ခဏအကြာတွင်...
"စီနီယာအစ်ကို... နှင်းစက်နွယ်ပင်ကို တစ်ကျပ်သားပဲ သုံးကြည့်ပါ။ အများကြီး မထည့်နဲ့ဦးနော်"
ညီမလေးအန်လီသည် သူမ၏ဓားကို ထိန်းကျောင်းရင်း ဆေးပေါင်းအိုးအထက်တွင် ပျံသန်းကာ အတွင်းဘက်အခြေအနေကို အသေအချာ စောင့်ကြည့်နေသည်။
ရှပ်... ရှပ်... ရှပ်...
စုန်ယန်သည် ခြောက်သွေ့နေသော အဖြူရောင်နွယ်ပင်ခြောက်ကို တိကျစွာ လှီးဖြတ်လိုက်ပြီးနောက် င်္အကျီလက်ကို ခါယမ်းကာ ဆေးပေါင်းအိုးထဲသို့ ပစ်ထည့်လိုက်သည်။
ညီမလေးအန်လီက "စီနီယာအစ်ကို... အရင် ချိန်တွက်ကြည့်သင့်တယ်နော်။ အစ်ကို အဲဒီလို မချိန်ဘဲ ထည့်လိုက်တိုင်း ကျွန်မ ရင်တုန်ရတယ်" ဟု ပြောလိုက်သည်။
သူမ၏မျက်နှာတွင် စိတ်ဆိုးသည့်အရိပ်အယောင်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ စုန်ယန်ဖြစ်နေ၍သာ ဖြစ်သည်။ အကယ်၍ အခြားသူသာဆိုလျှင် သူမ ဆဲဆိုကြိမ်းမောင်းနေသည်မှာ ကြာလှပြီဖြစ်သည်။ သူမသည် အလုပ်အပေါ် အလေးအအနက်မထားသူများကို အလွန်မုန်းတီးသူဖြစ်သည်။
စုန်ယန်ကမူ သူ၏ဓားကစားပုံကို ယုံကြည်မှုအပြည့်ရှိသော်လည်း ညီမလေးက တောင်းဆိုလာသဖြင့် သူမ စိတ်ချရအောင် လိုက်လျောပေးလိုက်သည်။
ညီမလေးအန်လီသည် ဆေးပေါင်းအိုးအထက်မှ ဆက်လက်အကဲခတ်နေပြီးနောက် ထပ်မံအော်ဟစ်လိုက်ပြန်သည်။
"စီနီယာအစ်ကို... စီနီယာအစ်ကို... နေဝန်းကြာပန်းနှစ်ကျပ်သား ပြင်ထားပေးပါ။ အရင်ဆုံး တစ်ကျပ်သားအရင်ပေးနော်"
စုန်ယန်သည် ရွှေရောင်ပန်းခြောက်တစ်စုကို အမြန်ထုတ်ယူကာ ပွင့်ဖတ်အချို့ကို ခူးဆွတ်လိုက်ပြီး အသာအယာ ချိန်တွက်ကာ ပေါင်းအိုးထဲသို့ လှမ်းထည့်လိုက်သည်။
အန်လီသည် မီးအပူချိန်ကို စစ်ဆေးပြီးနောက် ပုလင်းငယ်များနှင့် အိုးငယ်များကို အမြန်ဆွဲယူကာ အတွင်းသို့ လောင်းထည့်လိုက်သည်။ အားလုံးပြီးစီးသွားသောအခါ အင်္ကျီလက်ကို ဝေ့ယမ်း၍ ပေါင်းအိုးအဖုံးကို ပိတ်လိုက်ပြီး ယပ်တောင်ကို လှမ်းဖမ်းလိုက်သည်။
သို့သော် သူမလက်လှမ်းလိုက်ချိန်တွင် ဘာကိုမျှ မဆုပ်ကိုင်မိဘဲ ဟာလာဟင်းလင်း ဖြစ်သွားသည်။ မော့ကြည့်လိုက်သောအခါ သူမ၏စီနီယာအစ်ကိုက မီးကို ယပ်တောင်ဖြင့် စတင်ခတ်ပေးနေသည်ကို တွေ့လိုက်ရသည်။
