အဘွားအိုမုန့်က ဓားဆရာကြီးကူယဲ့ကို ဒေါသတကြီး တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် စုန်ယန်ဘက်သို့လှည့်ကာ ကြင်နာစွာဖြင့် ပြောလိုက်သည်။
"ရှို့ဟူ... ရွှမ်းဝေက မင်းနဲ့ သိပ်ပြီးမသင့်တော်တာလည်း ဖြစ်နိုင်ပါတယ်။
ဒီလိုလုပ်ပါ... မြူကြည့်ကျွန်းရဲ့ နောက်ဘက်က မိုးသံနားထောင်ကျွန်းမှာ ဂိုဏ်းရဲ့ ထိပ်သီးလူငယ်တပည့်တွေအတွက် ဓားသိုင်းပြိုင်ပွဲအသေးစားလေးတစ်ခု ကျင်းပဖို့ရှိတယ်။ သင့်တော်တာ မသင့်တော်တာထက် မင်း အဲဒီကိုသွားပြီး တစ်ချက်လောက် သွားကြည့်လိုက်ပါဦး"
စုန်ယန် တိတ်ဆိတ်သွားမိသည်။
အကယ်၍ အရင်ကဆိုလျှင် သူသည် "ကျင့်ကြံဖော်ဆိုတာ ဝန်ထုပ်ဝန်ပိုးပဲ ထွက်ပြေးဖို့အတွက် အနှောင့်အယှက်ပဲ လုံးဝမလိုအပ်ဘူး" ဟုပြောကာ တိုက်ရိုက်ငြင်းပယ်မိပေလိမ့်မည်။
သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူသည် ကုဟွမ်ကျီ၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပြီး ကြက်သွေးရောင်နန်းတော် အလယ်အလတ်အဆင့်သို့ တကလှမ်းနိုင်ခဲ့ပြီဖြစ်သော်လည်း ဟိုဘက်ခြမ်းက ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်မှာ ပြုပြင်
ရန်ဖြစ်စေ အခြားတစ်ဖက်ရှိ ရောက်ရှိမည့်နေရာမှာဖြစ်စေ လုံးဝစိတ်ချရသည်ဟု မဆိုနိုင်သေးပေ။
ယခုအချိန်တွင် သူ့အတွက် အရေးတကြီးလိုအပ်နေသည်မှာ ကိုယ့်ကိုကိုယ် ပိုမိုကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ရန်ပင်။
ဓားဆရာကြီးကူယဲ့က စုန်ယန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ စိတ်မရှည်စွာဖြင့် "သွားမယ် သွားမယ်... မင်းကို ရွှမ်းဝေနဲ့ သွားတွေ့ပေးမယ်။ ရှို့ဟူ... မင်း သူမကို သေချာရင်းနှီးအောင် လုပ်ရမယ်" ဟု ပြောလိုက်သည်။
စုန်ယန်က သက်ပြင်းချလျက် "ဆရာ... တော်ပါတော့ဗျာ။ ကျွန်တော် သဘောတူပါတယ် ဟုတ်ပြီလား" ဟု မတတ်သာဘဲ ပြောလိုက်ရသည်။
ဓားဆရာကြီးကူယဲ့က နှာခေါင်းရှုံ့ကာ "ဒီလိုမှပေါ့ အစတည်းက သဘောတူရမှာ" ဟု ပြောလိုက်သည်။ ထို့နောက် စုန်ယန်၏ ပခုံးကို ပုတ်ကာ "ငါ့တပည့်... မင်းသာ အလင်းပွင့်သွားပြီဆိုရင် မင်းရဲ့ ကောင်းမွန်တဲ့ ပါရမီတွေကို အလဟဿ အဖြစ်မခံနဲ့တော့" ဟု မှာကြားသည်။
...
