နန်းတော်သွေးအမျိုးအစားလေးမျိုးကို ပိုင်ဆိုင်ထားသည့် စုန်ယန်အတွက်မူ သာမန်ကျင့်ကြံသူများထက် ထူးကဲသာလွန်သော အာရုံခံစားမှုမျိုး ရှိနေခြင်းမှာ မဆန်းကြယ်ပေ။ သူသည် ဝိညာဉ်အာရုံကို အဝေးသို့ ဖြန့်ကြက်ရန် မလိုအပ်ဘဲ ကမ်းပါးယံပေါ်ရှိ လူများ၏ စကားပြောသံများကို ခပ်သဲ့သဲ့မျှ ကြားနိုင်စွမ်း ရှိနေသည်။
“တူရာတူရာ စုဝေးတတ်ကြသည်” ဟူသော စကားမှာ သူ၏ ယုံကြည်ချက်ကို တစ်ဖက်လှည့်
ဖြင့် အတည်ပြုပေးလိုက်သကဲ့သို့ပင်။ ညီမလေးအန်လီမှာ သူ့အတွက်မူ လောကကြီး၏ အန္တရာယ်များကြား၌ ခဏတာ အနားယူနိုင်သည့် အကောင်းဆုံး ခိုလှုံရာနေရာလေးတစ်ခု ဖြစ်နေသည်။ ကျန်ရှိသည့် အချက်များကိုမူ သူ အထူးတလည် ဂရုမပြုတော့ပေ။ ဆိုရလျှင် အန်လီလေး၌ အဖိုးကြီးလီ၏ မယားငယ်ချောချောလေးနှစ်ဦးတွင် ရှိတတ်သော မြူဆွယ်ညှို့ယူနိုင်သည့် မိန်းမသားအလှမျိုး မရှိခြင်းကြောင့်ပင်။
...
စုန်ယန်သည် အခန်းထဲသို့ ပြန်ဝင်လာပြီး မီးအိမ်ကို ငြှိမ်းသတ်လိုက်သော်လည်း ချက်ချင်း အိပ်ပျော်မသွားခဲ့ပေ။ ယွီရွှမ်းဝေ လွှတ်ခနဲ ပြောသွားခဲ့သော ဒီတစ်ခေါက် ပြန်လာတာ လပ်ကီး ကုန်သည်အသင်းနှင့် ဝိညာဉ်ရွှေကျောက်တုံးဆိုသည့် စကားလုံးများကို သူ ပြန်လည် စဉ်းစားနေမိသည်။
အတွေးများကို စနစ်တကျ ပြန်စီစဉ်ကြည့်လိုက်သောအခါ မြေခွေးအိုကြီးတစ်ကောင်က သူ့ကို ပစ်မှတ်ထားနေပြီဆိုတာ သူ ရိပ်မိလိုက်သည်။ ပစ်မှတ်ထားခံရသည်ဆိုသော်လည်း ၎င်းမှာ မျက်စိကွယ်နေသူတစ်ယောက်ရှေ့မှာ ကပြနေသလိုပင် သူ့အတွက်တော့ ဘာမှ ထိရောက်မှု မရှိပေ။ စုန်ယန်တွင် ကိုယ်ပိုင်အရှိန်အဟုန်ရှိပြီး မည်သူ့ကိုမျှ နှာခေါင်းစွဲရာ ပါအောင် ခွင့်ပြုမည့်သူ မဟုတ်ပေ။
သူ၏ နည်းဗျူဟာကတော့ "လူမသိသူမသိ အစွမ်းထက်အောင် လုပ်မယ်။ ပြီးမှ အခွင့်အရေးကို အရယူပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်မယ်" ဟူ၍ပင်။ အရှုပ်ထွေးဆုံး အခြေအနေတွေမှာ အရိုးရှင်းဆုံး အတွေးအခေါ်များက အထိရောက်ဆုံး ဖြစ်တတ်သည်။
သို့သော်...