သူမကြည့်လိုက်သောအခါ စုန်ယန်က ပြုံးပြလိုက်သည်။ အန်လီသည် ခဏမျှ ငေးကြည့်နေမိပြီးနောက် စီနီယာအစ်ကို၏ ယပ်ခတ်ပုံနည်းစနစ်မှာ အလွန်ပင် ကောင်းမွန်လှသဖြင့် စိတ်အေးသွားကာ အနားမယူတော့ဘဲ ဆေးပေါင်းအိုးကို ပတ်ပတ်လည်လှည့်ပတ်ရင်း ဂါထာမန္တန်များကို တိုးတိုးလေး ရွတ်ဖတ်နေတော့သည်။
စုန်ယန်၏ မီးထိန်းညှိပုံမှာ အလွန်ကျွမ်းကျင်လှသဖြင့် သူ၏ယပ်ခတ်ပုံမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။
ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်လျှင် သူသည် အခြေခံသဘောတရားများကို ကောင်းကောင်းကြီး နားလည်ထားပြီး ဖြစ်သည်။ မိစ္ဆာသားရဲသွေးမှာ အလွန်အဆိပ်ပြင်းလှပြီး ကြက်သွေးရောင်နန်းတော်ဆေးလုံးကို ဖော်စပ်ရာတွင် အဓိကသော့ချက်မှာ အညစ်အကြေးနှင့် အဆိပ်အတောက်များကို ဖယ်ရှားခြင်းနှင့် ဆေးဖက်ဝင်အာနိသင်များကို ထိန်းသိမ်းခြင်းတို့အကြားမှ ပဋိပက္ခပင်။
အကယ်၍ အဆိပ်အတောက်ကင်းစင်လိုပါက ဖြစ်နိုင်သော်လည်း မိစ္ဆာသားရဲသွေးမှ အဆိပ်ကို ဖယ်ရှားရန်မှာ အကြိမ်ကြိမ် ကြိုးစားအားထုတ်ရပြီး အနည်းငယ် အမှားအယွင်းရှိသည်နှင့် သွေး၏အာနိသင်များမှာ ပျောက်ကွယ်သွားပေလိမ့်မည်။ တစ်ဖက်တွင်လည်း ဆေးအာနိသင်ကို လိုချင်သော်လည်း ဆေးအဆိပ်ကို မခံနိုင်ပါက ထိုဆေးလုံးမှာ သေမင်းထံသို့ တိုက်ရိုက်သွားရမည့် လက်မှတ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် မိစ္ဆာသားရဲသွေးကို အသုံးပြုရာတွင် အခြားသော ဝိညာဉ်ပန်းများနှင့် ဆေးပင်များကို အချိုးကျပေါင်းစပ်ကာ ဟန်ချက်ညီအောင် လုပ်ဆောင်ခြင်းဖြင့် ကြက်သွေးရောင်
နန်းတော်ဆေးလုံးကို ရရှိလာခြင်း ဖြစ်သည်။
သို့သော်လည်း ဆေးလုံးတစ်သုတ်ချင်းစီတွင် ပါဝင်သည့် မိစ္ဆာသားရဲသွေးမှာ တစ်ခုနှင့်တစ်ခု မတူညီနိုင်သဖြင့် အောင်မြင်သော အတွေ့အကြုံမရှိဘဲ ဆေးလုံးသစ်တစ်လုံးကို သုံးစွဲတိုင်းမှာ စွန့်စားခန်းတစ်ခုကဲ့သို့ပင် ဖြစ်နေတတ်သည်။ ဆေးဖော်စပ်သူတစ်ဦး၏ အခန်းကဏ္ဍမှာ ထိုဆေးလုံးများကို အရောင်အဆင်းမပြောင်းလဲစေရန်၊ ထူးဆန်းသောအနံ့အသက်များ မထွက်စေရန်နှင့် တစ်လုံးချင်းစီ၏ အရောင်အသွေးမှာ ညီညာပြီး ဟန်ချက်ညီနေစေရန် လုပ်ဆောင်ပေးခြင်းပင်။
နန်ဝူဓားဂိုဏ်း၏ လက်ရှိအဆင့်အတန်းအရ အဆင့်မြင့်မိစ္ဆာသားရဲခုနစ်မျိုးခန့်၏ သွေးကို အသုံးပြု၍ ကြက်သွေးရောင်နန်းတော်ဆေးလုံး ကို ဖော်စပ်နိုင်စွမ်း ရှိသည်။ သို့သော် ၎င်းမှာ သာမန်အဆင့်မြင့် သားရဲများသာဖြစ်ပြီး ခရမ်းရောင်နန်းတော် အဆင့်တွင် တွေ့ရလေ့ရှိသည့် အင်အားအကြီးဆုံး သားရဲမျိုးစိတ်များ မဟုတ်ကြပေ။
