ဤတစ်ကြိမ်တွင် သူမသည် ကောင်းကင်ဖီးနစ်စောင်းကိုပါ ယူဆောင်လာခဲ့ပြီး သူမ၏ စုစည်းထားသော မူလဝိညာဉ်နှင့်အတူ သူမ ပြသသော စွမ်းအားမှာ သူမ၏ အစ်မထက် မနိမ့်ကျတော့ပေ။
ကောင်းကင်ဖီးနစ် စောင်းမှာ သန့်စင်ယွမ်ရတနာ တစ်ခုဖြစ်ပြီး အလွန်အမင်း အားကောင်းလှပေသည်။
ယင်းဟွမ်ဟွမ်သည် ကောင်းကင်ယံတွင် ပျံဝဲနေပြီး ဝူယွမ်ကို ကူညီရန် စောင်းတီးခတ်နေကာ ဝူယွမ်ကမူ မိစ္ဆာအလောင်းကို တိုက်ရိုက် သွားရောက် တိုက်ခိုက်လေသည်။
မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သောအခါမှ မိစ္ဆာအလောင်း၏ ခန္ဓာကိုယ်မှာ အရေခွံနှင့် အရိုးများသာ ကျန်ရှိတော့ပြီး အလွန်အမင်း ခြောက်သွေ့နေကာ အစိုဓာတ် အနည်းငယ်မျှပင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။
သို့သော် ဤခြောက်သွေ့နေသော အသွင်အပြင်၏ အောက်တွင် အလွန်အမင်း မာကျောသော ခံစားချက်တစ်ခု ရှိနေခဲ့၏။
၎င်း၏ အနက်ရောင် အရေပြားမှာ သံမဏိစစ်စစ် တစ်ခုအလား အလင်းရောင်များ ခပ်ရေးရေး တောက်ပနေခဲ့သည်။
ဤအလောင်းများ အားလုံးမှာ သူတို့၏ အကောင်းဆုံး အချိန်များတွင် ဆန်းကြယ်ရှင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်၌ ရှိနေခဲ့ကြသူများ ဖြစ်လေသည်။
သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများမှာ ကျန်ရှိနေဆဲပင် ဖြစ်သည်။
ထို့အပြင် ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ၏ တိုက်စားမှုကို နှစ်ပေါင်းများစွာကြာ ခံခဲ့ရပြီးနောက် ဤအရိုးစုများမှာ အားကောင်းသော ပစ္စည်းတစ်ခုအဖြစ် မှတ်ယူ၍ ရနိုင်ပေသည်။
ဆန်းကြယ်ရှင်ခြင်းအဆင့် အောက်ရှိ တိုက်ခိုက်မှုများက သူတို့ကို ထိခိုက်စေရန် အလွန် ခက်ခဲပေလိမ့်မည်။
ဝူယွမ်၏ အာဏာရှင်လက်သီးက မိစ္ဆာအလောင်းကို တိုက်ရိုက်ပင် ရိုက်ခတ်သွားလေသည်။
မိစ္ဆာအလောင်း၏ အတွင်းမှ ကြီးမားလွန်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခု ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။
၎င်း၏ ချိုင့်ဝင်နေပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများထဲတွင် လူသား စိတ်ခံစားမှု အရိပ်အယောင်လေး အနည်းငယ်မျှပင် မရှိတော့ချေ။
“ဂါး...”
ဝူယွမ်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသောအခါ မိစ္ဆာအလောင်းက ချက်ချင်းပင် ခပ်ဩဩ ဟိန်းဟောက်လိုက်လေသည်။
အလောင်း၏ မျက်ဝန်းများထဲရှိ သွေးရောင်များမှာ ရုတ်တရက် ပိုမို ပြင်းထန်လာခဲ့၏...
