"ငါ့ရဲ့ အတိဒုက္ခ အထွတ်အထိပ်အဆင့် အစောင့်အရှောက်ရုပ်သေးသာ ဒီကိုယ်တိုင်ပေါက်ကွဲဆေးလုံးကို သာစားလိုက်မယ်ဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးသွားလိုက်မလဲ…။"
[ပိုင်ရှင်... ခင်ဗျားမှာ အသိတရားရော ရှိသေးရဲ့လား…။]
[အင်းပေ့ါလေ။ အခု ဂျူနီယာညီမလေး လဲ့ယန်ရဲ့ ချိုမြိန်မှုကို မြည်းစမ်းပြီးသွားပြီဆိုတော့ အစောင့်အ ရှောက်ရုပ်သေးက အသုံးမကျတဲ့ မိန်းမဆိုးကြီး ဖြစ်သွားပြီပေါ့လေ။]
[...]
စနစ်၏ ဆက်တိုက်ဆိုသလို ပြောဆိုလာမှုများကို နားထောင်ပြီး လင်းဖန် ဆွံ့အသွားလေခဲ့သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါက ဒီတိုင်း ပြောကြည့်တာပါ။ ငါက မင်းနဲ့ ဆေးလုံးဖော်စပ်ဖို့အကြောင်း ဆွေးနွေးနေတာကို မင်းက စိတ်မရှည်ဖြစ်နေတာပဲ…။"
သို့သော်လည်း စနစ်၏ စိုးရိမ်တကြီး ပြောစကားများအရ လင်းဖန်သည် သူ၏ အကြံအစည်မှာ ဖြစ်နိုင် ခြေရှိကြောင်းကို သိလိုက်လေသည်။
ဤအတိုင်းဆိုလျှင် အသုံးမဝင်လှဟု ထင်ရသော ဤကိုယ်တိုင်ပေါက်ကွဲဆေးလုံးသည် သူ၏ အကြီးမား ဆုံးသော လျှို့ဝှက်လက်နက် ဖြစ်လာခဲ့ပြီဖြစ်၏။
အတိဒုက္ခအထွတ်အထိပ်အဆင့်ရောက် ကျင့်ကြံသူတစ်ဦးနှင့် ကိုယ်တိုင်ပေါက်ကွဲဆေးလုံး ပေါင်းစပ် လိုက်ပါက အင်မော်တယ်တစ်ပါးကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်မဟုတ်ပါလား။
"ဟူး... ငါ့မှာသာ အကန့်အသတ်မရှိ ကိုယ်ပွားတွေ ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိရင် သိပ်ကောင်းမှာပဲ…။"
"အဲဒီလိုသာဆိုရင် ပေါက်ကွဲခြင်းအနုပညာဆိုတာ ဘာလဲဆိုတာကို လူတွေကို ငါသိအောင် ပြနိုင်မှာ…။"
လင်းဖန်သည် အနောက်ဘက်သို့ အမြန်ပျံသန်းသွားရင်း သူ့ဘာသာတစ်ဦးတည်း ရေရွတ်နေမိလေ သည်။
မကြာမီမှာပင် ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့သည် လင်းဖန်နှင့် သူ၏အဖော်ရှေ့တွင် ပေါ်လာခဲ့ သည်။
သို့သော်လည်း မြို့တံခါးအထက်တွင် ရေးသားထားသော "မိုးခြိမ်းသံ" ဟူသည့် စာလုံးများကို မြင်လိုက် ရသောအခါ လင်းဖန် ချက်ချင်းပင် အံ့သြမှင်သက်သွားခဲ့သည်။
*ဒါက အင်မော်တယ်တိမ်တိုက်မြို့တော် မဟုတ်ဘူးလား…..။ "မိုးခြိမ်းသံ" ဆိုတဲ့ စာလုံးက ဘာအဓိပ္ပာယ် များလဲ…။*
*မိုးခြိမ်းသံ ကျောင်းတော်လေးလား။ ဒါမှမဟုတ် မိုးခြိမ်းသံ ကျောင်းတော်ကြီးလား။*