စစ်မှန်သော ပါရမီရှင် ပညာရှင်များမှာမူ ဤမျှလောက်သော အဆင့်အတန်းဖြင့် ကျေနပ်ရောင့်ရဲခြင်း မရှိကြချေ။
ထို့ကြောင့် လူအများအပြားမှာ စွန့်စားမှုများကို ပြုလုပ်ကြရသည်။ ဆေးလုံးတစ်လုံးသည် အပြင်ပန်းသဏ္ဌာန် တူညီမှုအဆင့်သို့ ရောက်ရှိသွားသည်နှင့် ၎င်းတို့သည် အဆိပ်ဖြေဆေးများ၊ ကောင်းကင်နှင့် မြေပြင်မှ ထူးခြားသော ရတနာပစ္စည်းများကို အမြောက်အမြား ပြင်ဆင်ထားကြသည်။ ထို့နောက် သီးသန့်ကျင့်ကြံဆောင်အတွင်း၌ ထိုဆေးလုံးများကို မျိုချကာ ပြင်းထန်လှသော ဆေးအဆိပ်ဒဏ်ကို အသက်လု၍ တောင့်ခံရင်း ကျော်ဖြတ်နိုင်ရန် မျှော်လင့်ကြရသည်။
အကယ်၍သာ ထိုအဆင့်ကို ကျော်လွှားနိုင်ခဲ့ပါက ရရှိမည့် အကျိုးကျေးဇူးမှာ အတိုင်းအဆမရှိ ကြီးမားလှသောကြောင့်ပင်။ ထိုသို့ ကျော်ဖြတ်ရာတွင် ကြုံတွေ့ရသည့် ဒုက္ခနှင့် ဝေဒနာများမှာမူ ပြင်ပလူများ နားလည်နိုင်ရန် ခဲယဉ်းလှသည်။
ထို့ကြောင့်လည်း ယွီရွှမ်းဝေက မှတ်ဉာဏ်ကျောက်စိမ်းမှတစ်ဆင့် စုန်ယန်သည် ချန်ဝမ်ကျားသစ်ဝိညာဉ်ကျွန်၏ စွမ်းအားကို အသုံးပြုနေသည်ကို ပြသလိုက်ချိန်တွင် အားလုံးမှာ ဆွံ့အသွားခဲ့ကြခြင်းပင်။
ဤသည်မှာ "စုန်ယန်က မြေခွေးအိုကြီးရဲ့ ပစ္စည်းကို ခိုးယူပြီး လောကကြီးကို နောက်ပြောင်နေတယ်" ဟူသော သတင်းထက်ပင် ပို၍ တုန်လှုပ်စရာ ကောင်းနေသည်။
နန်ဝူဓားဂိုဏ်း၊ ရုပ်သေးဂိုဏ်းနှင့် တိုင်းပြည်သုံးခုရှိ လေလွင့်ကျင့်ကြံသူများမှာ ချန်ဝမ်ကျားသစ်ဝိညာဉ်ကျွန်ကို အစွမ်းထက်သော မိစ္ဆာတစ်ကောင်အဖြစ်သာ သိထားကြသည်။ သို့သော် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများမှာမူ ထိုသို့မဟုတ်ပေ။ လူသားတစ်ယောက်က ချန်
ဝမ်ကျားသစ်ဝိညာဉ်ကျွန်၏ သွေးကို ဘယ်လိုနည်းလမ်းဖြင့် ချေဖျက်စုပ်ယူနိုင်တာလဲဟူသော အချက်မှာ သူတို့အတွက် လုံးဝကို စဉ်းစား၍မရနိုင်သော ပုစ္ဆာတစ်ပုဒ် ဖြစ်နေသည်။
ကနဦးတွင် သူတို့သည် ဤအချက်ကို ထည့်ပင်မစဉ်းစားခဲ့ကြဘဲ ချန်ဝမ်ကျားသစ်ဝိညာဉကျွန်သွေးမှာ ထိုသူခိုးလေး၏ လက်ထဲတွင် ရှိနေသေးသည်ဟုသာ ယူဆထားခဲ့ကြခြင်းပင်။
နာရီဝက်ခန့် ကြာပြီးနောက်...
