လူတိုင်းက ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲကို လိုချင်တပ်မက်မှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်နေကြလေသည်။
သူတို့ ၎င်းကို ယူရန် ပြင်လိုက်ချိန်မှာပင်...
ရွှစ်...
အဝေးမှ စူးရှသော ဓားမြည်သံတစ်ခု ရုတ်တရက် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့၏။
တောင်ဂိုဏ်းမှ လူများ ထိတိလန့်သွားကြပြီး မော့ကြည့်လိုက်ရာ အဝေးမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်ကို မြင်တွေ့လိုက်ကြရသည်။
အလင်းတန်းက သူတို့ထံသို့ တိုး၀င်လာပြီး ဧရာမ အလင်းတန်း ဓားကြီးတစ်လက်အဖြစ်သို့ ပြောင်းလဲသွား၏။
စူးရှသော ဓားမြည်သံက ပြန့်နှံ့သွားပြီး ၎င်း၏ အံ့ဩစရာကောင်းသော အမြန်နှုန်းက ပုရွက်ဆိတ် ပင်လယ်ကြီးကို ထိုးဖောက်ကာ နောက်ဆုံးတွင် သူတို့၏ ကောင်းကင်ယံ အထက်၌ ပေါ်လာခဲ့လေသည်။
“ဓားဂိုဏ်း...”
ယင်းရှောင်ရှောင်သည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
ဤအချိန်တွင် ဝူယွမ်သည်လည်း သူတို့ကို မှတ်မိသွားခဲ့၏။ အလင်းတန်း ဓားကြီးမှာ မှေးမှိန်သွားပြီး ၎င်းအတွင်းမှ လူအုပ်ကြီးတစ်အုပ် ပေါ်လာခဲ့သည်... ၎င်းမှာ ဓားဂိုဏ်းပင် ဖြစ်လေသည်။
အရှေ့ဆုံးတွင် မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသား တစ်ဦး ရပ်နေ၏။
သူက အောက်ဘက်ရှိ တောင်ဂိုဏ်းမှ လူများကို ပြုံးရင်း ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များက နက်ရှိုင်းသော မြေအောက်ရှိ ညိုမည်းရောင် ကျောက်တုံးပေါ်မှ ခြောက်သွေ့နေသော အလောင်းဆီသို့ ရောက်ရှိသွားကာ မျက်လုံးများမှာ စိတ်အားထက်သန်မှုများဖြင့် တောက်ပသွားခဲ့လေသည်။
“ဟားဟား... ဒီကမ္ဘာခြားနတ်ဆိုးနယ်မြေရဲ့ အပြင်ဘက်ဧရိယာမှာ ဒီလောက် ကြီးမားတဲ့ ပုရွက်ဆိတ်ပင်လယ်ကြီး တစ်ခု ဘာလို့ ပေါ်လာရတာလဲလို့ ငါ တွေးနေခဲ့တာ... ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲကြောင့် ဖြစ်နေတာကိုး...”
တောင်ဂိုဏ်းတပည့်များ၏ မျက်နှာအမူအရာများမှာ တင်းမာသွားကြပြီး သူတို့၏ မျက်လုံးများတွင် သတိထားမှုများ ပေါ်လွင်နေခဲ့လေသည်။
ဤနေရာတွင် လူတိုင်းက ပြိုင်ဘက်များ ဖြစ်ကြလေသည်။
ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ တစ်လုံးသည် သူတို့ ဂိုဏ်းနှစ်ခုကြားတွင် တိုက်ပွဲတစ်ခု စတင်ရန် လုံလောက်လှပေသည်။
ဓားဂိုဏ်း၏ ခေါင်းဆောင်တပည့်က ဝူယွမ်ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်လေသည်။ “ကျွန်တော်က ဓားဂိုဏ်းက ရွှီလင်း ပါ... တောင်ဂိုဏ်းက မိတ်ဆွေတို့၊ ဒီဆန်းကြယ်ရှင်ခြင်း အရိုးပုလဲကို ငါတို့ အေးအေးချမ်းချမ်း ခွဲယူကြရင် ဘယ်လိုလဲ...”
