အေးစက်စက် အလုံးလေးတစ်ခုက သူ၏ ဘယ်ဘက်ပါးပြင်ပေါ်သို့ ကျရောက်လာသည်။
သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ညီမလေးအန်လီက သူမ၏ မှော်စွမ်းအင်ကို အသုံးပြု၍ နှင်းများကို စုစည်းကာ နှင်းလုံးလေးတစ်လုံးအဖြစ် ပုံဖော်နေသည်ကို မြင်လိုက်ရသည်။
"ဒါက..."
သူ့ပါးပြင်ပေါ်မှ နှင်းစလေးများ လျှောကျသွားသည်ကို ကြည့်ရင်း စုန်ယန်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"နှင်းလုံးပစ်တမ်း ကစားတာလား"
ရုပ်သေးဂိုဏ်းရဲ့ သွေးချောင်းစီးမှုတွေနဲ့ လှည့်စားမှုတွေကြားကနေ ရုန်းထွက်လာခဲ့ရတဲ့ သူ့လိုလူမျိုးတစ်ယောက်က တစ်နေ့မှာ နှင်းလုံးပစ်တမ်း ကစားရလိမ့်မယ်လို့ အထူးသဖြင့် တစ်စုံတစ်ယောက်က သူ့ကို နှင်းလုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လိုက်ပစ်လိမ့်မယ်လို့ သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။
စုန်ယန်သည် မျက်လုံးများကို အသာအယာ မှိတ်ထားလိုက်မိပြီး ယခုနှစ်၏ နှင်းပွင့်များကို စိတ်ထဲတွင် မြင်ယောင်နေမိသည်။
နှစ်စဉ်နှစ်တိုင်း သူသည် နှင်းကျသည်ကို စောင့်ကြည့်ခဲ့ဖူးသည်။ ဘေးနားတွင် ရှိနေသော လူများမှာလည်း နှစ်တိုင်း ပြောင်းလဲနေခဲ့သော်လည်း နှင်းလုံးပစ်တမ်း ကစားရန်အတွက် နှင်းထဲသို့ တစ်ခါမှ ပြေးမဝင်ခဲ့ဖူးပေ။
ဖြန်း….
နောက်ထပ် နှင်းလုံးတစ်လုံးက သူ၏ ညာဘက်ပါးပြင်ကို ထိမှန်သွားပြန်သည်။
သူ အသိစိတ် ပြန်ဝင်လာခဲ့သည်။
ဖြန်း…
နှင်းလုံးက သူ၏ နဖူးတည့်တည့်ကို ဆက်လက် ထိမှန်နေဆဲပင်။
ညီမလေးအန်လီမှာ ဗိုက်အောင့်သည်အထိ အားရပါးရ ရယ်မောနေတော့သည်။ သူမသည် ငွေရောင်ဓားဝတ်စုံကို ကိုယ်မှာ တင်းတင်းကျပ်ကျပ် ပတ်ထားပြီး ဖြူစင်သော မျက်နှာလေး ရှိသည်။ သူမတွင် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုး မရှိသော်လည်း သဘာဝအတိုင်း ဖြူစင်မှုနှင့် တက်ကြွလန်းဆန်းသော လူငယ်ဘဝ၏ အငွေ့အသက်များမှာ အတိုင်းသား ပေါ်လွင်နေသည်။
သူမ၏ ခပ်ပုပု ခန္ဓာကိုယ်လေးမှာ မှောင်မည်းနေသော မြေပြင်ပေါ်တွင် ပွင့်လန်းနေသည့် အလင်းရောင်ပန်းလေးတစ်ပွင့်ကဲ့သို့ပင်။ ပတ်ဝန်းကျင်ကမ္ဘာကြီး၏ ထက်မြက်လှသော အစွန်းအထွက်များကို နူးညံ့ပျော့ပျောင်းသွားစေပြီး အေးစက်လှသော နှင်းလေထဲတွင် ပုန်းကွယ်နေသည့် ခြောက်ကပ်ပြီး ငြီးငွေ့ဖွယ်ရာ အခြေအနေများကို နွေးထွေးသွားစေတော့သည်။
မြင်ကွင်းက ဘယ်လိုမျိုးပဲဖြစ်နေပါစေ... သူမသာ အဲဒီထဲကို ရောက်သွားမယ်ဆိုရင် အရာအားလုံးက လှပပြီး ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သွားတော့တာပဲ။ တိမ်စိုင်ဖြူဖြူလေးတစ်စုံ ဒါမှမဟုတ် ဂွမ်းလုံးလေးတစ်လုံးလိုမျိုးပေါ့..