ဆေးပေါင်းအိုးအတွင်းမှ ထူးခြားဆန်းပြားသော ရနံ့သင်းသင်းလေး တစ်ခု ပျံ့လွင့်လာသည်။ ထိုအနံ့ကို ရှူရှိုက်လိုက်ရုံနှင့် မူးဝေခြင်းမျိုး မရှိဘဲ စိတ်ကို ကြည်လင်လန်းဆန်းသွားစေသည်။
ညီမလေးအန်လီသည် သူမ၏ဓားကို အမြန်စီးနင်းကာ အပေါ်သို့ ပျံတက်သွားပြီး ပေါင်းအိုးအဖုံးကို မလိုက်သည်။ အတွင်းမှ မီးခိုးငွေ့များ လွင့်စင်သွားသောအခါ ပေါင်းအိုး၏ အောက်ခြေတွင် ခိုဥခန့်ရှိသော အပြာနုရောင် ဆေးလုံးလေးတစ်လုံး လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
သူမသည် ထိုဆေးလုံးကို ဂရုတစိုက် မယူကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ ပြောလိုက်သည်။
"စီနီယာအစ်ကို... အောင်မြင်သွားပြီ တကယ်ပါပဲ... ကောင်းမွန်တဲ့ ဝိညာဉ်ပန်းတွေနဲ့ ဆေးပင်တွေကို သုံးတာက ပိုပြီးတော့ အာနိသင်ထွက်တာပဲ။ နှင်းစက်နွယ်ပင်နဲ့ နေဝန်းကြာပန်းက သံမျိုငှက်မြက်နဲ့ ခရမ်းရောင်နေကြာထက် အများကြီး ပိုပြီး အဖိုးတန်တာကိုး။ ဖော်စပ်တဲ့ နည်းစနစ်က အတူတူပဲဆိုရင်တောင် အရင်ပစ္စည်းတွေနဲ့ဆို မအောင်မြင်နိုင်ပေမဲ့ အခုတော့ အောင်မြင်သွားပြီ"
စုန်ယန်က ခေါင်းညိတ်လျက် "နှမြောစရာကောင်းတာက သံမျိုငှက်မြက်နဲ့ ခရမ်းရောင်နေကြာက တစ်နှစ်မှာ တစ်ကြိမ် ပွင့်တတ်ပေမဲ့... နှင်းစက်နွယ်ပင်က ဆယ်နှစ်မှာမှ တစ်ကြိမ်ပဲ ပွင့်တာလေ။ ပြီးတော့ အေးစက်တဲ့ နေရာတွေမှာပဲ တွေ့ရတတ်တာ။ နေဝန်းကြာပန်းဆိုရင်လည်း မီးဓာတ်အားကောင်းတဲ့ နေရာတွေမှာပဲ ပေါက်တာ။ သူက တစ်နှစ်တစ်ခါ ပွင့်တယ်ဆိုပေမဲ့ ပွင့်တဲ့အချိန်က နာရီဝက်ပဲ ကြာတာလေ။ အချိန်ကို အတိအကျ စောင့်မနေနိုင်ရင်တော့ ဘယ်တော့မှ ရမှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။
ညီမလေးအန်လီက သက်ပြင်းလေး ချလိုက်မိသည်။
သို့သော်လည်း ဘာမှတတ်နိုင်သည်တော့ မဟုတ်ပေ။ ရှားပါးလှသော ဆေးဖက်ဝင် ပစ္စည်းများကို ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲလှသည်။ အကယ်၍ နေရာဒေသ အကန့်အသတ်ကြောင့်သာဆိုလျှင် ကြိုးစားရှာဖွေ၍ ရနိုင်သေးသော်လည်း အချို့သော ဆေးပင်များမှာ နှစ်ပေါင်းများစွာ ကြာမှသာ ပွင့်ကြခြင်း ဖြစ်သည်။ အနည်းဆုံး ဆယ်နှစ်မှသည် အနှစ်တစ်ရာ၊ တစ်ထောင်၊ ဒဏ္ဍာရီလာအရဆိုလျှင် အနှစ်တစ်သောင်းအထိ ကြာမြင့်တတ်သော ဆေးပင်များပင် ရှိနေသေးသည်။
ဖော်စပ်ပြီးသား ကြက်သွေးရောင်နန်းတော်ဆေးလုံးကို ကျောက်စိမ်းပုလင်းထဲသို့ ဂရုတစိုက် ထည့်သွင်းပြီး အညွှန်းကပ်ပြီးနောက် အန်လီသည် စိတ်အေးသွားဟန်ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး "နှင်းတွေ ကျနေပြီ" ဟု ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။
သူမသည် တံခါးကို ဘုန်းကနဲ မြည်အောင် ဖွင့်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလျက် အပြင်ဘက်သို့ ပြေးထွက်သွားသည်။
စုန်ယန်သည်လည်း သူမ၏ နောက်ကွယ်မှ လိုက်ထွက်လာခဲ့သည်။ သူ ခေါင်းမော့ကြည့်လိုက်သောအခါ ဆားပွင့်လေးများကဲ့သို့ အဖြူရောင် အမှုန်အမွှားလေးများမှာ သူ၏ ငွေရောင်ဓားဝတ်စုံပေါ်သို့ တိတ်ဆိတ်စွာ ကျရောက်လာနေသည်ကို မြင်လိုက်ရသည်။ ထိုအမှုန်လေးများကြားတွင် ဝါဂွမ်းစလေးများကဲ့သို့ နှင်းခဲလေးများသည်လည်း ပါလာပြီး သူ၏ ဝတ်စုံပေါ်တွင် လိမ့်ဆင်းသွားကြကာ လေပြေနှင့်အတူ ဝေးလံသော ပန်းခင်းများ၊ သစ်တောများနှင့် ရေကန်များဆီသို့ လွင့်မျောသွားကြတော့သည်။
ထိုစဉ်မှာပင်...
ဒိုင်း…..
***