ရှင်းနေသည်မှာ၊ မည်သို့ပင်ဖြစ်စေ ဤနေရာသည် အင်မော်တယ်တိမ်တိုက်မြို့တော် မဟုတ်သည်မှာ သေချာပေသည်။
"ဂျူနီယာညီမလေး လဲ့ယန်…၊ မိုးခြိမ်းသံဂိုဏ်း ဆိုတာကို မင်း ကြားဖူးလား…။"
ထိုမေးခွန်းကို ကြားသောအခါ လီလဲ့ယန်သည် ရှားရှားပါးပါး ဉာဏ်ကောင်းသည့် ပုံစံမျိုး ပြသလာခဲ့ လေသည်။
ခဏတာ စဉ်းစားပြီးနောက် သူမက ဖြည်းညှင်းစွာ ခန့်မှန်းပြောလိုက်လေသည်။
"မိုးခြိမ်းသံဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းကိုတော့ ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး….။"
"ဒါပေမဲ့ မိုးကြိုး နဲ့ အသံ ဆိုတဲ့ နာမည်တွေပါတဲ့ အဋ္ဌမအဆင့် ဂိုဏ်းနှစ်ခုကိုတော့ ကျွန်မ ကြားဖူးတယ်။ တစ်ခုက မိုးကြိုးဂိုဏ်းဖြစ်ပြီး နောက်တစ်ခုက အသံဂိုဏ်းတဲ့….။"
"ဒီမိုးခြိမ်းသံမြို့တော်က အဲဒီဂိုဏ်းနှစ်ခုရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြို့တစ်မြို့များ ဖြစ်နေမလားတော့ မသိဘူး…။"
လီလဲ့ယန်၏ သုံးသပ်ချက်ကို နားထောင်ရင်း လင်းဖန်သည် သူမ၏ ခန့်မှန်းချက်ကို လက်ခံသည့်အနေ ဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ…၊ ဘယ်ရောက်ရောက် ကိစ္စမရှိပါဘူး။ မိုးခြိမ်းသံမြို့တော်ထဲကိုပဲ သွားကြတာပေါ့…။"
ထို့နောက် သူတို့နှစ်ဦးသည် မိုးခြိမ်းသံမြို့တော်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့ကြလေတော့ သည်။
လင်းဖန်ကို ရင်နာစေသည်မှာ ကျုံးကျိုးရှိ မြို့များတွင်လည်း မြို့ဝင်ကြေး ကောက်ခံခြင်းပင် ဖြစ်သည်။
အခမဲ့ ဝင်ချင်ပါက မြို့၏နောက်ကွယ်ရှိ အင်အားစုမှ အဖွဲ့ဝင်တစ်ဦး ဖြစ်ရပေမည်။
သို့မဟုတ်ပါက မြို့အတွင်းရှိ အိမ်တော်၊ ဆိုင်ခန်း သို့မဟုတ် အရောင်းအဝယ်ဆိုင်ခန်းငယ် တစ်ခုခုကို ဝယ်ယူထားရမည် ဖြစ်၏။
သေချာသည်မှာ ငှားရမ်းထားခြင်းဖြစ်ပါကလည်း ငှားရမ်းထားသည့် ကာလအတွင်း အခမဲ့ ဝင်ထွက်ခွင့် ရနိုင်သည်ပင်။
ပိုက်ဆံ မဖြုန်းချင်သောကြောင့် လင်းဖန်သည် အင်မော်တယ်တိမ်တိုက်မြို့တော်သို့ ပြန်သွားရန်အတွက် ချက်ချင်း ဆုံးဖြတ်လိုက်လေသည်။
လျူအန်းရှန်းနှင့် သူတို့၏ အဆက်အသွယ်ကြောင့် အင်မော်တယ်တိမ်တိုက်မြို့တော်သို့ ဝင်ရောက်ရာ တွင် သူတို့ထံမှ မြို့ဝင်ကြေး တောင်းခံမည် မဟုတ်သည်မှာ သေချာပေသည်။
