ပတ်ဝန်းကျင် တစ်ခွင်လုံး တိတ်ဆိတ်သွားခဲ့ပြီး ဓားဂိုဏ်းမှ တပည့်များက ဝူယွမ်နှင့် လင်းတုန်တို့အား မိစ္ဆာကောင်များကို ကြည့်နေသည့်အလား စိုက်ကြည့်နေကြလေသည်။
ယွမ်ဂိုဏ်၏ လူငယ်ဘုရင်သုံးပါးဆိုသည်ကို အသာထား... သူတို့၏ အမြင်တွင် ယခုအချိန်မှာ ဝူယွမ်နှင့် လင်းတုန်တို့က မိစ္ဆာကောင်များပင်...။
“ရွှစ်၊ ရွှစ်၊ ရွှစ်...”
ထိုအချိန်မှာပင် နောက်ထပ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ကောင်းကင်ယံမှ လေခွင်းသံများ ထွက်ပေါ်လာပြီး နောက်ထပ် လူတစ်စုက သူတို့ဆီသို့ ဦးတည်လာနေလေသည်။
ချက်ချင်းပင် ဓားဂိုဏ်းနှင့် တောင်ဂိုဏ်းမှ တပည့်များမှာ သတိထားလာကြ၏။
မရင်းနှီးသော ပုံရိပ်များက သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ထိုလူရိပ်များက လေထုကို ခွင်းကာ လျင်မြန်စွာ ချဉ်းကပ်လာကြ၏။ သူတို့၏ အရေအတွက်မှာ အတော်လေး များပြားပုံရပြီး ခန့်မှန်းခြေအားဖြင့် တစ်ရာဝန်းကျင်ခန့် ရှိလေသည်။
သို့သော် ဤလူများမှာ ဝတ်စုံအမျိုးမျိုးကို ဝတ်ဆင်ထားကြသဖြင့် အင်အားစု တစ်ခုတည်းမှ မဟုတ်ကြောင်းနှင့် စူပါဂိုဏ်းကြီး တစ်ခုမှ အဖွဲ့တစ်ခု မဟုတ်ကြောင်းကို ညွှန်ပြနေခဲ့သည်။
ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းတွင် လှည့်လည်သွားလာနေသော အင်အားစုများစွာ ရှိလေသည်။ ဤလူများမှာ ပို၍ပင် ကိုင်တွယ်ရ ခက်ခဲလှပေသည်။
ကိုယ့်အားကိုယ်ကိုးပြီး အသက်ရှင်သန်နိုင်သူများမှာ အားနည်းသူများ မဟုတ်ကြဘဲ အများစုမှာ အသက်နှင့်ရင်းရသော တိုက်ပွဲများကို ကြုံတွေ့ခဲ့ဖူးသူများ ဖြစ်ကြသည်။
သူတို့ကို ဝါရင့်စစ်ပြန်များအဖြစ် သတ်မှတ်လို့ရပြီး စူပါဂိုဏ်းကြီး တစ်ခု၏ ဖိအားပေးမှုက သူတို့အပေါ်တွင် အသုံးမဝင်ပေ။
မကြာမီ ဤအုပ်စုသည် အနီးသို့ ရောက်ရှိလာခဲ့ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသား လေးဦးက ဦးဆောင်လာကြလေသည်။
သူတို့၏ မျက်နှာများမှာ ပိန်ချုံးနေပြီး အသက်အရွယ်ကြီးရင့်နေသည့် လက္ခဏာများကို ပြသနေကာ သူတို့၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထား၍မရသော စူးရှထက်မြက်မှုများ တောက်ပနေသဖြင့် သူတို့အားလုံးမှာ ပါးနပ်ပြီး အတွေ့အကြုံရှိသူများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထိုအမျိုးသား လေးဦး၏ အကြည့်များက ဝူယွမ်နှင့် လင်းတုန်တို့ ယခုလေးတင် ရှင်းလင်းထားခဲ့သော မိစ္ဆာအလောင်းဆီသို့ ချက်ချင်းပင် စူးစိုက်ကျရောက်သွားခဲ့၏။
“မိစ္ဆာအလောင်း...”
