"တောရိုင်းမြေရိုင်းရဲ့ အဆုံးက တောင်နဲ့ပင်လယ် မိစ္ဆာနိုင်ငံပဲ။ အဲဒီမြေရိုင်းပြင်ကြီးက ကျယ်ပြောလွန်းလှပြီး ပုန်းစရာနေရာလည်း မရှိဘူး။ ငါ စုံစမ်းကြည့်သလောက်တော့ မိစ္ဆာနိုင်ငံထဲမှာ လူသားတစ်ယောက်မှ ပေါ်မလာခဲ့ဘူး"
"ဒါဆို သူ မြောက်ဘက်ကို သွားတာမဟုတ်ဘူးပေါ့"
"ဒါအပြင်... တောင်နက်ပိုင်းတွေထဲမှာတော့ လူနေထိုင်ခဲ့တဲ့ ခြေရာလက်ရာတချို့ကို တွေ့ရတယ်"
"ဒါဆို စုန်ယန်က တောင်နက်ထဲမှာ ပုန်းနေတာပေါ့"
ဝံပုလွေကြီးက ဟိန်းဟောက်လိုက်သည်။ သူ၏ အမွှေးအမျှင်များမှာ အပ်စိုက်ထားသကဲ့သို့ တုန်ခါနေပြီး အစွယ်များကြားမှ စီးကျလာသော တံတွေးများက သူ၏ စိတ်မရှည်မှုကို ပြသနေသည်။
"ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ရှိတာပဲ"
ဝတ်စုံနက်ဝတ် မြေခွေးမှာ သူ၏ ထက်မြက်သော လက်သည်းများဖြင့် နဖူးကို အသာအယာ ဖိနှိပ်ရင်း "ဒီလူသားမှာ တခြား ကံကြမ္မာတစ်ခုခု ရှိနေရမယ်။ မဟုတ်ရင် ချန်ဝမ်ကျားသစ်
ဝိညာဉ်ကျွန်သွေးကို သူ ဘယ်လိုမျိုး ချေဖျက်နိုင်သလဲဆိုတာ ငါ လုံးဝ နားမလည်နိုင်ဘူး"
"သူ့ကို ဖမ်းမိတာနဲ့ အားလုံး ရှင်းသွားမှာပါ"
ဝံပုလွေကြီးက ရက်စက်စွာ ပြုံးလိုက်သည်။
ဝတ်စုံနက်ဝတ် မြေခွေးက ဆက်ပြောသည်။
"မကြာသေးခင်က ယွီရွှမ်းဝေ ပျောက်သွားတယ်။ သူမရဲ့ လပ်ကီး ကုန်သည်အသင်းကိုလည်း စောင့်မကြည့်တော့ဘူး။ တော်တော်ထူးဆန်းတယ်။ သူမက ဝိညာဉ်ရွှေကျောက်တုံးကို မလိုချင်တော့ဘူးလား"
ပြင်ပလူများက ဗိုလ်ချုပ်ကူးဟု ခေါ်သော ဝံပုလွေကြီးက "ဒါက ပိုတောင်ကောင်းသေးတယ်။ အစီအရင်ကို ပြုပြင်မယ့်သူ မရှိရင် အဲဒီကောင်လေး ထွက်ပြေးချင်ရင် တောရိုင်းမြေရိုင်းဘက်ကနေပဲ ပြေးရတော့မယ်" ဟု ပြန်ဖြေသည်။
အဘွားအိုဟုန်က တိုးတိုးလေး ရေရွတ်သည်။
"အခြေအနေက ငါတို့အတွက် အသာစီးရနေသလိုပဲ။ ဒါပေမဲ့ အရာအားလုံးက အရမ်းကို အဆင်ပြေလွန်းနေတာက ထူးဆန်းနေတယ်။ ယွီရွှမ်းဝေသာ ပျောက်မသွားဘူးဆိုရင် ငါ သူမကို သတ်ပစ်ချင်နေတာ"
ဗိုလ်ချုပ်ကူးက ထိုစကားကို ဂရုမစိုက်ဘဲ လေသံပြောင်းလိုက်သည်။
