မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်လတာ အချိန်ကာလက ကုန်လွန်သွားခဲ့သည်။
မှောင်မည်းနေသော နန်းတော်ကြီးတစ်ခုအတွင်း၌ တိုးညှင်းသော စကားပြောသံများ ထွက်ပေါ်နေသည်။
"ပျောက်သွားတာလား ဘယ်လိုဖြစ်ပြီး ဘယ်နေရာမှာမှ သူ့ရဲ့ခြေရာလက်ရာကို ရှာမတွေ့နိုင်ရတာလဲ"
"စိတ်မပူပါနဲ့ ငါတို့ရဲ့ မြေခွေးငယ်လေးတွေကို တိုင်းပြည်သုံးခုစလုံးက အဓိကအင်အားစုတွေဆီ စိမ့်ဝင်ခိုင်းထားပြီးပြီ။ ကုန်သည်အသင်းတွေ၊ ဂိုဏ်းစတားတွေ၊ အစိုးရအဖွဲ့နဲ့ ဈေးတွေအထိ အကုန်လုံးကို လွှမ်းခြုံထားတယ်။ နောက်ပြီး လူသူမနီးတဲ့ တောကန္တရတွေကိုလည်း အဖွဲ့လိုက် အကြိမ်ကြိမ် ရှာဖွေခိုင်းထားတယ်။ ဆက်ရှာကြတာပေါ့ တစ်နေရာရာမှာတော့ သဲလွန်စ ကျန်ခဲ့မှာပါပဲ"
"ဒီကောင်လေးက တကယ်ကို သည်းခံနိုင်စွမ်းရှိတာပဲ။ ငါကတော့ သူ ငါတို့ကို လာပြီး ချောင်းမြောင်းတိုက်ခိုက်လိမ့်မယ်အထင်နဲ့ အခွင့်အရေးတောင် ပေးထားခဲ့တာ ဒါပေမဲ့ အလကားပဲ ဖြစ်သွားတယ်"
"သည်းခံတာလား ကောက်ကျစ်တာပါ သူသာ မလည်ရင် ဟူကျိန်းကျိန်းလို မြေခွေးမမျိုးက နေရာအနှံ့ လိုက်ရှာနေတာတောင် ဘာလို့ ရှာမတွေ့ဘဲ ဖြစ်နေမှာလဲ"
"အဲဒီ အသုံးမကျတဲ့ ဟူကျိန်းကျိန်းကတော့ သေသင့်တာပဲ။ နောက်ဆုံးကျန်တဲ့ ချန်ဝမ်ကျားသစ်ဝိညာဉ်ကျွန်ကို သူမက ခိုးယူသွားခဲ့တာ။ အဲဒီဝိညာဉ်ကျွန်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူမ နားမလည်ဘူး။ ယုတ်မာလိုက်တာ တကယ်ကို ယုတ်မာလွန်းတယ်။ ဒါနဲ့... သူ နောက်ဆုံးပေါ်လာတာ နန်ဝူဓားဂိုဏ်းမှာ မဟုတ်လား ငါတို့ လူတွေ အဲဒီမှာရှိလား"
"နီးစပ်နေပါပြီ။ ဒါ့အပြင် ငါ့မှာ နောက်ထပ် အစီအစဉ်တစ်ခု ရှိသေးတယ်။ ဒီအစီအစဉ်ကတော့ အဲဒီကောက်ကျစ်တဲ့ ကောင်လေးရဲ့ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသလို ဖြစ်စေမှာမို့ သူ သေချာပေါက် ခုန်ထွက်လာရလိမ့်မယ်... ဟဲဟဲဟဲဟဲ..."
"ငါ သိချင်တာက အဲဒီကောင်လေးက ဘယ်နေရာမှာ ပုန်းနေတာလဲ"
"သိချင်နေစရာ မလိုပါဘူး။ သူက ချန်ဝမ်ကျားသစ်ဝိညာဉ်ကျွန်ရဲ့ သွေးစွမ်းအင်ကို စုပ်ယူထားပြီးပြီဆိုတော့... ဟူကျိန်းကျိန်းလည်း သူ့လက်ချက်နဲ့ အရေခွံခွာခံရပြီး သွေးဖောက်ခံလိုက်ရပြီလို့ ငါ သံသယရှိတယ်။ ဟဲဟဲ... အခုဆိုရင် သူက မြေခွေးပေါက်စလေး တစ်ကောင် ဖြစ်နေပြီပေါ့... ဟဲဟဲဟဲဟဲ..."