ပြိုင်ဘက်က ပိုအားကောင်းလေလေ အလောင်းက ပိုအားကောင်းလာလေလေ ဖြစ်ပြီး မိစ္ဆာအလောင်း၏ စွမ်းအားများမှာ ထပ်မံ မြင့်တက်လာခဲ့သည်။
၎င်းက အနက်ရောင် အလင်းတန်း တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး ပြေးဝင်လာခဲ့၏။ မိစ္ဆာအလောင်း၏ လှုပ်ရှားမှုများမှာ ရိုးရှင်းသော်လည်း အရေးကြီးသော နေရာများကိုသာ တိုက်ရိုက် ရည်ရွယ်ထားလေသည်။
၎င်း၏ ထက်မြက်သော လက်သည်းများက ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းများနှင့်အတူ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ဝူယွမ်၏ ရင်ဘတ်ဆီသို့ တိုက်ခိုက်လာခဲ့သည်။
ဝူယွမ်သည်လည်း လျှပ်စီးတစ်ခုအလား လျင်မြန်လှပေသည်။ ခရမ်းနှင့် ရွှေရောင်ရောယှက်နေသော အလင်းတန်းများက သူ၏ အရေပြားပေါ်တွင် ခပ်ရေးရေး ထွက်ပေါ်လာသည်။
အာဏာရှင်သွေးများကလည်း သူ၏ တစ်ကိုယ်လုံးတွင် စီးဆင်းနေကာ သူ၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလာခဲ့ပေသည်။
ကောင်းကင်ပြာနဂါးပုံစံ ပေါ်လာပြီး ကောင်းကင်ပြာနဂါး၊ အာဏာရှင်လက်သီးဖြင့် မိစ္ဆာအလောင်းကို လွင့်စင်သွားအောင် သူ ရိုက်ချလိုက်လေသည်။
သို့သော် မိစ္ဆာအလောင်းမှာ နာကျင်မှုကို လုံးဝ မကြောက်ရွံ့ပေ။
၎င်းက လူးလှိမ့်ထရပ်လိုက်ပြီး အနက်ရောင် အလင်းတန်းများ ထပ်မံ ပေါက်ကွဲထွက်လာကာ လျင်မြန်စွာ ခုန်အုပ်လာခဲ့၏။ မိစ္ဆာအလောင်း၏ ကြမ်းတမ်းလွန်းသော အင်အားမှာ အနက်ရောင် အလင်းတန်း ဓားတစ်လက်အလား ဝူယွမ်ထံသို့ တိုး၀င်လာခဲ့သည်။
ဤဖြစ်စဉ်အတွင်း မိစ္ဆာအလောင်း၏ ဒန်တျန်အတွင်းရှိ အဖြူရောင် အလင်းတန်းအစုအဝေးမှာ နှလုံးသား တစ်ခုအလား တုန်ခါနေပြီး စွမ်းအင်များကို ထုတ်ပေးကာ မိစ္ဆာအလောင်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ စီးဆင်းစေခဲ့လေသည်။
“ဒါက မင်းရဲ့ စွမ်းအင်အရင်းအမြစ်လား...”
ဝူယွမ်၏ အကြည့်များက စူးရှသွားပြီး အဖြူရောင် အလင်းတန်း အစုအဝေးကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေခဲ့လေသည်။
ထို့နောက် သူ၏ ပုံရိပ်က မိစ္ဆာ အလောင်း၏ အရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့၏။
ခရမ်းနှင့် ရွှေရောင်ရောယှက်နေသော လက်ဝါးကြီးကို ဆန့်တန်းလိုက်ပြီး မိစ္ဆာအလောင်း၏ ဝမ်းဗိုက်ကို အားစိုက်ထုတ်စရာပင် မလိုဘဲ အသာအယာထိုးဖောက်ကာ အဖြူရောင် အလင်းတန်း အစုအဝေးကို ဖမ်းဆုပ်လိုက်ပြီး လျင်မြန်စွာ ပြန်ဆွဲထုတ်လိုက်လေသည်။