"အဲဒီကောင်လေးက တကယ့်ကို လည်တာပဲ ဟူကျိန်းကျိန်း၊ ကုဟွမ်ကျီနဲ့ တိုင်းပြည်သုံးခုစလုံးက သူ့ကို နှစ်ပေါင်းများစွာ ရှာခဲ့တာတောင် ရှာမတွေ့ခဲ့ဘူး။ ငါတို့ ခဏလောက် နားသင့်တယ်။ တောရိုင်းမြေရိုင်းရဲ့ အဝင်အထွက်ကိုပဲ တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်ရအောင်။ မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်စုရဲ့ ခရမ်းရောင်နန်းတော် ဘုရင်တွေ ရောက်လာတာနဲ့ သူ့ကို ဒီတိုင်းပြည်သုံးခုထဲကနေ အမိအရ ဆွဲထုတ်နိုင်မှာပါ။ မင်း သွားချင်ရင် သွားလေ။ ငါကတော့ ဒီနေရာလေးမှာပဲ အေးအေးဆေးဆေး နားပြီး ကိုယ့်ကိုကိုယ် ဆုလာဘ် ပြန်ပေးဦးမယ်"
ထိုသို့ပြောရင်း သူသည် နီမြန်းနေသော လျှာကြီးဖြင့် လျှံကျလာသော တံတွေးများကို သပ်လိုက်ပြီး လက်ခုပ်တီးကာ ရယ်မောသည်။
အဘွားအိုဟုန်က မကျေမနပ် ဖြစ်သွားသော်လည်း တစ်ခုခုကို စဉ်းစားမိသွားသည်။
"ငါ အခြေအနေတွေကို တစ်ခါလောက် ထပ်ပြီး လှုပ်နှိုးကြည့်ဦးမယ်။ သူ့ကို အပြင်ထွက်လာအောင် လုပ်နိုင်မလားဆိုတာပေါ့။ ပြီးတော့... မင်း ဒီတိုင်းပြည်ထဲမှာ စားသောက်ပျော်ပါးနေမယ်ဆိုရင် ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်"
ဗိုလ်ချုပ်ကူးက နှာခေါင်းရှုံ့လျက် "ငါကတော့ စုန်ယန်ကို မကြောက်ဘူး"
အဘွားအိုဟုန်က ယုတ်မာစွာ ပြုံးလိုက်သည်။
ငါ့ရဲ့ မြေခွေးမျိုးနွယ် လျှို့ဝှက်အတတ်က တခြားသူတွေကို ရုပ်ပြောင်းပေးလို့ ရတယ်။ ငါ မင်းဘေးမှာနေပြီး မင်းကို စုန်ယန်ရဲ့ ရုပ်သွင်အတိုင်း ပြောင်းပေးထားမယ်။ မင်း ဘာပဲလုပ်လုပ် စုန်ယန်လုပ်တာလို့ပဲ အားလုံးက ထင်ကြလိမ့်မယ်။ ငါ တခြားမြေခွေးငယ်လေးတွေကိုလည်း ရွေးထုတ်ပြီး စုန်ယန်အဖြစ် ဟန်ဆောင်ခိုင်းပြီး မကောင်းမှုတွေ လျှောက်လုပ်ခိုင်းမယ်။ ဒီလိုနဲ့ စုန်ယန်ရဲ့ နာမည်က နာမည်ဆိုးနဲ့ ကျော်ကြားလာပြီး လူတိုင်းက သူ့ကို လိုက်သတ်ချင်နေကြလိမ့်မယ်။ အဲဒီကျရင် သူ ဘယ်မှာ ဆက်ပုန်းနေနိုင်ဦးမလဲ ကြည့်ကြတာပေါ့"
တစ်လအကြာ...
ဓားဂိုဏ်း၊ မြူပင်လယ်၊ ရေနွေးကျွန်း…
ဘုန်း….