"ဘယ်လောက်ပဲ အစွမ်းထက်တဲ့ မြေခွေးပေါက်စ ဖြစ်ပါစေ မင်းလို မြေခွေးအိုကြီးကိုတော့ မကျော်နိုင်ပါဘူး"
"ဒါပေါ့... စောင့်ကြည့်နေလိုက် ပွဲကြီးပွဲကောင်းက အခုမှ စတော့မှာ။ ဟဲဟဲဟဲဟဲ..."
လူတစ်ပိုင်း မြေခွေးတစ်ပိုင်း သဏ္ဌာန်ရှိသော သတ္တဝါမှာ လက်ခုပ်တီးလျက် ထိုင်ခုံပေါ်မှ ခုန်
ဆင်းကာ အမှောင်ထုထဲသို့ ကြည့်ရင်း ရယ်မောလိုက်သည်။
"ကောင်းကောင်း ပုန်းနေလိုက်ပေါ့ မြေခွေးပေါက်စလေးရာ... အစစ်အမှန် ရှာဖွေမှုက အခုမှ စမှာပါ"
...
နောက်ထပ် နှစ်လအကြာ...
"အခုထိ ရှာမတွေ့သေးဘူး သတင်းအစအနလေးတောင် မရှိဘူး။ အဲဒီကောင်လေးက တကယ်ပဲ တိုင်းပြည်သုံးခုထဲမှာ ရှိနေသေးတာ သေချာရဲ့လား"
"စိတ်မပူစမ်းနဲ့ ငါ သတင်းတွေ ဖြန့်ထားပြီးပြီ"
"ဘာသတင်းလဲ"
"ငါတို့ မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်စုက ခရမ်းရောင်နန်းတော်အဆင့် ပညာရှင်ကြီးတွေ မကြာခင် ရောက်လာတော့မယ်ဆိုတဲ့ သတင်းပေါ့"
"သူတို့ ရောက်ဖို့က အနည်းဆုံး သုံးနှစ်လောက် ကြာဦးမှာလေ အဲဒီလောက် မမြန်နိုင်ပါဘူး"
"အဲဒီကောင်လေးက ဒါကို သိတာမှ မဟုတ်တာ။ သူ အခုဆိုရင် ပြာယာခတ်နေလောက်ပြီ"
"အဲဒီတော့"
"ငါ အဲဒီ ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ဆီကို အရင်သွားကြည့်ပြီးပြီ။ ငါက အစီအရင်အတတ်ပညာကို ကောင်းကောင်း နားမလည်ပေမဲ့... ဒါကို ပြုပြင်ဖို့အတွက် သီးခြားပစ္စည်းတစ်ခု လိုအပ်တယ်ဆိုတာတော့ သိတာပေါ့"
"မင်းပြောတာ ဝိညာဉ်ရွှေကျောက်တုံးကို ပြောတာလား"
"အတိအကျပဲ။ ဝိညာဉ်ရွှေကျောက်တုံးလိုမျိုး ခိုင်ခံ့တဲ့ ကျောက်တုံးမှသာ ရွှေ့ပြောင်းခြင်းအစီအရင်က ထွက်လာမယ့် ကြီးမားတဲ့ တန်ပြန်စွမ်းအားကို တောင့်ခံနိုင်မှာ။ တခြား ဘာပစ္စည်းနဲ့မှ အစားထိုးလို့ မရဘူး"
"ဒါဆို ငါတို့က လမ်းကြောင်းအသီးသီးကနေ တိတ်တဆိတ် သတင်းလွှင့်ထားလိုက်မယ်။ အဲဒီသတင်းတွေအားလုံးက ကျင်းနိုင်ငံထဲက လပ်ကီး ကုန်သည်အသင်းဆိုတဲ့ သာမန်လူသား အဖွဲ့အစည်းတစ်ခုဆီကို ညွှန်ပြနေစေရမယ်။