သို့သော်လည်း လီလဲ့ယန်က မြို့ဝင်ကြေးကို လျင်မြန်စွာ ပေးချေလိုက်ပြီးနောက် လင်းဖန်မှာ ဝင်ရုံမှလွဲ ၍ ရွေးချယ်စရာ မရှိတော့ချေ။
မိုးခြိမ်းသံမြို့တော်သည် သုန်ယွဲ့အင်ပါယာ၏ မြို့တော်ထက် များစွာ ပိုသေးငယ်လေသည်။
သို့သော် ဤသည်မှာ နားလည်ပေး၍ ရနိုင်ပေသည်။
အရှေ့ဘက်လွင်ပြင်သည် ကျုံးကျိုးလောက် မစည်ကားသော်လည်း၊ သုန်ယွဲ့အင်ပါယာသည် အရှေ့ ဘက်ဒေသကို မည်မျှကြာအောင် လွှမ်းမိုးထားခဲ့သည်ကိုမူ မည်သူမျှ မသိပေ။
၎င်းတို့၏ မြို့တော်သည် ကျုံးကျိုးရှိ ဤအဋ္ဌမအဆင့် အင်အားစု၏ မြို့ထက် သာလွန်မှုမရှိပါက ရယ်စ ရာပင် ဖြစ်နေလိမ့်မည်။
မိုးခြိမ်းသံမြို့တော်အတွင်း ခေတ္တမျှ လှည့်လည်ကြည့်ရှုပြီးနောက် လင်းဖန်သည် မြို့၏ တည်ဆောက်ပုံ ကို တဖြည်းဖြည်း နားလည်လာခဲ့လေသည်။
တကယ်တမ်းတွင် ၎င်းသည် ခေတ်မီမြို့ပြတစ်ခုနှင့် တော်တော်လေး ဆင်တူပေသည်။
လူနေရပ်ကွက်များ၊ စီးပွားရေးဇုန်များနှင့် အမျိုးအစားစုံသော ဆိုင်ခန်းများစွာ ရှိလေသည်။
လူနေရပ်ကွက်တွင် များသောအားဖြင့် အဆင့်မြင့် ကျင့်ကြံသူများ၏ မိသားစုဝင်များ နေထိုင်ကြလေ သည်။ ကြီးမြတ်သော ကျင့်ကြံသူများ၏ မျိုးဆက်တိုင်းသည် ကျင့်ကြံခြင်းအတွက် ပါရမီပါလာကြ သည်တော့ မဟုတ်ချေ။
ထိုမျိုးဆက်များသည် သဘာဝအားဖြင့် သူတို့၏ မိဘများနှင့်အတူ သက်ဆိုင်ရာ ဂိုဏ်းများတွင် ဆက်လက်နေထိုင်၍ မရနိုင်ပေ။ ဤအင်အားစုများမှ တည်ထောင်ထားသော မြို့များသည် သူတို့၏ မိသားစု မျိုးဆက်များကို အခြေချ နေထိုင်စေရန် အကောင်းဆုံး နေရာများ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ၎င်းကို မြို့တစ်မြို့ဟု ခေါ်ဆိုမည့်အစား ဂိုဏ်းတစ်ဂိုဏ်း၏ နောက်ဖေးခြံဝင်းဟု ခေါ်ဆိုခြင်း က ပို၍ သင့်လျော်ပေလိမ့်မည်။
ထို့အပြင် မြို့များ တည်ဆောက်ရန် အင်အားမရှိသော အချို့သော အင်အားစုငယ်များ သို့မဟုတ် အမှီ အခိုကင်းကျင့်ကြံသူများသည် ကြွယ်ဝချမ်းသာပါက ဤမြို့များတွင် ငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူ ခြင်းဖြင့် နေထိုင်ရန် ရွေးချယ်နိုင်ကြလေသည်။
ဤအချက်အလက်များကို သိရှိပြီးနောက် မြို့တစ်မြို့ တည်ဆောက်ခြင်း၏ အရေးပါမှုကို သူ နားလည် သွားပြီဟု လင်းဖန် ခံစားလိုက်ရသည်။
ဤမြို့တည်ဆောက်ရေး လုပ်ငန်းစဉ်များသည် အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ လုပ်ရပ် များနှင့် တစ်ထပ်တည်း တူညီနေသည်ပင်။