လေးလံသော အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဝမ်းသာအားရ လက်ခုပ်တီးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ညီမလေးအန်လီက "ဦးလေးလော့ကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ" ဟု အားရပါးရ အော်ဟစ်လိုက်သည်။
စုန်ယန်ကလည်း လိုက်လံလက်ခုပ်တီးရင်း "ဦးလေးလော့... ဒါကို ဘယ်ကနေ ရလာတာလဲ" ဟု ချီးကျူးစကား ပြောလိုက်သည်။ သူ၏ရှေ့တွင်တော့ ရွှံ့နွံများကြား၌ တဖျတ်ဖျတ် လှုပ်ရှားနေဆဲဖြစ်သော ဝိညာဉ်ပြာ ငါးမန်းကြီးတစ်ကောင် ရှိနေသည်။
ဗလပ် ဗလပ်…
ထိုငါးမန်းကြီးသည် သုံးပေကျော်ရှည်သော ၎င်း၏ အမြီးကြီးဖြင့် မြေပြင်ကို အဆက်မပြတ် ရိုက်ခတ်နေသည်။ တကယ့်ကို သတ္တဝါကြီးတစ်ကောင်ပင်။ ၎င်း၏ ပါးစပ်အတွင်း၌ ထူထပ်သိပ်သည်းစွာ ပေါက်နေသော သွားစိပ်စိပ်များမှာ သွေးစိမ်းရှင်ရှင် သွားဖုံးများနှင့်အတူ ကြည့်ရသူကို ကြက်သီးထစေသော်လည်း အထူးခြားဆုံးအချက်မှာ ထိုငါးမန်းကြီး ပေးစွမ်းနေသည့် အငွေ့အသက်ပင်။
မည်သူမဆို ဤငါးမန်းကြီးကို မြင်လိုက်လျှင် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကို သတိပြုမိကြမည်ဖြစ်သော်လည်း ပထမဆုံး ခံစားရမည့် အာရုံမှာ ဝေဝါးနေခြင်းပင်။
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူးဆန်းသော မြူမှောင်များက ဖုံးလွှမ်းထားပြီး အဝေးမှကြည့်လျှင် ပုံရိပ်မှာ ဝေဝါးနေသည်။ ကုန်းပေါ်မှာတောင် ဤမျှ ဝေဝါးနေပါက ပင်လယ်ထဲတွင်ဆိုလျှင်တော့ ပုံရိပ်ယောင်တစ်ခုအလား လုံးဝ ရိပ်မိနိုင်မည် မဟုတ်ပေ။
ဦးလေးလော့ဟု ခေါ်သော ထိုသူမှာ ပါးသိုင်းမွှေး ဗလဗွနှင့် သန်မာထွားကြိုင်းသော လူကြီးတစ်ယောက် ဖြစ်သည်။ သူက ခါးထောက်ကာ အားရပါးရ ရယ်မောလျက် "ဒါက ရှားပါးတဲ့ မိစ္ဆာသားရဲ အမျိုးအစားပဲဟေ့" ဟု ပြောလိုက်သည်။
သူက လက်မထောင်ပြရင်း အသံတိုးတိုးဖြင့် ဆက်ပြောသည်။
"ဒါ ဝိညာဉ်ငါးမန်းကွ။ ကမ်းခြေအနီးမှာ ဖမ်းမိတာ။ ပုံမှန်ဆို ပင်လယ်အောက်ခြေမှာပဲ ပုန်းနေတတ်တာ။ ဒီတစ်ခါတော့ ဒီရေနဲ့အတူ ကမ်းခြေနားအထိ ရောက်လာလို့ အမိအရ ဖမ်းလိုက်ရတာပဲ။ ငါ တစ်နှစ်လုံး စောင့်ခဲ့ရတာကွ"
စုန်ယန်သည် ထိုပါးသိုင်းမွှေးနှင့် လူသန်ကြီးကို တစ်ချက် ကြည့်လိုက်သည်။ သူသည် စုမိသားစု၏ ထိပ်သီးပညာရှင် လော့ဝမ်စွန်းဖြစ်ပြီး စုမိသားစု ဘိုးဘေးနှင့် အဆင့်အတန်း တူညီသူဖြစ်သည်။ သူသည် လှံရှည်ကို အသုံးပြုသော လေလွင့်ကျင့်ကြံသူဘဝမှ လာသူလည်း ဖြစ်သည်။