အဲဒီအသင်းရဲ့ ဥက္ကဋ္ဌက မမျှော်လင့်ဘဲ ထူးဆန်းတဲ့ ကျောက်တုံးတချို့ကို ရရှိထားတယ်။ အဲဒီကျောက်တုံးတွေရဲ့ အရည်အသွေးက ဝိညာဉ်ရွှေကျောက်တုံးတွေနဲ့ ဘာမှမခြားနားဘူးဆိုတဲ့ သတင်းပေါ့"
"ဒါဆိုရင်တော့ ရှင်းပြီ။ အဲဒီကောင်လေးက ထွက်ပြေးချင်နေတာဆိုတော့ ဒီလပ်ကီး ကုန်သည်အသင်းဆီကို သေချာပေါက် ရောက်လာလိမ့်မယ်"
"မင်းမှားနေပြီ။ သူကိုယ်တိုင် လာမှာမဟုတ်ဘူး။ ဒီကုန်သည်အသင်းဆီကို လာရှာမယ့်သူက နန်ဝူဓားဂိုဏ်းက မိန်းကလေး ယွီရွှမ်းဝေပဲ ဖြစ်လိမ့်မယ်။
အဲဒီအချိန်ကျရင်... ငါကိုယ်တိုင် အဲဒီမှာ စောင့်နေမယ်။ ယွီရွှမ်းဝေ ရောက်လာတဲ့အခါ သဲလွန်စလေး နည်းနည်းပဲပြပြီး ကျန်တဲ့ကျောက်တုံးတွေ အခိုးခံလိုက်ရပြီလို့ မျက်ရည်ချူပြီး ပြောပြလိုက်မယ်။
ယွီရွှမ်းဝေကတော့ ငါ့ဆီက ထူးခြားတာ ဘာမှရှာတွေ့မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီကောင်လေးကတော့ ငါ့ရဲ့ အမြီးများစွာပါတဲ့ မြေခွေးမျိုးနွယ် သွေးတွေ သူ့ထဲမှာရှိနေတာမို့ သေချာပေါက် သိသွားလိမ့်မယ်။
အဲဒီအချိန်ကျရင် ငါက သူ့ကို ရှာမတွေ့ရင်တောင်။ သူကပဲ ငါ့ဆီ အရင်လှုပ်ရှားလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ အသည်းအသန် လိုချင်နေတဲ့ ဝိညာဉ်ရွှေကျောက်တုံးက ငါ့လက်ထဲမှာ ရှိနေတာကိုး"
"ဆက်မပြောနဲ့တော့ ငါ့ဦးနှောက် ပေါက်ကွဲတော့မယ်။ ဘာပဲဖြစ်ဖြစ် ငါ မင်းနောက်က လိုက်ခဲ့မယ်။ ပြီးရင် အဲဒီကုန်သည်အသင်းမှာပဲ အဲဒီကောင်လေးကို စောင့်ကြတာပေါ့"
"ဟဲဟဲဟဲ... ကောင်းပြီလေ"
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ် သုံးလတာ ကုန်လွန်သွားခဲ့သည်။
မှောင်မည်းနေသော နန်းတော်အတွင်း၌...
"သေချာပေါက် ယွီရွှမ်းဝေကတော့ ဒီကို ရောက်လာပြီပဲ။ ဒါပေမဲ့ အဲဒီကောင်လေးကော ဘယ်မှာလဲ"
"ကောင်လေးက အခုထိ ရောက်မလာသေးဘူး"
"အခုဆိုရင် မင်း ဒီမှာစောင့်နေတာ ဆယ့်ငါးရက်တောင် ရှိနေပြီ... သူ လာမှာဆိုရင် အခုလောက်ဆို ရောက်နေလောက်ပြီ။ ဘာလို့ ရောက်မလာသေးတာလဲ"
"သူ တစ်ချိန်ချိန်မှာတော့ ရောက်လာမှာပါပဲ"
နောက်ပိုင်းတွင်...