ဤမြို့များသည် သူတို့ ဖန်တီးထားသော မြို့ကြီးပြကြီးများ ဖြစ်ပြီး ထိုအိမ်ရာများသည် စီးပွားဖြစ် အိမ်ရာများနှင့် တူလေသည်။
ထိုဆိုင်များနှင့် အရောင်းအဝယ် နယ်မြေများသည် ပတ်ဝန်းကျင် အထောက်အကူပြု အဆောက်အအုံ များ၏ အစိတ်အပိုင်းများ ဖြစ်လေသည်။
အချို့သော အမှီအခိုကင်းကျင့်ကြံသူများနှင့် အင်အားစုငယ်များမှ အဖွဲ့ဝင်များသည် အိမ်ဝယ်နိုင်ရန် ရုန်းကန်နေရသည့် အလုပ်ကြမ်းလုပ်ရသော လူများနှင့် တူလေသည်။
သူတို့သည် ဤမြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်နိုင်ရန် ကြိုးစားပမ်းစား အလုပ်လုပ်ကြရလေသည်။
"စီနီယာအစ်ကို လင်း... ရှေ့မှာ အရောင်းအဝယ် ဈေးကွက် ရှိတယ်။ သွားကြည့်ရအောင်…။"
လီလဲ့ယန်၏ စကားက လင်းဖန်၏ အတွေးများကို အနည်းငယ် အနှောင့်အယှက် ဖြစ်သွားစေ၏။
သို့သော်လည်း အရောင်းအဝယ် ဈေးကွက် ဟူသော စကားကို ကြားလိုက်ရသောအခါ လင်းဖန်၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။
*ဒီကို ရောက်နေမှတော့ ကုန်သည်တစ်ယောက်အနေနဲ့ ဒီကနေ စိတ်ဝိညာဉ်ကျောက်တုံးလေး နည်းနည်း ပါးပါး ရှာမသွားဘူးဆိုတာကတော့ မဟုတ်သေးဘူးလေ…။*
*ဒါ့အပြင် မြို့ဝင်ကြေးလည်း ပေးခဲ့ရပြီဆိုတော့ တစ်နည်းနည်းနဲ့ ပြန်ရအောင်တော့ လုပ်ရမှာပဲ…။*
မိုးခြိမ်းသံမြို့တော်တွင် ဆိုင်ခန်းဖွင့်ရန် အခကြေးငွေ ပေးဆောင်ရသော်လည်း ဤသည်မှာ လင်းဖန် အတွက် ပြဿနာ မဟုတ်ပေ။ ဟာကွက်များကို အသုံးချခြင်းက သူ၏ အားသာချက်များထဲမှ တစ်ခု ဖြစ်သည်ပင်။
အရောင်းအဝယ်ဈေးကွက်သို့ ဝင်ရောက်ပြီးနောက် စည်ကားနေသော ဈေးကွက်အတွင်းရှိ ဆိုင်ခန်း အမျိုးမျိုးကို ကြည့်ရှုပြီးသည်နှင့် လင်းဖန်သည် သူ၏ ပစ်မှတ်ကို လျင်မြန်စွာ ရှာတွေ့ခဲ့လေသည်။
သူရွေးချယ်လိုက်သော ပစ်မှတ်မှာ တာအိုအဖော်စုံတွဲဟု ထင်ရသော အမျိုးသားနှင့် အမျိုးသမီး ဆိုင်ရှင် တို့ ဖြစ်လေ၏။
သူတို့၏ ဆိုင်ခန်းအနီးသို့ ချဉ်းကပ်သွားချိန်တွင် ဆိုင်ရှင်သည် ချက်ချင်းပင် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက် လာခဲ့လေသည်။
"တာအိုရောင်းရင်း... ဘာများ ဝယ်ချင်လို့ပါလဲ….။"