သူတို့၏ မျက်ဝန်းများထဲတွင် အံ့ဩမှုများ လင်းလက်သွားပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့ကို ချက်ချင်း ကြည့်လိုက်ကြကာ သူတို့၏ လက်ထဲရှိ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြလေသည်။
အချိန်တိုအတွင်းမှာပင် သူတို့၏ မျက်လုံးများမှာ လောဘများဖြင့် တောက်လောင်လာခဲ့၏။
“ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ... အပြင်ဘက်ဧရိယာတွေမှာတောင် ဒီလို ရတနာမျိုးနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး... ဒီကောင်တွေက တကယ်ကို ကံကောင်းတာပဲ...”
သိမ်းငှက်နှာခေါင်းနှင့် အမျိုးသား တစ်ဦးက နှုတ်ခမ်းသပ်ရင်း ဝူယွမ်နှင့် လင်းတုန်တို့ကို ကြည့်ကာ ပြောလိုက်လေသည်။
“သူတို့က တောင်ဂိုဏ်းနဲ့ ဓားဂိုဏ်းက လူတွေပဲ... ကိုင်တွယ်ရ လွယ်ကူမှာ မဟုတ်ဘူး...” နောက်ထပ် အနီရောင်ဝတ်ရုံနှင့် အမျိုးသား တစ်ဦးက အနည်းငယ် လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။
“ဟဲဟဲ၊ မင်းက မိစ္ဆာလက်နီလို့ လူသိများတဲ့ လျှိုထောင်လေ... ဒီဂိုဏ်းတွေက နို့နံ့မစင်သေးတဲ့ ကလေးတွေကို မင်းက ကြောက်နေတာလား...”
ခြောက်သွေ့နေသော အလောင်းတစ်ခုနှင့် ဆင်တူသည့် မျက်နှာပိန်ချုံးချုံးနှင့် အမျိုးသားတစ်ဦးက ပြန်လည် လှောင်ပြောင်လိုက်လေသည်။
“ကူကူ... ငါ့ရှေ့မှာ လာပြီးရွဲ့မနေနဲ့... ငါ လျှိုထောင်က ဘာတွေများ မကြုံဖူးတာ ရှိသေးလို့လဲ...” အနီရောင်ဝတ်ရုံနှင့် အမျိုးသားက အေးစက်စက် လှောင်ပြုံးပြုံးလိုက်လေသည်။
“သူတို့က သူတို့ဂိုဏ်းတွေရဲ့ အကာအကွယ်အောက်မှာ နေနေရတဲ့ အတွေ့အကြုံမရှိတဲ့ ကောင်လေးတွေပါ... နေ့တိုင်း အသက်လု တိုက်ပွဲဝင်နေရတဲ့ ငါတို့နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ...”
“တကယ်လို့ သူတို့ ဉာဏ်ကောင်းရင် သူတို့ရဲ့ အသက်ကို ကယ်ဖို့အတွက် ရတနာတွေကို လွှဲပေးလိမ့်မယ်... အဲ့လိုမဟုတ်ရင်တော့ ဟမ့်...”
“ငါတို့ လက်ချက်နဲ့ သေခဲ့ရတဲ့ စူပါဂိုဏ်းကြီးတွေက တပည့်တွေဆိုတာ တစ်ယောက်၊ နှစ်ယောက်တောင် မကတော့ဘူး...”