"အခုထိ မလာသေးဘူး။ အခုထိ မလာသေးဘူး မင်းက ယွီရွှမ်းဝေရဲ့ လူတွေကို တစ်ဝက်
လောက်တောင် လှည့်ပတ်ခေါ်သွားပြီးပြီ။ အဲဒီကောင်လေးက အခုထိ ပေါ်မလာသေးဘူး သူက မင်းရဲ့ မျက်လှည့်အတတ်ကို မမြင်နိုင်တာများလား"
"မဖြစ်နိုင်တာ။ ငါက သဲလွန်စတွေကို အလုံအလောက် ချန်ထားခဲ့ပြီးသားပဲ။ အင်း... မနက်ဖြန်ကစပြီး ငါ သဲလွန်စတွေကို ပိုပြီး သိသာအောင် ပြလိုက်မယ်"
"သူ ရောက်လာပြီလား"
"ခဏလောက် ထပ်စောင့်ကြည့်ရအောင်"
"မလာသေးဘူး"
"ငါကြည့်ရတာတော့... မင်းက မြေခွေးပေါက်စ ဖြစ်နေပြီး သူကမှ မြေခွေးအိုကြီး ဖြစ်နေတာထင်တယ်"
"သူက တိုင်းပြည်သုံးခုထဲကနေ ထွက်သွားတာများလား"
"ဘယ်ကနေလဲ သုံးဖက်သုံးတန်က ပင်လယ်တွေ ဝန်းရံထားတာလေ။ ထွက်ပေါက်က နှစ်ခုပဲ ရှိတယ်။ တစ်ခုက မြောက်ဘက်က လူသူမနီးတဲ့ တောရိုင်းမြေရိုင်း၊ နောက်တစ်ခုက ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်။ မင်းထင်တာ သူ ဘယ်လမ်းက သွားမှာလဲ"
လူတစ်ပိုင်း မြေခွေးတစ်ပိုင်း သတ္တဝါမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်မေးသည်။
"တခြားအဖွဲ့ကရော ရုပ်သေးဂိုဏ်းထဲမှာ ထူးခြားတာ တစ်ခုခု သတိထားမိကြလား"
"မရှိဘူး... လုံးဝပဲ ဘယ်သူမှ ထူးထူးခြားခြား လှုပ်ရှားတာ မရှိဘူး။ အဲဒီကောင်လေးက ရုပ်သေးဂိုဏ်းက ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ဘူး"
ဆူးကဲ့သို့ ကြမ်းတမ်းသော အမွှေးအမျှင်များရှိသည့် ထူးဆန်းသော ဝံပုလွေနက်ကြီးက သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း မျက်လုံးများမှာ ထိတ်လန့်ဖွယ် တောက်ပနေသည်။
"ဘာလို့ သူတို့အားလုံးကို သတ်မပစ်တာလဲ ငါတို့ အခု လုပ်နေတာက ပွဲကနေရသလိုပဲ။ အနှေးနဲ့အမြန်တော့ ငါတို့ သူတို့ကို စားသောက်ပွဲကြီး လုပ်ကြရမှာပဲ မဟုတ်လား"
"အကြောင်းမဲ့ လျှောက်သတ်နေတာက အချိန်ကုန်တာပဲ အဖတ်တင်မယ်"
ထိုအချိန်တွင် နန်းတော်တံခါးမှာ တကျိကျိမြည်သံနှင့်အတူ ပွင့်သွားပြီး မြေခွေးမိစ္ဆာတစ်
ကောင်မှာ လျှင်မြန်စွာ ခုန်ဝင်လာကာ ဦးညွှတ်လျက် "အဘွားအိုဟုန်၊ ဗိုလ်ချုပ်ကူး... စုန်ယန်ရဲ့ သတင်းရပါပြီ" ဟု ပြောလိုက်သည်။
မြေခွေးမိစ္ဆာနှင့် ဝံပုလွေမိစ္ဆာတို့မှာ ဝင်လာသော မြေခွေးလေးကို အလောတကြီး ကြည့်ကာ "မြန်မြန်ပြောစမ်း" ဟု အမိန့်ပေးလိုက်ကြသည်။
မြေခွေးလေးက "တောရိုင်းမြေရိုင်းထဲက ပန်းသေတ္တာတောင်အနီးမှာ သူ့ကို တစ်ယောက်ယောက် မြင်လိုက်တယ်တဲ့။ အဲဒီတောင်မှာ ရတနာတစ်ခု ပေါ်ထွက်လာပြီး အလင်းတန်းတွေ ကောင်းကင်အထိ တောက်ပနေတာကြောင့် လေလွင့်ကျင့်ကြံသူတွေ အများကြီး စုဝေးနေကြတယ်" ဟု သတင်းပို့သည်။
