာ။ ရုတ်တရက်ကြီး ဒီလို ပြန်တွေ့လိုက်ရတာက မြေမြှုပ်ထားတဲ့ လူတစ်ယောက် သင်္ချိုင်းထဲကနေ ပြန်ထွက်လာသလိုပဲ...။
"မရီးက နင့်ဦးလေးကို ရှာတွေ့ပြီလို့ တကယ်ပြောလိုက်တာ" ဆောင်ယုက ရှောင်ဟွေး ဘာလို့ ဦးလေးအကြောင်း ကြားပြီး ဒီလောက် အံ့သြသွားရတာလဲ ဆိုတာကို နားမလည်နိုင်ဘူး။
အစပိုင်းမှာ အံ့သြသွားပေမယ့် နောက်တော့ ရှောင်ဟွေး ဝမ်းသာသွားတယ်။ သူက ဆောင်ယုကို ပျော်ရွှင်စွာ ဖက်လိုက်ပြီး ပြောတယ်။ "ဒါ အရမ်းကောင်းတာပဲ... ငါ့ဦးလေးလေးက ငါ့ကို သိပ်ချစ်တာ၊ သူ ငါတို့ကို ပစ်ထားမှာ မဟုတ်ဘူး။ သူ့ဆီ သွားကြမယ်၊ သူ ငါတို့ကို အလုပ်ရှာပေးလိမ့်မယ်။ အစ်ကိုကြီး၊ မရီးနဲ့ အမေတို့ဆီက အကူအညီ မပါဘဲနဲ့လည်း ငါတို့ ဘဝကို ကောင်းကောင်း ရပ်တည်နိုင်တယ်ဆိုတာကို သူတို့ မြင်အောင် သက်သေပြမယ်။ ငါ ရွေးချယ်တဲ့ ယောက်ျား မှန်ကန်ကြောင်း သူတို့ကို သိစေရမယ်"
အပိုင်း (၂၈၀) ပြီးဆုံး
***