စုမိသားစု ဘိုးဘေး လောကအနှံ့ လှည့်လည်စဉ်က လော့ဝမ်စွန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ပြီး ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် စုမိသားစု ဘိုးဘေးက သူ့ကို ဓားဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ပြီး သူသည် စုမိသားစုဝင် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ကာ စုမိသားစုတွင် အခြေချခဲ့သည်။ သူ၏ မျိုးရိုးအမည်မှာ စုမဟုတ်သော်လည်း လက်ရှိတွင် စုမိသားစု၏ ဘိုးဘေးကြီးတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။
အချို့လူများမှာ ထိုကဲ့သို့ အခြေအနေမျိုးတွင် စုမိသားစုကို ဝါးမြိုရန် ရည်မှန်းချက် ထားရှိနိုင်သော်လည်း လော့ဝမ်စွန်းမှာမူ တကယ့် လူပုဂ္ဂိုလ်ကြီးတစ်ဦးပင်။ စုမိသားစု ဘိုးဘေး မရှိတော့သည့်တိုင်အောင် သူသည် အာဏာကို သိမ်းပိုက်ခြင်းမပြုဘဲ အတင်းအဖျင်း စကားများ မထွက်ပေါ်စေရန် အာဏာများကိုပင် စွန့်လွှတ်ကာ နေထိုင်ခဲ့သူ ဖြစ်သည်။
ကျင်းကျဲပွဲတော်အပြီး ပြန်ရောက်လာချိန်တွင် စုမိသားစုနှင့် ဆွန်မိသားစုကြား တင်းမာမှုအချို့ ရှိနေသည်ကို မြင်တွေ့ရသဖြင့် ပဋိပက္ခများ မကြီးထွားစေရန် သူကိုယ်တိုင် လှံတစ်လက်ဖြင့် ကမ်းခြေသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ယခုမှာ သူ ပြန်ရောက်လာခြင်းပင်။
စုန်ယန်က ထိုဝိညာဉ်ငါးမန်းကို စူးစမ်းကြည့်ရင်း "ဦးလေးလော့... ဒါက ခရမ်းရောင်နန်းတော်အဆင့်ရှိတဲ့ မိစ္ဆာသားရဲလား" ဟု မေးလိုက်သည်။
လော့ဝမ်စွန်း၏ မျက်နှာမှာ ညှိုးငယ်သွားပြီး "ခရမ်းရောင်နန်းတော်အဆင့် မိစ္ဆာသားရဲကို ဖမ်းဖို့က မလွယ်ဘူးကွ။ ဖမ်းမိရင်တောင်မှ အသုံးမဝင်ဘူး" ဟု ပြန်ဖြေသည်။
"ငါ့တူ... မင်း ဂိုဏ်းချုပ်အကြောင်း သိတယ်မဟုတ်လား"
"ဂိုဏ်းချုပ်ရဲ့ ပထမဆုံး ဗဟိုနန်းတော်ကို တည်ဆောက်တဲ့အခါမှာ ဒီသတ္တဝါရဲ့ သွေးကို အသုံးပြုခဲ့တာလေ။ မဟုတ်ရင် သူ့ကို ဘာလို့ ရေဓားဧကရာဇ်လို့ ခေါ်ကြမလဲ"
သူသည် မျက်မှောင်ကိုပင့်ကာ ပေါ့ပါးစွာ ရယ်မောလိုက်ပြီး စုန်ယန်၏ ပုခုံးကို အားရပါးရ ပုတ်လိုက်သည်။
"ကုယဲ့ရဲ့ တပည့်ကျော်... အရင်ကတော့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးရတယ်။ တွေဝေငေးမောနေတတ်တယ်။ ဓားကိုတောင် မထိန်းနိုင်အောင် ဓားနှလုံးသားပျောက်ဆုံးနေခဲ့တယ်ဆိုပဲ။ ဒါပေမဲ့ မြူခိုးတွေကြားက ရုန်းထွက်နိုင်ခဲ့တဲ့ အခုအချိန်မှာတော့ ဓားချီတွေက တက်ကြွလန်းဆန်းနေပြီပဲ"