အဘွားအိုဟုန်ဟု ခေါ်သော မြေခွေးမိစ္ဆာနှင့် ဗိုလ်ချုပ်ကူးဟု ခေါ်သော ဝံပုလွေမိစ္ဆာတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မိစ္ဆာအလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲကာ မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။
ဤအချိန်တွင် ပန်းသေတ္တာတောင်၌ ဗဟိုချက်မှ ထွက်ပေါ်လာသော အလင်းတန်းများမှာ ပိုမိုစူးရှတောက်ပလာခဲ့သည်။ လေလွင့်ကျင့်ကြံသူ အတော်များများမှာလည်း ပတ်ပတ်လည်တွင် စုဝေးနေကြပြီ ဖြစ်သည်။ သူတို့အထဲတွင် ရင်းနှီးသူများလည်း ပါဝင်နေပြီး ယခုအခါ တစ်ဦးနှင့်တစ်ဦး အေးစက်သော လေသံများဖြင့် စကားပြောနေကြသည်။
"ဒီအခြေအနေအရဆိုရင် ဒါက ခရမ်းရောင်နန်းတော် အဆင့်ရှိတဲ့ ရတနာဖြစ်နိုင်တယ်။ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ လုကြတာပေါ့"
"ဘယ်သူရရ ရတဲ့သူပိုင်တာပဲ"
"မင်းက ရိုးလှချည်လား။ ရတဲ့သူက အားလုံးရဲ့ ပစ်မှတ်ဖြစ်မှာလေ။ အားလုံးက ဝိုင်းတိုက်ကြမှာပေါ့"
ထိုသို့ ပြောဆိုနေကြစဉ်မှာပင် အလင်းတန်းမှာ ရုတ်တရက် ကျယ်ပြန့်လာပြီး တောင်တန်းနှင့် သစ်တောများ တုန်ခါသွားကာ ငှက်များမှာလည်း ထိတ်လန့်တကြား ပျံပြေးကုန်ကြသည်။ အလင်းတိုင်ကြီးတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ကောင်းကင်ရှိ တိမ်တိုက်များမှာ ရွှေရောင်သန်းသွားသည့် အခိုက်အတန့်တွင် ပုံရိပ်များစွာမှာ ထိုနေရာသို့ အပြေးအလွှား ဦးတည်သွားကြသည်။ အချို့ကျင့်ကြံသူများမှာ ဝူးလူးသီးများ သို့မဟုတ် တိုင်းတာရေးတုတ်များကို ဝိညာဉ်လက်နက်အဖြစ် စီးနင်းလာကြပြီး အချို့မှာမူ ဓားများကို အသုံးချကာ ရှေ့သို့ တိုးဝင်လာကြသည်။
သို့သော် သူတို့ အလင်း၏ ဗဟိုချက်သို့ ရောက်ခါနီးအချိန်တွင် ရိုင်းစိုင်းသော ရယ်မောသံကြီးတစ်ခု အပေါ်စီးမှ ဟိန်းထွက်လာခဲ့သည်။
"ငါ့လမ်းက ဖယ်စမ်း"
ကျင့်ကြံသူများ မော့ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ် အပြုံးကြီးနှင့်အတူ ဝတ်စုံနက်ဝတ် ပုံရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုသူ၏ ပတ်ပတ်လည်တွင် အဆင့်မြင့် မိစ္ဆာသားရဲ အရိပ်ရုပ်သေးဆယ်ခုမှာ ဝန်းရံလျက် ကောင်းကင်မှ ဆင်းသက်လာနေသည်။
ဆင်းသက်လာစဉ်မှာပင် ထိုပုံရိပ်မှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ အရိပ်ရုပ်သေးများသည် ဝဲဂယက်အတွင်း မိသွားသော လှေများကဲ့သို့ ထိုသူ၏ ပါးစပ်ကြီးအတွင်းသို့ အလုံးအရင်းဖြင့် စုပ်ယူခြင်း ခံလိုက်ရသည်။
ဝုန်း….