အဖြူရောင် အလင်းတန်းအစုအဝေး အလောင်း၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်နှင့် ကြီးမားသော သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သော မိစ္ဆာအလောင်းမှာ မျက်ဝန်းများထဲရှိ သွေးရောင်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ယိမ်းယိုင်သွားပြီး လဲကျသွားကာ အသက်စွမ်းအင်များ ပျောက်ကွယ်သွားလေတော့သည်။
ဝူယွမ်က လက်ဖဝါးကို ဖွင့်လိုက်လေသည်။ အဖြူရောင် အလင်းတန်းမှာ အတော်လေး နူးညံ့နေခဲ့၏။
အဖြူရောင် အလင်းတန်းအတွင်းတွင် နဂါးမျက်လုံး အရွယ်အစားခန့်ရှိသော ပုလဲလုံး တစ်လုံး ရှိနေလေသည်။
ပုလဲလုံး အတွင်းမှ သာမန်မဟုတ်သော အံ့ဩဖွယ်ကောင်းသည့် အသက်စွမ်းအင်များ ထွက်ပေါ်နေပြီး ကြီးမားကာ အဆုံးမရှိသော စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။
“ကောင်းပြီ... ရပ်လိုက်တော့...” ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ပြောလိုက်လေသည်။
သူမ၏ စောင်းသံစဉ်မှာ အတော်လေး အသုံးဝင်ခဲ့ပြီး မိစ္ဆာအလောင်း၏ အမြန်နှုန်းကို နှေးကွေးသွားစေကာ သူ့အတွက် ပုလဲလုံးကို ပြန်လည် ရယူရန် ပိုမိုလွယ်ကူသွားစေခဲ့သည်။
ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ဘေးသို့ ဆင်းလာပြီး ပုလဲလုံးကို သိချင်စိတ်ဖြင့် အကဲခတ်ကြည့်လိုက်လေသည်။
“ရော့... နင့်ဘာသာ အေးအေးဆေးဆေး ကြည့်လိုက်ဦး...”
ဝူယွမ်က သူမအား ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ ပေးလိုက်ပြီးနောက် လဲကျနေသော မိစ္ဆာအလောင်းဆီသို့ လျှောက်သွားလိုက်သည်။
သူ မိစ္ဆာအလောင်းကို ထိကြည့်လိုက်ရာ ၎င်းမှာ မာကျောပြီး ရေခဲလို အေးစက်နေခဲ့၏။
ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ၏ တိုက်စားမှုကို ခံရပြီးနောက် မိစ္ဆာအလောင်း၏ ခန္ဓာကိုယ်မှာ အံ့ဩစရာကောင်းလောက်အောင် အားကောင်းလာခဲ့ပြီး သူ၏ ပြီးပြည့်စုံသော တောင်တန်းကိုယ်ခန္ဓာနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့သည်။
“လုံလောက်အောင် မာကျောတယ်... ပစ္စည်းကောင်းပဲ...” ဝူယွမ်က အနည်းငယ် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ယင်းဟွမ်ဟွမ်က ပြောလိုက်၏။ “ရုပ်သေးတစ်သောင်းဂိုဏ်းက ကောင်တွေက ဒီလို မိစ္ဆာအလောင်းရဲ့ အသားကို သဘောကျကြတယ်လေ... သူတို့က အဲ့တာကို ရုပ်သေးရုပ်တွေအဖြစ် ဖန်တီးလို့ရတယ်...“
“ဒါပေမယ့် ငါတို့ဆီမှာ အဲဒီနည်းလမ်း မရှိဘူး... ပြီးတော့ ဒီမိစ္ဆာအလောင်းက သာမန် အလောင်းနဲ့ မတူဘူး၊ အလောင်းမှာ ကမ္ဘာခြားနတ်ဆိုးနယ်မြေရဲ့ နတ်ဆိုးစွမ်းအင်တွေနဲ့ ပြည့်နှက်နေတာ...”
“တကယ်လို့ တစ်ယောက်ယောက်ကသာ သတိမထားဘဲ ဖန်တီးလိုက်မယ်ဆိုရင် နတ်ဆိုးစွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာနဲ့ ကိုယ်ပိုင် အသိစိတ်က အမြန်တိုက်စားခံရလိမ့်မယ်...”