သူမ၏ မျက်ဝန်းလေးများသည် အလွန်တောက်ပပြီး သက်ဝင်လှုပ်ရှားနေသည်။ စုန်ယန်ကို ကြည့်ရင်း သူမက သဘောတကျ အားရပါးရ ရယ်မောလိုက်ကာ “တကယ့် ငတုံးပဲ” ဟု ပြောလိုက်သည်။
စုန်ယန်လည်း အသိစိတ် အပြည့်အဝ ပြန်လည်ဝင်ရောက်လာပြီး လက်ကိုမြှောက်ကာ နှင်းများကို စုစည်း၍ နှင်းလုံးတစ်လုံး ပြုလုပ်လိုက်ရင်း “နေဦးပေါ့... မင်း” ဟု ပြောကာ ကြိမ်းဝါးလိုက်သည်။
ညီမလေး ရှောင်လီက မျက်နှာပြောင်ပြလျက် ခါးထောက်ကာ “လာလေ... လာလေ... ရှင့်အရည်အချင်း ဘယ်လောက်ရှိလဲ ကြည့်ရသေးတာပေါ့” ဟု စိန်ခေါ်လိုက်သည်။
သူမက သူမကိုယ်သူမ “ဘွားတော်” ဟု တင်စားပြီး သူ့ကို “လူပေ” ဟု ခေါ်ဆိုလိုက်သည့် ပုံစံကြောင့် စုန်ယန်မှာ စိတ်တိုသွားရသည်။ သူသည် လက်ထဲမှ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော နှင်းလုံးကို ချက်ချင်းပင် ပစ်ပေါက်လိုက်တော့သည်။
ဖြန်း... ဖြန်း... ဖြန်း ဖြန်း ဖြန်း...
သူတို့နှစ်ဦးသည် ဆေးဖော်စပ်သည့် အခန်းအပြင်ဘက်၌ နှင်းလုံးပစ်တမ်းကစားရင်း ရှေ့ဆင့်နောက်ဆင့် အပြန်အလှန် ပစ်ပေါက်ကြကာ အလွန်ပင် ပျော်ရွှင်နေကြသည်။ မလှမ်းမကမ်းရှိ မြင့်မားသော နေရာတစ်ခုတွင်မူ ပန်းထိုးဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်သုံးခုသည် ဤမြင်ကွင်းကို အပေါ်စီးမှ ငေးကြည့်နေကြသည်။ သူတို့သုံးဦးသည် ပတ်ဝန်းကျင် ရှုခင်းနှင့် တစ်သားတည်းကျနေစေရန် ကိုယ်ရောင်ဖျောက်ထားကြခြင်းပင်။
ဘယ်ဘက်ရှိ အဘွားအိုက အရင်ဆုံး ရယ်မောလိုက်ပြီးမှ “ရွှမ်းဝေ... မင်းကြည့်ရတာကော... သူက အဲဒီ မိစ္ဆာစုန်နဲ့ တူတယ်လို့ ထင်လား” ဟု မေးမြန်းလိုက်သည်။
အလယ်တွင် ရပ်နေသော အမျိုးသမီးက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး “ဒါက ဘိုင်ရှို့ဟူရဲ့ ကိစ္စတွေနဲ့ ဦးလေး ကူယဲ့ရဲ့ နောက်ပြောင်တဲ့ စကားတွေကို ကြားမိပြီးနောက် ရုတ်တရက် ပေါ်လာတဲ့ စိတ်ကူးသက်သက်ပါပဲ။ ဦးလေး ကူယဲ့က သူ့ကို ခန္ဓာကိုယ် သိမ်းပိုက်ခြင်း ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်လို့ ထင်နေတာက သူ့ရဲ့ ထူးခြားတဲ့ ပါရမီကို သက်သေပြနေတာပဲ။ ဒါက ခန္ဓာကိုယ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲပြီး အောင်မြင်မှု ရယူနေတဲ့ မိစ္ဆာစုန်ကို အလိုလို သတိရသွားစေတာပေါ့။ ဦးလေး ကူယဲ့ ပြောတာကတော့ သူဟာ အစီအရင်လမ်းစဉ် ကျွမ်းကျင်တဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ဦးကို ရှာနေတယ်တဲ့။ ဒါက တိုက်တိုက်ဆိုင်ဆိုင်ပဲ ကုဟွမ်ကျီနဲ့ မိစ္ဆာစုန်တို့ရဲ့ ရည်မှန်းချက်တွေနဲ့ ထပ်တူကျနေတယ်။ ဒါကြောင့် ဒီတစ်ခေါက် ပြန်လာတဲ့အချိန်မှာ သူ့ကို လာကြည့်ဖို့ စိတ်ကူးမိတာပါ” ဟု ပြောကြားလိုက်သည်။