သူတို့သည်လည်း ဤပုရွက်ဆိတ် အသိုက်သို့ ရွှေ့ပြောင်းခံခဲ့ရပြီး ပုရွက်ဆိတ် ဒီရေလှိုင်းကို ခုခံရန် ရုန်းကန်ခဲ့ရလေသည်။
ဤနေရာရှိ ဆူညံပွက်လောရိုက်မှုကို တွေ့ရှိပြီး ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲကို မြင်တွေ့လိုက်ရသောအခါ သူတို့ သဘာဝကျကျပင် ဝေစု တစ်ခုကို လိုချင်ခဲ့ကြ၏။
သို့သော် ဝူယွမ်မှာ အထင်သေး၍ မရကြောင်းကိုလည်း သူတို့ သိထားကြသဖြင့် ပဋိပက္ခ မဖြစ်လိုဘဲ သူ၏ သဘောထားကို တောင်းခံခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းပြိုင်ပွဲမှာ ယခုမ စတင်ရုံသာ ရှိသေးရာ ဂိုဏ်းနှစ်ခုကြားတွင် အပြည့်အဝ ပဋိပက္ခ ဖြစ်ပွားခြင်းမှာ မတန်ပေ။
ထို့အပြင် သူတို့ ဓားဂိုဏ်းနှင့် တောင်ဂိုဏ်းကြားတွင် ယွမ်ဂိုဏ်းနှင့်ကဲ့သို့ အသေအကြေ ရန်ငြိုးမျိုးလည်း မရှိခဲ့ပေ။
သေချာသည်ကတော့ တောင်ဂိုဏ်းသည် သူတို့ကို သေချာပေါက် သတိထားနေလိမ့်မည်ဟု ရွှီလင်း ယုံကြည်ထားလေသည်။
အဘယ်ကြောင့်ဆိုသော် တောင်ဂိုဏ်းတွင် ယွမ်ဂိုဏ်းဟူသော ရန်သူ ရှိနေသေးသဖြင့် သူတို့နှင့် အပြည့်အဝ တိုက်ခိုက်မည် မဟုတ်သောကြောင့်ပင်။ အပေးအယူလုပ်ပြီး ခွဲဝေယူခြင်းက တောင်ဂိုဏ်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။
တောင်ဂိုဏ်းတပည့်များ၏ မျက်နှာအမူအရာများမှာ အနည်းငယ် တုံ့ဆိုင်းနေကြ၏။
မည့်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတို့ အရင် ရှာတွေ့ထားသော ရတနာ တစ်ခုဖြစ်ပြီး အချို့ကို အလကား ပေးလိုက်ရခြင်းမှာ သဘာဝကျကျပင် လက်ခံရန် ခက်ခဲလှပေသည်။
“အဲ့ဒီ ခြောက်သွေ့နေတဲ့ အရိုးတွေက ထူးဆန်းလွန်းတယ်... သူတို့ကို အရင် စမ်းခိုင်းလိုက်ပါလား...” ယင်းဟွမ်ဟွမ်က ဝူယွမ်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
အစောပိုင်းက မိစ္ဆာပုရွက်ဆိတ်များကို ကိုင်တွယ်ရန် သူမ၏ စောင်းသံစဉ်ကို အသုံးပြုနေစဉ် မြေအောက်ရှိ ခြောက်သွေ့နေသော အရိုးများထံတွင် ထူးဆန်းသော အသက်စွမ်းအင် လှိုင်းဂယက်များ ရှိနေကြောင်းနှင့် အပြင်ပန်းတွင် မြင်တွေ့ရသကဲ့သို့ ရိုးရှင်းမည် မဟုတ်ကြောင်းကို သူမ သတိပြုမိခဲ့လေသည်။
ဝူယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ပြုံးရင်း ပြောဆိုလိုက်၏။
“ဟဲဟဲ... ပြဿနာ မရှိပါဘူး၊ နတ်ဘုရား ရတနာတွေဆိုတာ ရရှိဖို့ ကံပါလာတဲ့ သူတွေအတွက်ပဲလေ... မင်းတို့လည်း ဒီကို ရွှေ့ပြောင်းခံခဲ့ရတယ်ဆိုတော့ ဒါက ကံကြမ္မာပဲပေါ့... အောက်က ခြောက်သွေ့နေတဲ့ အလောင်းတွေထဲမှာ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ လေးလုံး ရှိတယ်... ငါတို့ နှစ်လုံးစီ ယူကြတာပေါ့... မင်းတို့ အရင် သွားယူလိုက်ပါ...”