ရက်အနည်းငယ်အကြာတွင် မိုးသံနားထောင်ကျွန်းပေါ်တွင် ဓားအလင်းတန်းများမှာ ကျွန်းပေါ်သို့ တစ်ခုပြီးတစ်ခု ဆင်းသက်လာကြသည်။
ရောက်ရှိလာသူများမှာ ခရမ်းရောင်နန်းတော်အဆင့်သို့ မရောက်သေးသော်လည်း ဝိညာဉ်သန့်စင်ခြင်းဆဋ္ဌမအဆင့်နှင့် အထက်ရှိကြသော အမျိုးသား၊ အမျိုးသမီး ကျင့်ကြံသူ လူငယ်များ ဖြစ်ကြသည်။ စုန်ယန်၏ ဟန်ဆောင်ထားသောအဆင့်မှာ ဤနေရာတွင် အနိမ့်ဆုံးစာရင်းဝင် ဖြစ်နေသော်လည်း သူသည် စောစောစီးစီး ရောက်ရှိနေကာ ဘေးတစ်နေရာမှနေ၍ ကောင်းကင်မှ ဆင်းသက်လာကြသော အမျိုးသမီးကျင့်ကြံသူများကို တိတ်တဆိတ် အကဲခတ်နေမိသည်။
သူ့တွင် အနာဂတ်အတွက် တိကျသော အစီအစဉ်များ ရှိနေသည်။ ထိုအစီအစဉ်များကို အခြေခံ၍ သူ၏ ကျင့်ကြံဖော်ရွေးချယ်မှု စံနှုန်းများကိုလည်း သတ်မှတ်ထားပြီး ဖြစ်သည်။
ပထမအချက်မှာ ထိုအမျိုးသမီးသည် သူ့ကို မိစ္ဆာသားရဲသွေးများ ရရှိနိုင်ရန် အခွင့်အလမ်း အများဆုံး ပေးနိုင်သူ ဖြစ်ရမည်။ သို့မှသာ သူ၏ လက်ဝဲနှင့် လက်ယာ နန်းတော်နှစ်ခုကို ဖြည့်တင်းရန်အတွက် အသင့်တော်ဆုံး သွေးစွမ်းအင်များကို စိတ်ကြိုက် ရွေးချယ်နိုင်မည် ဖြစ်သည်။ ကျားသစ်ဝိညာဉ်ဘုရင်သွေး ကဲ့သို့သော ထူးခြားသည့် သွေးမျိုးကို အမြဲတမ်း တွေ့နိုင်ဖို့မှာ ကံတရားအပေါ်၌သာ မူတည်နေသဖြင့် သူသည် အဆင့်မတက်ဘဲ သွေးကောင်းကိုသာ ဇွတ်စောင့်နေခြင်းမှာ အသက်နှင့် ရင်းနေရသကဲ့သို့ပင်။
ဒုတိယအချက်မှာ ထိုအမျိုးသမီးက ပြဿနာ ရှာတတ်သူ မဖြစ်ရပေ။ မလိုအပ်ဘဲ ကိစ္စရှုပ်ထွေးအောင် လုပ်မည့်သူမျိုး မဟုတ်ဘဲ တည်ငြိမ်သော စရိုက်ရှိသူ ဖြစ်ရမည်။
တတိယအချက်က သူမသည် ယခင်က တောင်ဘက်ကျူတောင်ထိပ်မှ စီနီယာညီမလေး ချီယောင် သို့မဟုတ် ရှောင်ကျူးတို့ကဲ့သို့ အကောက်အကြံမရှိသော လူကောင်းတစ်ဦး ဖြစ်လျှင် ပိုကောင်းပေလိမ့်မည်။ ထိုကဲ့သို့သော အမျိုးသမီးများကို သူ ပို၍ သဘောကျသည်။ ရင့်ကျက်သွားသော စုယောင်းကဲ့သို့သော အမျိုးသမီးမျိုးအပေါ်တွင်မူ သူ သိပ်ပြီး စိတ်မဝင်စားတော့ပေ။
အကယ်၍ အထက်ပါအချက်များနှင့် ကိုက်ညီသူ မရှိပါက သူသည် စက်မှုလက်မှု ပညာရပ်ကျွမ်းကျင်သော အမျိုးသမီးကို ရွေးချယ်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ သိုလှောင်အိတ်ထဲတွင် ဂိုဏ်းချုပ်ကြီး ချန်ထားခဲ့သော ဓားကျိုးစ၊ ကုဟွမ်ကျီ၏ ရွှေရောင်ဓားမြှောင်နှင့် အခြားသော အဖိုးတန် သတ္တုများ ရှိနေသောကြောင့် ဖြစ်သည်။ စက်မှုပညာကျွမ်းကျင်သူရှိပါက ထိုပစ္စည်းများကို အသုံးချရန် ဗဟုသုတများ အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။
