နေဝင်ရီတရောအချိန်သို့ ရောက်လာသည်နှင့်အမျှ ကျွန်းပေါ်တွင် လူသူနည်းပါးလာပြီး ဓားအလင်းတန်းများမှာလည်း တစ်ခုပြီးတစ်ခု ပျံသန်းကာ ထွက်ခွာသွားကြသည်။
စုန်ယန်သည် တစ်စုံတစ်ခုကို အာရုံခံမိ၍ လှည့်ကြည့်လိုက်ရာ ဝေးလံသောဆီသို့ တစ်ကိုယ်တည်း ပျံသန်းထွက်ခွာသွားသော စုယောင်းကို မြင်လိုက်ရသည်။ သိသာသည်မှာ သူမသည် ဤကဲ့သို့သော အခမ်းအနားမျိုးကို ငြီးငွေ့၍ တိုက်ရိုက်ထွက်ခွါသွားခြင်းပင်။
စုန်ယန်ကတော့ စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
ထိုအတောအတွင်း သူသည် အဆောင်အတတ်ကျွမ်းကျင်သော အမျိုးသမီးကျင့်ကြံသူတစ်ဦးကို သတိပြုမိသော်လည်း သူ အရေးမလုပ်ခင်မှာပင် သူမမှာ အမျိုးသားကျင့်ကြံသူများ၏ ဝိုင်းဝန်းခြင်းကို ခံလိုက်ရသည်။ နောက်ဆုံးတွင် သူမသည် အဆင့်မြင့်သော ကျင့်ကြံသူတစ်ဦးနှင့်အတူ ထွက်ခွာသွားသည်။
ခဏအကြာတွင် အဝေးမှ ဓားအလင်းတန်းတစ်ခုမှာ ယိုင်တိယိုင်တိုင်ဖြင့် ရောက်ရှိလာပြီး ခပ်ပုပု အမျိုးသမီးကျင့်ကြံသူတစ်ဦး ဆင်းသက်လာသည်။ သူမ၏ ကိုယ်ပေါ်မှ မီးလောင်ကျွမ်းထားသော အနံ့အသက်များ ထွက်ပေါ်နေပြီး ပါးပြင်များမှာလည်း မီးခိုးရောင်များ ပေကျံနေကာ ဆံပင်များမှာလည်း အပူရှိန်ကြောင့် လိပ်ကောက်နေသည်။ စုန်
ယန်သည် ဆေးပေါင်းအိုးအောက်ရှိ ဝိညာဉ်သစ်သားလောင်စာမှ ထွက်ပေါ်လာသော အနံ့ကို ချက်ချင်းပင် ရရှိလိုက်သည်။
သာမန်မီးဟု ဆိုသော်လည်း ဆေးလုံးများ ဖော်စပ်ရန်အတွက် လုံလောက်သော အပူချိန်ရရှိရန် ဝိညာဉ်သစ်သားကို အသုံးပြုရစမြဲပင်။ ကြည့်ရသည်မှာ ဤအမျိုးသမီးမှာ စုန်ယန်နှင့် လုပ်ဖော်ကိုင်ဖက် ဆေးဖော်စပ်သူတစ်ဦး ဖြစ်ပုံရသည်။
"စီနီယာအစ်ကိုတို့... တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ ကျွန်မ... ကျွန်မက ရေနွေးကျွန်းက အန်လီပါ။ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင်"
သူမသည် စကားပြောပြီးနောက် နှာချေကာ နှာရည်တရှုံ့ရှုံ့ လုပ်နေရှာသည်။ အသက်နှစ်ဆယ်ကျော်ပြီ ဖြစ်သော်လည်း ကလေးတစ်ယောက်ကဲ့သို့ ဖြူစင်ရိုးသားသော အသွင်အပြင် ရှိနေဆဲပင်။
အမျိုးသားကျင့်ကြံသူအချို့က သူမကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲသွားကြသော်လည်း ရင်းနှီးသူတစ်ဦးကမူ "အို... အန်လီလေး ဒီနေ့တော့ မင်းရဲ့ ဆေးဖော်စပ်တဲ့အခန်းထဲကနေ နောက်ဆုံးတော့ ထွက်လာနိုင်ပြီပေါ့လေ" ဟု ကျီစယ်လိုက်သည်။
အန်လီက အလေးအနက် ခေါင်းညိတ်ပြကာ "ဟုတ်ကဲ့" ဟု ဖြေသည်။
ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် "နည်းနည်းလေးပဲ လိုတော့တာပါ..." ဟု ပြောလိုက်သည်။
"ဘာကို နည်းနည်းလေး လိုတာလဲ"
ထိုကျင့်ကြံသူက စပ်စုရာ
"ဆေးလုံးဖော်စပ်ဖို့ နည်းနည်းလေးပဲ... အား... အားချိုး"
သူမ နောက်တစ်ကြိမ် နှာချေလိုက်ပြန်သည်။ နှာချေလိုက်သည်နှင့်အတူ မီးခိုးရောင် အငွေ့အသက်အချို့ လွင့်စင်လာရာ ထိုကျင့်ကြံသူမှာ ချက်ချင်းပင် နှုတ်ဆက်၍ ထွက်ပြေးသွားတော့သည်။