"မင်းရဲ့နာမည် လော့ဝမ်စွန်းဆိုတာ မိုးကြိုးသံလိုပဲ လူတိုင်း သိကြပါတယ် ဟားဟား"
စုန်ယန်က ထိုသို့ချီးကျူးခံရရန် မထိုက်တန်ကြောင်း အလျင်အမြဲ ငြင်းပြောလိုက်သည်။
လော့ဝမ်စွန်းက ရယ်မောရင်း "စုမိသားစုနဲ့ ဆွန်မိသားစုဆိုတာ မူလက တစ်အိမ်ထောင်တည်းသားတွေပါပဲ။ မင်းနဲ့ လီလီအတူရှိနေတာက တကယ့်ကို လိုက်ဖက်တဲ့ အတွဲပဲ။ လီလီက မိန်းကလေးကောင်းလေးပါ သူမကို စိတ်မပျက်စေနဲ့ဦး"
အန်လီမှာ ခေါင်းလေးငုံ့ကာ နောက်တစ်ကြိမ် ရှက်သွေးဖြာသွားပြန်သည်။
လော့ဝမ်စွန်းက အားရပါးရ ရယ်မောပြီးနောက် အန်လီကို ကြည့်ကာ "ဒီဝိညာဉ်ငါးမန်းကို မင်းလက်ထဲပဲ အပ်ခဲ့မယ်။ ဦးလေးအတွက် ကြက်သွေးရောင်နန်းတော်ဆေးလုံး တစ်လုံးလောက် ဖော်စပ်ပေးစမ်းပါ။ တစ်လုံးဆို ရပါပြီ။ အလောမကြီးနဲ့ဦး အရင်ဆုံး သာမန်သွေးနဲ့ စမ်းသပ်
ကြည့်ပြီးမှ နောက်ဆုံးကျမှ အနှစ်သာရသွေးကို သုံးပေါ့" ဟု မှာရှာသည်။
စုန်ယန်သည် ဝိညာဉ်ငါးမန်းကို စိုက်ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားမိသည်။ ရေဓားဧကရာဇ်က သူ၏ ပထမဆုံးနန်းတော်ကို တည်ဆောက်ရာတွင် အသုံးပြုခဲ့သည့် သွေးဆိုလျှင်တော့ အညံ့စား မဖြစ်နိုင်ပေ။
၎င်းသည် ချန်ဝမ်ကျားသစ်ဝိညာဉ်ကျွန်၏ ဝိညာဉ်ဖမ်းစားခြင်း အစဉ်အလာနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ဝိညာဉ်နှင့် ငါးမန်းမိစ္ဆာ ဟူသော အမည်နာမများအရ သူ၏ ကန်ရေစွမ်းအင်သုံး ထွက်ပြေးခြင်းအတတ်ကို အားဖြည့်ပေးရန်အတွက် အလွန်ကောင်းမွန်သော ဖြည့်စွက်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် တစ်ခုတည်းသော အခက်အခဲမှာ အနှစ်သာရသွေးကို သူတစ်ပါးရှေ့တွင် တိုက်ရိုက်အသုံးမပြုနိုင်ခြင်းပင်။ သို့သော် အလောတကြီး လုပ်စရာမလိုပေ။ သူသည် သွေးကို စုပ်ယူရန် ခဏတာသာ လိုအပ်သဖြင့် အခြေအနေကို စောင့်ကြည့်ရုံသာ ရှိသည်။ အကယ်၍ လိုအပ်လာပါက တိုက်ရိုက်အသုံးပြုရန် နည်းလမ်းရှာရမည်သာ။
ပုံမှန်ဆိုလျှင် သူသည် အပြင်လောကသို့ ထွက်ကာ အမဲလိုက်ခံရမည့် အန္တရာယ်ကို ရင်ဆိုင်ရင်း သင့်တော်သော မိစ္ဆာသားရဲသွေးကို လိုက်ရှာရမည်ဖြစ်သည်။ အခုတော့... ဓားဂိုဏ်းမှ ပညာရှင်ကြီးများက မိစ္ဆာသားရဲအမျိုးမျိုးကို သူ့ထံ အရောက်ပို့ပေးနေကြသဖြင့် စိတ်ကြိုက်ရွေးချယ်ရုံသာ ရှိတော့သည်။ ဤဘဝမှာ အတော်လေး သက်သောင့်သက်သာရှိသည်ကို ငြင်း၍မရပေ။
...