သူတို့ တွေဝေနေကြသော်လည်း တောင်ဂိုဏ်းမှ မည်သူကမျှ ဝူယွမ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်း မရှိခဲ့ပေ။
“ညီအစ်ကိုဝူယွမ်က တကယ်ကို ပွင့်လင်းတာပဲ... ငါတို့ ဓားဂိုဏ်းတပည့်တွေက ဒီကျေးဇူးကို မှတ်ထားပါ့မယ်...”
ရွှီလင်းမှာ ဝူယွမ်၏ ပြတ်သားသော သဘောတူညီမှုကြောင့် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ဝူယွမ်က သူတို့ ဓားဂိုဏ်းနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားနေသည်ဟု ထင်မှတ်လိုက်လေသည်။
သူက ချက်ချင်းပင် တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်ပြီး ဧရာမ လက်ကြီးတစ်ဖက်ကို ဆန့်တန်းလိုက်၏။
ထက်မြက်သော ဓားချီများ ပေါက်ကွဲထွက်လာပြီး အလင်းတန်း လက်ဝါးကြီး တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကာ နက်ရှိုင်းသော မြေအောက်ရှိ ဧရိယာများတွင် အဖြူရောင် အလင်းတန်းများ စုစည်းနေသော ခြောက်သွေ့နေသည့် အလောင်းနှစ်လောင်းကို လှမ်းယူလိုက်လေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
ထက်မြက်သော ဓားချီများ ပါဝင်သည့် အလင်းတန်း လက်ဝါးကြီးသည် လျှပ်စီးတစ်ခုအလား မြေကြီးထဲသို့ ထိုးစိုက်သွားခဲ့၏။
သို့သော် အလင်းတန်း လက်ဝါးကြီးက ခြောက်သွေ့နေသော အလောင်း နှစ်လောင်းကို ဖမ်းဆုပ်တော့မည့် အချိန်လေးမှာပင် အလောင်းများအတွင်းမှ အလွန်အမင်း သိမ်မွေ့လှသော လှိုင်းဂယက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“အားလုံး သတိထားကြ... ခဏနေရင် ငါ အချက်ပြတာကို စောင့်ကြည့်နေ...”
ဝူယွမ်၏ အသံက တောင်ဂိုဏ်းတပည့်များကြားတွင် ပြန့်နှံ့သွားခဲ့၏။
ချက်ချင်းပင် တောင်ဂိုဏ်း တပည့်များ အားလုံးက သူတို့၏ နိဗ္ဗာန်ရွှေခန္ဓာကိုယ်များကို အသက်သွင်းလိုက်ကြပြီး သူတို့၏ အာရုံကြောများ တင်းမာသွားကြလေသည်။
“သူတို့က အသက်ရှင်နေတယ်...” ယင်းဟွမ်ဟွမ်က အသံနှိမ့်ကာ အံ့ဩတကြီး ပြောလိုက်လေသည်။
မြေအောက်ထဲတွင် အဖြူရောင် အလင်းတန်းများ စုစည်းနေသည့် ခြောက်သွေ့နေသော အလောင်း လေးလောင်းမှာ ရွှီလင်း၏ အလင်းတန်း လက်ဝါးကြီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့ကြ၏။
သူတို့၏ ချိုင့်ဝင်နေသော မျက်လုံးများထဲတွင် သွေးရောင်များ လွှမ်းသွားပြီး အနက်ရောင် ချီအမျှင်တန်းလေးများ ယှက်နွယ်နေခဲ့လေသည်။
သို့သော် သူတို့၏ မျက်ဝန်းများထဲတွင် မည်သည့် စိတ်ခံစားမှုမျှ မရှိဘဲ စင်ကြယ်သည့် အဆုံးစွန်သော သတ်ဖြတ်ခြင်းဆန္ဒတစ်ခုသာ ရှိနေခဲ့သည်။
ခြောက်သွေ့နေသော အလောင်း လေးလောင်းမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။
သူတို့သည် ရွှီလင်းကို မော့ကြည့်လိုက်ပြီး သူတို့၏ ခြောက်သွေ့နေသော လက်များက ပြင်းထန်စွာ ဝှေ့ယမ်းသွားကြလေသည်။