ထိုဝတ်စုံနက်နှင့် လူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်မတတ် ကြီးထွားလာပြီး အမျိုးမျိုးသော မိစ္ဆာအသွင်အပြင်များ ပေါ်ပေါက်လာသည်။ ကျောဘက်တွင် အတောင်ပံများ ထွက်လာကာ လက်များမှာလည်း လက်သည်းများအဖြစ် ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြေးခွံများနှင့် ချပ်ဝတ်တန်ဆာများ ဖုံးလွှမ်းသွားပြီး ဆူးချွန်များမှာလည်း ကြောက်မက်ဖွယ်ရာ စီတန်းထွက်ပေါ်လာသည်။
"ဖယ်ကြစမ်း ဖယ် ဖယ်"
ထိုမိစ္ဆာအရိပ်ကြီးမှာ သံချပ်ကာဝတ် ဘီလူးကြီးတစ်ကောင် လူအုပ်ထဲသို့ ဝင်တိုက်သကဲ့သို့ ဆင်းသက်လာရာ ထိမိသူများမှာ လွင့်ထွက်သွားပြီး ပွတ်မိသူများမှာလည်း လဲကျကုန်ကြသည်။
ထိုမိစ္ဆာအရိပ်မှာ ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို တိုက်ထုတ်ကာ အလင်း၏ ဗဟိုချက်ဆီသို့ လှမ်းကိုင်လိုက်သည်။ သူ လက်နှင့် ဆုပ်ကိုင်လိုက်သည်နှင့် အလင်းတန်းမှာ ပျောက်ကွယ်သွားတော့သည်။
မိစ္ဆာအရိပ်မှာ ယုတ်မာစွာ ရယ်မောလိုက်ရင်း "ဒါ ငါ့ဟာပဲ" ဟု အော်ဟစ်ကာ အဝေးသို့ လျှငမြန်စွာ ထွက်ပြေးသွားတော့သည်။
ကနဦးတွင် ကျင့်ကြံသူအချို့မှာ လိုက်လံဖမ်းဆီးရန် ကြံရွယ်ကြသော်လည်း ထိုမိစ္ဆာအရိပ်က အဆင့်မြင့်သားရဲ အရိပ်ရုပ်သေးနှစ်ခုကို ပေါ့ပေါ့ပါးပါးပင် ပစ်လွှတ်လိုက်ရာ ကျင့်ကြံသူများမှာ လွင့်ထွက်သွားကြပြီး မည်သူမျှ ဆက်လက်မလိုက်ရဲတော့ဘဲ ကြောင်အမ်းအမ်းဖြင့်သာ ကျန်ရစ်ခဲ့ကြတော့သည်။
အတန်ကြာမှ တစ်ယောက်က ခါးသီးစွာ ပြုံးလျက် "ဒါ မိစ္ဆာစုန်ယန်ပဲ" ဟု ရေရွတ်လိုက်သည်။
ထို့နောက် နောက်တစ်ယောက်ကလည်း "မိစ္ဆာစုန်ယန်က ကုဟွမ်ကျီကို သတ်ခဲ့တာဆိုပဲ။ အရင်က ငါမယုံခဲ့ဘူး အခုတော့ ငါယုံသွားပြီ"
"မိစ္ဆာစုန်ယန်ရဲ့ အဲဒီလျှို့ဝှက်ကျင့်စဉ်က ဘာလဲမသိဘူး။ တကယ့်ကို ကြောက်စရာကောင်းလိုက်တာနော်"
"ငါလည်းမသိဘူး။ ဒါပေမဲ့ တောင်နဲ့ပင်လယ် မိစ္ဆာမျိုးနွယ် က အဘွားအိုဟုန်နဲ့ ဗိုလ်ချုပ်ကူးတို့က စုန်ယန်ကို လိုက်ရှာနေကြတာ ကြာပြီတဲ့။ သူက မြောက်ဘက်မှာ ပုန်းနေတာကိုး ဒါကြောင့် သူတို့ရှာမတွေ့တာနေမှာ"
"အသံတိုးတိုးပြောကြစမ်းပါ။ သူ အဝေးကြီး မရောက်သေးရင် ဒုက္ခရောက်ကုန်မယ်"
ချက်ချင်းဆိုသလိုပင် ကျင့်ကြံသူများမှာ တိတ်ဆိတ်သွားကြပြီး ကြောက်ရွံ့မှုကြောင့် အေးခဲသွားကြတော့သည်။ သူတို့အတွက် စုန်ယန်ဟူသော အမည်မှာ မြေခွေးအဘွားအိုသို့မဟုတ် ကုဟွမ်ကျီတို့ထက်ပင် ပို၍ နာမည်ဆိုးဖြင့် ကျော်ကြားနေပြီ ဖြစ်သည်။