လင်းဖန်သည် ပထမဆုံး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ မည်သူမျှ သတိမထားမိသည်ကို သေချာသောအခါမှ သူက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"ဆိုင်ရှင်... ခင်ဗျားဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရောင်းလား။ ငါ နည်းနည်းလောက် ဝယ်ချင် လို့ပါ…။"
မှန်ပေသည်။ လင်းဖန် တွေးမိသော ဟာကွက်မှာ ပြောင်းပြန်လှန်၍ အလုပ်လုပ်ခြင်းပင် ဖြစ်လေသည်။
ဤမြို့ထဲတွင် ဆိုင်ခန်းဖွင့်ရန် အခကြေးငွေ ပေးရသော်လည်း ပစ္စည်းဝယ်ယူရန်အတွက်မူ အခကြေးငွေ ပေးရန် မလိုပေ။
သူ၏ကိုယ်ပိုင် ဆေးလုံးများနှင့် မှော်ပစ္စည်းများကို သုံးပြီး ဆိုင်ရှင်ဆီမှ စိတ်ဝိညာဉ်ကျောက်တုံးများ ဝယ်ယူခြင်းက ယုတ္တိတန်သည် မဟုတ်ပါလား။
မြို့၏ စည်းမျဉ်းများက တိတိကျကျ တားမြစ်ထားခြင်း မရှိလျှင် ၎င်းသည် ယုတ္တိတန်ပေသည်။
သို့သော်လည်း လင်းဖန်၏ စကားကို ကြားပြီးနောက် ဆိုင်ရှင်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။
"စိတ်ဝိညာဉ် အဆင်တန်ဆာတွေလား။ စိတ်ဝိညာဉ် အစားအစာတွေလား။ ဒါမှမဟုတ် ပိုးထည်တွေ လား။ တာအိုရောင်းရင်း... ခင်ဗျားရဲ့ လေယူလေသိမ်းက နည်းနည်းလေး ထူးဆန်းနေတယ်။ အတိအကျ က ဘာကိုဆိုလိုတာလဲ….။"
တစ်ဖက်လူက လုံးဝ နားမလည်ဖြစ်နေသည်ကို မြင်သောအခါ လင်းဖန်မှာ မတတ်နိုင်တော့ဘဲ အားလုံး နားလည်သည့် ပိုက်ဆံရေတွက်သည့် လက်ဟန်အမူအရာကိုသာ ပြသလိုက်ရလေတော့သည်။
"စိတ်ဝိညာဉ်ကျောက်တုံးတွေလေ... အရောင်းအဝယ် လုပ်တဲ့နေရာမှာ သုံးတဲ့ စိတ်ဝိညာဉ်ကျောက်တုံး တွေကို ပြောတာ။ တာအိုရောင်းရင်း... မင်းက ဘယ်လိုလုပ်ပြီး နားကြားမှားသွားရတာလဲ…။"
တကယ်တော့ ဆိုင်ရှင်သည် နားကြားမှားခြင်း မဟုတ်ဘဲ အနည်းငယ် အဓိပ္ပာယ်မရှိသလို ခံစားရကာ မယုံနိုင်ဖြစ်နေခြင်းသာ ဖြစ်လေသည်။
"တာအိုရောင်းရင်း... ကျွန်တော်က စီးပွားရေး လုပ်ဖို့ အလုပ်များနေတာ။ ခင်ဗျားနဲ့ နောက်ပြောင်နေဖို့ အချိန် မရှိပါဘူး…။"
"ခင်ဗျားက ပျော်ချင်တယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ပြီး မင်းနဲ့ လာဆော့ခိုင်းလိုက်လို့ ရတယ်နော်…။"
ဤသည်မှာ ဤဆိုင်ရှင်များ ပေးဆောင်ထားသော အခကြေးငွေများ၏ အကျိုးသက်ရောက်မှုဟု ယူဆ နိုင်ပေသည်။
အကယ်၍ တစ်စုံတစ်ယောက်က ဆိုင်ခန်းရှေ့တွင် ပြဿနာရှာခဲ့ပါက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သူတို့ကို ကာကွယ်ပေးမည်သာ ဖြစ်လေသည်။