ညာဘက်ရှိ ဓားသခင် ကူယဲ့ က “မှတ်ဉာဏ်ကျောက်စိမ်းထဲမှာတော့ မိစ္ဆာစုန်က ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ကုဟွမ်ကျီနဲ့ တိုက်ခိုက်ခဲ့တာပဲ။ ဒါက သူက အမြီးများစွာပါတဲ့ မြေခွေးမျိုးနွယ်ရဲ့ မျက်လှည့်အတတ်ကို အဆင့်မြင့်မြင့် မတတ်မြောက်သေးဘူးဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ယွီရွှမ်းဝေက ခေါင်းခါယမ်းလျက် “အဲဒီလိုတော့လည်း မဟုတ်နိုင်ဘူး။ မိစ္ဆာစုန်ရဲ့ စိတ်က တော်တော်လေး ကောက်ကျစ်ပြီး အမျိုးမျိုး ပြောင်းလဲတတ်တာ။ သူက ဘယ်လိုလူလဲ၊ ဘာတွေ ကြံစည်နေသလဲဆိုတာ ကျွန်မ တကယ် မသိဘူး။ ဒါပေမဲ့ သူက ကျွန်မရဲ့ အစီအရင်အတတ် ပညာရပ်တွေကို မက်မောနေပြီး ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ကို သုံးပြီး ထွက်ပြေးချင်နေတာတော့ သေချာတယ်။ သူ့ကို တွေ့ခဲ့တဲ့နေ့က သူသာ အစီအရင်ပညာရပ်ကို တောင်းခဲ့ရင် ဘာပြန်ပြောရမလဲဆိုတာတောင် ကျွန်မ ပြင်ဆင်ထားခဲ့သေးတယ်... ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင် သုတေသနကို ကျွန်မတို့ ယွီမိသားစုကပဲ ပိုင်ဆိုင်တာမို့ သူ့ကို ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဖို့ပေါ့။ အကယ်၍ ကျွန်မသာ သေသွားရင်တော့ အားလုံး ဆုံးရှုံးသွားလိမ့်မယ်။ ဒါကို အသုံးချပြီး သူ့ကို ကျွန်မတို့ ဓားဂိုဏ်းဆီ ဆွဲခေါ်ဖို့ ကြံစည်ခဲ့တာ။ ဒါပေမဲ့ သူက အစကနေ အဆုံးထိ တစ်ခွန်းမှ မဟခဲ့ဘူး” ဟု ပြောလိုက်သည်။
အဘွားအိုမုန့်က “ရွှမ်းဝေ... မင်း လပ်ကီး ကုန်သည်အသင်း ကို ဆက်ပြီး စောင့်ကြည့်နေဦးမှာလား။ ဒီအဘွားကြီးကတော့ အဲဒီအသင်းမှာ တစ်ခုခု ထူးဆန်းနေတယ်လို့ သံသယရှိတယ်” ဟု ပြောလိုက်သည်။
ယွီရွှမ်းဝေက “ထူးဆန်းနေရင်တောင် ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ အသင်းဥက္ကဋ္ဌက ဝိညာဉ်ရွှေကျောက်တုံးကို ထုတ်ပြခဲ့တာဆိုတော့ ကျွန်မ သေချာပေါက် လိုက်ရမှာပဲ။ အဘွားက အစီအရင်အတတ်ကို မကျင့်ကြံတော့ ဟာလာဟင်းလင်း ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းလုပ်တဲ့အခါ ဖြစ်လာမယ့် ပြင်းထန်တဲ့ တန်ပြန်စွမ်းအားကို နားမလည်ဘူး။ အဲဒါကို တောင့်ခံနိုင်ဖို့အတွက် အနည်းဆုံး ဝိညာဉ်ရွှေကျောက်တုံးတော့ လိုအပ်တယ်။ ဂိုဏ်းက အကြီးအကဲတွေနဲ့ စုမိသားစုရဲ့ ဘိုးဘေးသူငယ်ချင်း လော့ဝမ်စွန်းတို့ကတော့ ခရမ်းရောင်နန်းတော်ရဲ့ နောက်ဆုံးအဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေကြပြီ မဟုတ်လား” ဟု ပြန်ပြောလိုက်သည်။
"သူတို့သာ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ရင် ငါတို့ဂိုဏ်းကလည်း အများကြီး ပိုပြီး တည်ငြိမ်သွားမှာပါ"
ဓားသခင် ကုယဲ့က "ဒါဆို... ငါ့တပည့် ရွှမ်းဝေ မင်း သူ့ကို တွေ့ချင်သေးလား အကယ်၍ တွေ့ချင်တယ်ဆိုရင် ငါ သူ့ကို မင်းဆီ ခေါ်လာပေးမယ်။ မင်း သူ့ကို သေသေချာချာ စကားပြောကြည့်မလား" ဟု မေးလိုက်သည်။