လော့ဝမ်စွန်းသည် ဝိညာဉ်ငါးမန်းကို လျင်မြန်စွာ သတ်ဖြတ်ကာ အနှစ်သာရသွေးကို ပုလင်းငယ်တစ်ခုထဲသို့ ထည့်လိုက်ပြီး သာမန်သွေးများကိုမူ အိုးကြီးတစ်လုံးထဲသို့ ဖြည့်သွင်းလိုက်သည်။
မထွက်ခွာမီ သူက "လီလီ... အလျင်မလိုနဲ့နော်။ ဦးလေး ပြင်ဆင်စရာရှိတာတွေအတွက် လအနည်းငယ် လိုသေးတယ်။ အဲဒီကျမှ ခရမ်းရောင်နန်းတော်ရဲ့ နောက်ဆုံးအဆင့်ကို တက်လှမ်းဖို့ ကြိုးစားမှာ" ဟု ပြောလိုက်သည်။
ထို့နောက် စုန်ယန်ကို ကြည့်ကာ "အရင်က ဓားသခင်ကုယဲ့ရဲ့ မှတ်တမ်းတွေထဲမှာ ဒီဝိညာဉ်ငါးမန်းနဲ့ ဆေးဖော်နည်း မှတ်တမ်းရှိရမယ်။ မင်း သွားယူပေးနိုင်မလား"
စုန်ယန်က ခေါင်းညိတ်လိုက်သည်။
လော့ဝမ်စွန်း ထွက်ခွာသွားပြီးနောက် သူသည် သစ်ရွက်နီကျွန်းသို့ သွားရောက်ကာ ဆေးဖော်စပ်နည်း မှတ်စုများကို အောင်မြင်စွာ ယူဆောင်နိုင်ခဲ့သည်။ သို့သော် မှတ်စုထဲတွင်ပါဝင်သော ဆေးဖက်ဝင်အပင်အချို့မှာ အလွန်ရှားပါးပြီး ဂိုဏ်းချုပ်၏ ကိုယ်ပိုင်သိုလှောင်မှုထဲတွင်သာ ရှိသည်။
ထို့ကြောင့် သူတို့နှစ်ဦးမှာ အစားထိုးနိုင်မည့် ဆေးပင်များအကြောင်းကို ဆွေးနွေးကြတော့သည်။ ဤဆွေးနွေးမှုမှာ ညနေစောင်းအထိ ကြာမြင့်ခဲ့သည်။ နေဝင်ရီတရော အချိန်
ရောက်သောအခါ သုတို့နှစ်ဦးသည် ရေနွေးကျွန်းရှေ့ရှိ မြေကွက်လပ်သို့ ထွက်လာခဲ့ကြသည်။
ဤကျင့်ကြံခြင်းကွင်းပြင်များသည် မြူပင်လယ်အထက်ရှိ ဝိညာဉ်ကြောများ၏ အမို့အမောက်နေရာများတွင် တည်ရှိပြီး ဝိညာဉ်စွမ်းအင်များ အလွန်ကြွယ်ဝကာ ရေဓာတ်စွမ်းအင်များလည်း ရောယှက်နေသည်။ ထို့ကြောင့် ထူးကဲရေအမြစ်ရှိသော ကျင့်ကြံသူများအတွက် ဤနေရာတွင် ကျင့်ကြံခြင်းမှာ သာမန်ထက် ပိုမိုမြန်ဆန်လှသည်။