"အကယ်၍ မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်တွေက ငါ့ကို ထပ်ခါတလဲလဲ ရှာမတွေ့ဘဲ မြောက်
ဘက်မှာပါ ထပ်ပြီး အရှုံးပေါ်သွားရင် ဘာဆက်ဖြစ်မလဲ"
စုန်ယန် အလေးအနက် စဉ်းစားနေမိသည်။
မကြာမီမှာပင် သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါသာ သူတို့နေရာမှာဆိုရင် ရှာမတွေ့တော့တဲ့အဆုံး ဆက်ရှာမနေတော့ဘူး။ အဝင်အထွက်တွေကို ပိတ်ဆို့ပြီး ခရမ်းရောင်နန်းတော် ပညာရှင်တွေ ရောက်လာတာကို တိတ်တဆိတ် စောင့်နေမယ်။ ပြီးမှ အိုးထဲက ကြွက်ကို ဖမ်းသလိုမျိုး အကုန်လုံးကို အမိအရ ဖမ်းတော့မှာပေါ့"
"အိုးထဲက ကြွက်ကို ဖမ်းဖို့ဆိုရင် ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ကို လုံးဝ ဖျက်ဆီးပစ်ဖို့ လိုလိမ့်မယ်။ သူတို့က ဝိညာဉ်ရွှေကျောက်တုံးကို ငါးစာအဖြစ် ချပြထားတယ်ဆိုမှတော့ ရွှေ့ပြောင်းခြင်းအစီအရင်ရှိတဲ့နေရာကို သူတို့ မသိစရာ အကြောင်းမရှိဘူး"
"ဒါပေမဲ့ ဘယ်အင်အားစုပဲဖြစ်ဖြစ် ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ဆိုတာ အပေါစား ပစ္စည်းလေး မဟုတ်ဘူး။ ဒါက ကမ္ဘာသစ်တစ်ခုရဲ့ အဝင်ဝ မြေပုံအသစ်တစ်ခုပဲ။ အမည်မသိတဲ့ အခွင့်အရေးတွေကို ကိုယ်စားပြုနေတာ"
"ဒါကြောင့် ငါကတော့ ရွှေ့ပြောင်းခြင်းအစီအရင်ကို ဖျက်ဆီးမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ရန်သူက ငါတို့ကို အပြတ်အသတ် ပိတ်ဆို့ချင်တယ်ဆိုရင်... ဒီအစီအရင်ကို ပြုပြင်နိုင်တဲ့ တစ်ဦးတည်းသောသူကို သတ်ပစ်လိမ့်မယ်"
"ယွီရွှမ်းဝေ..."
"အဲဒီအချိန်ကျရင်တော့ အပြန်လမ်းက တကယ်ပဲ ပြတ်တောက်သွားလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် မပြန်တာနဲ့ ပြန်စရာလမ်း မရှိတော့တာက တခြားစီပဲ"
စုန်ယန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် မတ်တတ်ထပ်ရပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ရေကန်ဘေးသို့ ရောက်သောအခါ အမှောင်ထဲတွင် ခန္ဓာကိုယ်မရှိသည့် ဝိညာဉ်ကျီးကန်းတစ်ကောင်ကို ဖမ်းယူလိုက်သည်။ ပတ်ဝန်းကျင်တွင် လူသူမရှိကြောင်း သေချာစေပြီးနောက် သူ၏ လက်မောင်းကို အသာအယာ မြှောက်ကာ ထိုဝိညာဉ်ကျီးကန်းကို လေထဲသို့ လွှတ်လိုက်လေတော့သည်။
ဝိညာဉ်ကျီးကန်းသည် ပျံသန်းရင်းဖြင့် လျိုရှမိုးဝါးကျွန်းအပြင်ဘက်ရှိ ရေကန်အလယ်မှ ကျောက်ဆောင်တစ်ခုပေါ်တွင် တိတ်ဆိတ်စွာ နားနေလိုက်သည်။ ၎င်းသည် အမှောင်ထုနှင့် တစ်သားတည်းကျနေပြီး နံနက်စောစောအချိန်ရောက်မှသာ မျက်နှာဖုံးစွပ် ဝတ်ရုံခြုံထားသည့် ပုံရိပ်တစ်ခု ဓားပျံစီးနင်းကာ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် အတောင်ပံခတ်ကာ ပျံတက်လိုက်သည်။
ထိုပုံရိပ်သည် ဝိညာဉ်ကျီးကန်းကို မြင်သောအခါ တုံ့ခနဲ ရပ်တန့်သွားပြီး မျက်နှာဖုံးကို အသာအယာ ဖယ်ရှားလိုက်ရာ ယွီရွှမ်းဝေ၏ မျက်နှာ ပေါ်ထွက်လာသည်။
"စီနီယာ..."