ယွီရွှမ်းဝေက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း "ထားလိုက်ပါတော့။ မိစ္ဆာစုန်လို လူမျိုးက ထျန်းရှောင်ကျူးလို အမျိုးသမီးကျင့်ကြံသူမျိုးနဲ့ နီးစပ်လာမယ်ဆိုတာကို ကျွန်မ တကယ်ကို စိတ်ကူးလို့မရသလို အခု အန်လီလိုမျိုး လောကကြီးရဲ့ အညစ်အကြေးမရှိတဲ့ မိန်းကလေးနဲ့ ကျင့်ကြံဖော်အဖြစ် တွဲဖက်မိမယ်ဆိုတာကိုလည်း ပိုပြီးတော့တောင် မယုံကြည်နိုင်ဘူး။
တူရာတူရာ စုဝေးတတ်ကြတာပဲလေ... ဒီကလေးနှစ်ယောက် အတူတူရှိနေတာက ကောင်းပါတယ်။ သူတို့က ငါတို့ ဓားဂိုဏ်းရဲ့ အနာဂတ်တွေပဲ"
ထိုသို့ ပြောပြီးနောက် ယွီရွှမ်းဝေသည် ကိုယ်ကိုလှည့်ကာ သူမ၏ဓားကို ထိန်းကျောင်းလျက် နှင်းလေထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ အဘွားအိုမုန့်နှင့် ဓားသခင် ကုယဲ့တို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူမနောက်သို့ လျှင်မြန်စွာ လိုက်ပါသွားကြသည်။
ညီမလေးရှောင်လီနှင့် နှင်းလုံးပစ်တမ်း ကစားနေသော စုန်ယန်သည် ခေါင်းကို အသာအယာ လှည့်ကြည့်လိုက်ပြီး သုတို့သုံးဦး ထွက်ခွာသွားသော ဘက်သို့ မျက်မှောင်ကြုတ်လျက် တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်သကဲ့သို့ပင် နှင်းလုံးများကို ဆက်လက်ကျစ်ကာ ညီမလေးထံသို့ ပစ်ပေါက်နေတော့သည်။
ထိုညတွင်...
စုန်ယန်သည် ညီမလေး၏လက်ကို ဆွဲကာ လမ်းကလေးအတိုင်း လျှောက်လာခဲ့သည်။ သစ်ပင်များပေါ်ရှိ နှင်းပွင့်ဖြူဖြူလေးများမှာ လေတိုက်တိုင်း တရှဲရှဲ မြည်သံပေးနေကြသည်။
သူတို့နှစ်ဦး အတူတူ လျှောက်လှမ်းလာကြရာ စုန်ယန်၏ ဝါးအိမ်လေးရှေ့သို့ ရောက်ရှိလာခဲ့သည်။ စုန်ယန်က အန်လီကို ကြည့်ကာ "ညီမလေး... ဒီညတော့..."
သူ စကားပင် မဆုံးသေးခင်မှာပင် အန်လီသည် ထိတ်လန့်သွားသော ယုန်ကလေးတစ်ကောင်ကဲ့သို့ အမြန်ပြေးထွက်သွားပြီး ဘေးကပ်လျက်ရှိသော သူမ၏ ဝါးအိမ်ထဲသို့ ပြေးဝင်သွားတော့သည်။ ထို့နောက်မှ စုန်ယန်ဘက်သို့ လှည့်ကြည့်ကာ "စီနီယာအစ်ကို... ဒီညအတွက် ကောင်းသောညပါနော်" ဟု ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူမသည် ဝါးအိမ်ထဲသို့ အမြန်ဝင်ကာ တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်လိုက်တော့သည်။ သူမ အိမ်ထဲသို့ ဝင်သွားသည့် ခဏတာအတွင်း၌ စုန်ယန်အနေဖြင့် သူမ၏ ပါးပြင်လေးများ နီမြန်းနေသည်ကို မြင်လိုက်ရသည်။ ထိုသို့ နီမြန်းနေခြင်းမှာ အေးစက်လှသော ပတ်ဝန်းကျင်ကြောင့်လား သို့မဟုတ် ရှက်သွေးဖြာနေခြင်းကြောင့်လားဆိုသည်ကိုမူ သူ မဝေခွဲနိုင်ပေ။
သူ အသာအယာ ရယ်မောလိုက်မိသည်။
သူသည် "သံယောဇဉ်ကို ဖြည်းဖြည်းချင်း တည်ဆောက်ရမည် ညီမလေးကို ဖြည်းဖြည်းချင်း သိမ်းပိုက်ရမည်" ဆိုသော ကစားပွဲမျိုးကို ကစားရန် ကြိုးစားနေခြင်း မဟုတ်ပေ။
***