အန်လီသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်ဝန်းများမှာ အသက်မဲ့နေကာ စိုးရိမ်ပူပန်မှုများဖြင့် မတ်တတ်ရပ်နေရှာသည်။ သူမ၏ နှလုံးခုန်သံများ ရပ်တန့်သွားသကဲ့သို့ ခံစားနေရပြီး အချိန်မရွေး သေသွားနိုင်သည့်အလား အမူအရာမျိုး ရှိနေသည်။ သူမသည် ကောင်းကင်ယံကို ခဏခဏ မော့ကြည့်နေပြီး မှောင်သည်နှင့်တစ်ပြိုင်နက် ဤနေရာမှ ထွက်ပြေးရန် ချောင်းနေပုံရသည်။ သူမသည် ဒီနေ့ ဤနေရာသို့ အတင်းအကျပ် စေလွှတ်ခြင်းခံရပုံပင်။
နားထဲတွင် အုန်းအုန်းကျွက်ကျွက် အသံများဖြင့် ဝေဝေဝါးဝါးဖြစ်နေစဉ်မှာပင် အန်လီ၏ နားစည်ဘေးနားသို့ အသံတစ်သံ ရောက်ရှိလာသည်။
"ဝိညာဉ်ပုံစံမြွေဟောက်ရဲ့ မိစ္ဆာသွေးကို သံယောင်ပြက်မြက်၊ ခရမ်းရောင်နေကြာတို့နဲ့ ရောစပ်ပြီး သူတို့ရဲ့ စင်ကြယ်ယန်ချီကို အသုံးပြုပြီးတော့ မြွေဟောက်သွေးထဲက အအေးဓာတ်ကို ဖြေဖျော့ဖို့ ကြိုးစားနေတာလား။ ဒါမှ ခရမ်းရောင်နန်းတော်ဆေးလုံးကို ဖော်စပ်နိုင်မှာလေ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ယင်နဲ့ ယန်က တစ်ခုနဲ့တစ်ခု ဟန်ချက်မညီရုံတင်မကဘဲ အပြင်းအထန် ပဋိပက္ခဖြစ်သွားတယ်။ ညီမလေး... မင်း ခုနကပဲ ဆေးအိုးပေါက်ကွဲသွားတာမဟုတ်လား"
စုန်ယန်၏ စကားကြောင့် အန်လီမှာ ဆွံ့အသွားပြီးနောက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိုဓားဝတ်စုံနှင့် လူငယ်ကို သေချာစိုက်ကြည့်လိုက်သည်။
"ရှင်... ရှင် ဒါကို ဘယ်လိုသိတာလဲ"
သူမသည် အံ့အားသင့်စွာဖြင့် မေးလိုက်ပြီးမှ ထိုသူ၏ မျက်နှာကို သေချာမြင်လိုက်ရသောအခါ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"ဘိုင်လူပေ မဟုတ်ဘူးလား"
စုန်ယန်၏ စိတ်ထဲတွင် ငါ့နာမည်က ဘိုင်ရှို့ဟူလေ... ဘယ်လိုဖြစ်ပြီး လူပေ ဖြစ်သွားရတာလဲ။
အန်လီသည် သူမ၏ ဒေါသကို ဖွင့်ထုတ်ပြီးနောက် လေသံအနည်းငယ် လျှော့ကာ "ဒါပေမဲ့ ရှင်က ဂျူနီယာညီမလေး ရှောင်ကျူးရဲ့ နောက်ဆုံးကိစ္စတွေကို သေချာလုပ်ပေးပြီး သင်္ဂြိုဟ်ပေးခဲ့တယ်ဆိုတော့... ထားလိုက်ပါတော့။ အခုတော့ သွားပါတော့ ကျွန်မ ရှင်နဲ့ စကားများမနေချင်ဘူး" ဟု ပြောလိုက်သည်။
စုန်ယန်က စပ်စုလိုစိတ်ဖြင့် "ရှောင်ကျူးရဲ့ ဂူဗိမာန်ရှေ့မှာ အဖြူရောင်ပန်းလေး လာချသွားတာ မင်းလား" ဟု မေးလိုက်သည်။
အန်လီက နှာခေါင်းရှုံ့လျက် "ကျွန်မပဲ" ဟု ဝန်ခံသည်။
ထို့နောက် သူမက ဆက်ပြောသည်။
"ရှောင်ကျူးက ကျွန်မရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲ။ ပြီးတော့ သူမက ရှင့်ကို တော်တော်လေး မုန်းတာရှင့်"
စုန်ယန်က ပြုံးလျက် "မင်း ဆေးဖော်စပ်တဲ့ အခန်းထဲမှာ အောင်းနေတာ ဘယ်လောက်တောင် ကြာပြီလဲ" ဟု မေးရာ အန်လီက "ကျွန်မက အပြင်ထွက်လေ့မရှိပါဘူး။ အခုဆိုရင် သုံးလ၊ လေးလလောက် ရှိပြီထင်တယ်" ဟု ပြန်ဖြေလိုက်သည်။