ပျံသန်းနေစဉ်အတွင်း စုန်ယန်သည် သူ၏ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ပြီး ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို သိသည်နှင့် သူ၏ရုပ်သွင်ကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ ထို့နောက် ရင်ဘတ်ထဲမှ လေဟုန်အင်းနှစ်ခုကို ထုတ်ကာ ခြေထောက်တွင် ကပ်လိုက်ပြီး သူ၏အငွေ့အသက်ကို ဖုံးကွယ်လျက် မြေပြင်နှင့် ကပ်၍ ဓားပျံဖြင့် အဆက်မပြတ် ပျံသန်းခဲ့သည်။
ဤသို့ဖြင့် တစ်နေ့နှင့်တစ်ညအကြာတွင် သူသည် မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ချင်းရှီးဈေးသို့ ပြန်ရောက်လာပြီး စာရင်းအတိုင်း ဆေးဖက်ဝင်အပင်များကို စတင်ဝယ်ယူတော့သည်။
ယခုနှစ် နွေဦးရာသီတွင် ဂျူနီယာညီမလေး အန်လီနှင့် တွေ့ဆုံပြီးကတည်းက သူသည် သူမထံသို့ မကြာခဏ သွားရောက်လေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ အန်လီနှင့် စုန်ယန်
တို့သည် စကားပြောဖြစ်သည်မှာ ပို၍များလာခဲ့ပြီး ဆေးဖော်စပ်ခြင်းပညာအကြောင်းကို မိုးလင်းသည်အထိ အချိန်ကုန်မှန်းမသိ ဆွေးနွေးဖြစ်ကြသည်။
အန်လီသည် စုမိသားစုဝင်ဖြစ်ပြီး စုန်ယန်မှာ ဆွန်မိသားစုမှ ဖြစ်သည်။ သူတို့နှစ်ဦး အတူရှိနေခြင်းမှာ ဓားဂိုဏ်း၏ မူဝါဒနှင့်လည်း ကိုက်ညီနေသဖြင့် မည်သူမျှ ကန့်ကွက်ခြင်းမရှိကြပေ။ အထူးသဖြင့် သူတို့နှစ်ဦးစလုံးမှာ နန်ဝူဓားဂိုဏ်းအတွက် အလွန်အရေးကြီးသော ကြက်သွေးရောင်နန်းတော်ဆေးလုံးကို အတူတူ သုတေသနပြုနေကြခြင်း ဖြစ်သည်။
မကြာမီမှာပင် စုန်ယန်သည် ရေနွေးကျွန်းပေါ်တွင် အန်လီ၏ဘေး၌ ဝါးအိမ်လေးတစ်လုံး ဆောက်ကာ နေထိုင်ခဲ့ပြီး သူတို့နှစ်ဦးကို အမြဲတမ်း အတူတူ တွေ့မြင်ရလေ့ရှိသည်။
ယခုတစ်ခေါက်တွင် သူတို့ ဆေးဖော်စပ်ရန် လိုအပ်သော ပစ္စည်းအချို့မှာ ဓားဂိုဏ်းတွင် မရှိသဖြင့် အန်လီက "ချင်းရှီးဈေးမှာ ရှိနိုင်မလား" ဟု ရိုးရိုးသားသား ပြောမိရာမှ စုန်ယန်က အကြံရသွားပြီး ချင်းရှီးဈေးသို့ ထွက်လာခဲ့ခြင်းပင်။
ထိုနေရာသို့ ရောက်သောအခါ မြောက်ဘက်ရှိ ပန်းသေတ္တာတောင်တွင် ရတနာတစ်ခု ပေါ်ထွက်လာသည်ဟူသော ကောလာဟလကို ကြားသဖြင့် စုန်ယန်ဟူသော အမည်ကို အသုံးချကာ လူအများ၏ အာရုံကို မြောက်ဘက်သို့ လွှဲပြောင်းပေးရန် သူ ဆုံးဖြတ်လိုက်ခြင်းပင်။
သူသည် ရုပ်ပြရုံတင် မဟုတ်ဘဲ အစီအစဉ်ကို အဆုံးထိ လုပ်ဆောင်ခဲ့သည်။ တောင်နက်ကြီးထဲတွင် ဝါးအိမ်မီးလောင်ထားသော မြင်ကွင်းကို ဖန်တီးခဲ့ပြီး နောက်မှ လိုက်လာသူများအနေဖြင့် "စုန်ယန်သည် ဤအနီးအနားရှိ တောင်နက်ထဲတွင် ပုန်းနေခဲ့သည်" ဟု ထင်ယောင်ထင်မှား ဖြစ်စေရန် သံသယဖြစ်ဖွယ်ရာ သဲလွန်စများကို ချန်ထားခဲ့သည်။ ထိုတောင်မှာ တောရိုင်းမြေရိုင်းနှင့် အလွန်နီးကပ်သဖြင့် မြောက်ဘက်သို့ ထွက်ပြေးမည်ဟူသော သူ၏ ကျိုးကြောင်းဆီလျော်မှုနှင့်လည်း ကွက်တိကျနေသည်။
တစ်လအကြာ...