အနက်ရောင် အလင်းတန်း ပုံစံ လေးခုက ပြန့်နှံ့ထွက်ပေါ်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာသော အလင်းတန်း လက်ဝါးကြီးကို တိုက်ရိုက်ပင် ပေါက်ကွဲသွားစေခဲ့၏။
ထို့နောက် အရှိန်အဟုန် မလျော့ကျသွားဘဲ ဓားဂိုဏ်းမှ လူများထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
ဤရုတ်တရက် အပြောင်းအလဲကြောင့် ဓားဂိုဏ်းမှ လူများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သို့သော် တိုက်ရိုက်တပည့်များ ဖြစ်ကြသဖြင့် သူတို့၏ တုံ့ပြန်မှုများမှာ မနှေးကွေးခဲ့ပေ။
အနက်ရောင် လှိုင်းဂယက်များ ရိုက်ခတ်လာသည်နှင့်အမျှ သူတို့သည် ကိုယ်တွင်းရှိ ယွမ်စွမ်းအင်များကို လျင်မြန်စွာ အသက်သွင်းလိုက်ကြပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများကို စတင်လိုက်ကြလေသည်။
“ကောင်းကင်ပြာ ယွမ်ဓားလက်ချောင်း...”
“လောင်ကျွမ်းမီးလျှံ ဓားသိုင်းပညာရပ်...”
“ကစဉ်ကလျား ကောင်းကင် ဓာလက်ချောင်း...”
... ဓားသိုင်းပညာရပ်များ တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ကြ၏။
ရာပေါင်းများစွာသော ထက်ရှသည့် ဓားချီစီးကြောင်းများက တစ်ပြိုင်နက်တည်းနီးပါး မြည်ဟီးထွက်ပေါ်လာပြီးနောက် အနက်ရောင် လှိုင်းဂယက်များနှင့် ပြင်းထန်စွာ တိုက်မိသွားကြလေသည်။
ချက်ချင်းပင် ကောင်းကင်ယံတွင် တုံးအိအိ ပေါက်ကွဲသံများ အဆက်မပြတ် ပဲ့တင်ထပ်သွားခဲ့၏။
ဖူး၊ ဖူး၊ ဖူး...
ဓားဂိုဏ်း တပည့်များ အားလုံးမှာ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံလိုက်ရပြီး အားနည်းသော တပည့်များမှာ တိုက်ရိုက်ပင် သွေးအန်သွားကြလေသည်။
ခြောက်သွေ့နေသော အလောင်း လေးလောင်း၏ တိုက်ခိုက်မှုများမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။
ထို့နောက် ခြောက်သွေ့နေသော အလောင်း လေးလောင်းမှာ မတ်တတ်ရပ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ လုံးဝ မည်းမှောင်နေကာ မျက်လုံးများမှာလည်း သွေးရောင်လွှမ်းနေခဲ့၏။
“သူတို့က မိစ္ဆာ အလောင်းတွေပဲ...” ယင်းရှောင်ရှောင်က အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
“ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲမှာ ကျဆုံးသွားခဲ့တဲ့ ရှေးဟောင်း သိုင်းပညာရှင်တွေ အများကြီး ရှိတယ်... သူတို့ရဲ့ အလောင်းတွေက ကမ္ဘာခြားနတ်ဆိုးနယ်မြေရဲ့ နတ်ဆိုးစွမ်းအင်တွေရဲ့ တိုက်စားမှုကြောင့် သတ်ဖြတ်ဖို့ပဲ သိတဲ့ ဒီမိစ္ဆာအလောင်းတွေအဖြစ် ပြောင်းလဲသွားကြတာ...”
“မိစ္ဆာ အလောင်းတွေရဲ့ စွမ်းအားက သူတို့ သက်ရှိထင်ရှား ရှိစဉ်ကလောက် မကြီးမားပေမယ့် သူတို့မှာ အတော်လေး ကောင်းမွန်တဲ့ တိုက်ခိုက်နိုင်စွမ်း ရှိနေသေးတယ်..."