အန်လီသည် သူမကိုယ်သူမ ပြန်လည်ခုခံကာကွယ်သည့်အနေဖြင့် အလောတကြီး ထပ်ပြောလိုက်သည်။
"ကျွန်မ အပြင်မထွက်တာက ဆေးဖော်စပ်တာကို လေ့ကျင့်နေရလို့ပါ။ ဆရာက ပြောဖူးတယ်... တစ်နေ့မှာ ကျွန်မသာ ပိုပြီးစွမ်းအားကြီးတဲ့ ကြက်သွေးရောင်နန်းတော်ဆေးလုံးတွေကို ဖော်စပ်နိုင်ခဲ့ရင် ငါတို့ဓားဂိုဏ်းမှာ ပညာရှင်တွေ အများကြီးထွက်လာပြီး လူဆိုးတွေနဲ့ မိစ္ဆာတွေကို အများကြီး သတ်နိုင်လိမ့်မယ်တဲ့။
ပြီးတော့ ကျွန်မ အပြင်မထွက်ပေမဲ့ စီနီယာအစ်ကိုတွေက ကျွန်မဆီကို မိစ္ဆာသားရဲသွေးတွေ အမြဲလာပေးကြတယ်။ ပြောပြဦးမယ်... ဓားဂိုဏ်းထဲက ကြက်သွေးရောင်နန်းတော်ဆေးလုံး အတော်များများကို ကျွန်မ ဖော်စပ်ထားတာနော်။ ရှင် ကျွန်မကို အထင်သေးရဲသေးလား"
စုန်ယန်က ခေါင်းကို ကုတ်လိုက်ရင်း "မင်းရဲ့ဆရာက ဒီနေ့ ဒီကို အတင်းလွှတ်လိုက်တာလား" ဟု မေးရာ
အန်လီက "ဆရာ... မရှိတော့ဘူး" ဟု တိုးတိုးလေး ဖြေရှာသည်။
စုန်ယန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဒီနောက်ပိုင်း လအနည်းငယ်အတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်"
အန်လီက "ရှင့်လို လူဆိုးပြောတာကို ကျွန်မ လုံးဝနားမထောင်ဘူး" ဟု ပြောသော်လည်း
"ဂျူနီယာညီမလေး ရှောင်ကျူးအကြောင်းပါ" ဟု စုန်ယန်က ပြောလိုက်သောအခါ
"အို... ဒါဆိုလည်း ပြောပြလေ" ဟု အန်လီက စိတ်ဝင်တစား ပြောလာတော့သည်။
သူတို့နှစ်ဦး စကားလက်ဆုံကျနေကြကာ အကြောင်းစုံကို နားထောင်ပြီးနောက် အန်လီမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ "တောင်းပန်ပါတယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မှောင်စပြုနေပြီဖြစ်ကြောင်း သတိပြုမိသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည် "စီနီယာအစ်ကို... ဘိုင်လူပေ နောက်ဆုံးတော့ မှောင်သွားပြီပဲ။ ငါတို့တွေ အမြန်ပြေးကြရအောင်"
စုန်ယန်က သက်ပြင်းချလျက် "ငါလည်း ကြက်သွေးရောင်နန်းတော်ဆေးလုံး ဖော်စပ်နည်းကို သုတေသနလုပ်နေတာ ခေါင်းကို ကိုက်နေတာပဲ" ဟု ပြောရာ "ကျွန်မလည်း အတူတူပဲ" ဟု အန်လီက ထောက်ခံသည်။
"မနက်ဖြန်ကျရင် ငါ မင်းဆီကို လာခဲ့မယ်လေ။ ဆေးနည်းတွေကို အတူတူ လေ့လာကြမလား"
စုန်ယန်က ကမ်းလှမ်းလိုက်သည်။
အန်လီက သူ့ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း၊ စုန်ယန်သည် ဝိညာဉ်
သန့်စင်ဆေးလုံးကဲ့သို့သော ဆေးနည်းများနှင့် မီးထိန်းနည်းပညာများကို စကားအနည်းငယ်ဖြင့် ထိထိမိမိ ရှင်းပြလိုက်သောအခါ သူမ၏ သံသယများမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ပညာရှင်အစစ်အမှန်မှာ စကားတစ်ခွန်း၊ နှစ်ခွန်းဖြင့်ပင် သူ၏ အရည်အချင်းကို သက်သေပြနိုင်စမြဲပင်။
အန်လီသည် စုန်ယန်ကို သူမနှင့် ဝါသနာတူ ဆေးသမား အချင်းချင်းအဖြစ် ချက်ချင်း အသိအမှတ်ပြုသွားပြီး "ဒါဆိုလည်း လာခဲ့လေ စီနီယာအစ်ကိုပိုင်" ဟု ဖိတ်ခေါ်လိုက်တော့သည်။
***