သို့မဟုတ်လျှင်လည်း အဆောင်အတတ်ကျွမ်းကျင်သူကို ရွေးချယ်ပေလိမ့်မည်။ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများသည် ကြောက်ရွံ့မှုကို အသုံးချတတ်ကြသဖြင့် အဆောင်အတတ်ကျွမ်းကျင်သော ကျင့်ကြံဖော်ရှိပါက တိုက်ပွဲများအတွက် လိုအပ်သော အဆောင်များကို အလုံအလောက် ပြင်ဆင်ထားနိုင်မည် ဖြစ်သည်။
စုန်ယန် အတွေးထဲ နစ်နေစဉ်မှာပင် ကျင့်ကြံသူ အတော်များများ ဆင်းသက်လာခဲ့ကြပြီ ဖြစ်သည်။ လူတိုင်းသည် ဤနေရာသို့ အဘယ်ကြောင့် လာကြသည်ကို သိထားသော်လည်း ပွင့်လင်းလှသော မိစ္ဆာကျင့်ကြံသူများနှင့် မတူဘဲ ဓားကျင့်ကြံသူများမှာမူ အနည်းငယ် ရှက်ရွံ့နေကြဟန်ရှိပြီး မည်သူမျှ စတင်နှုတ်ဆက်ခြင်း မရှိကြသေးပေ။
သို့သော် အားလုံးမှာ တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြပြီး တိုက်ပွဲများတွင်လည်း ပခုံးချင်းယှဉ် တိုက်ခိုက်ခဲ့ကြဖူးသူများ ဖြစ်သဖြင့် အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူများက တဖြည်းဖြည်း စုဝေးမိသွားကြသည်။ သူတို့သည် နေ့စဉ်လူမှုရေးကိစ္စရပ်များကို စတင်စကားစမြည် ပြောဆိုကြရာမှ တဖြည်းဖြည်းနှင့် ဓားလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုဆွေးနွေးခန်းများဆီသို့ ကူးပြောင်းသွားကြတော့သည်။
ဓားလမ်းစဉ်အကြောင်း စကားလုံးတစ်ရာ ပြောနေခြင်းထက် ဓားပျံအတတ်ကို တစ်ကြိမ်
စမ်းသပ်လိုက်ခြင်းက ပို၍ ထိရောက်သည်။ ထို့ကြောင့် မကြာမီမှာပင် မိုးသံနားထောင်ကျွန်း တစ်ခုလုံးတွင် ရောင်စုံဓားအလင်းတန်းများ ဟိုဟိုဒီဒီ ပျံသန်းနေကြတော့သည်။
စုန်ယန်သည်လည်း ဆက်လက်ပုန်းအောင်းမနေတော့ဘဲ သစ်တောနောက်ကွယ်မှ ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်စဉ် မလှမ်းမကမ်းတွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ စုယောင်းပင်။