“ဆန်းကြယ်ရှင်ခြင်းအဆင့်က အားကောင်းတဲ့ သိုင်းပညာရှင်တွေနဲ့ မယှဉ်နိုင်ပေမယ့် သာမန် နိဗ္ဗာန်အဆင့် ၉ ကျင့်ကြံသူတွေ ကိုင်တွယ်နိုင်တဲ့ အရာတွေတော့ မဟုတ်ဘူး...”
“ဒီမိစ္ဆာအလောင်း လေးလောင်းက တစ်လောင်းချင်းစီက လူငယ်မိုးကြိုးဘုရင် လဲ့ချန်ထက် မနိမ့်ကျလောက်ဘူး... ဒါ့အပြင် သူတို့က သေမှာကို မကြောက်ဘူး၊ သတ်ဖြတ်ဖို့ စတင်လိုက်တာနဲ့ ဘယ်တော့မှ မရပ်တန့်တော့ဘူး... “
“ကနဦး အောင်မြင်မှု ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက်တောင်မှ သူတို့ကို ကိုင်တွယ်ဖို့ အရမ်း ဒုက္ခရောက်လိမ့်မယ်...”
“ဒါဆို ဒီလေးလောင်းက လဲ့ချန် လေးယောက်ပေါ့...” ဝူယွမ်က ခပ်ဖွဖွ ပြုံးလိုက်မိလေသည်။
ဤမိစ္ဆာ အလောင်းများသည် ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ၏ ကူးစက်ခြင်းကို ခံထားရသည်မှာ သေချာလှပေသည်။
ဝူယွမ်အတွက် ဤပြဿနာကို ဖြေရှင်းရန်မှာ လုံးဝ မခက်ခဲပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ကမ္ဘာသစ်ပင် ရှိနေသဖြင့် ၎င်းတို့ကို သန့်စင်ပေးပြီး လုံးဝ ဖယ်ရှားပေးနိုင်သောကြောင့်ပင် ဖြစ်သည်။
“သူတို့က မိစ္ဆာအလောင်းတွေ ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး... ညီအစ်ကို ဝူယွမ်၊ ဒီကောင်တွေက ကိုင်တွယ်ရ မလွယ်ဘူးနော်... ငါတို့ ပူးပေါင်းကြရင် ဘယ်လိုလဲ...” ရွှီလင်းက ကျယ်လောင်စွာ အော်ဟစ်တောင်းဆိုလိုက်လေသည်။
ဝူယွမ်က ပြောလိုက်၏။ “ငါတို့ ခွဲယူဖို့ သဘောတူထားပြီးပြီလေ... တစ်ဖက်ကို နှစ်လောင်းစီပေါ့...”
“ညီအစ်ကို ရွှီလင်း၊ မင်းတို့ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲတွေကို ရနိုင်မလား ဆိုတာကတော့ ငါတို့ရဲ့ စွမ်းအားတွေ ပေါ်မှာပဲ မူတည်တော့တယ်...”
‘တစ်ဖက်ကို နှစ်လောင်းစီ.. ဒါက အရမ်းမျှတတယ်လေ...’
“အားလုံး နောက်ဆုတ်ပြီး သူတို့ထဲက နှစ်ကောင်ကို ငါတို့ဆီ မျှားခေါ်လာခဲ့...”