သူမက ဝူယွမ်ကို ပေါ့ပေါ့ဆဆ မစမ်းသပ်ရန် သတိပေးလိုခြင်း ဖြစ်သည်။
“အလောင်းကို ဖန်တီးဖို့ ငါ့ဆီမှာ နည်းလမ်းရှိပါတယ်... လောလောဆယ်တော့ အဲ့တာကို သိမ်းထားလိုက်ကြတာပေါ့...”
ဝူယွမ်က ပြုံးရင်း ပြောလိုက်ပြီး မိစ္ဆာအလောင်းကို မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ ထည့်သွင်းလိုက်လေသည်။
“ကန္တာရတိမ်တိုက်... ဒီမိစ္ဆာအလောင်းကို သန့်စင်ပေးပြီး အဲ့တာရဲ့ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်တွေကို ဖယ်ရှားပေးလိုက်...”
သူက ကန္တာရတိမ်တိုက် ထံသို့ အသံပို့ကာ သတင်းစကား ပါးလိုက်လေသည်။
ကမ္ဘာသစ်ပင်သည် အတွင်းရှိ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များကို စုပ်ယူနိုင်ပြီး ထို့နောက်တွင် ၎င်းမှာ ပြီးပြည့်စုံသည့် ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းသော သိုင်းပညာရှင်တစ်ဦး၏ သန့်ရှင်းသော ခန္ဓာကိုယ် တစ်ခု ဖြစ်လာပေလိမ့်မည်။
“တခြား တစ်ကောင်နဲ့ သူတို့ ဘယ်လိုအခြေအနေရှိလဲဆိုတာ သွားကြည့်ရအောင်...”
ဝူယွမ်က အခြား မိစ္ဆာအလောင်းနှင့် အခြေအနေကို စစ်ဆေးရန် ယင်းဟွမ်ဟွမ်ကို ခေါ်သွားလိုက်လေသည်။
“ဘန်း၊ ဘန်း၊ ဘန်း...”
ကွင်းပြင်ထဲတွင် လင်းတုန်၏ ခန္ဓာကိုယ်မှာ ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး မိစ္ဆာအလောင်းနှင့် လက်သီးချင်း တိုက်ခိုက်နေလေသည်။
ယင်းရှောင်ရှောင်နှင့် အခြားသူများက ဘေးမှ ကူညီပေးနေကြ၏။
သို့သော် မိစ္ဆာအလောင်းအပေါ် သူတို့၏ တိုက်ခိုက်မှုများမှာ ကလိထိုးနေသကဲ့သို့သာ ဖြစ်နေပြီး ပြီးပြည့်စုံသည့် ဆန်းကြယ်ရှင်ခြင်းအဆင့်အလောင်းမှာ သူတို့၏ စွမ်းအားလေးများဖြင့် တုန်လှုပ်စေနိုင်သည့် အရာမဟုတ်ကြောင်း ထင်ရှားလှပေသည်။
လင်းတုန်ထံတွင် ရွှေခေါင်းလောင်းခန္ဓာကိုယ် ရှိနေသဖြင့် သူမကြောက်ရွံ့ပေ။ ထိပ်တိုက် ရင်ဆိုင်မှုတွင် သူ ဘယ်တော့မှ မရှုံးဖူးချေ။
“ဒုတိယညီလေး... မိစ္ဆာအလောင်းရဲ့ ဒန်တျန်ထဲကနေ ပုလဲကို ထုတ်ယူလိုက်... အဲ့ဒါဆိုရင် အဲ့ကောင် လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး...” ဝူယွမ်က သူ့ကို သတိပေးလိုက်လေသည်။
လင်းတုန်မှာ အကြံတစ်ခု ရသွားခဲ့၏။
သူက မိစ္ဆာ အလောင်း၏ လည်ပင်းကို ချက်ချင်း လှမ်းဖမ်းလိုက်ပြီး အလောင်း၏ အရိုးလက်ဝါးက သူ၏ ရွှေခန္ဓာကိုယ်ကို ဒုန်းခနဲ အသံများနှင့်အတူ ရိုက်နှက်ခွင့် ပေးထားလိုက်လေသည်။
ထို့နောက် သူက အခြားလက်တစ်ဖက်ဖြင့် မိစ္ဆာအလောင်း၏ ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ထိုးသွင်းပြီး အားကုန် ဆွဲထုတ်လိုက်၏။
ဆန်းကြယ်ရှင်ခြင်းအရိုးပုလဲကို ရယူလိုက်သည်နှင့် မိစ္ဆာအလောင်းမှာ ချက်ချင်းပင် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့လေသည်။
ဝူယွမ်က သွားရောက်၍ ထိုမိစ္ဆာအလောင်းကိုလည်း မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ ထည့်သွင်းလိုက်လေသည်။
“ညီအစ်ကို ဝူယွမ်... ကျေးဇူးပြုပြီး ငါတို့ကို ကူညီပါဦး...”