သိမ်းငှက် နှာခေါင်းနှင့် အမျိုးသားက ခပ်ဖွဖွ ပြုံးရင်း ဖုံးကွယ်ထားခြင်း မရှိသော အထင်သေးမှုများ ပြည့်နှက်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။
ထိုလူလေးဦးသည် ဤဂိုဏ်းတပည့်များကို သူတို့ ထောင့်ပိတ်ဖမ်းမိပြီဟု ယုံကြည်နေကြသည်မှာ ထင်ရှားလှပေသည်။
အင်အားစု သုံးစုမှာ ခဏတာမျှ အချင်းချင်း ရင်ဆိုင်နေကြလေသည်။
ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းတွင် ဒေသပတ်ဝန်းကျင် အပြင် ကြောက်ရဆုံးအရာမှာ ဤလှည့်လည်သွားလာနေသော အင်အားစုများပင် ဖြစ်လေသည်။
ဤလူများမှာ အသက်ကို ပဓာနမထားသော လူဆိုးများဖြစ်ကြပြီး သူတို့၏ အဓိကအလုပ်မှာ သတ်ဖြတ်ခြင်းနှင့် ရတနာများကို လုယူခြင်းပင် ဖြစ်သည်။
“ကြည့်ရတာ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ နှစ်လုံးလုံးကို တောင်ဂိုဏ်းက လူတွေ ယူသွားပုံရတယ်... အဲ့ဒါတွေကို ပြန်ယူဖို့ မင်းတို့ကို ကူညီပေးရမလား...”
လျှိုထောင်က ရွှီလင်းကို ကြည့်ကာ ပြုံးရင်း ပြောလိုက်ပြီး ဂိုဏ်းနှစ်ခုကြား သွေးခွဲရန် ကြိုးစားလိုက်လေသည်။
သူတို့သည် တိကျသော အခြေအနေကို မသိရှိကြသေးဘဲ အပြင်ပန်း အခြေအနေကို ကြည့်၍ တောင်ဂိုဏ်းနှင့် ဓားဂိုဏ်းတို့ ပူးပေါင်းကာ မိစ္ဆာအလောင်း နှစ်လောင်းကို တိုက်ခိုက်ခဲ့ကြပြီး ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများ အားလုံးမှာ တောင်ဂိုဏ်း တပည့်များ၏ လက်ထဲသို့ ရောက်ရှိသွားသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။
ထို့အပြင် ဓားဂိုဏ်းမှလူများသည် သူတို့၏ ဓားအစီအရင်ကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး ဝူယွမ်နှင့် လင်းတုန်တို့မှာ သူတို့၏ ဓား အစီအရင် အတွင်းတွင် ရှိနေခဲ့ကြ၏။
ဤသည်က ထိုနှစ်ဦးကို ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများ လွှဲပြောင်းပေးရန် အတင်းအကျပ် ဖိအားပေးနေခြင်း မဟုတ်လော။
သူတို့သည် ကမ္ဘာခြားနတ်ဆိုးမြို့တော်သို့ နောက်ကျမှ ရောက်ရှိလာကြသဖြင့် ဝူယွမ်က လဲ့ချန်ကို အပြတ်အသတ် အနိုင်ယူခဲ့သည်ကို မသိရှိထားကြဘဲ တောင်ဂိုဏ်းမှာ ယခင်ကကဲ့သို့ အနိုင်ကျင့်ရ လွယ်ကူနေဆဲဟု ထင်မှတ်နေကြလေသည်။
ယခုအခါ တောင်ဂိုဏ်းနှင့် ဓားဂိုဏ်းတို့ ပူးပေါင်းမသွားသရွေ့ အတွေ့အကြုံရင့်ကျက်သော နိဗ္ဗာန်အဆင့် ၉ သိုင်းပညာရှင်များ ဖြစ်ကြသည့် သူတို့ လေးဦးအနေဖြင့် မည်သည့်ဂိုဏ်းကိုမဆို အလွယ်တကး ကိုင်တွယ်နိုင်ပေသည်။
ထိုအချိန်ကျလာလျှင် ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများသည် သူတို့ဟာများ ဖြစ်လာကြပေတော့မည်...