ဝိညာဉ်ကျီးကန်းက အက်ရှရှအသံဖြင့် စကားပြောလာသည်။
"မိန်းကလေး... မြေခွေးနဲ့ ဝံပုလွေတွေက မင်းကို သတ်ဖို့ ကြံစည်နေပြီ။
မင်း မသေချင်ဘူးဆိုရင် ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ကို ပြုပြင်တာကို ချက်ချင်းရပ်
လိုက်တော့။ လျိုရှမိုးဝါးကျွန်းရဲ့ အစီအရင်အတွင်းမှာပဲ ပုန်းနေပြီး လူတစ်ယောက်ကို မင်းအဖြစ် ဆက်ပြီး ဟန်ဆောင်ခိုင်းထားလိုက်။ တကယ်တော့ မင်းရဲ့ ပုံစံမကျတဲ့ ရုပ်ဖျက်
အတတ်တွေကို သူတို့ ရိပ်မိနေတာ ကြာပြီ။
ဒါပေမဲ့ အစစ်နဲ့ အတု ရောထွေးနေတဲ့ကြားမှာ အတုတစ်ယောက်ကသာ ကျွန်းပေါ်မှာ ရှိနေမယ်ဆိုရင် လူတွေက အလိုလိုနေရင်းနဲ့ အစစ်က ဒီမှာမရှိဘူးလို့ ယူဆသွားကြလိမ့်မယ်"
ယွီရွှမ်းဝေ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားပြီး အံ့အားသင့်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ပေ။ ဝိညာဉ်ကျီးကန်းက ပျံထွက်သွားတော့မည်ကို မြင်သောအခါ သူမက အလောတကြီး မေးလိုက်သည်။
"စီနီယာ... စီနီယာ့ဆီမှာ ဝိညာဉ်ရွှေကျောက်တုံးရှိနေတာလား"
ဝိညာဉ်ကျီးကန်းက ၎င်း၏ အတောင်ပံကို အသာအယာ လှုပ်ရှားလိုက်ရာ ပဲစေ့ခန့်ရှိသော ရွှေဖျော့ရောင် ကျောက်တုံးလေးတစ်ခု ပေါ်လာပြီး ပြန်မေးသည်။
"ဒါကို ပြောတာလား"
ယွီရွှမ်းဝေ ဝမ်းသာအားရဖြင့် "အစ်ကို့ဆီမှာ တကယ်ရှိတာပဲ"
အချက်အလက်ကို အတည်ပြုပြီးနောက် ဝိညာဉ်ကျီးကန်းမှာ ထပ်မံ စကားမဆိုတော့ဘဲ အတောင်ပံဖြန့်ကာ အမှောင်ထုအတွင်းသို့ ပျံသန်းကွယ်ပျောက်သွားတော့သည်။
ယွီရွှမ်းဝေမှာ ခေတ္တမျှ ရပ်တန့်နေခဲ့သော်လည်း နောက်မှ လိုက်မဖမ်းခဲ့ပေ။ ထိုအစား စုန်ယန်၏ စကားများကို အသေအချာ ပြန်လည် စဉ်းစားနေမိသည်။ စဉ်းစားလေလေ ထိုစကားများမှာ လက်တွေ့နှင့် နီးစပ်ပြီး ကြောက်စရာကောင်းလေလေဖြစ်ရာ ဤမိစ္ဆာစုန်ဟူသော လူမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်ဟု သူမ ခံစားလိုက်ရသည်။
အမှန်တကယ်တွင် စုန်ယန်ကိုယ်တိုင်လည်း မြေခွေးနှင့် ဝံပုလွေများက "ယွီရွှမ်းဝေကို သတ်ရန် ပြင်ဆင်နေပြီလား" ဆိုသည်ကို အတိအကျ မသိပေ။ သို့သော် သူသာ ရန်သူ့နေရာမှာဆိုလျှင် သေချာပေါက် ထိုသို့လုပ်မည်ကို သိနေသည်။ ထို့ကြောင့် သူက ထိုကွက်လပ်ကို ကြိုတင်ပိတ်ဆို့ထားခြင်းပင်။
အစီအရင် ပညာရပ် အမွေအနှစ်နှင့် ပတ်သက်လျှင်မူ တိုက်ရိုက်တောင်းဆိုခြင်းက အလုပ်ဖြစ်
မည်မဟုတ်ပေ။ ရှေ့တွင် အချိန်တွေ အများကြီး ရှိနေသေးသည်။
***