မိစ္ဆာ အလောင်း လေးလောင်း ထွက်ပေါ်လာတော့မည်ကို မြင်သောအခါ ဝူယွမ်က တောင်ဂိုဏ်းမှ လူများကို ဓားဂိုဏ်း အဖွဲ့နှင့် အကွာအဝေး တစ်ခု ဖန်တီးရန် လျင်မြန်စွာ ညွှန်ကြားလိုက်လေသည်။
ထင်သည့်အတိုင်းပင် မိစ္ဆာ အလောင်း လေးလောင်းသည်လည်း သူတို့ကိုယ်သူတို့ မည်သူ့ကို တိုက်ခိုက်ရမည်မှန်း သိနေသည့်အလား နှစ်လောင်း တစ်တွဲစီ ခွဲကာ သူတို့ကို လာရောက် ရင်ဆိုင်ကြလေသည်။
ရွှီလင်း၏ မျက်နှာမှာ မှောင်မဲသွားတော့သည်။ သူတို့၏ စွမ်းအားမှာ တစ်လောင်းကို ကိုင်တွယ်ရန် လုံလောက်သော်လည်း နှစ်လောင်းဆိုပါက ရုန်းကန်ရမည် ဖြစ်သည်။
အကယ်၍ နောက်ဆုံးတွင် သူတို့ အနိုင်ရခဲ့လျှင်တောင်မှ သေချာပေါက် အကြီးအကျယ် သေကျေပျက်စီးမှုများ ရှိလာပေလိမ့်မည်။ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ နှစ်လုံးအတွက် အသက်များကို စတေးရခြင်းမှာ မတန်ပေ။
သို့သော် ယခုအခါ စဉ်းစားနေရန် အချိန်မရှိတော့ပေ။ မိစ္ဆာ အလောင်း နှစ်လောင်းသည် ပြေးဝင်လာပြီဖြစ်ပြီး သူတို့ ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဓားဂိုဏ်း၏ စွမ်းအားမှာ တောင်ဂိုဏ်းထက် ယုတ်လျော့သော်လည်း သူတို့ထံတွင် နိဗ္ဗာန်အဆင့် ၉ အားကောင်းသော သိုင်းပညာရှင် နှစ်ဦး ရှိနေသေး၏。
“လူခွဲလိုက်... ယင်ယန် ဓားအစီအရင်ကို ဖန်တီး...”
ရွှီလင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ရာပေါင်းများစွာသော တပည့်များက ချက်ချင်းပင် နှစ်ဖွဲ့ ခွဲလိုက်ကြပြီး သူနှင့် အခြားသော နိဗ္ဗာန်အဆင့် ၉ တပည့် တစ်ဦးကို ဗဟိုပြုကာ ဓားအစီအရင်ကို ဖန်တီးလိုက်ကြပြီး မိစ္ဆာ အလောင်း နှစ်လောင်းကို ဝန်းရံထားလိုက်ကြ၏။
အခြားတစ်ဖက်တွင်မူ တောင်ဂိုဏ်းတွင် အားကောင်းသည့် အဆင့်မြင့် သိုင်းပညာရှင်များ ပိုမိုများပြားလေသည်။
သူတို့ထံတွင် နိဗ္ဗာန်အဆင့် ၉ ကျင့်ကြံသူ ခုနစ်ဦး ရှိနေသဖြင့် မိစ္ဆာအလောင်း နှစ်လောင်းကို ကိုင်တွယ်ရန်မှာ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။
ဝူယွမ်သည် ယင်းဟွမ်ဟွမ်နှင့်အတူ တစ်လောင်းကို ကိုင်တွယ်ပြီး လင်းတုန်နှင့် ယင်းရှောင်ရှောင်တို့က တောင်ဂိုဏ်း တပည့်များစွာနှင့်အတူ နောက်တစ်လောင်းကို ကိုင်တွယ်လိုက်ကြလေသည်။
မူလက ဝူယွမ်သည် တစ်ယောက်တည်း ကိုင်တွယ်နိုင်သော်လည်း ယင်းဟွမ်ဟွမ်က သူ ကူညီရန် အတင်းအကျပ် တောင်းဆိုခဲ့လေသည်။
လင်ချင်းကျူကို မြင်တွေ့ပြီးကတည်းက ယင်းဟွမ်ဟွမ်သည် အလျင်စလို ဖြစ်နေသည့် ခံစားချက်တစ်ခုကို ခံစားနေရ၏။ လင်ချင်းကျူက အလွန် ထူးချွန်လွန်းလှပြီး သူမသည် အသုံးမကျသော ပန်းအိုးလေး တစ်လုံး မဖြစ်ချင်ပေ။
ထို့အပြင် ပန်းအိုးလေး တစ်လုံး ဖြစ်နေခြင်းက လင်ချင်းကျူ၏ အရှေ့တွင် မည်သည့် အားသာချက်မျှ မရှိဘဲ ယင်းဟွမ်ဟွမ်ကို နိုးကြားလာစေရန် ဖိအားပေးနေခဲ့သည်။
***