ဝူယွမ်နှင့် လင်းတုန်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ နှုတ်ခမ်းများပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာခဲ့၏။ ရွှီလင်းနှင့် ဓားဂိုဏ်းက မည်သို့ ရွေးချယ်မည်ကို စောင့်ကြည့်ရန်အတွက် သူတို့ အလျင်စလို တုံ့ပြန်ခြင်း မပြုခဲ့ပေ။
လက်ရှိအခြေအနေတွင် အကယ်၍ ရွှီလင်းသာ တစ်ဖက်လူနှင့် ပူးပေါင်းမည်ဆိုပါက သူသည် အခြေအနေကို အခွင့်ကောင်းယူကာ ထိုနှစ်ဦးကို တိုက်ခိုက်ရန် ဓားအစီအရင်ကို အသက်သွင်းနိုင်ပြီး ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများကို လုယူရန် တစ်ဖက်လူနှင့် ပူးပေါင်းနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ဝူယွမ်နှင့် လင်းတုန်တို့ထံတွင် ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ လေးလုံး ရှိနေသည် မဟုတ်လော။
သို့သော် ရွှီလင်းက လျှိုထောင်နှင့် အခြားသူများကို အရူးများအလား ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများမှာ အထင်သေးစွာဖြင့် ကွေးညွတ်သွားခဲ့လေသည်။
ယခင်က ရတနာရှာဖွေရေးနယ်မြေတွင် ဝူယွမ်က လဲ့ချန်ကို မည်သို့ အပြတ်အသတ် ရိုက်နှက်ခဲ့သည်ကို မဆိုထားနှင့်၊ ယခုလေးတင် သူတို့သည် ဝူယွမ်နှင့် လင်းတုန်တို့၏ စွမ်းဆောင်ရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
မိစ္ဆာအလောင်းများကို အလွယ်တကူ ကိုင်တွယ်နိုင်သော လူတစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ရမည်ဆိုလျှင် သူ ရူးနေမှသာ ဖြစ်ပေမည်။
“ကောင်လေး... အဲဒီအမူအရာက ဘာသဘောလဲ... ငါက မင်းတို့ ဓားဂိုဏ်းကို ကူညီနေတာလေ... ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲလို ရတနာမျိုးကို တခြားတစ်ယောက်က လုယူသွားတာတောင် မင်းက ဒေါသမထွက်ဘူးလား..."
“အဲ့ဒါတွေကို ပြန်လုဖို့ ငါတို့ ပူးပေါင်းကြမယ်လေ၊ တစ်ဖက်ကို တစ်ဝက်စီပေါ့... အဲဒါ မကောင်းဘူးလား...” လျှိုထောင်က ရွှီလင်းကို စိုက်ကြည့်ရင်း ကျေးဇူးကန်းသောသူ မဖြစ်စေရန် သတိပေးနေသည့်အလား ပြောလိုက်လေသည်။
ရွှီလင်းက ပြန်လည် ချေပတော့မည့် အချိန်တွင် အသံတစ်ခုက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့၏။ “သူတို့ကို သဘောတူချင်ယောင် ဆောင်လိုက်..."
“ပြီးရင် ငါတို့ တိုက်ခိုက်နေကြတဲ့ အချိန်မှာ မင်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်၊ ပြီးတော့ အဲ့ဒီ လူယုတ်မာတွေကို ငါတို့ အတူတူ ရှင်းလင်းကြတာပေါ့... သူတို့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိလောက်တယ်...”