သူ ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း သူမရှိရာသို့ လျှောက်မသွားခဲ့ပေ။ စုယောင်းမှာ စစ်မှန်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ယခုအခါ သူမသည် မိသားစုတာဝန်များကို ပိုမိုဦးစားပေးလာပုံရသော်လည်း စုန်ယန် သတ်မှတ်ထားသော ကျင့်ကြံဖော် စံနှုန်းများနှင့်မူ တစ်ခုမှ ကိုက်ညီခြင်းမရှိပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စုယောင်းကို ပြဿနာများသော အမျိုးသမီးဟု သူ ယူဆခဲ့ဖူးပြီး ယခုတိုင် ထိုခံစားချက်မှာ မပြောင်းလဲသည့်အပြင် ပို၍ပင် ခိုင်မာလာခဲ့သည်။ အကယ်၍ သူသာ စုယောင်းကို ရွေးချယ်လိုက်ပါက စုမိသားစုနှင့် ပတ်သက်သမျှ ကိစ္စအဝဝကို ရှောင်လွှဲနိုင်တော့မည်မဟုတ်ဘဲ နောက်ဆုံးတွင် စုမိသားစု၏ ဘိုးဘေးလုပ်ရမည့်ကိန်း ဆိုက်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
သူ စဉ်းစားနေစဉ်မှာပင် အဝေးမှ မွှေးပျံ့သော ရနံ့တစ်ခုနှင့်အတူ ဓားအလင်းတန်းတစ်ခု သူ၏ဘေးနားသို့ ဆင်းသက်လာခဲ့သည်။ ဆွဲဆောင်မှုရှိသော အမျိုးသမီးကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပြီး ဂါရဝပြုလျက် ပြောလိုက်သည်။
"စီနီယာအစ်ကို ရှို့ဟူ... မတွေ့တာကြာပြီနော် နေကောင်းတယ်မလား"
စုန်ယန်သည် ထိုအမျိုးသမီးကို မှတ်မိလိုက်သည်။ သူမမှာ ဓားဂိုဏ်းတွင် နာမည်ကျော် ပါရမီရှင်တစ်ဦးဖြစ်သလို စုမိသားစု၏ မျိုးနွယ်စုဝင်တစ်ဦးလည်း ဖြစ်သည်။ သူမ၏အမည်မှာ စုယန်ချင်းဖြစ်ပြီး ဘိုင်ရှို့ဟူ နှင့် ယခင်ကတည်းက သိကျွမ်းခဲ့သူဖြစ်သည်။ သို့သော် ထိုစဉ်က ဘိုင်ရှို့ဟူမှာ သူမ၏မျက်နှာသာရရန် ကြိုးပမ်းခဲ့ရသူဖြစ်ပြီး သူမကမူ သူ့ကို အရေးလုပ်ခဲ့ခြင်းမရှိပေ။
သို့သော် ဤအမျိုးသမီးမှာလည်း သူငယ်ချင်းပေါများပြီး အသေးအဖွဲကိစ္စ ရှုပ်ထွေးတတ်သည့် စစ်မှန်သော ဓားကျင့်ကြံသူတစ်ဦးသာ ဖြစ်သဖြင့် စုန်ယန်အတွက် စိတ်ဝင်စားစရာ မကောင်းလှပေ။ ထို့ကြောင့် စုန်ယန်က အသာအယာ ပြန်လည်ဦးညွှတ်နှုတ်ဆက်ကာ "စီနီယာမမ ယန်ချင်း... မတွေ့တာကြာပြီနော်" ဟုသာ တိုတိုတုတ်တုတ် ပြောလိုက်သည်။
ခေတ္တမျှ စကားစမြည်ပြောပြီးနောက် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။ စုန်ယန်ကတော့ ဘာမှမဖြစ်သလို တည်ငြိမ်နေသော်လည်း စုယန်ချင်းကမူ ရွေးချယ်စရာများစွာကို နှိုင်းယှဉ်ကြည့ခြင်းသဘောဖြင့် အခြားသော အမျိုးသားကျင့်ကြံသူတစ်ဦးထံသို့ သွားရောက်ခဲ့သည်။ မကြာမီမှာပင် သူမသည် ထိုအမျိုးသားနှင့် အားတက်သရော စကားပြောဆိုနေတော့သည်။ သိသာသည်မှာ သူမသည် ထိုအမျိုးသားကို စုန်ယန်ထက် ပို၍ အစွမ်းထက်သူဟု ယူဆသွားပုံပင်။
***