ရွှီလင်းက သူတို့၏ အခြေအနေကို ဖြေရှင်းပြီးသွားပြီ ဖြစ်ကြောင်း မြင်သောအခါ အကူအညီ တောင်းရန် လျင်မြန်စွာ အော်ဟစ်လိုက်လေသည်။
ဤအချိန်တွင် ဓားဂိုဏ်းတပည့်အချို့မှာ သေကျေပျက်စီးမှုများ ရှိနေပြီ ဖြစ်သည်။
သူတို့က မိစ္ဆာ အလောင်း၏ အကာအကွယ်ကို မချိုးဖျက်နိုင်ကြသကဲ့သို့ ဝူယွမ်နှင့် လင်းတုန်တို့ကဲ့သို့ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲကိုလည်း မထုတ်ယူရဲကြပေ။
လက်ဝါး တစ်ချက်တည်းဖြင့် အမှုန့်ဖြစ်သွားအောင် အရိုက်ခံရမည်ကို ကြောက်ရွံ့နေကြလေသည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက လူတိုင်းမှာ မိစ္ဆာအလောင်း၏ လက်ချက်ဖြင့် သေသည်အထိ အားအင်ကုန်ခမ်းသွားကြပေလိမ့်မည်။
“ညီအစ်ကို ရွှီလင်း... ငါတို့က တစ်ဖက်ကို နှစ်လောင်းစီ ယူမယ်လို့ သဘောတူထားပြီးသားလေ... မင်းတို့ဆီကနေ ငါတို့ အခွင့်ကောင်း ယူလို့ မဖြစ်ပါဘူး...” ဝူယွမ်က ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောလိုက်လေသည်။
“ညီအစ်ကို ဝူယွမ်... ဒီဆန်းကြယ်ရှင်ခြင်းအရိုးပုလဲကို ငါတို့ မလိုချင်တော့ပါဘူး.. တကယ်လို့ ဒီမိစ္ဆာ အလောင်းကို ကိုင်တွယ်ဖို့ မင်း ငါတို့ကို ကူညီနိုင်မယ်ဆိုရင် ဓားဂိုဏ်းက ငါတို့ အားလုံးကို မင်း ကယ်တင်လိုက်တာပါပဲ... ဒီကျေးဇူးကို ငါတို့ ဘယ်တော့မှ မေ့မှာ းမဟုတ်ပါဘူး...”
ရွှီလင်းမှာ မတတ်သာဘဲ ခါးသီးသော အပြုံးဖြင့် တောင်းပန်လိုက်ရလေသည်။
“ဒီမိစ္ဆာအလောင်းက ညီအစ်ကို ရွှီလင်းကို ဒီလောက်တောင် ဒုက္ခရောက်စေတာလား... သူက အဲဒီ လဲ့ချန်ထက် နည်းနည်းလေးပဲ ပိုအားကောင်းတာပါ...” ဝူယွမ်က ဟန်ဆောင်အံ့ဩပြရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
“မင်းတို့လည်း မင်းတို့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ ငါ ထင်နေခဲ့တာ... ဒါက မင်းတို့ရဲ့ စွမ်းအား အပြည့် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး... ထားလိုက်ပါတော့၊ အဲ့ဒါကို ကိုင်တွယ်ဖို့ ငါ ကူညီပေးပါ့မယ်...”