ဤသည်မှာ ဝူယွမ်၏ သတင်းစကား ဖြစ်လေသည်။ သူသည် မည်သည့်အခါကမျှ အရှုံးပေးတတ်သူ မဟုတ်ပေ။ အကယ်၍ ဤလူများက သူတို့ကို ပစ်မှတ်ထားလိုပါက သူတို့ကိုယ်တိုင် ပြန်လည် အလုယက်ခံရရန် ပြင်ဆင်ထားရမည်သာ ဖြစ်သည်။
ဤကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်လာသူ မည်သူကမျှ လူကောင်းများ မဟုတ်ကြပေ... သူတို့အားလုံးက ဝံပုလွေများ ဖြစ်ကြသည်။
အကယ်၍ ကိုယ်ကသာ အားနည်းနေမည်ဆိုပါက သူတို့က လာရောက် ကိုက်ဖြတ်ကြမည်သာ ဖြစ်သည်။
ရွှီလင်း၏ မျက်နှာမှာ အနည်းငယ် တွန့်လိမ်သွားခဲ့၏။ ဝူယွမ်၏ မျက်နှာပေါ်ရှိ သိမ်မွေ့နူးညံ့သော အပြုံးကို မြင်သောအခါ ဝူယွမ်အပေါ် သူ၏ လေးစားကြောက်ရွံ့မှုများ ထပ်မံ မြင့်တက်လာသည်ကို သူ မတားဆီးနိုင်ခဲ့ပေ။
သူသည် ကြီးမားသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်စွမ်းရှိသည့် ရက်စက်ကြမ်းကြုတ်သော သူတစ်ဦးပင် ဖြစ်သည်။
“မင်းတို့က အဲ့ဒီလောက် သဘောကောင်းတာလား... အဲ့ဒါတွေကို ရပြီးရင် မင်းတို့က ငါတို့ကို တစ်ဝက် ပေးမယ်ဆိုတာ ဘယ်လို သေချာနိုင်မှာလဲ...”
တကယ်လို့ မင်းတို့ကသာ တောင်ဂိုဏ်းက လူတွေလို အားလုံးကို သိမ်းထားလိုက်မယ်ဆိုရင် ငါတို့က အလကား အရှုံးပေါ်သွားမှာပေါ့...” ရွှီလင်းက အနည်းငယ် စိတ်ဝင်စားနေဟန်ဖြင့် သတိကြီးစွာ ပြောဆိုလိုက်လေသည်။
သူ၏ အပြုအမူအရ သူသည် အတွေ့အကြုံရင့်ကျက်သော သရုပ်ဆောင် တစ်ဦးဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေခဲ့၏။
“ဟားဟား... ဒါက ပြောဖို့ လွယ်ပါတယ်၊ ငါတို့ အရင် စတင် လှုပ်ရှားပေးနိုင်တယ်... ဒီနှစ်ယောက်ကို ငါတို့ တားဆီးဖို့ မင်းက ကူညီပေးရုံပါပဲ၊ ဘာပဲဖြစ်ဖြစ် ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲတွေက သူတို့ဆီမှာ ရှိနေတာပဲလေ...”
“သူတို့ကို ထွက်မပြေးသွားအောင်သာ တားထားပေးပါ၊ ငါတို့က ကျန်တဲ့ တောင်ဂိုဏ်းက လူတွေကို အရင် ရှင်းလင်းလိုက်မယ်...”
လျှိုထောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရွှီလင်း၏ အခြေအနေကို နားလည်မှုအပေါ် အလွန် ကျေနပ်သွားခဲ့လေသည်။
“ကောင်းပြီ...” ရွှီလင်းက သဘောမတူမီ ခဏတာမျှ စဉ်းစားချင့်ချိန်ဟန် ဆောင်လိုက်သေးသည်။
ဤအချိန်တွင် ဝူယွမ်သည်လည်း တောင်ဂိုဏ်းတပည့်များထံသို့ သရုပ်ဆောင်မှုတွင် ပူးပေါင်းပါဝင်ရန် သတင်းစကား တစ်ခု ပေးပို့ထားပြီး ဖြစ်လေသည်။
ဓားဂိုဏ်းမှ လူများက သူတို့၏ ဟန်ဆောင်ပူးပေါင်းမှုမှ အစစ်အမှန် သစ္စာဖောက်မှု အဖြစ်သို့ ပြောင်းလဲသွားမည်ကို ဝူယွမ် မစိုးရိမ်ပေ။