စုန်ယန်သည် ဆေးဖက်ဝင်အပင်များနှင့်အတူ နန်ဝူသို့ ပြန်ရောက်လာခဲ့သည်။ ဓားအလင်းတန်းမှာ ရေနွေးကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။
သူသည် ရင်းနှီးနေပြီဖြစ်သော ဆေးဖော်စပ်ခန်းအတွင်းသို့ ဝင်သွားကာ ဆေးပင်များကို ကျွမ်းကျင်စွာ လှီးဖြတ်ပြင်ဆင်ပြီး အလုပ်ရှုပ်နေသော ညီမလေး အန်လီကို ကမ်းပေးလိုက်သည်။
အန်လီမှာ အစပိုင်းတွင် သတိမထားမိသော်လည်း နှစ်ကြိမ်ခန့် လက်ခံရရှိပြီးနောက် အခန်းထဲတွင် တစ်စုံတစ်ယောက် ရှိနေသည်ကို သိသွားပြီး လှည့်ကြည့်လိုက်သောအခါ စုန်ယန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
စုန်ယန်က သိုလှောင်အိတ်ထဲမှ အိတ်ငယ်လေးတစ်အိတ်ကို ထုတ်ကာ လေထဲတွင် ဝေ့ယမ်းပြလျက် ပြုံးလိုက်သည်။
"အကုန်ဝယ်ခဲ့ပြီ။ နေဝန်းကြာပန်းရော၊ နှင်းစက်နွယ်ပင်ရော အကုန်ပါတယ်။ အခု ငါတို့တွေ စမ်းသပ်လို့ရပြီ"
အန်လီသည် သူ့ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး မျက်ရည်များ ဝေါကနဲ ကျလာကာ သူ့ထံသို့ ပြေးဝင်လာပြီး ရင်ဘတ်ကို အားရပါးရ ထိုးကြိတ်တော့သည်။
"ချင်းရှီးဈေးမှာ အခု ဘယ်လောက် အန္တရာယ်များနေလဲ ရှင်သိရဲ့လား ဘယ်လိုစိတ်နဲ့ အဲဒီကို သွားရဲတာလဲ ကျွန်မက အမှတ်မထင် ပြောလိုက်တာကို"
သူမက သူ့ကို ထိုးကြိတ်နေစဉ်မှာပင် စုန်ယန်က ညီမလေးအန်လီကို အသာအယာ ဖက်ထားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်လေးမှာ ခေတ္တမျှ တုန်ယင်သွားသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ ရုန်းမထွက်ခဲ့ပေ။
စုန်ယန်သည် ညီမလေးကို ဖက်ထားရင်း အလွန်ခိုင်မာသော လုံခြုံမှုအတိကို ခံစားလိုက်ရသည်။ အကယ်၍ ပတ်ဝန်းကျင်အသီးသီး၏ အန္တရာယ်အဆင့်ကို သတ်မှတ်မည်ဆိုလျှင်...
စုန်ယန်ရှိရာနေရာမှာ တက္ကသိုလ်အဆင့်၊ ရုပ်သေးဂိုဏ်းမှာ အထက်တန်းအဆင့်ဖြစ်ပြီး၊ ညီမလေးအန်လီ၏ ဘေးနားမှာမူ မူကြိုအဆင့်သာ ရှိပေလိမ့်မည်။
ဤမူကြိုကျောင်းလေးထဲတွင် ပုန်းနေရခြင်းက သူ့အတွက် အလွန်လုံခြုံနေပြီး ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့ပေ။
***