ကွင်းပြင်တွင် တရားထိုင်ဖျာများစွာကို ခင်းကျင်းထားပြီး သူတို့နှစ်ဦးမှာ ဘေးချင်းကပ်လျက် နေရာယူကာ မျက်စိမှိတ်၍ တရားထိုင်ကျင့်ကြံကြတော့သည်။
လရောင်သည် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားချိန်တွင် သူတို့နှစ်ဦးသည် သက်ပြင်းတစ်ချက်ကို အတူတူ မှုတ်ထုတ်လိုက်ကြပြီး တစ်ဦးကိုတစ်ဦး ပြုံးပြကာ လက်ချင်းချိတ်လျက် အိမ်ပြန်လာခဲ့ကြသည်။
ကွင်းပြင်မှ ပြန်လာခြင်းဖြစ်သောကြောင့် ညီမလေးအန်လီ၏ ဝါးအိမ်သို့ အရင်ရောက်ရှိသည်။
စုန်ယန်က သူမ၏လက်ကို အသာအယာလွှတ်ပေးလိုက်ပြီး ပြုံးလျက် လက်ပြကာ "ကောင်းသောညပါ" ဟု ပြောလိုက်သည်။
ညီမလေးအန်လီက သူမ၏နှုတ်ခမ်းကို ဖိကိုက်ထားပြီး ရုတ်တရက် လက်ကိုမြှောက်ကာ စုန်ယန်၏ အင်္ကျီစွန်းကို ဆွဲထားလိုက်သည်။
စုန်ယန် ခေတ္တမျှ ကြောင်သွားသော်လည်း ညီမလေးဆွဲရာနောက်သို့ လိုက်ပါသွားခဲ့ရာ သူတို့နှစ်ဦးမှာ စုန်ယန်၏ ဝါးအိမ်အတွင်းသို့ အတူတူ ဝင်ရောက်သွားကြတော့သည်။
အမှောင်ထုအတွင်း စကားပြောသံများ ပဲ့တင်ထပ်လာသည်။
"စီနီယာအစ်ကို... ရေငတ်နေလား"
"အင်း... နည်းနည်းတော့ ငတ်တယ်"
"ကျွန်မလည်း ငတ်တယ် ရေက ဘယ်မှာလဲ"
သူတို့ ရေသောက်ပြီးကြသောအခါ ညီမလေးအန်လီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "စီနီယာအစ်ကို... အစ်ကို နှစ်ဦးတွဲကျင့်စဉ်ကို လေ့လာဖူးလား" ဟု မေးလိုက်သည်။
စုန်ယန်က ခေါင်းခါပြလျက် "မလေ့လာဖူးဘူး ဒါပေမဲ့ ငါတို့ရဲ့ ဝိညာဉ်အသွင်ပြောင်းဓားကျမ်းထဲမှာ မှတ်တမ်းရှိတယ်မဟုတ်လား" ဟု ပြန်ပြောသည်။
အန်လီက စိုးရိမ်တကြီးဖြင့် "အစ်ကို ဖတ်ကြည့်ဖူးလား" ဟု ထပ်မံမေးသည်။
"ဖတ်ဖူးတယ်"
စုန်ယန်က ဖြေသည်။
"သြော်..."