ပြဿနာရှာသူများသည် ဒဏ်ရိုက်ခံရပြီး ဆိုင်ရှင်ကို လျော်ကြေးပေးရမည် ဖြစ်ကာ ဖမ်းဆီးအကျဉ်းချ ခံရသည်အထိပင် ဖြစ်နိုင်လေသည်။
ထိုသတိပေးချက်ကို ကြားလိုက်ရသောအခါ လင်းဖန်သည် အလျင်အမြန်ပင် ပြန်ပြောလိုက်ရ၏။
"တာအိုရောင်းရင်း... မလုပ်ပါနဲ့။ ငါက တကယ်ပြောနေတာ၊ နောက်နေတာ မဟုတ်ဘူး…။"
ထိုသို့ပြောရင်း လင်းဖန်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက် လေသည်။
"တာအိုရောင်းရင်း... ဒီမှာကြည့်ပါဦး။ ငါ့ဆီမှာ မင်းကို အချိန်တိုအတွင်း ငွေအများကြီး ရှာပေးနိုင်တဲ့ ဆန်းကြယ်တဲ့ ဆေးလုံးတစ်လုံး ရှိတယ်…။"
လင်းဖန် ပြောသော စကားတစ်ခွန်းကိုမျှ ဆိုင်ရှင်က မယုံကြည်ပေ။
သို့သော်လည်း သူသည် လင်းဖန်၏ လက်ထဲရှိ ဆေးပုလင်းဆီသို့ အကြည့်ရောက်သွားခဲ့လေသည်။
ဆေးပုလင်းပေါ်ရှိ "အဆာရှောင်ဆေး" ဟူသော စာတန်းကို မြင်လိုက်ရသောအခါ သူစိတ်ပျက်သွားကာ ဆက်ပင် မကြည့်ချင်တော့ပေ။
"အဆာရှောင်ဆေးလား။ ငွေအများကြီး ရှာနိုင်တဲ့ နည်းလမ်းတဲ့လား။ ဆန်းကြယ်တဲ့ ဆေးလုံးတဲ့လား။"
"ဘာဖြစ်လို့လဲ။ ခင်ဗျားရဲ့ အဆာရှောင်ဆေးထဲကို အင်မော်တယ်စွမ်းအင်တွေများ ရောထည့်ထားလို့ လား …။"
ထိုအခိုက်အတန့်တွင် လင်းဖန်သည်လည်း ဆေးပုလင်းပေါ်ရှိ "အဆာရှောင်ဆေး" ဟူသော စာတန်းကို သတိထားမိလိုက်လေသည်။
လင်းဖန်က သူ့ကိုယ်သူ သတိမေ့တတ်လွန်းကြောင်း စိတ်ထဲမှ ရေရွတ်လိုက်မိလေသည်။ အရင်က လင်းဖန်သည် သူ၏ ဆေးပုလင်းများပေါ်တွင် ဆေးလုံးအမည်များ ရေးသားရန် ပျင်းရိခဲ့လေသည်။
သို့သော်လည်း ပြီးခဲ့သည့်အကြိမ်က ပြန်လည်ရှင်သန်ခြင်း ဆေးလုံးနှင့် ကာမအားတိုးဆေးလုံး ပုလင်း များ မတော်တဆ ရောနှောသွားပြီးနောက်ပိုင်းတွင် လင်းဖန်သည် ဆေးပုလင်းများကို ဆေးလုံးအမည် များ တပ်ကာ တံဆိပ်ကပ်ရန် စတင်လုပ်ဆောင်ခဲ့လေသည်။
ယခု ပြန်တွေးကြည့်လိုက်သောအခါ နောင်ကို ဤမျ အလုပ်မရှုပ်ခံသင့်တော့ဘူးဟု တွေးလိုက်မလေ သည်။ အလွဲလွဲအချော်ချော် ဖြစ်ရန် လွယ်လွန်းနေပေသည်။
"တာအိုရောင်းရင်း... ကျေးဇူးပြုပြီး စိတ်မလောပါနဲ့။ ဒီဆေးလုံးကို အဆာရှောင်ဆေးလို့ ခေါ်ပေမဲ့ သာမန် အဆာရှောင်ဆေးတွေနဲ့တော့ မတူဘူး…."
လောလောဆယ် အရောင်းအဝယ် ပါးနေသောကြောင့် ဖြစ်နိုင်ပေ၏။
ထို့ကြောင့် ဆိုင်ရှင်သည်လည်း လင်းဖန်၏ သရုပ်ပြမှုကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေလေတော့ သည်။
***