အမှန်တကယ်တော့ ထိုသို့ ဖြစ်လာစေရန်ပင် သူ အနည်းငယ် မျှော်လင့်နေသေး၏။ အဘယ်ကြောင့်ဆိုသော် ၎င်းက ဓားဂိုဏ်းကိုပါ လုယူရန်အတွက် သူ့ကို တရားဝင်ပြီး ရှင်းလင်းသော အကြောင်းပြချက်တစ်ခု ပေးနိုင်မည် ဖြစ်သောကြောင့်ပင်။
ရွှီလင်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် လျှိုထောင်နှင့် အခြားသူများ အားလုံးမှာ ကျေနပ်နေသော အပြုံးများကို ပြသလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် သွေးဆာနေသော အလင်းတန်းများ တောက်ပသွားခဲ့၏။
သူတို့က ယင်းရှောင်ရှောင်၊ ဝမ်ယန်နှင့် အခြားသူများထံသို့ ချက်ချင်းပင် ပြေးဝင်သွားကြလေသည်။
ယင်းရှောင်ရှောင်နှင့် ဝမ်ယန်တို့က တပည့်များကို ဦးဆောင်ကာ အစီအရင် တစ်ခုကို ချက်ချင်း ဖန်တီးလိုက်ပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ရောက်ရှိသွားကြ၏။
သူတို့ထဲမှ ငါးဦးမှာ နိဗ္ဗာန်အဆင့် ၉ သို့ ရောက်ရှိနေကြပြီး ကောင်းကင်ဖီးနစ်စောင်းကို ကိုင်ဆောင်ထားသော ယင်းဟွမ်ဟွမ်နှင့် မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်ထားသည့် ဖန်းယွမ်တို့နှင့် ပေါင်းစပ်လိုက်သောအခါ နိဗ္ဗာန်အဆင့် ၉ နှင့် ညီမျှသော အားကောင်းသည့် သိုင်းပညာရှင် ခုနစ်ဦး ရှိနေသည်ဟု ဆိုနိုင်ပေသည်။
တောင်ဂိုဏ်းတပည့် သုံးရာနှင့်အတူ ပြိုင်ဘက်၏ လူတစ်ရာကျော်ကို တားဆီးရန်မှာ လုံးဝ ပြဿနာ မဟုတ်ပေ။
မိမိကိုယ်မိမိ အတွေ့အကြုံရင့် ကျင့်ကြံသူများဟု သတ်မှတ်ထားသော ဤသူများသည် စူပါဂိုဏ်းကြီးများမှ တပည့်များကို အမြဲတစေ အထင်သေးတတ်ကြပြီး အတွေ့အကြုံမရှိသူများဟု ထင်မှတ်ထားကြလေသည်။
သူတို့ ရှေ့သို့ ပြေးဝင်လာသည်နှင့် ခန်းမလေးခုမှ တပည့်များ၏ လျင်မြန်စွာ လူစုခွဲခြင်းကို ခံလိုက်ရပြီး ပြင်းထန်သော တိုက်ပွဲများ အတွင်းသို့ ကျဆင်းသွားကြလေတော့သည်။
တစ်ချိန်တည်းမှာပင် ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း ဓားဂိုဏ်းမှ လူများနှင့်အတူ ဟန်ဆောင်တိုက်ပွဲ တစ်ခုတွင် ပါဝင်နေကြ၏။
အခြေအနေ အသင့်ဖြစ်လာသောအခါ ဝူယွမ်က အမိန့်ပေးလိုက်လေသည်။
“သူတို့ကို ဝိုင်းထားလိုက်...”
ဓားဂိုဏ်းတပည့်များက ချက်ချင်းပင် ရွှီလင်း၏ ဦးဆောင်မှုအောက်တွင် လျှိုထောင်နှင့် အခြားသူများကို နောက်ကျောမှနေ၍ အလစ်အငိုက် တိုက်ခိုက်လိုက်ကြလေသည်။
ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း စတင် လှုပ်ရှားလိုက်ကြပြီး လျှိုထောင်နှင့် အခြား ခေါင်းဆောင် သုံးဦးကို ပစ်မှတ်ထားလိုက်ကြ၏။
“မင်းတို့ ခွေးကောင်တွေ... မင်းတို့က ငါ့ကို လှည့်စားသွားတာပဲ...”
***