အန်လီက လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး "တော်သေးတာပေါ့ တော်သေးတာပေါ့" ဟု ရေရွတ်သည်။
စုန်ယန်က "ဘာဖြစ်လို့လဲ" ဟု မေးရာ အန်လီက ရှက်ကိုးရှက်ကန်းဖြင့် "ကျွန်မလည်း တိုက်တိုက်ဆိုင်ဆိုင် အဲဒါကို ဖတ်မိထားလို့ပါ" ဟု ဖြေလိုက်သည်။
လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
အန်လီက နောက်တစ်ကြိမ် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "စီနီယာအစ်ကို... ငါတို့တွေ စမ်းကြည့်ရအောင်လေ။ ဘာပဲဖြစ်ဖြစ် ငါတို့တွေက ကျင့်ကြံဖော်တွေပဲဟာ။ စောတာနဲ့ နောက်ကျတာပဲရှိမှာ ပြီးရင်လည်း နှစ်ဦးတွဲကျင့်ရမှာပဲကို" ဟု ပြောလိုက်သည်။
စုန်ယန်သည် စိတ်ထဲမှ တိုးတိုးလေး သက်ပြင်းချလိုက်မိပြီး "ကောင်းပြီလေ" ဟု ပြန်ပြောလိုက်သည်။
အန်လီက စာမေးပွဲတွင်စာနွှေးနေသကဲ့သို့ ကျင့်စဉ်ကို ရွတ်ဖတ်ပြနေသည်။
"လူတစ်ယောက်ဟာ ယင်နဲ့ ယန် ဟန်ချက်မညီရင် ဖျားနာတတ်တယ်။ အကယ်၍ ကာမဂုဏ်မှာ အလိုလိုက်မိရင်..."
ရွတ်ဖတ်ပြီးနောက် သူမသည် ဓားဝတ်စုံကို ချွတ်လိုက်ပြီး အိပ်ရာပေါ်သို့ တက်လိုက်သည်။
စုန်ယန်လည်း သူမနောက်မှ လိုက်ပါသွားခဲ့သည်။ ညီမလေး၏ တုန်ရင်နေသော စိတ်လှုပ်ရှားမှုကို သူ အာရုံခံမိသဖြင့် "စိတ်ကို အနည်းငယ် စုစည်းထားပါ။ ဂါထာမန္တန်တွေကို လှည့်ပတ်စီးဆင်းနေပါစေ" ဟု တိုးတိုးလေး ကပ်ပြောလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ညီမလေးအန်လီသည် ခါးနှင့် တင်ပါးများ ထုံကျဉ်နေသည်ကို ခံစားရင်း အိပ်ရာပေါ်တွင် နူးညံ့စွာ လဲလျောင်းနေသည်။
စုန်ယန်က စောင်ကို ဆွဲတင်လိုက်ပြီး သူမကို နောက်ကျောဘက်မှနေ၍ နူးညံ့သော တိမ်စိုင်လေးတစ်ခုကို ဖက်ထားသကဲ့သို့ အသာအယာ ဖက်ထားလိုက်သည်။
သူတို့နှစ်ဦးသည် နွေဦးည၏ နွေးထွေးမှုထဲတွင် တစ်ဦးကိုတစ်ဦး ခွဲမရအောင် ဖက်ထားကြရင်း အခုနက မြန်ဆန်နေခဲ့သော နှလုံးခုန်သံများကို ပြန်လည်ခံစားနေကြစဉ် ရုတ်တရက် အဝေးဆီမှ ပေါက်ကွဲသံကြီးတစ်ခု ကောင်းကင်ယံတွင် ဟိန်းထွက်လာပြီးနောက် ဓားပျံများစွာ လေထဲသို့ ပျံတက်လာကြသော အသံများကို ကြားလိုက်ရသည်။
ညီမလေးအန်လီ၏ ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားပြီး အလျင်အမြဲ ထရန် ပြင်ဆင်သော်လည်း စုန်ယန်က သူမကို ပြန်လည် ဆွဲထားလိုက်သည်။ ထို့နောက် သူသည် ဓားဝတ်စုံကို ကောက်ဝတ်ကာ ဓားကို ကိုင်လျက် တံခါးဝသို့ အမြန်သွားပြီး အပြင်ဘက်မှ အသံကို နားစွင့်လိုက်သည်။
အဝေးဆီမှ တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"မိစ္ဆာ…စုန်မိစ္ဆာ….တိုက်ခိုက်နေပြီ"
***