ရွှီလင်းမှာ လုံးဝ တွေဝေသွားခဲ့၏... ‘မင်းက လာပြောင်နေတာလား...’
သူ၏ မျက်နှာမှာ ချက်ချင်း မှိုင်းညို့သွားခဲ့လေသည်။ ‘လဲ့ချန်ထက် နည်းနည်းလေးပဲ ပိုအားကောင်းတာ ဆိုတာ ဘာအဓိပ္ပာယ်လဲ... ဒီလို အကာအကွယ်မျိုးဆို လဲ့ချန်ဆယ်ယောက်တောင် လုံလောက်မှာ မဟုတ်ဘူးနော်၊ ဟုတ်ပြီလား...’
ပြီးတော့ ‘ငါတို့လည်း ငါတို့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ ဆိုတာကကော... အဲ့ဒါက ဘာအဓိပ္ပာယ်လဲ... ခုနက သူတို့က မိစ္ဆာ အလောင်း နှစ်လောင်းကို ကိုင်တွယ်တုန်းက သူတို့ရဲ့ အပြည့်အဝ စွမ်းအားကို အသုံးမပြုခဲ့ဘူးလား...’
သူ့အား အနိုင်ကျင့်လွန်းသည်ဟု ရွှီလင်း ခံစားလိုက်ရလေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ ထိုသို့ မထင်တော့ပေ။
ဝူယွမ်နှင့် လင်းတုန်တို့သည် သူတို့၏ ဓားအစီအရင်ထဲသို့ ပြေးဝင်သွားကြပြီး မိစ္ဆာအလောင်းများကို သူတို့၏ ကိုယ်ခန္ဓာသီးသန့်ဖြင့် တိုက်ရိုက် ရင်ဆိုင်လိုက်ကြ၏။
သူတို့က မိစ္ဆာအလောင်းများ၏ ခန္ဓာကိုယ်များကို ချုပ်နှောင်ရန် သူတို့၏ ခန္ဓာကိုယ်ကို တကယ်ကြီး အသုံးပြုခဲ့ကြပြီး ဒန်တျန်ထဲရှိ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများကို အတင်းအဓမ္မ ထုတ်ယူလိုက်ကြလေသည်။
ဓားဂိုဏ်းတပည့်များမှာ လုံးဝ မှင်တက်စွာဖြင့် စောင့်ကြည့်နေခဲ့ကြလေသည်။
‘သေစမ်း... ဒီနှစ်ယောက်က မိစ္ဆာအလောင်းတွေထက်တောင် ပိုပြီး ကြမ်းတမ်းသေးတယ်...’
‘သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေကလည်း ပြီးပြည့်စုံတဲ့ ဆန်းကြယ်ရှင်ခြင်းအဆင့်ရဲ့ စွမ်းအားကို ရောက်နေပြီလား...’
‘ဒါက လုံးဝကို ယုံကြည်နိုင်စရာ မရှိဘူး...’
‘မိစ္ဆာကောင်တွေပဲ...’
‘မှန်တယ်၊ ဒါကြောင့် ငါတို့က အရမ်း အားနည်းလွန်းနေတာ... ငါတို့ရဲ့ စွမ်းအား အစစ်အမှန်ကို တကယ်မပြသေးတာလို့ ထင်နေကြတာကိုး...။’
ဓားဂိုဏ်းမှ လူများ၏ မျက်နှာများမှာ ချက်ချင်းပင် ရှက်စိတ်ကြောင့် မျက်နှာများ နီရဲသွားကြလေသည်။
သူတို့ ပုလဲများအား မရခဲ့ချေ။ မိစ္ဆာအလောင်းများ၏ ရိုက်နှက်မှုအား ခံခဲ့ရသည်။
ပြီးနောက် နောက်ဆုံးတွင် သူတို့အပေါ် အသက်ကယ်ပေးသည့်အတွက် ကျေးဇူး တင်သွားခဲ့သေးလေသည်။
စူပါဂိုဏ်းကြီး ရှစ်ခုမှ လူများ ဖြစ်သောငြား သူတို့ အရှက်ကွဲခဲ့ရချေပြီ။
***